လူသားတွေရဲ့ နှလုံးသားဟာ ဓားမပဲ
Vol. 108 Ch. 1417
ချင်မူက မျှော်စင်ထက်မှ ထွက်ခွာလာပြီး ပြန်လှည့်ကြည့်လိုက်သည်။ ဝေ့ယုံသည် ငူငူငိုင်ငိုင် ထိုင်နေပြီး သတ္တုပြားအား ကြည့်နေ၏။
သားသတ်သမားက ခြေလှမ်းကျဲကြီးများဖြင့် နောက်မှလိုက်လာပြီး သူနှင့်အတူ ဘေးချင်းယှဉ်လျက် လျှောက်နေသည်။ သူက ချီးကျူး၏။ “မင်းရဲ့ တာအိုကျင့်စဉ်စနစ် သိုင်းအခြေခံက မြင့်မားလွန်းတော့ မင်းရဲ့ ဓားမစွမ်းရည်တွေ တိုးတက်လာတယ်… သတ္တုပြားတစ်ခုကိုတောင် ကောင်းကင်လက်နက်လို အသုံးပြုနိုင်ပါလားဟ”
ချင်မူမှာလည်း ငိုင်နေရာမှ ခေါင်းရမ်းလိုက်သည်။
၎င်းက ချီးကျူးသင့်သည့် အရာမဟုတ်ပေ။။ ထိုသာမန်သိုင်းပညာရှင်များနှင့် ယှဉ်ပါက သူ၏ အမြင်၊ ဗဟုသုတ၊ တာအိုနှလုံးသား သို့မဟုတ် သိုင်းအခြေခံတို့ကား အဆပေါင်းများစွာ သာလွန်နေပြီးဖြစ်သည်။ သူ့ကို တုတ်လေးတစ်ချောင်းပေးလျှင်တောင်မှ သူတို့၏ကောင်းကင်လက်နက်များကို ချိုးဖျက်နိုင်ပေလိမ့်မည်။
သားသတ်သမားက ပြုံး၏။ “မင်း ဒီတစ်ကြိမ် လမ်းစဉ်ကို သိမြင်နားလည်ပြီး ဓားမဥပဒေကို ဖော်ဆောင်နိုင်ခဲ့ပြီ…. မင်း ငါ့ကို သတ္တိကောင်းတာ လိုက်ကြွားနေတယ်လို့ ပြောချင်နေမှန်း ငါ သိပါတယ်… ဒါပေမဲ့ ငါက ငါ့ရဲ့ဓားမနဲ့အတူ သိုင်းလောကမှာ ဘာကိုမှဂရုမစိုက်ဘဲ လျှောက်သွားခဲ့တာ… စည်းမျဉ်းနိယာမတွေရဲ့ ထိန်းချုပ်တာကိုလည်း မခံခဲ့ရဘူး... မင်းရဲ့ ဓားမဥပဒေက ငါ့ရဲ့ ဓားမ,တာအိုထက် ပိုမကောင်းနိုင်ဘူး”
ချင်မူက တိတ်ဆိတ်နေပြီး တခဏကြာသော် တုံ့ပြန်၏။ “ဘိုးဘိုးသားသတ်သမားက ဝေ့ချင်းဟယ်အကြောင်း သိခဲ့တာကြာပြီမလား… ဘာဖြစ်လို့ သာမန်လူရဲ့ ဓားမကို သုံးပြီး သူ့ကို မရှင်းလင်းခဲ့ရတာလဲ… ဘာလို့ ကျွန်တော့်ကို စောင့်ပြီး ကျွန်တော်ကိုယ်တိုင် ဖယ်ရှားအောင် လုပ်ခဲ့တာလဲ”
“ငါ လုပ်ခဲ့မယ်ဆိုရင် ငါ့ရဲ့သတ္တိကို ကြွားနေသလို ဖြစ်မှာပေါ့…မင်းလုပ်ရင်တော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လမ်းစဉ်ကို ကိုယ်စားပြုတယ်လေ”
သားသတ်သမားက အပူအပင်ကင်းစွာ ပြုံးလိုက်သည်။ “ဒီနှစ်တွေအတောအတွင်း မင်းက ကောင်းကင်နတ်ဘုံမှာ ရှိနေခဲ့ပြီး ငါကတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှိနေတာ.. ဒီလိုကိစ္စမျိုးတွေ အများကြီး မြင်ရဖန်များနေတဲ့အပြင် ငါကိုယ်တိုင်လည်း သတ်ဖြတ်ပစ်ခဲ့တယ်… ဒါပေမဲ့ ငါက ဘာလုပ်နိုင်မှာလဲ… လူတစ်ယောက်ရဲ့ ဓားမနဲ့တင် အဲဒီလိုကိစ္စတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး… ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကြီးမားလွန်းတဲ့အတွက် လူတစ်ယောက်ရဲ့ ခွန်အားနဲ့ အင်ပါယာတစ်ခုလုံးမှာရှိတဲ့ အမှားအမှန်တွေကို မစစ်ဆေးနိုင်ဘူး… ကောင်းကင်နတ်အရှင်မူအနေနဲ့ ဥပဒေ သတ်မှတ်မှရမယ်… ဒါကြောင့် ငါ မင်းပြန်လာမှာ စောင့်နေခဲ့တာ”
