ဓားမဥပဒေ
Vol. 108 Ch. 1416
“ဒီလိုပါပဲဗျာ”
ချင်မူက ဂရုမစိုက်သလို ဖြေလိုက်သည့်အခါ သားသတ်သမားက သူ့ခေါင်းကို ထုလိုက်သည်။ “ကျွန်တော် နောက်ဆုံးအကြိမ် ဓားမကို သုံးပြီး လမ်းစဉ်၀င်ရောက်ခဲ့တုန်းက တောင်ကောင်းကင်မုခ်၀အဆင့်နဲ့ နီးကပ်တဲ့ ဓားမကွက်တစ်ကွက်ကို သိမြင်နားလည်ခဲ့တယ်… အဲ့ဒါပြီးတော့ ဘာလှုပ်ရှားမှုမှ မရှိတော့ဘူး”
သားသတ်သမားက သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သဖြင့် ချင်မူမှာ ဓားမနှင့် လှီးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
“မင်းရဲ့ ဓားမလမ်းစဉ်က မတိုးတက်လာသေးဘူးဆိုရင် ဓားလမ်းစဉ်ကလည်း တိုးတက်မလာသေးဘူးမလား…”
သားသတ်သမားက နှာခေါင်းရှုံ့လိုက်သည်။ “ဆေးလမ်းစဉ်၊ ပန်းချီလမ်းစဉ်၊ ဗုဒ္ဓလမ်းစဉ်၊ ၀င်္ကပါလမ်းစဉ်၊ သူခိုးလမ်းစဉ်နဲ့ ပန်းပဲလမ်းစဉ်တွေလည်း မတိုးတက်လာသေးဘူးမလား”
ချင်မူက သူ့ကို နှလုံးသားထဲမှ နက်နက်ရှိုင်းရှိုင်း ချီးကျူးလိုက်သည်။ “ဘိုးဘိုးသားသတ်သမားရဲ့ မျက်လုံးတွေက ပြိုင်ဘက်ကင်းပဲ… ကျွန်တော့်ပြဿနာတွေကို တစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်တယ်..”
သားသတ်သမားက သူ့ကို ရိုက်ရန် ပြင်လိုက်သော်လည်း ချင်မူက ချက်ချင်း ပြောသည်။ “ဒါပေမဲ့ ကျွန်တော် ကောင်းကင်နတ်သိုင်းတွေက ကောင်းကင်ဘုံ ၂၆ ဘုံအထိ သိမြင်နားလည်ပြီးသွားပြီ”
“မင်း မွေးရာပါမူလတာအိုကနေ သိမြင်နားလည်ထားတာမလား”
သားသတ်သမားမှာ သူ့ကို ရိုက်ချင်စိတ်အား ထိန်းချုပ်ထားရသည်။ “မွေးရာပါမူလတာအိုမှာ ကြိုးစားကျင့်ကြံခဲ့တဲ့ ကမ္ဘာဦးခေတ်က သိုင်းပညာရှင်တွေ အများကြီးရှိတယ်… ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ တာအိုဂိုဏ်းက မွေးရာပါမူလတာအိုကို တစ်စိုက်မတ်မတ် လေ့လာပြီး ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုတွေကို တွက်ချက်အဖြေထုတ်ခဲ့ကြတာ… မင်း လေ့လာပြီးတာနဲ့ အသုံးပြုလို့ရပြီ… အဲဒါပြီးရင်တော့ နားလည်သိမြင်နိုင်ပြီး လမ်းစဉ်ဝင်ရောက်လို့ရပြီ… ဘိုးဘေးနန်းတော်ထဲမှာတောင် လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေအများကြီး သိမြင်နားလည်လို့ရတယ်… ဒါပေမဲ့ ဘာလို့ ဓားမလမ်းစဉ်၊ ဓားလမ်းစဉ်နဲ့ ပန်းချီလမ်းစဉ်ကို သိမြင်နားမလည်ခဲ့တာလဲ”
ချင်မူက တခဏမျှ တွေးတော၍ ဖြေလိုက်သည်။
“ဘာလို့လဲဆိုတော့ ဓားလမ်းစဉ်နဲ့ ဓားမလမ်းစဉ်က ကျင့်ကြံပြီးမှရနိုင်တဲ့ စွမ်းရည်တွေလေ… ဘာမှမရှိတာကနေ ဖန်တီးပြီးတော့ သူတို့ကိုချည်း သိမြင်နားလည်နိုင်ဖို့ သူတို့တွေကိုပဲ ခွဲထုတ်စီစဉ်ရတယ်”
“ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုတွေကို သိမြင်နားလည်ပြီးရင်တောင်မှ ဓားလမ်းစဉ်၊ ဓားမလမ်းစဉ်နဲ့ ပန်းချီလမ်းစဉ်မှာ မတိုးတက်နိုင်တာ အဲဒီအကြောင်းပြချက်ကြောင့်ပဲ”
