လွတ်လပ်ပြီး အချုပ်အနှောင်ကင်းသော
Vol. 108 Ch. 1415
ရှုရှန်းဟွာ ထိုက်ကျိအသက်ရေကြည်အား ပြန်ပေးလိုက်ရာ ထိုက်ကျိရှေးဟောင်းနတ်ဘုရားမှာ ပျော်ရွှင်သွားသည်။ သူတို့အတွက် ဤလူနှင့် ဆက်ဆံရသည်မှာ နတ်အရှင်မယန်နှင့် ဆက်ဆံခဲ့ရတုန်းကလို လှည့်ကွက်များချထားမည်ကို စိုးရိမ်ပူပန်၍ ဦးနှောက်ကို အလုပ်ပေးကာ အမြဲတစေ တွက်ချက်နေစရာမလိုပေ။ အခြေအနေသည် နွေဦးလေပြေကဲ့သို့ အေးဆေးတည်ငြိမ်၏။ ကောင်းကင်နတ်အရှင်မူကဲ့သို့ ရင်တမမ စိုးရိမ်နေစရာလည်း မလိုအပ်ပေ။
လူတို့သည် တစ်ယောက်နှင့် တစ်ယောက် မတူညီကြချေ။
“တာအိုမိတ်ဆွေလေးက ရင့်ကျက်တဲ့အသွင်အပြင် ရှိတဲ့အပြင် ရိုကျိုးတယ်… အနာဂတ်မှာ မင်း သေချာပေါက် အောင်မြင်လိမ့်မယ်”
အမျိုးသမီးရှေးဟောင်းနတ်ဘုရားက အားနာစွာ ပြောသည်။ “ငါတို့ နင့်ကို လက်ဆောင်ပေးချင်ပေမယ့် အခုမှ မွေးလာတာဆိုတော့ ပေးစရာ ဘာမှမရှိဘူး ဖြစ်နေတယ်”
ရှုရှန်းဟွာက တုံ့ပြန်လိုက်၏။ “ကျွန်တော်တို့က တာအိုမိတ်ဆွေတွေပဲလေ… လက်ဆောင်တွေ မလိုပါဘူးဗျ”
ရှေးဟောင်းနတ်ဘုရားထိုက်ကျိနှစ်ပါးက ပြိုင်တူပြောကြသည်။ “ကြင်နာတတ်သားပဲ”
ရှုရှန်းဟွာက သူတို့အား မေးသည်။ “တာအိုနောင်တော်တို့နှစ်ယောက်က မွေးဖွားလာပြီးပြီဆိုတော့ ရှေးဟောင်းနတ်ဘုရားထိုက်ကျိက နှစ်ယောက် ကွဲသွားကြပြီပေါ့…. ကျွန်တော်တို့ ဘယ်လိုခေါ်ရမလဲဗျ”
“နာမည်ရှိတာ၊ မရှိတာက အရေးမကြီးပါဘူး”
ယောက်ျားရှေးဟောင်းနတ်ဘုရားက ပြောသည်။ “နာမည်ရှိရင် ငါက နေမင်းဖြစ်ပြီး သူကတော့ လမင်းပဲ… ဒါပေမဲ့ ငါက နေမင်းမဟုတ်ဘူး.. ငါ့ရဲ့ယန်ထဲမှာ ယင်ရှိနေတဲ့အပြင် သူကလည်း လမင်းမဟုတ်ဘူး… သူ့ယင်ထဲမှာ ယန်ရှိတယ်… တာအိုဆိုတာက ယင်နဲ့ ယန်နှစ်ခုကို ပေါင်းစည်းရတာပဲ.. ထိုက်ကျိလို့ခေါ်တယ်”
နေမင်းနှင့် လမင်းမှာ ရှေးဟောင်းနတ်ဘုရားများအကြားတွင် ဆင်တူသော နာမည်များရှိကြသည်။ ဥပမာအားဖြင့် မဟာနေဧကရာဇ်သည်လည်း မဟာနေဧကရာဇ်ဟူသော နာမည်ရှိ၏။ သူက အထွတ်အမြတ်နေမီးလျှံကို ထိန်းချုပ်သသူဖြစ်သည်။ ရှေးဟောင်းလနတ်မင်းမှာ လကြယ်တာရာအရှင်သခင်ဟု ခေါ်သည်။ သူက လရေတွင်းကို ထိန်းချုပ်ပေသည်။
သို့သော် ရှေးဟောင်းနတ်ဘုရားထိုက်ကျိထံမှ ရှုရှန်းဟွာ ခံစားရသည့် ခံစားချက်မှာ ရှေးဟောင်းနတ်ဘုရားများနှင့် များစွာ ကွဲပြားလေသည်။
ယန်တွင် ယင် ပါ၀င်ပြီး ယင်တွင် ယန်ပါ၀င်နေခြင်းက ကျယ်ပြောနက်နဲသော နိယာမများနှင့် ဆက်စပ်နေသည်။ ယင်နှင့်ယန်က တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး မှန်းဆမရနိုင်အောင် စွမ်းအားကြီးပေသည်။