“ဒီကမ္ဘာလောကမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဓားမဥပဒေ မရောက်နိုင်တဲ့နေရာတွေ အမြဲရှိနေမှာပဲ…. သာမန်လူတစ်ယောက်ရဲ့ ဒေါသကြောင့် သွေးမြေကျဖို့ လိုအပ်ရင်တောင် လိုအပ်နေဦးမှာ”
ချင်မူက တွေးနေ၏။ ‘ဧကရာဇ်ရုံးတော်အနေနဲ့ ဓားမဥပဒေ ပြဌာန်းပြီးတော့ အရာရှိတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို ရှင်းလင်းဖို့ လိုတယ်… ဒါပေမဲ့ သူတို့ဘယ်လောက်ပဲ ရှင်းလင်းပါစေ ဝေ့ချင်းဟယ်လို လူစားမျိုးတွေ ရှိနေဦးမှာပဲ… ဘိုးဘိုးသားသတ်သမား၊ ဘိုးဘိုးပြောတာမှန်တယ်… ကျွန်တော်ဟာ ကောင်းကင်နဲ့ နီးနီးကပ်ကပ် ရှိနေခဲ့တာမလို့ မြေပြင်နဲ့ ဝေးကွာနေခဲ့ပြီ… ကျွန်တော့်ကိုယ်ကျွန်တော် ပြန်လည်သုံးသပ်ရမယ့်အချိန် ရောက်လာပြီ… ကျွန်တော့်ရဲ့စွမ်းဆောင်ရည်တွေက သေမျိုးလောကကနေ အရင်းခံခဲ့တာဆိုပေမယ့် ကောင်းကင်နတ်ဘုံဆီ ရောက်ခဲ့တဲ့အချိန်ကစပြီး ကောင်းကင်နတ်အရှင်ဆယ်ပါးကို အချိန်တိုအတွင်း လိုက်မှီနိုင်ဖို့၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တိုးတက်လာစေဖို့အတွက် မွေးရာပါမူလလမ်းစဉ်ကိုပဲ လေ့လာနေခဲ့မိတယ်… ဒီနှစ်တွေအတွင်း ကျွန်တော့်ရဲ့စွမ်းဆောင်ရည်တွေ ဘယ်ကရလာတာလဲဆိုတာတောင် မေ့သွားခဲ့မိတယ်”
သူတော်စင်တန်ခိုးရှင်တစ်ဦး၏ လမ်းစဉ်မှာ နိစ္စဒူဝအသုံးသာ မဟုတ်ပါလော။ သူသည် အမြဲတမ်း ဤလမ်းစဉ်ပေါ်တွင်သာ ရှိနေသေးသည်ဟု ထင်ခဲ့မိသော်လည်း ရုတ်တရက် လှည့်ကြည့်လိုက်သည့်အခါတွင်တော့ လမ်းစဉ်မှ သွေဖယ်နေခဲ့ကြောင်း တွေ့ခဲ့ရသည်။ လမ်းစဉ်ပေါ်သို့ ပြန်လည်သွားရန် နောက်မကျသေးပေ။
“မင်းရဲ့မူလနှလုံးသား ပြောင်းလဲသွားရင်တောင်မှ မင်းက လူကောင်းလေးတစ်ယောက်ပါပဲ”
သားသတ်သမားက သူ့ကို ပခုံးပုတ်၍ မြို့အသစ်ရှိ ပန်းပဲဆိုင်သို့ ခေါ်လာသည်။ ဤနေရာက လယ်ထွန်ပစ္စည်းများ သွန်းလုပ်သည့်နေရာ ဖြစ်ပြီး ဝိညာဉ်လက်နက်များ သွန်းလုပ်ရန်နေရာ မဟုတ်ပေ။ ပန်းပဲဆိုင်တွင် ပေါက်တူးများ၊ သံလျက်များ၊ မီးဖိုချောင်သုံးဓားမများနှင့် အခြားအရာများကို ချိတ်ဆွဲထား၏။
“ဓားမကောင်းကောင်းတစ်လက် သွန်းလုပ်ပေးပါ”
သားသတ်သမားက ထိုင်ချလိုက်ရင်း ပန်းပဲဆရာကို ပြောနေသည်။ “ကျုပ် အင်မတန်ကြမ်းတဲ့ သံမဏိဓားမတစ်လက် လိုချင်တယ်… ဒီကောင်စုတ်လေး သုံးဖို့ သံမဏိနှစ်ပိဿာ ထည့်ပေး”
သူက ခုံတန်းရှည်ပေါ်တွင် ထိုင်နေသည့် ချင်မူ့ဆီ လက်ညှိုးထိုးပြသည်။ ပန်းပဲဆရာက ရေနွေးကြမ်းတချို့ ယူလာ၍ ဧည့်ခံရင်း ပြော၏။ “သံမဏိ မရှိဘူးဗျ… သံကြမ်းပဲရှိတယ်”