သားသတ်သမားက ပြောသည်။ “မူအာ၊ မင်းက သေမျိုးလောကထဲက ထွက်သွားခဲ့တာကြာခဲ့ပြီ… ကျင့်ကြံပြီးမှ ရနိုင်တဲ့လမ်းစဉ်တွေက သေမျိုးလောကကနေ အရင်းခံတာပဲ.. မင်းက ကောင်းကင်နတ်ဘုံဆီ ထွက်သွားခဲ့တဲ့အတွက် မင်း ကြုံတွေ့ခဲ့ရတဲ့ အင်အားကြီးနတ်ဘုရားတွေ၊ ကောင်းကင်တန်ခိုးရှင်တွေနဲ့ မင်းကို အကောက်ကြံခဲ့တဲ့သူတွေက ကောင်းကင်နတ်အရှင်ဆယ်ပါးပဲ…. သေမျိုးလောကထဲမှာဆို မင်း နှစ်အနည်းငယ်အတွင်း ဓားတာအိုရဲ့ တတိယမြောက်ကောင်းကင်ဘုံကို နားလည်သိမြင်နိုင်လိမ့်မယ်… ဒါပေမဲ့ ကောင်းကင်နတ်ဘုံဆီ သွားရင် ဒီထက်ပိုပြီးတော့ အဆင့်တက်နိုင်မှာမဟုတ်ဘူး… မူအာ၊ မင်းက ကမ္ဘာခေတ်နှောင်းတာအိုနဲ့ သိပ်ကို ဝေးကွာနေပြီ… မဟာမြို့ပျက်က လူငယ်လေးရဲ့ နှလုံးသားတောင် ရှိသေးရဲ့လား ငါ မသိတော့ဘူး”
ချင်မူက မျက်ခုံးများပင့်လိုက်သည်။ “ကျွန်တော့်တာအိုနှလုံးသားက တည်ငြိမ်ပါတယ်... နှလုံးသားကို မေ့သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“တကယ်လား”
သားသတ်သမားက ဓားမကို ထုတ်ကာ သူ့ဆီ ပစ်ပေးရန် ပြင်လိုက်သည်။ တခဏစဉ်းစားပြီးနောက် သူက ရပ်၍ လှေကုန်းပတ်မှ သုံးပေရှည်လျားသည့် သတ္တုပြားကြီးကို ဆွဲခွာကာ ချင်မူ့လက်ထဲ ထိုးထည့်လိုက်သည်။ “မင်းရဲ့ သိုင်းအခြေခံတွေ၊ ကောင်းကင်နန်းဆောင်တွေနဲ့ ကောင်းကင်ရတနာတွေအားလုံး ချိပ်ပိတ်ပြီး သာမန်သေမျိုးတစ်ယောက်အဖြစ် ပြန်ပြောင်းလိုက်… မင်းရဲ့မူလနှလုံးသားဆီကို ငါ ပြန်ခေါ်သွားပေးမယ်”
“ဒီလောက်အထိ ဒုက္ခခံနေစရာ မလိုပါဘူးဗျာ”
ချင်မူက ခပ်တိုးတိုး ပြောလိုက်ရင်း သူ၏ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို မူလဝိညာဉ်နှင့်အတူ ချိပ်ပိတ်လိုက်သည်။
သားသတ်သမားက သူ့ကို တစ်ချက်ကြည့်၍ သတိပေး၏။ “မင်းရဲ့ရုပ်ခန္ဓာကို ချိပ်မပိတ်ရသေးဘူး”
ချင်မူ၏ လက်ချောင်းဆယ်ချောင်းက အပေါ်မှအောက်သို့ ရွေ့လျားသွားပြီး သူ၏ရုပ်ခန္ဓာကို ထိတွေ့လိုက်သည်။ သူသည် ရုပ်ခန္ဓာမှ မွေးညှင်းပေါက်အားလုံး ချိပ်ပိတ်လိုက်ရာ ချက်ချင်းပင် ခန္ဓာကိုယ်တစ်ခုလုံး လေးလံသွားသလို ခံစားလိုက်ရ၏။ သူ၏ကိုယ်ထဲတွင် ချီစွမ်းအင် တစ်စက်လေးမျှ မရှိတော့ပေ။
သားသတ်သမားက လှေထဲမှ ထွက်လာပြီး ခပ်ဩသြ ပြောသည်။ “မင်းဓားမကို ယူပြီး ငါ့နောက် လိုက်ခဲ့”
ချင်မူလည်း လှေထဲမှ ခုန်ထွက်လိုက်ရာ မြစ်ထဲသို့ ဘုတ်ခနဲ နစ်မြုပ်သွား၏။ တခဏကြာသော် သူ့မှာ မြစ်မျက်နှာပြင်ထက်တွင် ပေါလောပေါ်လာပြီး အသည်းအသန် ပြေးတော့သည်။ ပြေးရင်း ယခင်တုန်းက မာန်ဟုန်မြစ်ပေါ်တွင် ပြေးလွှားခဲ့သည့် ခံစားချက်ကို ပြန်ရလာလေသည်။
မကြာမီ မြစ်ကမ်းဘေးသို့ ရောက်လာခဲ့ကြသည်။။ ချင်မူက သူ၏ ချီစွမ်းအင်ကို အသုံးပြု၍ ခန္ဓာကိုယ်ပေါ်မှ ရေများကို ခြောက်သွေ့စေမည်လုပ်စဉ် သူ့တွင် အသုံးပြုရန် ချီစွမ်းအင်မရှိမှန်း သတိရသွား၏။