ရှုရှန်းဟွာသည် တချို့တစ်၀က်ကို ထိုးထွင်းသိမြင်နိုင်သဖြင့် အကြံဉာဏ်တောင်းကြည့်သည့်အခါ ရှေးဟောင်းနတ်ဘုရားနှစ်ပါးက သူ့ကို အရာအားလုံး ရှင်းပြသောကြောင့် များစွာ သိရှိခဲ့ရသည်။ ရှုရှန်းဟွာ၏ တချို့အတွေးများကလည်း... ကျောက်တုံးတွင်းထဲ၌ပင် သိမြင်နားမလည်ခဲ့ဘူးသော နိယာမဖြစ်သဖြင့် ရှေးဟောင်းနတ်ဘုရားနှစ်ပါးအတွက် များစွာအကျိုးရှိသည်။
ဆယ်ရက်ကြာပြီးနောက် ဝေစွေ့ဖုန်းသည် ကောင်းကင်နတ်အရှင်မူ၏ အမိန့်ကြောင့် ရှုရှန်းဟွာဆီသို့ ရောက်လာပြီး နတ်အရှင်မယန်အား တွေ့ခွင့်တောင်း၏။ နတ်အရှင်မယန်က သူ့ကို ရှောင်နေပြီး ရှို့ဟုန်စုကိုသာ စေလွှတ်ခဲ့၏။ “ဝေစွေ့ဖုန်းက ငါ့အပေါ် ကျေးဇူးကြွေးရှိတယ်… ငါ သူ့ကို လျစ်လျူရှုလို့ မရပေမယ့် သူ့ဆန္ဒအတိုင်း ဖြည့်ဆည်းပေးလို့ မရဘူး… ပြောရရင် သူက သူပုန်ပဲလေ”
ရှို့ဟုန်စုက ဝေစွေ့ဖုန်းကို တွေ့သွားသည်။ ဝေစွေ့ဖုန်းသည် သူမကို မြင်သည့်အခါတွင် အရှေ့ကောင်းကင်၏ မြစိမ်းဧကရာဇ်ကြောင့် မြစ်ထဲ မြှပ်နှံခံခဲ့ရသော ဖြစ်ရပ်ကို ပြန်သတိရမိသဖြင့် စိတ်ထဲ မပျော်မရွှင် ဖြစ်မိ၏။
ရှို့ဟုန်စုက ပြုံးလျက် ပြောသည်။ “ကျွန်မအမျိုးသားက အဆုံးမဲ့တိမ်တိုက်ဧကရာဇ်ကို သိပ်ချီးကျူးနေတာပါ”
“ငါ့ကို မြစ်ထဲ မြှုပ်နှံခဲ့တုန်းကတော့ သူက ဘာမှ မပြောခဲ့ဘူး”
ဝေစွေ့ဖုန်းက နှာခေါင်းရှုံ့၍ မှင်သေသေ မေးလိုက်၏။ “ရှုရှန်းဟွာ ဘယ်မှာလဲ… သူ ပြန်မလာသေးလို့ ကောင်းကင်နတ်အရှင်မူက စိတ်ပူနေတယ်… သူက အခု ငါ့ကို ရှာခိုင်းလိုက်တာ”
ရှို့ဟုန်စု၏စွမ်းဆောင်ရည်မှာ သူ့အောက် နိမ့်ကျမနေပေ။ သူပုံစံက ကြွားဝါနေသည်ကို မြင်လိုက်ရသဖြင့် သူမှာ အတော်လေး ကသိကအောက် ဖြစ်သွားသည်။ “အရှင်မက သူ့အပေါ် ဘာတွေ အကြွေးတင်နေတာလဲ… ဘာလို့ ဒီလူကို ပစားပေးထားရတာလဲ”
ဝေစွေ့ဖုန်းသည် နဂါးဟန်မင်းဆက်တုန်းက ကောင်းကင်နတ်ဧကရီအပေါ် တိုက်ခိုက်မှုအား စုံစမ်းခဲ့သူဖြစ်မှန်း သူမ မသိရှိချေ။ ဝေစွေ့ဖုန်းသည် ထိုအချိန်တုန်းက နဂါးဟန်ယွီလင်နန်းစောင့်တပ်ဖွဲ့၏ ခေါင်းဆောင် ဖြစ်ခဲ့သည်။ သူသည် တပ်ဖွဲ့အား အန္တိမဟင်းလင်းပြင်သို့ ဦးဆောင်သွားခဲ့ကာ ပုန်ကန်မှုအား နှိမ်နင်းနိုင်ခဲ့၏။ သူ့ကြောင့် အရှင်မယွမ်မု၏ ကောင်းကင်နတ်ဧကရီအပေါ် လုပ်ကြံသတ်ဖြတ်မည့် အကြံအစည်လည်း ကျရှုံးခဲ့ရခြင်းဖြစ်သည်။
ကောင်းကင်နတ်ဧကရီက ထိုအခြေအနေအား အခွင့်ကောင်း၍ ဝိညာဉ်လဲခဲ့ပြီးနောက် နတ်အရှင်မယန်အဖြစ် မွေးဖွားလာခဲ့သည်။ ဝေစွေ့ဖုန်းက သူမကို ရှေးဟောင်းနတ်ဘုရားများ၏ အချုပ်အနှောင်မှ လွတ်မြောက်နိုင်ရန် ကူညီပေးခဲ့သူပင်။
နောက်ပိုင်းတွင် ကောင်းကင်နတ်ဧကရီ၏ ရုပ်အလောင်းအား ထိန်းသိမ်းပေးထားခဲ့သူမှာလည်း ဝေစွေ့ဖုန်းဖြစ်သည်။ ထို့ကြောင့် နတ်အရှင်ယန်မှာ ကျေးဇူးတင်မိလေသည်။