“သံမဏိမရှိဘူးပေါ့... ပိုတောင်ကောင်းသေးတယ်… ဒီခွေးကောင်လေးက သံပြားတစ်ချပ်နဲ့တောင် ကောင်းကင်လက်နက်ကို ချိုးဖျက်ပစ်နိုင်တာ… သံကြမ်းနှစ်ပိသာနဲ့ဆိုလည်း ရတယ်…. သူ လူတွေကို အလွယ်တကူ မပိုင်းဖြတ်နိုင်တော့လို့ ပိုအားစိုက်ရတော့မှာပေါ့” သားသတ်သမားက ရေနွေးကြမ်းသောက်နေသည်။ ရေနွေးကြမ်းမှာ အရသာမရှိသော်လည်း သူကတော့ ဇိမ်ပြေနပြေ သောက်နေ၏။ “သူ့အတွက် လိုအပ်တာတွေ ထုတ်ပြီး ကူညီပေးလိုက်ပါ”
ပန်းပဲဆရာက ချင်မူ့ကို သံသယမကင်းကြည့်လိုက်ရာ သူ၏အဝတ်အစားများသည် သာမန်မဟုတ်မှန်း သတိထားမိသွားသည်။ သူက ပြုံးလျက် မေးလိုက်သည်။ “ဒီကသခင်လေးက ဒီလိုအလုပ်ကြမ်းတွေ လုပ်နိုင်ပါ့မလားခင်ဗျာ”
ချင်မူက ရေနွေးကြမ်း ယူသောက်ကာ ပြုံးလိုက်သည်။ “ကျွန်တော်က အရင်က ပန်းပဲဆရာတယောက်ပါ… ဘာလို့ ခင်ဗျားရဲ့ ဆိုင်မှာ လယ်ထွန်ပစ္စည်းတွေပဲ တင်ထားရတာလဲ… ဝိညာဉ်လက်နက်တွေ မရှိဘူးလား”
“ကျွန်တော်က ပင်လယ်ခရုနဲ့ သစ်ဥသစ်ဖုတွေကိုပဲ စားနိုင်တာပါဗျာ… တစ်ခါတလေဆိုရင်တော့ ရေနွေးကြမ်းနဲ့ ဆန်ကြမ်းပေါ့”
ပန်းပဲဆရာက ပြုံးသည်။ “ဒါ့အပြင် သာမန်လူတွေကလည်း သိပ်မချမ်းသာကြဘူးလေ… လွန်ခဲ့တဲ့နှစ်တွေအတွင်း စားသောက်ကုန်ရောင်းစျေးတွေလည်း တဖြည်းဖြည်း လျော့လာတယ်… ကောင်းကင်နတ်သိုင်းပညာရှင်တွေ ငှားပြီး သီးနှံတွေရိတ်သိမ်းဖို့၊ ဝိညာဉ်လက်နက်တွေနဲ့ ရိတ်သိမ်းဖို့ဆိုတာကလည်း စျေးကြီးတော့ ဘယ်သူမှ မတတ်နိုင်ကြဘူးလေ… ဒီနှစ်တွေအတွင်း ကောင်းကင်နတ်သိုင်းပညာရှင်တွေလက်ထဲမှာသာ ပိုက်ဆံတွေ ပေါများနေခဲ့ပေမယ့် သာမန်ပြည်သူတွေမှာတော့ လက်ထဲ ဘာမှမရှိပါဘူးဗျာ… ဒီလယ်ထွန်ပစ္စည်းလေးတွေနဲ့ အလုပ်လုပ်တာက နည်းနည်းပါးပါး ချွေတာရာကျတာပေါ့”
ချင်မူက ရေနွေးကြမ်းကို တိတ်ဆိတ်စွာ သောက်နေသည်။ သူသည် အချိန်အတော်ကြာသောက်ပြီးသည့်တိုင် ရေနွေးသည် ကုန်မသွားသေးပေ။
ရုတ်တရက် သူက ခေါင်းမော့၍ တစ်ကျိုက်တည်း သောက်ချလိုက်သည်။ ထို့နောက် ရေနွေးခွက်ကို ချကာ ပြော၏။ “လာ.. ခင်ဗျား ကူညီပေး… ကျွန်တော် သွန်းလုပ်မယ်”
ပန်းပဲဆရာက သံကြမ်းအပိုင်းအစတချို့ ယူလာ၍ သူ့ကို ကူညီပေးသည်။
ချင်မူက တူကို ကစားကြည့်သည့်အခါ ပန်းပဲဆရာမှာ သူ၏နည်းစနစ်များအား မြင်သွားပြီး မချီးကျူးဘဲ မနေနိုင်ချေ။ “တော်လိုက်တဲ့ ပန်းပဲဆရာဗျာ… သခင်လေးသာ ဆိုင်ဖွင့်လို့ကတော့ ကျွန်တော် အရှုံးပေါ်မှာပဲ”
ချင်မူက ခပ်ထူထူ သံဓားမတစ်လက်ကို သွန်းလုပ်လိုက်သည်။ ၎င်းက အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေပြီး ထိတ်လန့်ဖွယ် ခံစားချက်ကို ခံစားရစေ၏။