သားသတ်သမားက ဖြည်းဖြည်းနှင့် မှန်မှန် လျှောက်နေသည်။ ချင်မူမှာ သူ့နောက်သို့ လိုက်မှီရန် ကြိုးစားနေပြီး တဖြည်းဖြည်း လေတိုက်ခတ်လာသည်အား ခံစားလာရသည်။ သူ၏ခန္ဓာကိုယ်က ပေါ့သထက်ပေါ့လာပြီး ရုတ်တရက် လေပေါ်ခုန်တက်ကာ လေအား နင်းလိုက်၏။
သားသတ်သမားသည် မြို့ငယ်လေးတစ်မြို့သို့ ဝင်သွားသဖြင့် ချင်မူက ဟိုဟိုသည်သည် ကြည့်လိုက်သည်။ ဤသည်က ရွှေမြစ်အနားရှိ မြို့အသစ်တစ်မြို့ ဖြစ်နိုင်ချေရှိသော်လည်း ဤမြို့ကို သူ မမှတ်မိပေ။
ပြီးခဲ့သည်နှစ်များအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေခဲ့သောကြောင့် နေရာတိုင်းတွင် မြို့အသစ်များ ထွက်ပေါ်လာတတ်၏။ ချင်မူမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ သုံးနှစ်မှ ငါးနှစ်အတွင်း ပြန်မလာပါက မျက်စိလည်နေတတ်သည်။
“မူအာ၊ ဒီမြို့မှာ သူများတွေကို အနိုင်ကျင့်နေတဲ့သူတစ်ယောက် ရှိတယ် မင်းရဲ့ ဓားမနဲ့ သွားသတ်ချေ”
ချင်မူမှာ အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး မေးလိုက်၏။ “ဘိုးဘိုးသားသတ်သမား၊ ဒီတိုင်းပြည်မှာ စည်းမျဉ်းဥပဒေတွေ ရှိတယ်လေ... သူက အနိုင်ကျင့်တဲ့သူဆိုရင် တိုင်းပြည်က တာဝန်ရှိတဲ့သူတွေကိုပဲ စစ်ဆေးခိုင်းလိုက်ပါ… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ခွင့်ပြုချက်မရှိဘဲ ဘယ်လိုလုပ် လူသတ်ရမှာလဲ”
သားသတ်သမားက မျက်ခုံးပင့်၍ သူ့ကို ခါးသီးစွာ ကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်။ “မင်းရဲ့မူလနှလုံးသားတော့ ပြောင်းလဲသွားပြီ… အရင်က နယ်စပ်နဂါးမြို့မှာဆိုရင် ဒေါသတကြီးနဲ့ ဓားကို မြှောက်၊ ဥပဒေတွေ ချိုးဖောက်ပြီး ဖုယွဲ့ထင်ကို နှစ်ပိုင်းဖြတ်ခဲ့တာ မင်းမလား… အဲဒီချင်မူ ဘယ်ရောက်သွားပြီလဲ… တိုင်းပြည်ရဲ့ စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်လို့မရဘူးဆိုရင် အနိုင်ကျင့်နေတဲ့သူက ဘယ်လိုလုပ် ပေါ်လာတာလဲ”
ချင်မူက ခေါင်းခါသည်။ “ဒါက သာမန်လူတစ်ယောက်ရဲ့ သတ္တိပဲလေ… မဟာမြို့ပျက်မှာတုန်းက စည်းမျဉ်းဥပဒေတွေ မရှိတဲ့အတွက် ဓားမနဲ့ သတ်ပစ်လို့ရတယ်… ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာတော့ ဥပဒေတွေ ရှိတယ်”
“ဓားမလမ်းစဉ်က သာမန်လူတစ်ယောက်ရဲ့ သတ္တိပဲ”
သားသတ်သမားက ဒေါသတကြီး အော်သည်။ “မတရားမှုကို ကြုံတွေ့လာရင် ဓားမနဲ့ ခုတ်ပစ်လိုက်… ပြီးခဲ့တဲ့နှစ် ဒီမြို့အသစ်ကို တည်ဆောက်ဖို့ လုပ်တုန်းက နေရာသိမ်းပိုက်ချင်တဲ့ လူယုတ်မာတွေက စောင့်ကြည့်နေခဲ့တာ… ဒီနေရာက အရင်က လူဦးရေတစ်ရာ့လေးဆယ်ပဲ ရှိတဲ့ ရွာလေးတစ်ရွာပဲ… လူယုတ်မာတွေက မြေကို အတင်းအကြပ် ၀ယ်ပြီးတော့ ရွာသူရွာသားတွေကို ဖယ်ခိုင်းခဲ့တယ်… သူတို့ပြောသလို မလုပ်တဲ့ လူခြောက်ယောက် သေခဲ့ရပြီး လေးဆယ့်ကိုးယောက် ဒဏ်ရာရခဲ့တယ်… မင်းက စည်းမျဉ်းဥပဒေကို ပြောနေတာဆိုရင် ရွာသူရွာသားတွေကလည်း ဒီကိစ္စကို အရာရှိတွေဆီ တိုင်ကြားခဲ့တယ်… လူယုတ်မာတွေက ခြိမ်းခြောက်ပြီး အကြောင်းမကြားရဲအောင် လုပ်ခဲ့ကြတာ… ဘယ်မလဲ စည်းမျဉ်းဥပဒေ.. သူတို့ကို တရားစွဲဆိုခဲ့တဲ့ ရွာသူရွာသားတွေလည်း သတ်ဖြတ်ခံခဲ့ရတယ်… ဘယ်မလဲ ဥပဒေ.. မင်းရဲ့ဥပဒေဆိုတာကြီးက ဒီနေရာကိုတောင် မစောင့်ရှောက်ပေးနိုင်ဘူး”
ချင်မူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “မြစ်သင်္ချိုင်းတရားရုံးက … ဘာလို့ ဒီလူယုတ်မာတွေကို ဒီနေရာမှာ ဗိုလ်ကျခွင့်ပေးထားတာလဲ”
“ကောင်းကင်နတ်အရှင်မူ၊ မင်းက ကောင်းကင်နဲ့ နီးကပ်လွန်းနေပြီး ကမ္ဘာမြေကြီးနဲ့ ဝေးကွာနေခဲ့ပြီ… မင်းရဲ့မူလနှလုံးသားကို ဆုံးရှုံးလိုက်ရပြီးပြီ”
သားသတ်သမားက နှာခေါင်းရှုံ့သည်။ “မင်းရဲ့သွေးက အေးစက်နေသလို မင်းရဲ့ ဓားမကလည်း တုံးနေပြီ…. အမြင့်ဆုံးကို ရောက်နေတဲ့အတွက် သေမျိုးလောကရဲ့ အမှောင်ဘက်ခြမ်းတွေ၊ အပျက်အစီးတွေကို မမြင်နိုင်တော့ဘူး…. အမြင့်ဆုံးမှာ ရပ်နေပြီး လောကရဲ့ အခြေအနေကို အကြမ်းဖျင်း သိရှိထားပေမယ့် သာမန်လူတွေရဲ့ အခက်အခဲတွေကို မမြင်နိုင်တော့ဘူး… အတိတ်က ချင်မူသာ ဆိုရင် ဘာလုပ်မယ် ထင်သလဲ”
ချင်မူက သူ့လက်ထဲရှိ သုံးပေရှည်လျားသော သတ္တုပြားကြီးကို ကိုင်စွဲကာ မြို့ထဲ ဝင်ရောက်သွားသည်။ သူ့ချီနှင့်သွေးတို့ ဆူပွက်လာပြီး သူက တည်ကြည်လေးနက်စွာ မေး၏။ “ကျွန်တော် သွေးဆူလာနိုင်ပါသေးတယ်… ဒီလူယုတ်မာက ဘယ်သူလဲ”
သားသတ်သမားက သူ့အနောက်မှ လျှောက်လာသည်။ “ဝေ့ယုံရဲ့ သား ... ဝေ့ချင်းဟယ်”
ချင်မူက တုံ့ခနဲ ရပ်ကာ နောက်လှည့်ကြည့်လိုက်၏။
သားသတ်သမားက နှာခေါင်းရှုံ့သည်။ “ဘာဖြစ်လို့လဲ ကောင်းကင်နတ်အရှင်မူ… ဝေ့ယုံရဲ့သားဆိုလို့ တုံ့ဆိုင်းသွားလာလား.. မင်းရဲ့ ဓားမက သံချေးတက်နေပြီ... မင်းဟာ ကောင်းကင်နတ်အရှင်တွေနဲ့ ဘာမှမကွာတော့ဘူး… တစ်နှစ်လုံး ကောင်းကင်မှာပဲ လျှောက်သွားနေပြီး ကမ္ဘာမြေနဲ့ရော သေမျိုးလောကနဲ့ပါ မထိတွေ့ခဲ့ဘူး.. မင်းက တုံးသွားခဲ့ပြီမလို့ ဓားမဖြစ်လာဖို့ မထိုက်တန်တော့ဘူး… ဆန်ကုန်မြေလေးကောင်၊ မင်းရဲ့ကောင်းကင်နတ်ဘုံဆီ ပြန်သွားပြီး ကောင်းကင်နတ်အရှင်တစ်ပါးသာ လုပ်နေလိုက်တော့”
ချင်မူ့သွေးများ ဆူပွက်လာပြီး အသတ်အဖြတ်စိတ်ဆန္ဒက ကောင်းကင်အထိ မြင့်တက်သွားသည်။ သူက သတ္တုပြားကြီးကို လက်ထဲတွင် ကိုင်စွဲရင်း မြို့ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွား၏။
“ဝေ့ချင်းဟယ်က ဘယ်သူလဲ” သူက ရပ်၍ လူတစ်ယောက်ကို မေးလိုက်သည်။
“ဝေ့ချင်းဟယ်တောင် မသိဘူးလား”
ထိုလူက ပြုံးလျက် ဖြေ၏။ “သူက မြို့သစ်ရဲ့ နယ်စားဝေ၊ ဘိုးဘိုးဝေလေ…. ရှေ့ဆက်သွားရင် အနီရောင်ဝတ်ရုံ ဝတ်ပြီး စင်မြင့်ပေါ်မှာ သီချင်းနားထောင်နေတဲ့ လူငယ်တစ်ယောက်ကို တွေ့ရလိမ့်မယ်”