သို့သော် ဝေစွေ့ဖုန်းသည် အဆုံးမဲ့တိမ်တိုက်ဧကရာဇ်ဖြစ်ခဲ့တုန်းက သရုပ်မှန် ပေါ်သွားခဲ့ပြီး ကောင်းကင်အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခံခဲ့ရ၏။ သို့သော် နတ်အရှင်မယန်မှာ သူ့ကို မကယ်တင်မိခဲ့ပေ။ ထို့ကြောင့် သူမအနေဖြင့် မည်သူ့အပေါ်မှ ကျေးဇူးကြွေးမရှိသော်လည်း သူ့အပေါ်တွင်တော့ ကျေးဇူးကြွေးများစွာ ရှိနေသည်ဟု ခံစားရသဖြင့် မတွေ့လိုခြင်းဖြစ်သည်။
ရှို့ဟုန်စုက ရှုရှန်းဟွာကို လာရှာသဖြင့် ရှေးဟောင်နတ်ဘုရားထိုက်ကျိက ရှုရှန်းဟွာအား ပြော၏။ “ငါတို့ ဒီမှာ နေတာ… မင်း မကြာခဏ လာလည်လို့ရတယ် တာအိုမိတ်ဆွေ”
ရှုရှန်းဟွာက ခေါင်းညိတ်လျက် ထွက်ခွာသွားသည်။ “ကျွန်တော် ခင်ဗျားတို့ရဲ့ သင်ကြားပေးမှုတွေကြောင့် အသိဉာဏ်သစ်တွေ အများကြီးရခဲ့ပါတယ်… ခင်ဗျားတို့ရဲ့ ထိုက်ကျိတာအိုက ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုအမျိုးမျိုးကို ဖန်တီးနိုင်တာကို ခံစားခဲ့ရတယ်… ဒါပေမဲ့ ခင်ဗျားတို့ရဲ့တာအိုတွေက မပြီးပြည့်စုံသေးတဲ့အတွက် စောစောစီးစီး မွေးဖွားလာပြီး သေမျိုးလောကမှာ ရှင်သန်ရတာပဲ… ခင်ဗျားတို့လျှောက်လှမ်းနေတဲ့ လမ်းစဉ်က ကမ္ဘာခေတ်နှောင်းသက်ရှိတွေ လျှောက်လှမ်းနေတဲ့လမ်းစဉ်နဲ့အတူတူပဲ.. တာအိုဖြစ်လာဖို့ ပြောင်းပြန်လမ်းစဉ်ပဲ”
ရှေးဟောင်းနတ်ဘုရားထိုက်ကျိ မေးလိုက်မိသည်။ “ပြောင်းပြန်တာအိုက ဘာလဲ”
ရှုရှန်းဟွာက ပြော၏။ “ထိုက်ကျိက လမ်းစဉ်တစ်သောင်းကို မွေးဖွားပေးခဲ့တဲ့အတွက် လမ်းစဉ်တစ်သောင်းကနေ ထိုက်ကျိ ပြန်လည်ပြောင်းလဲနိုင်တယ်… ထိုက်ကျိအနေနဲ့ တာအိုရဖို့ ခက်တော့ သေမျိုးလောကထဲကို ဝင်ရောက်လာပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအိုနဲ့ ထိုက်ကျိပြောင်းပြန်တာအိုကို သိမြင်နားလည်ရတယ်… ဒါက ပြောင်းပြန်တာအိုပဲ… ကျွန်တော့်မှာ တာအိုမိတ်ဆွေနှစ်ယောက် ရှိတယ်… တစ်ယောက်က ပြောင်းပြန်လျှောက်နေပြီး နောက်တစ်ယောက်က အတည့်လျှောက်နေတာ…. ဆိုတော့ ခင်ဗျားတို့နှစ်ယောက်ကို မြင်တော့ သူတို့နှစ်ယောက်ကို တွေးမိသွားတယ်… ဒါက ခင်ဗျားတို့ရဲ့လမ်းစဉ်လို့လည်း ခံစားမိတယ်”
ရှေးဟောင်းနတ်ဘုရားနှစ်ပါးတွင်လည်း သူတို့၏ကိုယ်ပိုင်အတွေးအခေါ်များ ရှိကြသည်။
ရှုရှန်းဟွာက ဆက်ပြော၏။ “ခင်ဗျားတို့နှစ်ယောက် ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုကို ရှာနေတာဆိုရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားလို့ရတယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အဏုမြူသင်္ချာရော ၊ အခြေခံသင်္ချာပါကျွမ်းကျင်တဲ့ တာအိုဆရာသခင်လင်းရွှမ် ရှိတယ်.. သူက လောကမှာရှိတဲ့ မွေးရာပါမဟာတာအိုကို ရှင်းလင်းတွက်ချက်ပြီး ပြိုင်ဘက်ကင်းတဲ့ အောင်မြင်မှုတွေရထားတာ… ကမ္ဘာခေတ်နှောင်းလမ်းစဉ်ကို