သားသတ်သမားက ငွေထုတ်ပေးလိုက်၏။ “ပြန်အမ်းစရာမလိုဘူး… မူအာ၊ သွားကြစို့.. ငါတို့လာရင်းကိစ္စ ပြီးပြီဆိုတော့ မင်း ဓားမကို လေ့ကျင့်ဖို့ အချိန်ရောက်ပြီ”
ချင်မူက သူ့နောက်မှ လိုက်မလာဘဲ ပြောသည်။ “ကျွန်တော် အရေးတကြီး ဖြေရှင်းရမယ့် ကိစ္စလေးတွေ ရှိသေးတယ်”
သားသတ်သမားမှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ရပ်လိုက်သည်။ သူက ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။
ပန်းပဲဆရာမှာ သူတို့နှစ်ယောက်ပေးခဲ့သည့် ငွေကို မြင်လျှင် များပြားလွန်းသဖြင့် ဝမ်းသာပျော်ရွှင်သွားသည်။ သူ ကောင်းကင်သို့ ရုတ်တရက် မော့ကြည့်လိုက်ရာ ကြယ်တာရာများ ထွက်ပေါ်လာကြောင်း မြင်တွေ့လိုက်ရ၏။
ယနေ့မှာ ရာသီဥတုကြည်လင်သာယာသော နေ့တစ်နေ့ဖြစ်ပြီး ကြယ်တာရာများပင် မျက်စိကျိန်းမတတ် ထွက်ပေါ်နေကြသည်။ အမှန်တကယ် ထူးဆန်းချေသည်။
ကြယ်တာရာများက ရွေ့လျားနေပြီး ဧရာမကြယ်တစ်လုံးကို သေးငယ်သော ကြယ်ရာပေါင်းများစွာက ၀န်းရံထား၏။ ကြယ်အလင်းရောင်များ နီးကပ်လာသည်နှင့် ကြယ်တာရာများက ပိုမိုရှင်းလင်းပြတ်သားလာသည်။
ရွှစ်….
ကြယ်တာရာများက ကောင်းကင်ထက်မှ မြစ်သစ်ဆီသို့ ဆင်းသက်လာကြ၏။ ထိုသူတို့သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်ရုံးတော်မှ အရာရှိများနှင့် တိုင်းသူပြည်သားတို့၏ အရေးကိစ္စများနှင့် ပတ်သက်လျှင် ကိုင်တွယ်ရသော ပြည်ထဲရေးဝန်ကြီးပင်။
“ပြည်ထဲရေးအရာရှိများ… ဧကရာဇ်အတိုင်ပင်ခံကို ဂါ၀ရပြုပါတယ်” အရာရှိတစ်ရာက ပြည်ထဲရေးဝန်ကြီးကို ၀န်းရံလျက် ပြိုင်တူ ဦးညွတ်အရိုအသေပေးလိုက်ကြသည်။
“ဒီလောက်အထိ ယဉ်ကျေးနေစရာမလိုပါဘူး”
ချင်မူက လက်မြှောက်လိုက်ရာ သူ၏သိုင်းအခြေခံ ပြန်ပွင့်လာ၏။ သူက ပါးစပ်အဟောင်းသား ဖြစ်နေသည့် ပန်းပဲဆရာကို ပြောလိုက်သည်။ “ခင်ဗျားရဲ့ဆိုင်ကို ငှားပေးတဲ့အတွက် ကျွန်တော် သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ်”
ပန်းပဲဆရာမှာ ချက်ချင်း တခြားအခန်းထဲသို့ ပြေးဝင်သွား၏။ ချင်မူက ဘိုးဘေးနန်းတော်မှ နတ်ရွှေများကို ထုတ်၍ လူများအကြားတွင် သွန်းလုပ်နေသည်။ ပြည်ထဲရေးဝန်ကြီးနှင့် နတ်ဘုရားများမှာ ခေါင်းမော့ကြည့်လိုက်ကြသည့်အခါ လေထဲတွင် ဥပဒေစာလုံးများ လှည့်ပတ်နေကြကြောင်း တွေ့လိုက်ရ၏။ စာလုံးများက ပန်းပဲဆိုင်မှ မြို့တစ်မြို့လုံးသို့ ပြန်ကားထွက်သွားကြသည်။ မဟာတာအိုအသံသည် အဆက်မပြတ် မြည်ဟီးနေပြီး ဧကရာဇ်တရားသူကြီးမင်းတစ်ဦးက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သံမဏိဥပဒေများကို ရွတ်ဖတ်နေသည့်အလားပင်။
မြို့သစ်ထဲရှိ သာမန်ပြည်သူများလည်း လမ်းမများပေါ်သို့ ထွက်လာကြပြီး ဥပဒေရွတ်ဖတ်နေသည့် အသံများကို နားထောင်နေကြသည်။ သူတို့မှာ ၎င်းအသံထဲတွင် နစ်မြောသွားကြလေသည်။