ချင်မူလည်း ရှေ့သို့ ဆက်လျှောက်သွားသည့်အခါ သူ၏နားထဲတွင် သာယာနာပျော်ဖွယ် သီချင်းသံကို ကြားလိုက်ကြရသည်။ အဆိုတော်မိန်းကလေးများသည် သီဆိုနေပြီး၊ ကချေသည်များက ကခုန်နေကြကာ ဂီတသမားများက ပုလွေတို့ တီးခတ်နေကြသည်ကို တွေ့လိုက်ရ၏။
ချင်မူ ခေါင်းမော့ကြည့်လိုက်ရာ စင်မြင့်ပေါ်တွင် အနီရောင်ဝတ်ရုံကြီး ဝတ်ဆင်ထားသည့် ယောက်ျားတစ်ယောက်အား တွေ့လိုက်ရသည်။ သူနှင့်အတူ ကခုန်နေသော ကောင်းကင်နတ်သိုင်းပညာရှင်များလည်း ရှိနေပြီး သူတို့၏ရယ်သံများက ကောင်းကင်ကိုပင် လှုပ်ခါသွားစေသည်။
ချင်မူက လှေကားအတိုင်း တက်လာသဖြင့် သူ့အား ကောင်းကင်နတ်သိုင်းပညာရှင်အချို့ လာတားဆီးနေသည်။ “အဘိုးတော်က သီချင်းနားထောင်ဖို့ စင်မြင့်မှာ နေရာယူထားပြီးပြီ… ကျေးဇူးပြုပြီး ပြန်လိုက်ပါ”
ချင်မူက အနားတိုးသွားပြီး သူ့ပခုံးရှိ ကြွက်သားများ ဆတ်ခနဲ လှုပ်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ကောင်းကင်နတ်သိုင်းပညာရှင်မှာ လွင့်ထွက်သွားပြီး စင်မြင့်တွင် အပေါက်ကြီးတစ်ပေါက် ပေါက်ထွက်သွား၏။
ဝရုန်းသုန်းကားအသံများ ကြားလိုက်ရသောကြောင့် အပေါ်ထပ်မှ ကောင်းကင်နတ်သိုင်းပညာရှင်များစွာ ငုံ့ကြည့်လာကြသည်။ ချင်မူက လက်ချောင်းများကို လှုပ်ရှားလိုက်ရာ ထိုကောင်းကင်နတ်သိုင်းပညာရှင်များလည်း လွင့်ထွက်ကာ အဆောက်အဦးအား ဖောက်ထွက်သွားကြ၏။
ချင်မူ လှေကားတစ်ထစ် တက်လိုက်သည့်အချိန် ဓားသံတစ်ချက် ကြားလိုက်ရ၍ သတ္တုပြားနှင့် အသာအယာ ခုခံလိုက်၏။ ကောင်းကင်နတ်သိုင်းပညာရှင်၏ ဓားက နှိုင်းယှဉ်မရလောက်အောင် ချွန်ထက်နေသည်။ ချင်မူ၏လက်ထဲတွင် သာမန် သတ္တုပြားသာ ရှိသော်လည်း ဓားနှင့် ထိတွေ့သွားသည့်အခါတွင် ဓားမှာ ပေါက်ကွဲသွားပြီး သတ္တုပြားကတော့ အကောင်းအတိုင်း ကျန်ရစ်ခဲ့သည်။
ချင်မူကား မည်သည့်သိုင်းအခြေခံကိုမှ မသုံးဘဲ အရိုးရှင်းဆုံးသုံးခုကိုသာ သုံးခဲ့၏။
လမ်းစဉ်၊ သိုင်းကွက်နှင့် တာအို။
၎င်းတို့သုံးခုသည် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ဦးအနေဖြင့် တိုးတက်စေရန် လေ့လာရမည့် အဆင့်သုံးဆင့် ဖြစ်သည်။ ပထမဦးဆုံး ဓားလမ်းစဉ်၊ ဓားမလမ်းစဉ်၊ ၀င်္ကပါလမ်းစဉ်နှင့် ဆေးလမ်းစဉ် အစရှိသဖြင့် လမ်းစဉ်များကို လေ့လာရမည်။ လမ်းစဉ်များကို အဆုံးအစွန်အထိ လေ့လာပြီးသွားပါက ဓားသိုင်းကွက်၊ တာအိုသိုင်းကွက်၊ ဓားမသိုင်းကွက်၊ ၀င်္ကပါသိုင်းကွက်နှင့် ဆေးသိုင်းကွက်တို့ကို လေ့လာရမည်ဖြစ်၏။
သိုင်းကွက်များ အောင်မြင်မှု ရရှိသည့်အခါမှသာ တာအိုကို သိမြင်နားလည်နိုင်ပေသည်။
လမ်းစဉ်များကိုသာ သင်ယူလေ့လာရုံဖြင့် သိမြင်နားလည်၍မရချေ။