သိမြင်နားလည်ချင်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားသင့်တယ်…. ကမ္ဘာခေတ်နှောင်းလမ်းစဉ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အတော်လေးတိုးတက်နေပြီ… တာအိုကျင့်စဉ်စနစ်ကိုလည်း သိမြင်နားလည်ချင်ရင်တော့ ခိုင်ဧကရာဇ်ချင်ယဲ့နဲ့ သွားတွေ့သင့်တယ်.. သူ့ရဲ့တာအိုကျင့်စဉ်စနစ်ကို ယှဉ်ပြိုင်နိုင်တဲ့သူ မရှိဘူး”
ရှေးဟောင်းနတ်ဘုရားထိုက်ကျိက ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။ “ဒါဆိုရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ အရင်သွားကြတာပေါ့… တာအိုမိတ်ဆွေရှု ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်ရင် ငါတို့လည်း လိုက်ခဲ့မယ်’’
ရှုရှန်းဟွာက ထွက်ခွာတော့မည့်အချိန်တွင် ရှေးဟောင်းနတ်ဘုရားထိုက်ကျိက လှမ်းမေး၏။ “တာအိုမိတ်ဆွေရှုမှာ မိတ်ဆွေနှစ်ယောက်ရှိတယ်လို့ ပြောခဲ့တယ်နော်… တစ်ယောက်က ရှေ့ကို ဆက်လျှောက်နေပြီးတော့ နောက်တစ်ယောက်က ဆန့်ကျင်ဘက်လမ်းကို လျှောက်နေတာလို့ ပြောခဲ့တယ်… အဲ့ဒီနှစ်ယောက်က ဘာလို့မြင့်မြတ်တာလဲ မေးခွင့်ရှိမလား”
ရှုရှန်းဟွာက ရပ်လိုက်ပြီး ဖြေသည်။ “တစ်ယောက်က လူငယ်လန်ယွီတျန်းပါ… နောက်တစ်ယောက်ကတော့ ခင်ဗျားတို့ ရင်းနှီးနေပြီးသားသူပါပဲ… ကောင်းကင်နတ်အရှင်မူလေ”
ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ စိတ်ပျက်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ရှုရှန်းဟွာက ထွက်ခွာသွားသဖြင့် ရှေးဟောင်းနတ်ဘုရားနှစ်ပါးက သူ့နောက်လိုက်၍ မေးကြ၏။ “လန်ယွီတျန်းရဲ့ စွမ်းဆောင်ရည်တွေက ဘယ်လိုအခြေအနေရှိပြီလဲ”
ရှုရှန်းဟွာက ရပ်လိုက်၏။ “သူ့မှာ တာအိုရထားပြီးတဲ့ခန္ဓာကိုယ် ရှိတယ်.. သူ့ရဲ့ တာအိုသဘာဝကလည်း ပြိုင်ဘက်ကင်းတယ်... ဥပမာပြောရရင် သူက စကြ၀ဠာကို ကျောက်တုံးတွင်းအဖြစ် အသုံးပြုပြီးတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ တာအိုက သူ့ရဲ့နတ်ကျောက်တုံးတွေပေါ့… သူ့တာအိုနှလုံးသားက ကျောက်တုံးရိုင်း ဖြစ်ပြီးတော့ သူ့ရဲ့ခြေလှမ်းတွေက ကျောက်တုံးတွင်းရဲ့ တောင်တန်းတွေ ဖြစ်တယ်… မဟာတာအိုကတော့ သူ့ရဲ့လှေကားပေါ့… သူဟာ ကောင်းကင်နဲ့မြေကြီးကို တိုင်းတာနိုင်ပြီး တစ်လှမ်းချင်းတက်ရင်း မဟာတာအိုရဲ့ အခြေခံအုတ်မြစ်ကို ရယူနိုင်လိမ့်မယ်”
ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ စိတ်လှုပ်ရှားသွားကြသည်။ ကမ္ဘာလောက၌ ထိုသို့ပုဂ္ဂိုလ်မျိုး ရှိနေသည်လော။
“ဒါဆိုရင် ကောင်းကင်နတ်အရှင်မူကရော… မင်းရဲ့ စိတ်ထဲမှာ သူ့ကို ဘယ်လိုထင်လဲ”
ရှုရှန်းဟွာက တခဏ စဉ်းစားနေပြီးနောက် ဖြေသည်။ “ကောင်းကင်နတ်အရှင်မူက ဆန့်ကျင်ဘက်လမ်းကို လျှောက်နေတာ…သူက သူများတွေ မတွေးမိတာကို တွေးနိုင်တဲ့အပြင် သူများတွေ မလုပ်နိုင်တာကိုလည်း လုပ်နိုင်တယ်… လန်ယွီတျန်း ဘာမှမလုပ်ရင်တော့ သူလည်း ဘာမှမလုပ်ဘူး.. သူက သူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ စကြ၀ဠာကို ကောင်းကင်ရတနာအဖြစ် အသုံးပြုပြီးတော့ ဘိုးဘေးနန်းတော်ကို ဖွင့်ခဲ့တယ်… ကျောက်တုံးတွင်းတွေကိုလည်း တည်ဆောက်ပြီး တာအိုရခဲ့တယ်… သူ့ရဲ့အောင်မြင်မှုတွေက လန်ယွီတျန်းအောက် အားနည်းမနေဘူး… အခုထိတော့ လန်ယွီတျန်းက အများကြီးပိုတော်နေသေးတာပေါ့လေ… ကျွန်တော် သူတို့ကို တွေ့တိုင်း မကျော်ဖြတ်နိုင်တဲ့ တောင်တွေကို တွေ့နေသလို ခံစားရမိတယ်”
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ အတွေးနက်နေကြသည်။
ရှုရှန်းဟွာက ထွက်ခွာလာပြီး ရှို့ဟုန်စုနောက်မှ ဝေစွေ့ဖုန်အား သွားရှာ၏။ လမ်းတွင် သူ့အနောက်မှ ကြောင်ဖြူတစ်ကောင်က လိုက်ပါလာသည်။ ၎င်းက သူ့ခြေထောက်နားတွင် လျှောက်နေပြီး အသက်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေ၏။ ကြောင်က ရှုရှန်းဟွာဆီ ခေါင်းမော့ကြည့်ပြီး ခြိမ်းခြောက်သည်။ “ရှုရှန်းဟွာ၊ အရှင်မနဲ့ ဝေးဝေးနေ… မဟုတ်ရင် ငါ မင်းကို အလွှတ်မပေးဘူး”
ရှုရှန်းဟွာက ခါးကိုင်းလိုက်၏။ ကြောင်ဖြူမှာ တခဏ တုံ့ဆိုင်းနေသော်လည်း ရှုရှန်းဟွာသည် အင်မတန်ဖော်ရွေသလို ခံစားလိုက်မိ၏။ သူက ရှုရှန်းဟွာ၏ ရင်ခွင်ထဲ ခုန်ဝင်ကာ အော်ဟစ်လိုက်သည်။ “ငါ့ခေါင်းကို လာမပွတ်နဲ့…ငါ့ကို လှည့်စားလို့ရမယ်များ ထင်နေလား”
ရှုရှန်းဟွာက သူ၏ဦးခေါင်းကို ကိုင်လိုက်သည့်အခါ ကြောင်ဖြူမှာ အင်မတန် ဇိမ်ကျသွားပြီး ပြောသည်။ “အောက်နား နည်းနည်းရွှေ့… အင်း… ဟုတ်တယ်… အဲ့ဒီနား”
ရှုရှန်းဟွာက နူးညံ့ညင်သာစွာ ပြော၏။ “ငါ့မှာ မိသားစုရှိတယ်... မင်းနဲ့ရန်ငြိုးလည်း မရှိပါဘူး… အရှင်မအပေါ်လည်း ဘယ်လိုအတွေးမျိုးမှ မရှိဘူး… အရှင်မနဲ့ ငါက တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်ဆွေးနွေးချင်ကြတဲ့ တာအိုမိတ်ဆွေတွေပါ… စိတ်ချလိုက်ပါ ရှောင်ချီ… မင်းက အရှင်မအပေါ် သစ္စာရှိတယ်… မင်း သူ့ကို ချစ်နေတာ အရှင်မလည်း သိပါတယ်… သူ့ရဲ့ စိုးရိမ်ပူပန်စရာတွေကို မျှဝေပေးရင် မင်းရဲ့နေရာက ပြောင်းလဲသွားမှာမဟုတ်ဘူး… ပိုပြီးတော့တောင် အဆင့်တက်လာဦးမှာ”
ရှောင်ချီက စိတ်ပျက်စွာပြောသည်။ “ငါက လိုသုံးသက်သက်ပါကွာ … တခြားအတွေး မတွေးရဲဘူး”
“အရာအားလုံးကို ယောက်ျားတစ်ယောက်ကပဲ လုပ်ရတာမဟုတ်လား” ရှုရှန်းဟွာက သူ့ကို ညင်သာစွာ ကြည့်လျက် သတိပေးလိုက်သည်။
ကြောင်ဖြူက ရုတ်တရက် နှာမှုတ်၍ ရှုရှန်းဟွာ၏ ရင်ခွင်ထဲမှ ခုန်ထွက်သွား၏။ ၎င်းက မြေပေါ်ဆင်း၍ အမြှီးထောင်ကာ မြောက်ကြွကြွ လျှောက်သွားလေသည်။ ထို့နောက် ရပ်လိုက်ပြီး ပြန်လှည့်ကြည့်လာကာ ပြော၏။ “မင်းက ရုပ်ဆိုးဆိုး ကောင်းကင်နတ်အရှင်မူလို မကောင်းတဲ့ကောင် မဟုတ်ဘူး… ပြန်ရောက်ရင် အရှင်မအပေါ် ဘာမကောင်းတဲ့ အကြံအစည်မှ မကြံနဲ့လို့ ကောင်းကင်နတ်အရှင်မူကို ပြောလိုက်”
ရှုရှန်းဟွာက သဘောတူသည်။
ရှို့ဟုန်စုက သူ့ကိုကြည့်နေ၏။ တခဏကြာသော် သူမက ပြုံးလျက် ပြောသည်။ “သခင်လေးရှု၊ ဒီလောကမှာ ရှင့်လို ပြီးပြည့်စုံတဲ့လူ ရှိနေနိုင်တာပဲလား… ရှင်က လေဟာနယ်တစ်ခုလို အတွေးအမြင်ကျယ်ပြန့်တယ်…. ပြီးပြည့်စုံတဲ့ နတ်ဘုရားတစ်ပါးလို လူတွေကို အမုန်းတရား မခံစားရအောင်လည်း လုပ်ပေးနိုင်တယ်”
ရှုရှန်းဟွာက ရေရွတ်လိုက်သည်။ “ပန်းတစ်ပွင့်ဟာလည်း အိုမင်းရင့်ရော်မှုဆိုတဲ့ ဇရာကို မလွန်ဆန်နိုင်ပါဘူး အစ်မတော်... အကြောင်းမဲ့ စိုးရိမ်ပူပန်နေမယ့်အစား မသိနားမလည်ချင်ယောင်ဆောင်ပြီး အေးအေးဆေးဆေးလေး ထိုင်နေတာက ပိုကောင်းပါတယ်... အစ်မတော်က ကျွန်တော်ကို အားကျနေပေမယ့် ကျွန်တော်ကတော့ အစ်မတော်ကို အားကျမိပါတယ်”
“ပန်းတစ်ပွင့်ဟာလည်း အိုမင်းရင့်ရော်မှုဆိုတဲ့ ဇရာကို မလွန်ဆန်နိုင်ပါဘူးတဲ့လား … အဲဒါက ရှုရှန်းဟွာနာမည်ရဲ့ အဓိပ္ပါယ်လား”
ရှို့ဟုန်စုသည် နာမည်၏ အဓိပ္ပာယ်ကို တန်ဖိုးထား မှတ်သားလိုက်၏။ သူမ၏မျက်ဝန်းများထဲတွင် တဏှာစိတ်မရှိတော့ဘဲ လေးစားအားကျသည့် အရိပ်အယောင်များသာ နေရာယူလာတော့သည်။
ရှုရှန်းဟွာတစ်ယောက် အန္တရာယ်ကင်းမှန်း တွေ့ရမှ ဝေစွေ့ဖုန်းမှာ သက်ပြင်းချလိုက်မိ၏။ သူက ရှို့ဟုန်စုကို ချက်ချင်း နှုတ်ဆက်လိုက်ပြီး ရှုရှန်းဟွာ နတ်အရှင်မယန်အား နှုတ်ဆက်စကားပြောမည်ကိုပင် စောင့်မနေတော့ဘဲ ဆွဲခေါ်လာခဲ့လေသည်။ “မင်း ဘာမှမဖြစ်တာ တော်သေးတယ်… ဒါက နဂါးခံတွင်း၊ ကျားခံတွင်းပဲကွ… ဒီနေရာမှာ တခဏလေး နေတာနဲ့ အန္တရာယ်ပိုများတယ်… သစ်နက်တောင်တန်းတွေဆီ မြန်မြန်ပြန်ကြစို့”
ရှုရှန်းဟွာက တအံ့တဩ မေးသည်။ “နဂါးခံတွင်း၊ ကျားခံတွင်းတွေဆိုတာက ဘယ်ကနေရောက်လာတာတုန်း… ဒီနေရာက ရှုခင်းတွေက တခြားအထွတ်အမြတ်နယ်မြေတွေလိုမျိုး လှပတင့်တယ်ပါတယ်”
ဝေစွေ့ဖုန်းမှာ ပါးစပ်အဟောင်းသားဖြင့် ခေါင်းရမ်းလိုက်မိသည်။
သစ်နကိတောင်တန်းတွင် ချင်မူသည် အဝေးသို့ လှမ်းကြည့်နေပြီး စတုတ္ထမြောက်အလင်းတန်းတစ်တန်း ဘိုးဘေးနန်းတော်ကောင်းကင်ပေါ်သို့ မြင့်တက်သွားသည်ကို တွေ့လိုက်ရသည်။ ၎င်းက အလွန်တရာ ခမ်းနားဆန်းကြယ်လှ၏။
‘စွမ်းအင်အကူးအပြောင်းတံတားဆယ့်တစ်စင်း တည်ဆောက်ပြီးသွားရင် ကောင်းကင်နတ်ဘုံက ဘိုးဘေးနန်းတော်ဆီ ရွှေ့ပြောင်းနေထိုင်ကြလိမ့်မယ်’
သူက တိတ်ဆိတ်စွာ တွေးတောနေသည်။ ကောင်းကင်နတ်ဘုံ ဘိုးဘေးနန်းတော်ဆီသို့ ရွှေ့ပြောင်းလာလျှင် ကောင်းကင်နတ်မြစ်လည်း ရွှေ့ပြောင်း၍ လမ်းကြောင်းပြောင်းသွားလိမ့်မည်။ ထိုအချိန်တွင် ကောင်းကင်နတ်မြစ်သည် ဘိုးဘေးနန်းတော်၏ ရွံ့နွံများဆီသို့ စီးဆင်းပြီး ရွံ့နွံများ ပြန်လည်အသက်ဝင်လာလိမ့်မည်။
ဘိုးဘေးနန်းတော်၏ မဟာရွှံ့နွံမှာ ကောင်းကင်နတ်အရှင်ဟုန်၏ ပိုင်နက်ဖြစ်သည်။ ၎င်းက ရွှမ်တုနှင့် အလားသဏ္ဍာန်တူကာ ရွှမ်တု၏ကြယ်တာရာကောင်းကင်သည် ရွံ့နွံတွင် ထင်ဟပ်နေတတ်၏။ ရွံ့နွံထဲတွင် နောက်ထပ်ရွှမ်တုတစ်ခု တည်ရှိနေသည့်အလား ထင်သည်။
‘ကောင်းကင်နတ်ဘုံ ရွှေ့ပြောင်းပြီးသွားရင် ကောင်းကင်နတ်မြစ်က မူလနေရာဆီ ပြန်ရောက်သွားပြီး ရွှမ်တုထိပ်ကို ရောက်သွားလိမ့်မယ်… အဲဒီအချိန်ကျရင် ကောင်းကင်နတ်ဘုံအနေနဲ့ ကောင်းကင်နယ်စားမင်းကို တိုက်ခိုက်ဖို့ အချိန်ကောင်းပဲ”
သူက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ကောင်းကင်အလွန်ရှိ ရွှမ်တုမှာ အမှောင်ထုဖြင့် ဖုံးလွှမ်းခံထားရ၏။
‘ကောင်းကင်နတ်ဘုံက သုံးနှစ်အတွင်း ဘိုးဘေးနန်းတော်ဆီ ရွှေ့ပြောင်းလိမ့်မယ်… တစ်နည်းပြောရရင် ကောင်းကင်နယ်စားမင်းမှာ သက်တမ်းသုံးနှစ် ကျန်သေးတယ်”
ချင်မူက ကောင်းကင်မှအကြည့်လွှဲလိုက်ကာ အဝေးတွင် ရှုရှန်းဟွာနှင့် ဝေစွေ့ဖုန်းပုံရိပ်များကို တွေ့လိုက်ရသည်။ ထို့နောက်မှသာ သက်ပြင်းချလိုက်နိုင်၏။
“ငါ သုံးနှစ်အတွင်း နဂါးသွဲ့ရေကန် နတ်ဘုရားစီရင်ရာစင်မြင့်ပေါ် တက်မှရမယ်…. နတ်ဘုရားစီရင်ရာစင်မြင့်ရဲ့ အပြစ်ဒဏ်ကို ခံယူပြီးမှ နောက်တစ်ဆင့် တက်နိုင်မှာ”
နတ်အရှင်မချန်း၏ ပိုင်နက်က သူ၏မျက်လုံးထဲတွင် ပေါ်လာသည်။ နဂါးသွဲ့ရေကန် နတ်ဘုရားစီရင်ရာစင်မြင့်၏ စွမ်းအားနှင့် တုန်လှုပ်ချောက်ခြားဖွယ် အရှိန်အဝါကို ပြန်တွေးမိသည်နှင့် ကြက်သီးမွေးညှင်းများပင် ထလာ၏။
နတ်ဘုရားစီရင်ရာစင်မြင့်သည် သူ၏အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့်အထိ အန္တရာယ်များလွန်း၏။
သို့သော် မည်သို့ဆိုစေ သွားကိုသွားရပေလိမ့်မည်။
ကောင်းကင်နယ်စားမင်းသည် သူ့စိတ်ဆန္ဒအတိုင်းသာ ပြုမှုတတ်ပြီး သူ၏အကြံဉာဏ်ကို ဘယ်တော့မှ မမေးမြန်းတတ်ပေ။ သေဆုံးလိုသူမှာလည်း ကောင်းကင်နယ်စားမင်းကိုယ်တိုင်သာ ဖြစ်သည့်တိုင် ကောင်းကင်နယ်စားမင်းအတွက် ချင်မူ တစ်ခုခု ဆောင်ရွက်ပေးရလိမ့်မည်။
သူ၏အသက်အန္တရာယ်ကိုပင် စွန့်စားရမည် ဆိုစေဦးတော့ လုပ်ရပေမည်။
ထိုသုံးနှစ်အတွင်း သူ၏ရုပ်ခန္ဓာ၊ မူလဝိညာဉ်၊ တာအိုနှလုံးသားတို့သည် နတ်ဘုရားစီရင်ရာစင်မြင့်အပေါ် တက်၍ ၎င်း၏ဆန်းကြယ်မှုအားလုံးကို ခံနိုင်ရည်ရှိသည်အထိ သန်မာလာရမည်ဖြစ်သည်။
ထိုသို့ပြိုင်ဘက်ကင်း ပြင်းထန်လှသော နယ်မြေထဲသို့ ဝင်ရောက်၍ အသိဉာဏ်ပညာကို အရယူရပေလိမ့်မည်။ ကောင်းကင်နယ်စားမင်းအတွက် အသက်ကြိုးမျှင်လေးတစ်မျှင် ဖမ်းဆုပ်ပေးရမည်ဖြစ်၏။
ရှုရှန်းဟွာ ရောက်လာသည့်အခါ ချင်မူက သူ့ကို ပြုံးလျက် ကြိုဆိုသည်။ အားလုံးက တာအိုအကြောင်း ဆွေးနွေး၍ ရယ်မောနေကြပြီး လမ်းစဉ်များ၊ ကောင်းကင်နတ်သိုင်းများ ဖလှယ်နေကြ၏။
ထို့နောက် ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စာပေသမားများကို တုထျန်းမိစ္ဆာဘုရင်၏ နေရာသို့ ခေါ်သွား၍ နတ်ဘုရားမြို့တစ်မြို့ တည်ဆောက်စေသည်။ သူကိုယ်တိုင်ပင်လျှင် လယ်ယာမြေများဆီ သွားရောက်ပြီး ဖုန်းဆိုးမြေများအား ပြင်ဆင်ပေးကာ ရေစီးဆင်းရန် အတူတကွ လုပ်ဆောင်ကူညီပေးခဲ့၏။
ပဉ္စမမြောက် စွမ်းအင်အကူးအပြောင်းတံတား တည်ဆောက်ပြီးသွားသဖြင့် လူသားအားလုံး ကောင်းကင်ထက်ရှိ တောက်ပသောအလင်းတန်းကို ကြည့်နေကြစဉ် ချင်မူက တိတ်တဆိတ် ထွက်ခွာသွားသည်။
သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်လည်ရောက်ရှိလာကာ သားသတ်သမားနှင့် သွားတွေ့၏။
သားသတ်သမားသည် လက်ရှိတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ စာပေသမားများနှင့်အတူ ပျော်ပါးနေသည်။ သူက အပျော်လှေတစ်စင်းဖြင့် ရွှေမြစ်တစ်လျှောက် ဗုံများတီး၊ သီချင်းများဆိုလျက် အော်ဟစ်ပျော်ရွှင်နေ၏။
အပျော်လှေအပေါ်တွင် မျက်နှာ၌ ရောင်ခြယ်မျိုးစုံ ခြယ်သထားသည့် မိန်းကလေးများနှင့် အနည်းအကျဉ်းသာ အလှပြင်ထားသော မိန်းကလေးများလည်း ရှိလေသည်။ သူမတို့က ငှက်မကလေးများသဖွယ် ကခုန်နေကြပြီး ဗျပ်စောင်း၊ ပုလွေ၊ ဗုံတို့အား တီးခတ်နေကြ၏။ အလွန်တရာ နားညီးစရာကောင်းသည်။
“ဘိုးဘိုးသားသတ်သမား၊ ကျွန်တော် လောကသမိုင်းတစ်လျှောက်မှာ အစွမ်းထက်ဆုံးကောင်းကင်ဓားမကို ရင်ဆိုင်ချင်တယ်”
ချင်မူက လှေပေါ်သို့ ဆင်းသက်လာပြီး တည့်တိုးပြောသည်။ “တစ်လောကလုံးရဲ့ ဘေးအန္တရာယ်ချီတွေ စုစည်းတဲ့နေရာ၊ ဘိုးဘေးနန်းတော်ရဲ့ ဘေးအန္တရာယ်ချီတွေ အသက်အဝင်ဆုံး နေရာ၊ ဘေးအန္တရာယ်ချီကောင်းကင်ဓားမနှစ်လက်အဖြစ် စုစည်းပြီးတော့ ဧကရာဇ်ပလ္လင်အဆင့်သိုင်းပညာရှင်တစ်ဦးကိုတောင် သတ်ဖြတ်နိုင်တဲ့နေရာကို ကျွန်တော် သွားရမယ်”
သားသတ်သမားက သူ့ကို တစ်ချက်ကြည့်၍ တောင်ဝှေးကို ချလိုက်သည်။ သူအနောက်ရှိ အမျိုးသမီးတစ်ဦးက အင်္ကျီများ ယူလာပေး၏။
သားသတ်သမားသည် အပေါ်ပိုင်း အဝတ်ဗလာဖြစ်နေသဖြင့် အဝတ်ဝတ်နေရင်း နောက်တစ်ခေါက်လှမ်းကြည့်လာ၏။ “တစ်လောကလုံးမှာ စွမ်းအားအပြင်းထန်ဆုံး ကောင်းကင်ဓားမတဲ့လား… တစ်လောကလုံးရဲ့ စွမ်းအားအကြီးဆုံး ဓားမက ကောင်းကင်နဲ့မြေကြီးကြောင့် ဖွဲ့တည်လာတဲ့ ဓားမ,မဟုတ်ဘူး… လူသားတွေရဲ့နှလုံးသားကနေ ဖွဲ့တည်လာတာ… ဒီနှစ်တွေအတွင်း မင်းရဲ့ဓားမစွမ်းရည်တွေ ဘယ်လိုအခြေအနေရှိလဲ”