ဝေ့ယုံနှင့် အပေါင်းအပါနတ်ဘုရားများက ထွက်ခွာမသွားကြသေးပေ။ သူတို့လည်း ကောင်းကင်ပေါ်ရှိ ဥပဒေစာလုံးများဆီသို့ မော့ကြည့်ရင်း ငေးငိုင်နေကြသည်။ ချင်မူ သွန်းလုပ်၍ ရွတ်ဖတ်နေသည့်အချိန်တွင် နောက်ဆုံးဥပဒေစာလုံးများသည် နတ်ဓားမထဲသို့ ဝင်ရောက်သွားပြီး သံမဏိဥပဒေ၏ စွမ်းအင်နှင့်အတူ နတ်ဓားမအဖြစ် ပြောင်းလဲသွားသည်။
အချိန်အတော်ကြာပြီးနောက် ချင်မူက နတ်မီးတောက်ကို ငြိမ်းသတ်ကာ တူကို သိမ်းဆည်းလိုက်၏။ သူက ဥပဒေဓားမတစ်လက်ကို လက်ထဲတွင် ကိုင်လျက် ကျယ်လောင်သောအသံဖြင့် ဟစ်အော်လိုက်သည်။ သူ၏အသံက မြို့တစ်မြို့လုံးတွင် ပဲ့တင်ထပ်သွားလေသည်။ “ပြည်ထဲရေးဝန်မင်းနဲ့ အရာရှိတို့.. ရှေ့တက်လာပြီး ဓားမကို လက်ခံယူပါ”
ပြည်ထဲရေးဝန်ကြီးနှင့် အရာရှိများက ဦးညွတ်အရိုအသေပေးထားကြပြီး လက်နှစ်ဖက်လုံးကို မြှောက်ထားကြသည်။
“ထာဝရငြိမ်းချမ်းရေးအင်ပါယာဥပဒေ… လူသားက ထိန်းချုပ်တာလား ဥပဒေက ထိန်းချုပ်တာလား… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဥပဒေဟောင်းတွေက လက်ရှိခေတ်နဲ့ ကိုက်ညီသေးရဲ့လား”
“ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို ပြောင်းလဲဖို့လိုရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဥပဒေကိုရော ပြောင်းလဲရမှာလား”
“အတိတ်က ဥပဒေကောင်းတွေက အခု ဆိုးရွားကုန်ကြပြီလား… မကောင်းမှုကို ဘယ်လိုအပြစ်ပေးရမလဲ... ကောင်းမှုကို ဘယ်လိုဖြန့်ကျက်ရမလဲ... ဘယ်လိုတရားမျှတစေရမလဲ”
“လူသားတွေရဲ့ အုပ်ချုပ်မှုကို လုံး၀ပစ်ပယ်လိုက်ဖို့က မဖြစ်နိုင်ဘူး…. လူသားတွေရဲ့ အုပ်ချုပ်မှုနဲ့ တရားဥပဒေစိုးမိုးမှုကို ဘယ်လိုညီမျှစေရမလဲ”
“ကိုယ်ပိုင်စည်းမျဉ်းက ဥပဒေလား… တခြားစည်းမျဉ်းတွေက ဥပဒေလား”
“ပြည်ထဲရေးဝန်ကြီး”
“ဥပဒေက လူသားတွေရဲ့ နှလုံးသားနဲ့ သက်ဆိုင်တယ်”
“လူသားတွေရဲ့နှလုံးသားတွေက ဓားမတွေပဲ… အထက်ဆုံး နတ်ဓားမတွေပေါ့… သူတို့က လူတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ကို ခေါင်းဖြတ်ပစ်နိုင်သလို အရာရှိတွေကိုလည်း အကျင့်ပျက်စေပြီး တိုင်းပြည်တစ်ပြည်ကို ပျက်သုဥ်းသွားစေနိုင်တယ်… ခင်ဗျားတို့အားလုံးက ကျွန်တော့်ကိုယ်စား လူသားတွေရဲ့ နှလုံးသားကို စောင့်ရှောက်ပေးပါ”
“ဒီနေ့ ကျွန်တော် ဧကရာဇ်ရုံးတော်ရဲ့ ကိုယ်စား ခင်ဗျားတို့ကို ဓားမတွေ ပေးအပ်မယ်… ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ ခင်ဗျားတို့ကို တာဝန်ပေးမယ်”