ချင်မူသည် ဒုက္ခိတဘိုးဘွားကျေးရွာ သင်ပေးထားခဲ့သည့် အရိုးရှင်းဆုံး ဓားမသိုင်းကွက်ကိုသာ အသုံးပြုခဲ့သော်လည်း တစ်ဖက်ရန်သူကတော့ ခမ်းခမ်းနားနား ဓားကွက်ကို အသုံးပြုခဲ့သည်။ ၎င်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ သင်ကြားပေးသည့် ပုံမှန်ဓားသိုင်းကွက်များဖြစ်ကြပြီး ချင်မူနှင့် ကျန်းပိုင်ကွေ့ ဖန်တီးထားသည့် ဓားသိုင်းကွက်အချို့ပင် ပါရှိသည်။
သို့သော် ချင်မူကား သိုင်းကွက်အား အဆင့်မြှင့်နေစရာမလိုသည့် အခြေအနေသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ သူ၏ ဓားမသိုင်းကွက်မှာ အရိုးရှင်းဆုံးဖြစ်သော်လည်း တစ်ဖက်ရန်သူ၏ ခမ်းနားသောသိုင်းကွက်ကို ချိုးဖျက်နိုင်ရန် လုံလောက်၏။
ချင်မူ မျှော်စင်ပေါ်သို့ တက်လာသည်နှင့်အမျှ ဓားရောင်ဒါဇင်များစွာကို တွေ့ကြုံလိုက်ရသည်။ ဝေ့ချင်းဟယ်နှင့်အတူ ရှိနေသူများက အဆက်မပြတ် ဆဲရေးတိုင်းထွာရင်း ပြေးဝင်လာကြ၏။ သူတို့က သူ့ကို သတ်ဖြတ်ရန် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး ဓားသိုင်းကွက်များကို ထုတ်သုံးနေကြသည်။
ယခင်က ထိုသိုင်းကွက်များမှာ ရှားပါးပြီး ဂိုဏ်းသခင်အဆင့်သိုင်းကွက်များအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သို့သော် ယခုတွင် လူတိုင်း သင်ယူတတ်မြောက်နိုင်ကြ၏။
ချင်မူက သူ့လက်ထဲရှိ သတ္တုပြားအား ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ တဂျွတ်ဂျွတ် အက်ကွဲသံများကိုသာ ကြားလိုက်ရ၏။ သူ၏ခြေလှမ်းများက ရပ်တန့်မသွားဘဲ ရှေ့သို့ဆက်လျှောက်နေ၏။ သူ့ပတ်ပတ်လည်ရှိ ဓားပျံများက ပေါက်ကွဲသွားကြချေပြီ။
ရုတ်တရက် နတ်အလင်းတန်းတစ်တန်းက သူ၏မျက်နှာဆီသို့ လာရောက်ရိုက်ခတ်၏။ အနီရောင်ဝတ်ရုံနှင့် ဝေ့ချင်းဟယ်က နတ်ဓားတစ်လက်ကို ရုတ်တရက် အသက်သွင်းပြီး ချင်မူ့မျက်နှာတည့်တည့်ကို ချိန်ရွယ်ထားလေသည်။
ချင်မူက သတ္တုပြားကို မြှောက်ကာ လေထဲတွင် ခုတ်ချလိုက်၏။ ချွင်ခနဲ မြည်သံတစ်သံ ထွက်ပေါ်လာသည်။
ဝေ့ချင်းဟယ်က ပျော်ရွှင်သွားဟန်ဖြင့် ထခုန်ကာ အော်ဟစ်လိုက်သည်။ “မင်းလို ငမွဲမိသားစုက အကောင်ကများ ငါ့ကို လုပ်ကြံရဲတယ်ပေါ့… ငါ့အဖေ ဘယ်သူလဲ မသိဘူးလား… ငါ့အဖေက ငါ့ကို ချစ်လွန်းလို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဆိုပြီး နတ်ဓားတစ်လက် ပေးထားတာကွ..”
ချင်မူ့လက်ထဲရှိ သတ္တုပြားတွင် အက်ကွဲရာတစ်ချက်မှ မရှိပေ။ သို့သော် နတ်ဓားပေါ်တွင်မူ နက်ရှိုင်းသော အက်ကွဲကြောင်းများစွာ ထလာ၏။ ထို့နောက် ၎င်းက ပေါက်ကွဲ၍ မြေပေါ်သို့ အစိတ်စိတ်အမွှာမွှာ ကြွေကျသွားတော့သည်။
ဝေ့ချင်းဟယ်မှာ အံ့ဩမှင်သက်နေမိသည်။ ချင်မူက ရှေ့သို့ လျှောက်လာကာ မေးလိုက်သည်။ “ဝေ့ယုံရဲ့သား ဝေ့ချင်းဟယ်လား..”
ဝေ့ချင်းဟယ်က ချက်ချင်း ဖြေသည်။ “ညီလေး၊ မင်းက ငယ်ပါသေးတယ်ကွာ… ပြဿနာမရှာ…”
ခွမ်း….
ချင်မူ့လက်ထဲရှိ သတ္တုပြားက မျက်စိကျိန်းမတတ် ဓားမရောင်တို့ဖြင့် ပေါက်ကွဲထွက်လာသည်။ သူ့လက်ကို တစ်ချက်မျှ လွှဲရမ်းလိုက်ရာ ဝေ့ချင်းဟယ်၏ ဘယ်ဘက်ပခုံးမှ ညာဘက်နံရိုးအထိ သွေးများ ပန်းထွက်လျက် ဒဏ်ရာကြီးတစ်ခု ပေါ်လာပြီး သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဒေါင်လိုက်ပြတ်ထွက်သွား၏။
မျှော်စင်ပေါ်တွင် ဝရုန်းသုန်ကား ဖြစ်သွားပြီး အဆိုတော်များ၊ ကချေသည်များနှင့် ဂီတသမားတို့မှာ အရပ်လေးမျက်နှာသို့ ထွက်ပြေးကုန်ကြသည်။ ဝေ့ချင်းဟယ်၏ နောက်လိုက်များက လေပေါ်ပျံတက်၍ စူးစူးဝါးဝါး အော်ဟစ်နေကြ၏။ “မြန်မြန်… သခင်ကြီးဝေဆီ အကြောင်းကြားလိုက်… သခင်လေး အသတ်ခံလိုက်ရပြီ”
ချင်မူက သတ္တုပြားပေါ်မှ သွေးများကို ခါကာ ခပ်တည်တည် ထိုင်နေသည်။ သူက ဝိုင်တစ်ခွက်ငှဲ့၍ စောင့်ဆိုင်းနေ၏။
သားသတ်သမား၏ မျက်နှာအမူအရာက လေးစားအားကျနေသည်။ “မင်း ပြန်ရောက်လာပြီ... မဟာမြို့ပျက်ရဲ့ ဒုက္ခိတဘိုးဘွားကျေးရွာကနေ ထွက်သွားတဲ့ လူငယ်လေးချင်မူကို ပြန်ခံစားရပြီ …. မူအာ၊ ထွက်မသွားသေးဘူးလား.. အဲဒီဝေယုံက မင်းငယ်ငယ်တုန်းက မင်းရဲ့ သူငယ်ချင်းကောင်းမလား... သူနဲ့ ရင်းနှီးတယ်မဟုတ်လား… သူ့သားကို သတ်လိုက်ပြီဆိုတော့ သူနဲ့ တွေ့ရမှာ မကြောက်ဘူးလား”
“ဝေ့ချင်းဟယ်ကို သတ်တာက ဘာမှအသုံးမဝင်ဘူး”
ချင်မူက ခံစားချက်ကင်းမဲ့နေသော မျက်နှာအမူအရာဖြင့် ပြောသည်။ “ဝေယုံကိုလည်း ဝိုင်တိုက်ပြီးတော့ ဓားမဥပဒေကို လိုက်နာခိုင်းမယ်”
သားသတ်သမားက ခေါင်းငဲ့၍ ကြည့်နေ၏။ “ပြဿနာပဲ”
သူလည်း ထိုင်ကာ ဝိုင်တစ်ခွက် ငှဲ့လိုက်သည်။ ထို့နောက် ခွက်ဖြင့် သောက်ရသည်မှာ အလုပ်ရှုပ်သည်ဟု ခံစားရသဖြင့် ပုလင်းဖုံးကို လွှတ်ပစ်ပြီး ပုလင်းလိုက် မော့သောက်နေတော့၏။
အဝေးတွင် နတ်အလင်းတန်းတစ်တန်းက ဖြတ်ခနဲ တောက်ပသွားပြီး နတ်စွမ်းအားတို့သည် ကောင်းကင်တွင် ပြည့်နှက်သွားကာ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာ၏။
ဝုန်း…
ဝဝတုတ်တုတ် နတ်မင်းတပါးက ကောင်းကင်ပေါ်မှ မျှော်စင်ဆီသို့ ဆင်းသက်လိုက်ပြီး အဆောက်အဦးတစ်ခုလုံးကို တုန်ခါသွားစေသည်။ ထိုဝတုတ်နတ်မင်းက ဟိတ်ဟန်ဖြင့် အော်ဟစ်လိုက်၏။ “ငါ့ရဲ့ အချစ်ဆုံးသားတော်လေးကို ဘယ်သူ သတ်လိုက်တာလဲ”
ထိုအခိုက်အတန့်တွင် နောက်ထပ် နတ်အလင်းတန်းလေးငါးတန်းက ကောင်းကင်ပေါ်မှ မြေပြင်သို့ ဆင်းသက်လာပြီး နတ်မင်းများစွာ ပုံရိပ်များ ထွက်ပေါ်လာကြသည်။ သူတို့က ရှေ့သို့ခြေတစ်လှမ်းတက်၍ အော်ဟစ်လိုက်ကြ၏။ “ဒီသူခိုးက ဘယ်ကရောက်လာတာလဲ.. ရာရာစစ လူသတ်မှုကို ကျူးလွန်ရဲတယ်”
“သူက ဧကရာဇ်ရုံးတော်ရဲ့ အရာရှိတစ်ဦးကို သတ်ဖြတ်ခဲ့တာ… စစ်ဆေးစုံစမ်းနေစရာမလိုဘူး…နေရာမှာတင် ကွပ်မျက်ပစ်မယ်”
ဝတုတ်နတ်မင်းမှာ သူ့သားအလောင်းနောက်တွင် ထိုင်နေသော လူငယ်ကို ကြည့်ရင်း တုန်လှုပ်သွားသည်။ သူ့မျက်နှာပေါ်ရှိ အဆီများမှာလည်း တဆတ်ဆတ် တုန်လာ၏။
နတ်ဘုရားအချို့က ရှေ့တက်လာတော့မည်အချိန်တွင် ဝေ့ယုံက ရုတ်တရက် လက်ဆန့်တန်း၍ တားဆီးလိုက်သည်။ သူတို့မှာ ဇဝေဇဝါဖြစ်သွားပြီး ဝေ့ယုံသည် သူ့သားအတွက် ကိုယ်တိုင်ကလဲ့စားချေမည်အထင်ဖြင့် ဘေးသို့ဖယ်ပေးလိုက်ကြ၏။