ချင်မူက ဦးညွှတ်အရိုအသေပေးလိုက်ရင်း ဥပဒေဓားမကို မြှောက်လိုက်သည်။ ပြည်ထဲရေးဝန်ကြီးသည် ရှေ့သို့တက်၍ ဓားမအား လက်နှစ်ဖက်ဖြင့် လက်ခံယူ၏။ သူက ဦးညွတ်အရိုအသေပေးရင်း နောက်ပြန်ဆုတ်ကာ အရာရှိများအားလုံးနှင့်အတူ ရပ်လိုက်ပြီး တည်ကြည်လေးနက်စွာ တုံ့ပြန်သည်။ “ဥပဒေတည်မြဲဖို့ ကျွန်တော်တို့တွေ မီးတောင်ကို ဖြတ်ရပါစေ… ပင်လယ်ကို ကူးခတ်ရပါစေ… ဘယ်လိုအခက်အခဲရှိပါစေ ကြိုးစားပါ့မယ်.. တစ်လောကလုံးက လူတွေရဲ့နှလုံးသားကို စိတ်မပျက်စေရပါဘူး”
ချင်မူက မြို့အသစ်မှ ထွက်ခွာလာပြီး သားသတ်သမားက သူ့အနောက်မှ လိုက်လာသည်။ ဤသို့ ဓားမပေးလိုက်ခြင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ရုတ်ရုတ်သဲသဲ ဖြစ်စေလိမ့်မည်။ ဥပဒေကို ပြုပြင်ပြောင်းလဲခြင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တိုင်းပြည်ရေးကိစ္စများကို ရှင်းလင်းမြင်သာအောင် အဆင့်မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
“ဘိုးဘိုးသားသတ်သမား၊ ကျွန်တော်တို့ ဘယ်ဆက်သွားမှာလဲ”
“ဒီသေမျိုးလောကက အထွတ်အမြတ်နယ်မြေကြီး ဖြစ်သလို အပြစ်တွေကို ဆေးကြောပေးတဲ့နေရာလည်း ဖြစ်တယ်… သက်ရှိတွေအကုန်လုံး ဒီအထွတ်အမြတ်နယ်မြေဆီ ရောက်လာကြပြီး အပြစ်တွေ ဆေးကြောကြတယ်… လောကမှာ မမျှတတဲ့ကိစ္စတွေ အများကြီးရှိသလို တိုက်ပွဲတွေလည်း အများကြီးပဲ… ပွင့်လင်းမြင်သာတဲ့ တိုက်ပွဲတွေ မရေမတွက်နိုင်အောင် ရှိသလို လျှို့ဝှက်စွာ တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေလည်း အများကြီးပဲ… ဓားမလမ်းစဉ်ကို သေမျိုးလောကထဲမှာ သန့်စင်သလို စစ်မြေပြင်မှာလည်း သန့်စင်ရမယ်”
သားသတ်သမားက ပြောသည်။ “ငါ မင်းကို စစ်မြေပြင်ဆီ ခေါ်သွားပေးမယ်… မင်းက ငါ့တပည့် ဆိုပေမယ့် စစ်မြေပြင်ကို တစ်ခါမှ မရောက်ဖူးဘူးမလား … ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ စစ်ပွဲမှာတော့ နည်းနည်းပါးပါး ဝင်ပါခဲ့မှာပေါ့… အဲဒီတုန်းက…”
သူသည် ငေးငိုင်သွားပြီး ခေါင်ရမ်းလိုက်၏။ “ငါ မပြောတာ ကောင်းတယ်”
ချင်မူက စပ်စပ်စုစု မေးလိုက်သည်။ “ဘိုးဘိုးသားသတ်သမားက ဘာလို့ဆက်မပြောတော့တာလဲ…”
သားသတ်သမားမှာ တခဏ တုံ့ဆိုင်းနေ၏။ ချင်မူမှာ ပြည်ထဲရေးဝန်ကြီးအား ဓားမပေးခဲ့ပြီးဖြစ်သဖြင့် ယခင်ကလောက် တည်ကြည်မနေတော့ပေ။ တာအိုနှလုံးသားလည်း ပိုမိုခိုင်မာနေသည်။
သားသတ်သမားမှာလည်း သူ့အတွက် ပျော်ရွှင်သောကြောင့် ဖုံးကွယ်မထားတော့ပေ။ “အရင်တုန်းက ငါ့ကို စာပေသမားအဖြစ် သတ်မှတ်ခဲ့ကြတယ်… ငါက ထောင်ထောင်မောင်းမောင်း ထွားထွားကြိုင်းကြိုင်း ဆိုပေမယ့် ကဗျာ၊ စကားပြေ ကျွမ်းကျင်တယ်… အတော်လေးလည်း နာမည်ကြီးခဲ့တာပေါ့… ငါ စာပေသမားတစ်ယောက်၊ ပန်းချီဆရာတစ်ယောက်ဖြစ်ခဲ့တုန်းက စည်းစိမ်တွေမှာ ယစ်မူးပြီး လမ်းကြားတွေမှာ အလေလိုက်ခဲ့တယ်… ရန်သူတွေ ကျူးကျော်လာတဲ့အချိန်ကျ ငါဟာ အဖြစ်မရှိတဲ့ အခြေအနေကို ရောက်နေခဲ့တဲ့အတွက် စုတ်တံနဲ့ မှင်ရည်ကို စွန့်ပစ်ခဲ့ရင်း ရန်သူဆီကနေ ဓားမလုပြီးတော့ စစ်မြေပြင်ထဲ ပြေးဝင်ခဲ့တယ်… ငါနဲ့အတူ ထွက်လာခဲ့တဲ့ စာပေသမားတွေအားလုံးထဲမှာ….” သူက အက်ကွဲစွာ ဆက်ပြောသည်။ “ငါတစ်ယောက်ပဲ ပြန်လာနိုင်ခဲ့တယ်”
ချင်မူက သူ့ပခုံးကို ပုတ်ပေး၏။ သားသတ်သမားက အသက်တစ်ရှိုက်ကို တုန်ရီစွာ မှုတ်ထုတ်လိုက်ရင်း ပြောသည်။ “စစ်မြေပြင်က ဓားမတွေက မင်းထိတွေ့နေကျ ဓားမတွေနဲ့ မတူဘူး… စစ်မြေပြင်က ဓားမတွေက သတ်ဖြတ်တဲ့ဓားမတွေ ဖြစ်သလို ပေးဆပ်တဲ့ ဓားမတွေလည်း ဟုတ်တယ်”
ချင်မူက အနည်းငယ် ကြောင်အသွားပြီး အဓိပ္ပာယ်ကို မေးလိုက်သည်။
သားသတ်သမားက ရှင်းပြ၏။ “ဓားမတွေက ရန်သူကို သတ်ပေမယ့် သူတို့ရဲ့နောက်မှာ ရှိတဲ့ တိုင်းပြည်၊ အဲ့တိုင်းပြည်က လူသားတွေကို ကာကွယ်ပေးနေတာပဲလေ... သာမန်လူတစ်ယောက်ရဲ့ ဓားမက ခြေလှမ်းငါးလှမ်းလောက် သွေးမြေကျသွားရင် ရန်ငြိုးကျေပြီ… စစ်မြေပြင်က ဓားမတွေကတော့ မတူဘူး... စစ်မြေပြင်ရဲ့ မိုင်ပေါင်းများစွာအထဲမှာ ကျက်စားနေရပြီး သွေးတွေနဲ့အတူ ရှင်သန်နေရတာ .... ငါနဲ့အတူ စစ်မြေပြင်ကို လိုက်ပြီး ရဲဘော်တွေနဲ့လိုက်တွေ့”
ချင်မူ့နှလုံးသားမှာ အနည်းငယ် လှုပ်ခတ်သွားပြီး သားသတ်သမားအနောက်မှ လိုက်လာခဲ့သည်။
သူတို့နှစ်ယောက် ရက်ဒါဇင်ကျော် ခရီးသွားခဲ့ပြီးနောက် တောင်ဘက်နယ်စပ်ရှိ စစ်မြေပြင်တစ်ခုသို့ ရောက်လာခဲ့ကြသည်။ ကောင်းကင်နတ်အရှင်ဆယ်ပါး ကမ္ဘာဦးဘုံကို သိမ်းပိုက်ခဲ့ပြီးနောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ် သက်ရောက်သည့် ဖိအားမှာ ပိုမိုပြင်းထန်လာခဲ့၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပထမဦးဆုံးတိုက်ခိုက်သည့် အင်အားစုမှာ တောင်ကောင်းကင်မှ ကောင်းကင်နတ်အရှင်ဟွေ့၏ အင်အားစုများ ဖြစ်ကြလေသည်။ လူသားများနှင့် နတ်ဘုရားတစ်ပိုင်းများက ရောနှောနေပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ မြို့များကို တိုက်ခိုက်ကာ နယ်မြေများကို ဖျက်ဆီးကြသည်။
ထိုနတ်ဘုရားများ၊ မိစ္ဆာများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်များမှာ တောင်ကောင်းကင်မှ ရောက်ရှိလာခြင်း ဖြစ်၏။ သူတို့သည် တောင်ကောင်းကင်၏ လူသားများနှင့် နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြသည်။
ချင်မူနှင့် သားသတ်သမားက ဝင်ရောက်တိုက်ခိုက်ရန်အတွက် စစ်တပ်ထဲတွင် နာမည်စာရင်း ပေးလိုက်ကြ၏။
“တစ်ဖက်ရန်သူတွေကလည်း လူသားတွေပဲ” စစ်သားတစ်ဦးက အခြားတစ်ဖက်ရှိ ရန်သူစစ်တပ်ဆီသို့ ကြည့်ရင်း ကတုန်ကယင် ပြောသည်။
“အဲဒီလိုတွေ မတွေးနဲ့”
စစ်သားဟောင်းတစ်ဦးက နှစ်သိမ့်၏။ “မင်းအနောက်မှာ ရှိတာကိုပဲ တွေး… မင်းအနောက်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရှိနေတာ… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လူသားတွေ ရှိနေတာ… တစ်ဖက်ရန်သူကို လူသားအဖြစ် ဆက်ဆံလိုက်ရင် သေရမယ့်သူက မင်းနဲ့ မင်းကာကွယ်နေတဲ့သူတွေ ဖြစ်သွားမှာ”
“ဟောဟဲ ဟောဟဲ”
တစ်စုံတစ်ယောက်က အသက်ရှိုက်၍ ရှူနေသည်။ သူ၏ခြေထောက်များက ယိုင်နဲ့နေပြီး သူ၏မျက်နှာမှာ စိုးရိမ်ပူပန်မှုကြောင့် စိမ်းဖန့်ဖန့် ဖြစ်နေ၏။ သူ့မှာ အသက်ရှူပင် မဝချေ။ “ဒါက ကျုပ် ပထမဦးဆုံး စစ်တိုက်ဖူးတာဗျာ…အတိတ်တုန်းက တက္ကသိုလ်မှာ တခြားစာပေသမားတွေနဲ့အတူ လေ့ကျင့်ခဲ့တာပဲ ရှိတယ်… တကယ့်စစ်မြေပြင်ကို တစ်ခါမှ မရောက်ခဲ့ဖူးဘူး”
“ငါ့နောက်ကသာ လိုက်ခဲ့”
မျက်နှာတွင် အမာရွတ်ရှိသည့် စစ်သားဟောင်းတစ်ဦးက ပြုံးလိုက်သည်။ “မင်းတို့ကို အတန်းထဲမှာ ဆရာသင်ပေးထားတာ မှတ်မိကြသေးလား.. ကောင်းကင်မှာ လူတွေ အလံလွှင့်ထူနေတာကို မြင်ရင် ထရပ်ရမယ်… ဗုံသံကြားရင် ရှေ့ဆက်တိုးဖို့ ဗုံကို အဆက်မပြတ် တီးခတ်ရမယ်…. ဗုံသံတွေ အလျင်လိုလာပြီဆိုရင်တော့ ပြေးဝင်ပြီး တိုက်ခိုက်တော့… ဒေါင်ခနဲ အသံကြားရင် ရပ်လိုက်… ဗုံသံကြားရင် ပြန်ဆုတ်…. ဒ့ါအပြင် အသိစိတ်အလျဉ် ကျွမ်းကျင်တဲ့သူတွေက ငါတို့ရဲ့စိတ်တွေထဲ အကြောင်းကြားလိမ့်မယ်… အမှားအယွင်းရှိမှာ မဟုတ်ဘူး..”
အမာရွတ်ဖြင့် စစ်သားက ချင်မူ့ဆီ ကြည့်ကာ ဆေးတံတစ်ချောင်း လှမ်းပေးသည်။ သူက ပြုံးနေ၏။ “မင်းက စိတ်လှုပ်ရှားမနေဘူးဆိုတော့ စစ်သားဟောင်းလား… ဒါကို ဖွာလိုက်… အရသာရှိတယ်”
ချင်မူက ဆေးတံကို ယူ၍ ရှူရှိုက်လိုက်သည်။ “ကျုပ် ထိုက်ဧကရာဇ်ကောင်းကင်ဘုံစစ်မြေပြင်ဆီ သွားပြီး တခဏလောက် တိုက်ခိုက်ခဲ့ဖူးတယ်”
“ထိုက်ဧကရာဇ်ကောင်းကင်ဘုံစစ်မြေပြင်လား… နှစ်၂၀တောင် ကြာခဲ့ပြီလေ”
အမာရွတ်ဖြင့် စစ်သားမှာ တက်ကြွသွားပြီး လက်ယပ်ပြလာသည်။ “ဒီညီအစ်ကိုဘေးကို လာကြဟေ့… အားလုံးလာကြ”
အခြားကောင်းကင်နတ်သိုင်းပညာရှင်များလည်း စုဝေးလာကြပြီး အမာရွတ်ဖြင့် စစ်သားက ခပ်ဟဟ ရယ်ကာ ပြော၏။ “ဒီမှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံတိုက်ပွဲမှာ တိုက်ခိုက်ဖူးခဲ့တဲ့ ဝါရင့်စစ်သားတစ်ယောက် ရှိတယ်ကွ.. ခဏနေ တိုက်ပွဲစရင် ငါတို့အားလုံး အတူတူ ချီတက်ကြမယ်… သူ့နောက်လိုက်ရင် ငါတို့ အသက်ရှင်နိုင်ချေ ပိုမြင့်လိမ့်မယ်”
“လာ…လာ… လာကြ… အားလုံးပဲ တစ်ယောက်နဲ့တစ်ယောက် နာမည်တွေ မျက်နှာတွေ မှတ်ထားကြ… တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနေမှ ဖြစ်မယ်”