ဝေ့ယုံသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး ပါးစပ်ဟကာ ခေါ်လိုက်၏။ “ညီလေးချင်…”
“နောင်တော်ဝေ၊ ငါ့ကို ဧကရာဇ်အတိုင်ပင်ခံလို့ခေါ်ပါ”
ချင်မူက လက်မြှောက်လိုက်သည်။ “မင်းရဲ့သားကို ငါ သတ်ပစ်လိုက်တယ်” သူက မှင်သေသေပြော၏။ “မင်းနဲ့ ငါ မိတ်ဆွေတွေဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ.. ငါ မဟာမြို့ပျက်ကနေ ထွက်လာခဲ့ပြီး ပထမဦးဆုံး ရခဲ့တဲ့ သူငယ်ချင်းက မင်းပဲ … နှစ်ယောက်အတူ လှေတစ်စင်းယူပြီး ရွှေရောင်မြစ်ကို ဖြတ်သန်းပြီးတော့ အောင်မြင်မှုတွေ ရရှိနိုင်အောင် မြို့တော်အထိ ရောက်လာခဲ့တယ်… လမ်းမှာ သစ္စာဖောက်နဂါးစီးဂိုဏ်းနဲ့ တွေ့ခဲ့ရပြီးတော့ အကြိမ်အနည်းငယ် တိုက်ခိုက်ခဲ့ရသေးတယ်… သေအတူရှင်မကွာ သူငယ်ချင်းတွေလို့တောင် ပြောလို့ရတယ်… မင်းရဲ့ သားကို သတ်ရတဲ့အတွက် ငါ စိတ်မကောင်းပါဘူး… အဲဒါကြောင့်မို့လို့ ဝိုင်တစ်ခွက် ငှဲ့ပြီး တောင်းပန်ဖို့ စောင့်နေတာ”
ဝေ့ယုံသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “သူ့ကို ဆူပူလိုက်လေကွာ… ဘာလို့ သတ်လိုက်ရတာလဲ… မင်းရဲ့ဝိုင်ကို ငါ မသောက်ဘူး”
“သောက်တာ၊ မသောက်တာက မင်း ဆုံးဖြတ်ရမယ့်အရာ မဟုတ်ဘူးနော်”
ချင်မူက ထရပ်၍ လေးနက်စွာ ပြောသည်။ “ဒီကမ္ဘာလောကမှာ မမျှတတဲ့အရာတွေ အများကြီး ရှိတယ်… ငါက လူစွမ်းကောင်းတစ်ယောက်လို ဓားမကိုင်ပြီး မင့်သားရဲ့ ဦးခေါင်းကို မြှောက်ရင်း လျှောက်သွားလို့ရတယ်… ငါက ဧကရာဇ်အတိုင်ပင်ခံ ဖြစ်နေလို့ အဲဒီလို လုပ်နိုင်စွမ်းရှိပေမယ့် သာမန်ပြည်သူတွေကတော့ မင်းရဲ့သား အနိုင်ကျင့်တာကို ခေါင်းငုံ့ခံနေကြရတယ်… သတ္တိရှိတဲ့သူတစ်ယောက်၊ လူရိုးတစ်ယောက်ရဲ့ ဓားမဆိုရင်တော့ ငါ့ဓားမလို အရာရောက်နိုင်မှာ မဟုတ်ဘူး … ဒါကြောင့် ငါ ဓားမဥပဒေကို ကျင့်သုံးရလိမ့်မယ်”
သူ့လက်ထဲရှိ သတ္တုပြားက မြောက်တက်လာပြီး ဓားမရောင်သည် အဆောက်အဦးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ဥပဒေသည် စည်းကမ်းတင်းကျပ်ရမည် ဖြစ်ပြီး တိုင်းပြည်၏လမ်းစဉ်သည် ကောင်းကင်နယ်စားမင်း၏ ရွှမ်တုကောင်းကင်စင်မြင့်နှင့် မြေအောက်ဘုံအရှင်သခင်၏ လက်ထဲရှိ သံကြိုးများကဲ့သို့ ဖြစ်နေရမည်။ လူတို့၏ ဝိညာဉ်များကို ဖမ်းယူကာ၊ ကမ္ဘာလောက၏ အကျင့်စရိုက်များကို မြှင့်တင်ပေးနိုင်သလို မကောင်းမှုကို ဖျက်ဆီးပေးနိုင်ရမည်။
“ထာဝရငြိမ်းချမ်းရေးအင်ပါယာက တရားဥပဒေစိုးမိုးတဲ့ တိုင်းပြည်တစ်ပြည်ကို တည်ထောင်ချင်တာ… ဥပဒေရှိရင် ဥပဒေကို လိုက်နာရမယ်... ဖောက်ဖျက်ရင် သက်ညှာနေမှာမဟုတ်ဘူး”
ချင်မူက လက်ကို တစ်ချက်မျှ လွှဲရမ်းလျက် သတ္တုပြားအား ဝေ့ချင်းဟယ်၏အလောင်းအရှေ့၌ ထိုးစိုက်ကာ ခြေလှမ်းကျဲကြီးများဖြင့် ဖြတ်လျှောက်သွားသည်။ “မင်းက မင်းရဲ့သားကို စည်းကမ်းရှိရှိ သင်ကြားမပေးခဲ့ဘဲ လူယုတ်မာတစ်ယောက် ဖြစ်စေခဲ့တယ်… မင်းကိုယ်တိုင် ဧကရာဇ်ဆီ အကြောင်းကြားပြီး အရာရှိရာထူးသုံးဆင့် ဆင်းလိုက်ပါ… ဆယ်နှစ်တိတိ လစာယူခွင့်မရှိဘူး… ဒီလိုကိစ္စမျိုး နောက်တကြိမ် ဖြစ်လာခဲ့ရင် ဓားမဥပဒေနဲ့ မင်းကို ကွပ်မျက်မယ် … ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ”