ဓားမကျိုး
Vol. 108 Ch. 1418
“ဘာလို့ တစ်ယောက်နဲ့တစ်ယောက် နာမည်မှတ်နေရမှာလဲ… အသံနဲ့ အ၀တ်တွေကို မှတ်ထားတာကို ပိုမကောင်းဘူးလား..” ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်ငယ်တစ်ဦးက ဝင်ထောက်သည်။
အမာရွတ်ဖြင့်စစ်သားက သူ့မျက်နှာပေါ်ရှိ ငယ်ရွယ်နုပျိုမှုကို မြင်လိုက်ရသည့်အခါ ပြုံးကာ ပြော၏။ “ရန်သူလား မိတ်ဆွေလား ခွဲခြားဖို့က စစ်မြေပြင်အတွက် မဟုတ်ပါဘူးကွာ.... စစ်တိုက်ပြီးမှ...”
သူက အသေးစိတ်ရှင်းမပြပေ။
ချင်မူသည် သူဆိုလိုချင်သည့် အဓိပ္ပာယ်ကို နားလည်၏။ စစ်တိုက်ပြီးလျှင် အလောင်းရှာနိုင်အောင် မျက်နှာများကို မှတ်သားရန်ပင်။
ထိုအဓိပ္ပါယ်မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောကြောင့် စစ်သားဟောင်းက ရှင်းမပြခဲ့ခြင်းပင်။
တောင်နယ်စပ်ရှိ စစ်မြေပြင်သည် အလွန်အရေးကြီးသောအခြေအနေတွင် ဖြစ်၏။ ထို့ကြောင့် သူတို့ကဲ့သို့ စစ်သားသစ်များမှာ သုံးလမှ ငါးလအထိ တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးအောင် မိတ်ဖွဲ့ကြပြီးနောက် စစ်မြေပြင်သို့ ၀င်ရောက်ကြရသည်။
သို့သော် ကောင်းကင်နတ်အရှင်ဟွေ့၏ အင်အားစုက တောင်ဘက်နယ်မြေကို သိမ်းပိုက်ထားပြီး ပြင်းထန်စွာ ထိုးစစ်ဆင်သောကြောင့် တောင်ဘက်နယ်စပ်တွင် စစ်သားအရေအတွက် ပြတ်လပ်နေစေ၏။ ထို့ကြောင့် စာပေသမားများလည်း တစ်ယောက်ပြီးတစ်ယောက် စစ်တပ်ထဲသို့ ဝင်ရောက်ကြရသည်။ ရှေ့တန်းရှိ ဆုံးရှုံးမှုများမှာ များပြားလွန်းသဖြင့် ထိုစာပေသမားများမှာ ကိုယ့်ကိုယ်ကိုပင် မပြင်ဆင်နိုင်ဘဲ ရှေ့တန်းသို့ သွားရောက်ကြရ၏။
ကောင်းကင်နတ်အရှင်ဟွေ့ အုပ်ချုပ်သည့် တောင်ကောင်းကင်နှင့်ယှဉ်လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် နတ်ဘုရားအရေအတွက်မှာ နည်းပါးလွန်းလှသည်။ စစ်သားတစ်ယောက်ကို ဆယ်ယောက်သဖွယ် အသုံးပြုရလေသည်။
ကောင်းကင်ထက်တွင် အလံများ လွှင့်ထူလာသဖြင့် စစ်သားတစ်ယောက်ပြီးတစ်ယောက် အလံများကို မော့ကြည့်လိုက်ကြ၏။ ယခုလေးတင် ဓားများ၊ သံချပ်ကာများ ရိုက်ခတ်နေကြသည့် အသံကို ကြားနေရသော်လည်း ယခုတွင်တော့ အလံလွင့်နေသံမှအပ မည်သည့်အသံကိုမှ မကြားရတော့ချေ။
တခဏကြာသော် ပထမဦးဆုံးဗုံသံ ထွက်ပေါ်လာပြီး သင်္ဘောများက ကောင်းကင်ပေါ်သို့ ပျံတက်သွားကြသည်။ သင်္ဘောအောက်ရှိ ကြေးရောင်သားရဲများက မီးတောက်များ မှုတ်ထုတ်နေကြပြီး မြေပြင်တွင်လည်း ရထားလှည်းများက အပြေးချီတက်နေကြ၏။ ချက်ချင်းပင် အသံအားလုံး ဆူညံလာတော့သည်။
ရထားလှည်းများက မြေပြင်ပေါ်တွင် မိုင်ပေါင်းများစွာ ပြေးလွှားနေပြီးနောက် လှည်းဘီးများသည် မြေပြင်ပေါ်မှ ဖြည်းဖြည်းချင်း ကြွတက်လာကြကာ ကောင်းကင်ပေါ် ပျံတက်သွားကြသည်။ ရထားလှည်းများပေါ်ရှိ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ စိတ်ဓာတ်တက်ကြွနေကြ၏။ သူတို့အရှေ့တွင် ဓားစက်လုံးများ၊ ဓားရှည်စက်လုံးများက အရွယ်အစားအစုံအလင် နေရာယူထားကြသည်။
“မလုပ်ကြနဲ့ဦး... အဲဒါက ငါတို့တပ်ရင်းရဲ့ အလံ မဟုတ်ဘူး..” အမာရွတ်ဖြင့် စစ်သားဟောင်းက စိုးရိမ်ပူပန်စွာ မှာနေသည်။
သူ၏မျက်လုံးများ လေထဲရှိ ဧရာမစစ်တပ်ကြီးကို ကြည့်နေဆဲဖြစ်သည်။ ရထားလှည်းများနှင့် သင်္ဘောများ လေထဲတွင် မမြန်ဆန်သော်လည်း ဆန့်ကျင်ဘက် တောင်ကောင်းကင်စစ်တပ်ကြီးမှာတော့ လှိုင်းလုံးများအလား ပြေးဝင်လာနေ၏။
တောင်ကောင်းကင်၏ လူသားကောင်းကင်နတ်သိုင်းပညာရှင်များ၊ နတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်းများမှာ စခန်းနှစ်ခု ခွဲထားကြသည်။ လူသားများ ရှေ့မှဦးဆောင်ပြီး နတ်ဘုရားတစ်ပိုင်းများက အနောက်မှ လိုက်ပါလာကြ၏။
ထိုနတ်ဘုရားတစ်ပိုင်းများသည် အရပ်မြင့်မားကြပြီး ခန္ဓာကိုယ်များ ထွားကြိုင်းသန်မာကြသည်။ သူတို့သည် သာမန်မဟုတ်သော အစွမ်းမျိုးစုံဖြင့် မွေးဖွားလာကြပြီး စစ်တပ်ကြီး၏အရှေ့တွင် တောင်ကောင်းကင်၏ သင်္ဘောများက နေရာယူထား၏။ သင်္ဘောများသည် ကြီးမားလှပြီး နတ်ရွှေတို့ဖြင့် သွန်းလုပ်တည်ဆောက်ထားကြသည်။ သင်္ဘောဦးထိပ်ကို မီးငှက်တစ်ကောင်အသွင် သို့မဟုတ် ခေါင်းကိုးလုံးဇာမဏီတစ်ကောင်အသွင် ပုံဖော်ထားကြ၏။
ဤသည်က ကောင်းကင်နတ်ဘုံ၏ ရှေးဟောင်းသင်္ဘောများ ဖြစ်ကြသည်။
တောင်ကောင်းကင်စစ်တပ်တွင် ရထားလှည်းပျံများ မရှိကြပေ။
နှစ်ဖက်လုံး၏ စစ်တပ်များ မိုင်သုံးရာသာ ကွာဝေးတော့သည့်အချိန်တွင် မြောက်ဘက်ရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်က ပစ်ခတ်တော့သည်။ နေသူရိန်ခွင်းအမြှောက်များက သင်္ဘောများပေါ်တွင် စွမ်းအင်တို့ စုစည်းလိုက်ပြီး အလင်းတန်းများက လေကို ခွင်းထွက်သွား၏။ လှပသောအလင်းတန်းများစွာ ပေါ်လာပြီးနောက် စစ်မြေပြင်မှာ ချက်ချင်းဆိုသလို မှောင်ကျသွားတော့သည်။
အမြှောက်များမှ အလင်းတန်းတို့ကား တောက်ပလွန်းသဖြင့် ကောင်းကင်ရှိ နေမင်းပင်လျှင် မှိန်ကျသွားရ၏။ ကျန်နေရာများမှာလည်း ချက်ချင်း မှောင်မိုက်လာတော့သည်။
နောက်ဆုံးရှိ ခြေလျင်တပ်ဆီမှ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို ခံစားရနိုင်၏။
ရုတ်တရက် ခြေလျင်တပ်၏ ဗုံသံ ထွက်ပေါ်လာပြီး အရှေ့ဆုံးရှိ ဦးဆောင်တပ်ဖွဲ့များက စတင်လှုပ်ရှားတော့သည်။ ဗုံသံများ တဖြည်းဖြည်း ပြင်းထန်လာသည့်အချိန်တွင် ဦးဆောင်တပ်ဖွဲ့မှ ကောင်းကင်နတ်သိုင်းပညာရှင်များက အသည်းအသန် ပြေးထွက်သွားကြပြီး တစ်ခါလှမ်းလျှင် ဆယ်လှမ်းမျှ ဝေးကွာသွားကြ၏။ တဖြည်းဖြည်း ချင်မူတို့တပ်မှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။ စစ်သားဟောင်းက အော်ဟစ်လိုက်၏။ “အားလုံးပဲ… ခြေဦးတည့်ရာ လျှောက်မပြေးကြနဲ့.. လူတွေအများကြီးနဲ့ တစ်နေရာတည်းကို စုပြုံမတိုးနဲ့… လူစုခွဲဖို့ ကြိုးစားကြ…မှတ်ထားကြနော်… ငါတို့ဆီကနေ ဝေးဝေးထွက်မသွားနဲ့… ကိုက်သုံးရာ…အများဆုံး ကိုက်သုံးရာအထိပဲ”
သူတို့က စတင်ပြေးကြတော့သည်။
သူတို့အရှေ့တွင် အမြှောက်သင်္ဘောများက မီးများလောင်ကျွမ်းလျက် ကောင်းကင်ထက်မှ တဘုန်းဘုန်း ပြုတ်ကျလာကြသည်။ ၎င်းတို့ မြေပြင်နှင့် ထိတွေ့သွားသည့်အခါတွင် ဧရာမမီးလုံးကြီးများ ပေါက်ကွဲထွက်လာကြ၏။ ထို့နောက် ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အသံလှိုင်းများနှင့် လေလှိုင်းများက အရပ်လေးမျက်နှာသို့ လွင့်ထွက်လာသည်။
အရှေ့ဆုံးရှိ စစ်သင်္ဘောများမှာ အမြှေက်သင်္ဘောများဖြင့် နီးကပ်နေပြီဖြစ်သည်။ တောင်ကောင်းကင်၏ အမြှောက်သင်္ဘောတို့၏ စွမ်းအားက ထာဝရငြိမ်းချမ်းရေးအင်ပါယာလောက် မကောင်းမွန်သော်လည်း ကြွယ်ဝချမ်းသာသောကြောင့် နတ်ရွှေများဖြင့် သွန်းလုပ်ထားကြသည်။ ၎င်းသင်္ဘောများသည် အမြှောက်အလင်းတန်း၏ ရိုက်နှက်ချက်ကို ခံနိုင်ရည်ရှိပြီး အများအပြား ပြုတ်ကျသွားကြသည့်တိုင် ပစ်ခတ်နေကြသေးသည်။
တောင်ဘက်နယ်စပ်တွင် မှောင်နေသေး၏။ နှစ်ဖက်စလုံး၏ စစ်သင်္ဘောများမှာ လေထဲတွင် ဦးတည်ချက်များ ပြောင်းလျက် အရှိန်နှိမ့်လိုက်၊ မြှင့်လိုက်ဖြစ်နေကြသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ယခင်ကလောက် မကြွယ်ဝတော့သောကြောင့် စစ်သင်္ဘောများ၏ ကိုယ်ထည်မှာ သေးငယ်နေ၏၊ ၎င်းတို့ထဲမှ အများစုလည်း ပစ်ချခံခဲ့ရသည်။
ထိုအခိုက်အတန့်တွင် ရထားလှည်းပျံများက သင်္ဘောများ၏ အနောက်တွင် တစ်စင်းနှင့်တစ်စင်း ချိတ်ဆက်လျက် စစ်မြေပြင်ထဲ ဝင်ရောက်သွားကြသည်။ သူတို့က အခြားတစ်ဖက်ရှိ အမြှောက်အလင်းတန်းများအား ပေါ့ပါးသွက်လက်စွာ ရှောင်တိမ်းပြီး ရန်သူစစ်စခန်းဆီသို့ ဦးတည်သွား၏။
ရုတ်တရက် ခမ်းနားလှသော အသိစိတ်အလျဉ်တစ်ခု ပေါက်ကွဲထွက်လာသည်။ “မြေကို ဆေးမည့် ဓားပျံများ”
ချင်မူနှင့် အနောက်မှ ပြေးလိုက်လာသူများ ခေါင်းမော့ကြည့်လိုက်သည့်အခါ ရထားလှည်းပျံများဆီမှ သန်းနှင့်ချီသော ဓားများ ရွာကျလာကြောင်း တွေ့လိုက်ရသည်။ ဓားရောင်တို့က မိုးရွာကျသကဲ့သို့ ဆင်းသက်လာပြီး မိုင်တစ်ရာကျော် မြေပြင်ကို ချက်ချင်း ဖုံးလွှမ်းသွား၏။
တောင်ကောင်းကင်သင်္ဘောပေါ်ရှိ နတ်ဘုရားများက တစ်ယောက်ပြီးတစ်ယောက် ပျံတက်လာကြပြီး ရထားလှည်းပျံများဆီသို့ ပြေးဝင်သွားကြသည်။ သူတို့ကို နှောက်ယှက်ရန် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားများကလည်း ပျံတက်သွားကြ၏။ ကောင်းကင်ပေါ်ရှိ နတ်ဘုရားများတို့၏ ကောင်းကင်နတ်သိုင်းများက တစ်ခုပြီးတစ်ခု ပြုတ်ကျလာကြပြီး သူတို့ပြုတ်ကျသွားသည့်နေရာတိုင်းတွင် လူနှင့် မြင်းများ သေဆုံးသွားကြသည်။
နတ်ဘုရားများနှင့် ရင်ဆိုင်ရာတွင် ကောင်းကင်နတ်သိုင်းပညာရှင်များ၏ စွမ်းဆောင်ရည်များမှာ အားနည်းလွန်း၏။ သူတို့မှာ ကံကိုသာ အားထားရသည်။
နှစ်ဖက်လုံးရှိ ခြေလျင်တပ်သားများက အဆက်မပြတ် ပြေးနေကြသည်။ ယခုထက်ထိ ခြေလျင်တပ်သားများ တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက်မတွေ့သေးကြသော်လည်း မြေပြင်ပေါ်တွင်တော့ အလောင်းများစွာ ပြန့်ကျဲနေပြီဖြစ်သည်။
ချင်မူ့ဘေးရှိ လူတစ်ယောက်က အလောင်းတစ်လောင်အား ခလုတ်တိုက်သွား၏။ ချင်မူလည်း ရပ်ရန် ပြင်လိုက်စဉ် ထိုလူမှာ ကောင်းကင်နတ်သိုင်းများဖြင့် ဖုံးအုပ်ခံလိုက်ရကြောင်း တွေ့လိုက်ရသည်။
“ဓားပျံတွေကို သတိထား” အမာရွတ်ဖြင့် စစ်သားက အော်ဟစ်သတိပေးသည်။
ဝှစ်..
ဓားရောင်တစ်ချက်က အရှေ့မှထွက်ပေါ်လာပြီး သူတို့ကို ဖြတ်သန်းသွား၏။ သူတို့အနောက်ရှိ လူများမှာ ရှောင်တိမ်းရန် အချိန်မရသဖြင့် ချက်ချင်း ထိုးစိုက်ခံလိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်များက လေထဲ မြောက်တတ်သွားကြလေသည်။
ဝှစ်… ဝှစ်… ဝှစ်
ဓားရောင်များက တဖြည်းဖြည်း သိပ်သည်းလာသော်လည်း ဓားပျံများကြားမှ သူတို့အားလုံး စစ်မြေပြင်အတွင်းထဲသို့ ရောက်ရှိလာကြ၏။ ချင်မူတို့အဖွဲ့ကမှ လူစုံသေးသည်ဟု ဆိုနိုင်သည်။ အဖွဲ့မှ ထွက်သွားသည့် လူငယ်စာပေသမားတစ်ယောက်ကိုသာ မတွေ့ရချေ။ သူတို့ကိုးယောက်သား အားကုန်ချီတက်သွားကြ၏။ ရုတ်တရက် သူတို့မှာ အသွေးအသားဖြင့် တည်ဆောက်ထားသော တောအုပ်ကြီးထဲသို့ ရောက်သွားကြသည့်အလား ခံစားလိုက်ရသည်။ နေရာတိုင်းတွင် ရန်သူများ ပြည့်နှက်နေ၏။
“စိတ်ကို အသင့်ပြင်ပြီး ဝင်ကြတော့” စစ်သားဟောင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ကောင်းကင်နတ်သိုင်းပညာရှင်များက သူတို့၏ ဓားစက်၀န်းများကို အသက်သွင်းလိုက်၏။ စစ်သားဟောင်းက အော်ဟစ်ပြန်၏။ “တစ်ယောက်နဲ့ တစ်ယောက်ကြားက အကွာအဝေးကို ထိန်းထား… ဓားသိုင်းကွက်စွမ်းအားက ၁၅ ကိုက်အထိပဲ… အဲဒီအကွာအဝေးထက် မကျော်စေနဲ့”
သူတို့အားလုံး ရှေ့ဆက်တက်သွားကြ၏။ ချင်မူ့လက်ထဲတွင် ဓားမတစ်ချောင်းသာ ရှိသော်လည်း သူ၏ခြေလှမ်းများက အလွန်တရာမြန်ဆန်နေသည်။ သူသည် လေပြင်းနှင့် လျှပ်စီးအလား ဖြတ်သန်းသွားလာနေပြီး ဓားမကို မြှောက်လိုက်ချိန်တွင် ဓားကွက်ကား ရိုးရှင်းသွက်လက်နေ၏။ ရန်သူ၏ ဝင်္ကပါကို ဖောက်ထွက်ရခြင်းဖြစ်စေ၊ ကောင်းကင်နတ်သိုင်းများကို ချိုးဖျက်ရခြင်းဖြစ်စေ လက်တစ်ချက် ခါလိုက်သကဲ့သို့ လွယ်ကူပေသည်။ စစ်သားဟောင်းမှာ သူ့လက်ထဲတွင် ဓားမတစ်ချောင်းသာ ကိုင်ထားသည်ကို မြင်လျှင် အံ့အားသင့်သွားမိ၏။ “သူက တိုက်ပွဲသိုင်းကွက်တွေ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ပဲ”
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “တဖက်ရန်သူကို ကြောက်မနေကြနဲ့.. တောင်ကောင်းကင်က ခွေးကောင်လေးတွေရဲ့ ကောင်းကင်နတ်သိုင်းတွေနဲ့ ဓားသိုင်းကွက်တွေက ငါတို့နဲ့ ယှဥ်လို့တောင် မရဘူး.. ငါတို့ရဲ့ ဓားသိုင်းကွက်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက ဧကရာဇ်အတိုင်ပင်ခံမျိုးဆက်နှစ်ဆက်တောင် ဖန်တီးထားခဲ့တာ… မင်းတို့သင်ယူထားခဲ့ကြတဲ့ ဓားသိုင်းကွက်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက အကောင်းဆုံးပဲ”
စစ်မြေပြင်မှာ ပိုပို၍မှောင်လာပြီး ရန်သူအရေအတွက်ကလည်း များသထက် များပြားလာ၏။ ချင်မူက ဓားမကို ကိုင်ရင်း ဆုတ်တစ်လှည့်၊ တက်တစ်လှည့်ဖြင့် ဘယ်၊ ညာ ရွေ့လျားနေသည်။ သူသည် ဦးတည်ရာတစ်ဖက်သို့ ကိုက်၁၅၀ ရွေ့လျားသွားပြီး ထိုနေရာတွင် ပြိုင်ဘက်ကင်းစွာ သတ်ဖြတ်နေ၏။
သူ၏ရဲဘော်များဆီ သွား၍ အင်အားကြီးရန်သူများကိုပင် ကူညီသတ်ဖြတ်ပေးတတ်သည်။
ဤသို့ဖြင့် သူတို့သည် ရန်သူများ ၀ိုင်းထားသည့်နေရာသို့ ရောက်ရှိလာကြပြီး လှိုင်းများကို ဖောက်ထွက်သွားသည့် ရွက်လှေအလား ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်နတ်သိုင်းပညာရှင်များစွာကို ဦးဆောင်လျက် ဝင်ရောက်သွားကြတော့သည်။
ကောင်းကင်ထက်တွင် အလံများက လွင့်မြောနေ၏။ စစ်ရေးဝင်္ကပါကို တာဝန်ယူထားရသည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာတပ်မှူးများမှာ သူတို့၏တပ်ဖွဲ့များ အရှိန်ရနေသည်ကို မြင်လျှင် ချက်ချင်းပင် အလံများ လွှဲရမ်း၍ ရထားလှည်းပျံများကို စုစည်းစေရင်း သူတို့အား ကောင်းကင်မှ ထောက်ပံ့ကူညီပေးစေသည်။
ရထားလည်းပျံများက ဝှီးခနဲ ရောက်ရှိလာကြပြီး မရေမတွက်နိုင်သော ဓားရောင်တို့က အရပ်လေးမျက်နှာမှ ပြေးဝင်လာနေသည့် ရန်သူများကို ဖောက်ထွက်သွားကြ၏။
ချင်မူနှင့် ကျန်သူများက အားကုန်ချီတက်နေကြပြီး ဖိအားက တဖြည်းဖြည်း ပိုမိုပြင်းထန်လာသည်။ သူတို့လက်ထဲတွင် သေဆုံးခဲ့သည့် ရန်သူအရေအတွက်မှာ ရပ်တန့်၍ပင် မရပေ။ ရုတ်တရက် သူတို့သည် ဖိအားလျော့နည်းသွားသလို ခံစားလိုက်ရသဖြင့် ဟိုဟိုသည်သည် ကြည့်လိုက်ကြသည်။ အံ့သြပျော်ရွှင်ဖွယ်ကောင်းစွာဖြင့်…. ရန်သူများ ဝိုင်းထားသည့်ကြားမှ ထိုးဖောက်ထွက်နိုင်ခဲ့ပြီး ရန်သူတစ်ဝက်ကို ချေမှုန်းသတ်ဖြတ်နိုင်ခဲ့မှန်း တွေ့လိုက်ကြရ၏။
သူတို့အနောက်တွင် မရေမတွက်နိုင်သော ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်နတ်သိုင်းပညာရှင်များက ရန်သူများဝိုင်းထားသည်အား ထိုးဖောက်၍ တောင်ကောင်းကင်၏ လူသားစစ်တပ်ကို လစ်ဟာစေခဲ့သည်။
သူတို့ကြောင့် လစ်ဟာသွားသော တောင်ကောင်းကင်စစ်တပ်မှာ စတင်၍ ဖရိုဖရဲဖြစ်လာ၏။ ရန်သူအင်အားကို အပိုင်းပိုင်းခွဲထုတ်နိုင်သရွေ့ ပြန်လည်ဝိုင်း၀န်းကာ ချေမှုန်းသတ်ဖြတ်နိုင်ပေလိမ့်မည်။
“ဟိုမှာ ကြည့်လိုက်ဦး”
ရုတ်တရက် ကောင်းကင်နတ်သိုင်းပညာရှင်ငယ်တစ်ယောက်က ကတုန်ကယင် ပြောသည်။ “ရှေ့မှာ…”
အားလုံးက ခေါင်းမော့၍ ကြည့်လိုက်ကြရာ သူတို့၏သွေးသံရဲရဲ အပြုံးများ အေးခဲသွား၏။ တောင်ကောင်းကင်၏ မရေမတွက်နိုင်သော နတ်ဘုရားတစ်ပိုင်းများဖြင့် ဖွဲ့စည်းထားသော စစ်တပ်သည် မိုင်ထောင်ပေါင်းများစွာ ဖြန့်ကျက်ထားပြီး မရေမတွက်နိုင်သော ဧရာမကမ္ဘာဦးသားရဲကြီးများကလည်း သူတို့၏စစ်တပ်ထဲတွင် ပေါ်လာကြသည်။ ၎င်းတို့က မည်သည့်အသံမှ မထုတ်လွှတ်ပေ။
သူတို့၏ ရွှေရောင်သံချပ်ကာများမှာ မျက်စိပင်ကျိန်းစေ၏။ တောင်ကောင်းကင် နတ်ဘုရားတစ်ပိုင်းများ၏ စွမ်းဆောင်နိုင်စွမ်းတို့မှာ တောင်ကောင်းကင်၏ လူသားစစ်တပ်ထက် များစွာသာလွန်ပေသည်။
ချင်မူတို့ဘေးတွင် ပိုမိုများပြားသော ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်နတ်သိုင်းပညာရှင်များက ရန်သူဗျူဟာအစုအဝေးများကို ဖောက်ထွက်သတ်ဖြတ်ရင်း နီးကပ်လာကြသည်။ တဖြည်းဖြည်းနှင့် လူအင်အားများလာသော်လည်း အားလုံးမှာ ကြက်သေသေနေကြ၏။ မည်သူမှ ဆက်လက်မချီတက်ပေ။
သူတို့အားလုံးမှာ ငေးကြောင်နေကြသည်။
“တောင်ကောင်းကင်ရဲ့ ကောင်းကင်လက်နက်ကို ထုတ်လိုက်”
ရုတ်တရက် ခပ်ဩဩအသံတစ်သံက တစ်ဖက်ရှိ နတ်ဘုရားတစ်ပိုင်းများဆီမှ ထွက်ပေါ်လာသည်။ ဧရာမသားရဲကြီးနှစ်ကောင်က အော်ဟစ်လျက် သူတို့၏ခြေထောက်ကြီးများဖြင့် ဧရာမနတ်လှည်းကြီးတစ်စီးအား အရှေ့သို့ ဆွဲယူလာကြ၏။ ရထားလှည်းပေါ်တွင် အလွှာကိုးလွှာ ရှိသည့် စေတီကြီးတစ်ခုက နေရာယူထားပြီး မီးဟုန်းဟုန်းတောက်နေချေသည်။
ဤသည်က တောင်နတ်မင်း၏ ကောင်းကင်လက်နက်ပင်။ မြောက်နတ်မင်း၏ ကောင်းကင်လက်နက်က မိုးကြိုးငါးသွယ်ဒယ်အိုး ဖြစ်ပြီး တောင်နတ်မင်း၏ ကောင်းကင်လက်နက်ကတော့ မီးတောက်စေတီ ဖြစ်သည်။
ဤစေတီမှာ တောင်နတ်မင်း၏ ဘိုးဘေးနယ်မြေ၊ အထွတ်အမြတ်မီးလျှံအလွှာကိုးလွှာ ယဇ်ပလ္လင်မှ သန့်စင်ထားခြင်းဖြစ်၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးကြီးမဖြစ်ပွားခဲ့ခင်က တောင်နတ်မင်း၏ ကောင်းကင်လက်နက်တစ်ခုသည်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ကျရောက်ခဲ့ဖူး၏။
ထိုကောင်းကင်လက်နက်၏စွမ်းအား ပေါက်ကွဲလာသည့်အချိန်တွင် မီးတောက်များက မိုင်းတစ်သောင်းကျော် ကျယ်ပြန့်ခဲ့သည်။ မည်သည့်အရာကိုမဆို လောင်ကျွမ်းပြာချပစ်ရန် လုံလောက်ခဲ့၏။
“ပြန်ဆုတ်ကြ” တစ်စုံတစ်ယောက်က တုန်ရီစွာ ပြောသည်။ ထိုအခိုက်အတန့် မည်သည့် တဒေါင်ဒေါင်အသံကိုမှ မကြားရချေ။ ဗုံသံများကိုသာ ကြားရ၏။ ဗုံသံများက ခပ်စိတ်စိတ် မြည်ဟီးလာသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာသား စစ်သည်တော်တစ်ယောက်မှ ရှေ့တက်မသွားတော့ပေ။
တောင်နတ်မင်း၏ ကောင်းကင်လက်နက်ကို ရင်ဆိုင်နေရသဖြင့် အားလုံးမှာ ကြောက်ရွံ့နေတော့သည်။
ဗုံသံများက ပို၍ပင် အလျင်လိုလာ၏။
ချင်မူ့အဖွဲ့တွင် လူတိုင်း၏အကြည့်က အမာရွတ်ဖြင့် စစ်သားအပေါ်သို့ ကျရောက်သွားသည်။ သူတို့က မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်နေကြပြီး ပြန်ဆုတ်ရန် အမိန့်အား စောင့်ဆိုင်းနေကြလေသည်။
သူ လွတ်မြောက်သရွေ့ သူတို့လည်း လွတ်မြောက်နိုင်ကြပေလိမ့်မည်။
စစ်သားဟောင်းက သူတို့၏ မျှော်လင့်ချက်များ ပြည့်ဝနေသော အကြည့်များကို ကြည့်ကာ ရုတ်တရက် ရယ်လိုက်၏။ သူ့မျက်နှာပေါ်ရှိ အမာရွတ်ကြီးက ခက်ထန်နေပြီး သူက ခပ်ဟဟ ရယ်သည်။ “ညီအစ်ကိုတို့၊ ငါတို့အနောက်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာကွ”
“ငါတို့အနောက်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာက စောက်ကျိုးနည်း ရှိနေတာလို့ကွ... မင်းတို့ကလေးတွေနဲ့ မင်းတို့ကို ပျိုးထောင်ပေးခဲ့တဲ့ မိဘတွေ ရှိနေတာဟ”
“ငါ့နောက်လိုက်ခဲ့ကြ …. -ီးပဲ… သူတို့တွေ ငါတို့မွေးရပ်မြေထဲ ဝင်သတ်ဖြတ်တာတွေ ကြည့်မနေနိုင်ဘူး”
သူက ပြေးထွက်သွားပြီး သူ့ရှေ့ရှိရှိ လေထုထဲတွင် မရေမတွက်နိုင်သော ဝိညာဉ်လက်နက်များက ထွက်ပေါ်လာကြ၏။ စစ်သားဟောင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အတတ်နိုင်ဆုံး ကြိုးစားလျက် သူ့ကိုယ်သူ ကာကွယ်နေသည်။
ခလွမ်း…. ခလွမ်း… ခလွမ်း..
ဒါဇင်ကျော်သည့် ဝိညာဉ်လက်နက်များ ရှေ့ဆက်တိုးနေဆဲပင်။
ဝုန်း..
မရေမတွက်နိုင်သော ဝိညာဉ်လက်နက်များက သူ့ကို ဖုံးအုပ်သွားကြချေပြီ။
ဝိညာဉ်လက်နက်များ ပြန်ဆုတ်သွားကြပြီး စစ်မြေပြင်ပေါ် အလောင်းတစ်လောင်းပင်လျှင် မကျန်ရစ်ခဲ့ပေ။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေ၏။
မည်သူမှ ရှေ့ဆက်မတိုးရဲကြပေ။
ဧရာမသားရဲကြီးက မီးတောက်စေတီကြီးကို ဆွဲယူလာနေပြီး ချင်မူ့အရှေ့နှင့် အနောက်မှ စစ်သားများမှာ ပြန်ဆုတ်နေကြလေသည်
ရုတ်တရက် နောက်ထပ်လူတစ်ယောက်က ပြေးထွက်သွားသော်လည်း မရေမတွက်နိုင်သော ဝိညာဉ်လက်နက်များ၏ လွှမ်းခြုံခြင်း ခံလိုက်ကြရသည်။
ထို့နောက် နောက်ထပ်လူတစ်ယောက် ပြေးထွက်သွားပြီး သူ မသေဆုံးခင် နောက်ထပ်လူဆယ်ယောက်က တောင်နတ်မင်း၏ ကောင်းကင်လက်နက်များအား ခုခံဖြိုခွင်းလိုစိတ်ဖြင့် ပြေးထွက်သွားကြ၏။
လူတစ်သုတ်ပြီးတစ်သုတ် သေဆုံးကုန်ကြသော်လည်း ဆက်လက်ပြေးထွက်နေကြသူများလည်း ရှိနေသေးသည်။
“ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေဆိုတာ ဘယ်တော့မှ သွေးမကြောင်ဘူးကွ”
ချင်မူ့နှလုံးသားထဲတွင် မီးများတဟုန်းဟုန်း တောက်လောင်လာသည်။ သူက ဓားမကို မြှောက်လျက် ဟိန်းဟောက်လိုက်၏။ ရှေ့သို့ ခြေတစ်လှမ်းတက်ပြီးနောက် သူ၏ခြေလှမ်းများက ပိုမိုမြန်ဆန်လာသည်။ အနောက်တွင် သူတို့အဖွဲ့မှ ကျန်ရှိသည့်လူခုနစ်ယောက်က သူနှင့်အတူ ရှေ့တက်လာကြ၏။ သူတို့၏အသံများက ထွက်ပေါ်လာပြီး တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။ “ငါတို့နောက်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိတယ်”
“ငါတို့နောက်မှာ အဖေ၊ အမေနဲ့ ကလေးတွေ ရှိတယ်”
“တောင်နတ်မင်းရဲ့ ကောင်းကင်လက်နက် ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ ခြေဖျားလေးတောင် လှမ်းခွင့်မပေးနိုင်ဘူး”
“ငါတို့ရဲ့အလောင်းတွေက ရန်သူတွေကို ပိတ်ကာထားတဲ့ တောင်တန်းတွေ ဖြစ်စေရမယ်”
ပိုမိုများပြားသော ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်သားများ ပြေးဝင်လာကြပြီး အော်ဟစ်သံများက ကောင်းကင်တွင်ပင် ပဲ့တင်ထပ်သွားကြသည်။ အခြားတစ်ဖက်တွင် တောင်ကောင်းကင်၏ နတ်ဘုရားတစ်ပိုင်းစစ်တပ်က အင်နှင့်အားနှင့် ရှေ့တက်လာပြီး သူတို့ခြေကုန်လက်ပန်းကျသွားမည်ကို စောင့်ဆိုင်းနေကြသည်။ ချင်မူက သူ၏သံဓားမဖြင့် သူ့ဆီ ပြေးဝင်လာနေသည့် မရေမတွက်နိုင်သော ဝိညာဉ်လက်နက်များကို ခုခံကာကွယ်နေသည်။ သို့သော် သူ့ဘေးတွင် လဲကျသွားသော ရဲဘော်များလည်း ရှိနေသေး၏။
သို့ရာတွင် တခြားစစ်သားများက ထိုရဲဘော်များနေရာကို ဝင်ရောက်၍ ဆက်လက်ချီတက်နေကြသည်။
“ငါတို့နောက်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရှိတယ်”
သူက အားကုန်ဆက်လက်ချီတက်နေ၏။ သူ၏ရဲဘော်များက သူ့အစား ဓားမများ၊ ရန်သူများ၏ တိုက်ကွက်များကို ခုခံကာကွယ်ပေးနေသည်။ သူတို့အားလုံး စစ်မြေပြင်အလယ်တွင် လဲကျသွားကြ၏။
ချင်မူမှာ ကောင်းကင်နတ်အရှင်တစ်ပါးဖြစ်ပြီး ကမ္ဘာလောကအပေါ် ပြောင်းလဲနိုင်စွမ်းရှိသည်အား မေ့လျော့နေခဲ့မိသည်။ သူ သင်ယူခဲ့သည့် ကောင်းကင်နတ်သိုင်းများနှင့် သိုင်းအခြေခံများမှာ သူ့ခန္ဓာကိုယ်ထဲတွင် ချိပ်ပိတ်ခံထားရသည်ကို မေ့နေခဲ့၏။
သူ့လက်ထဲတွင် ဓားမတစ်လက်သာ ရှိသော်လည်း သူ၏ဘေးတွင်တော့ မရေမတွက်နိုင်သော ရဲဘော်များ ရှိကြသည်။
မရေမတွက်နိုင်သော လူများသည် သူ့ကို စောင့်ရှောက်ကာကွယ်၍ တောင်နတ်မင်း၏ ကောင်းကင်လက်နက်ဆီသို့ ပြေးနေကြ၏။
တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသူများ ရှိသော်လည်း ကျန်သူများက လိုက်မှီလာကြသည်။ သို့သော် လူအရေအတွက်က တဖြည်းဖြည်း လုံးပါးပါးလာပြီး နောက်ဆုံးတွင်တော့ ရန်သူများကို ဖြတ်သန်း၍ တောင်နတ်မင်း၏ ကောင်းကင်လက်နက်အရှေ့သို့ ရောက်ရှိလာကြသည်။ ချင်မူက ခြေထောက်တွင်အား ထည့်၍ လေပေါ် ခုန်တက်လိုက်၏။ သူ၏ခန္ဓာကိုယ်က ဧရာမသားရဲကြီးနှစ်ပါးကို ကျော်တက်သွားပြီး လက်ထဲရှိ သံဓားမက တောင်နတ်မင်း၏ ကောင်းကင်လက်နက်ကို ခုတ်ချလိုက်ချေပြီ။
“လွှတ်ထားလိုက်...” နတ်ဘုရားတစ်ပိုင်းတပ်မှူးက ရုတ်တရက် သူ့ပတ်ပတ်လည်ရှိ နတ်ဘုရားတစ်ပိုင်းများကို တားဆီးလိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။
ခွမ်း
ချင်မူ၏ သံဓားမက တောင်နတ်မင်း၏ ကောင်းကင်လက်နက်ကို ခုတ်ချလိုက်ပြီးနောက် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ကွဲထွက်သွားသည်။
သူ၏ခန္ဓာကိုယ်မှာ ပြုတ်ကျသွားပြီး ဓားရိုးသာ သူ၏လက်ထဲတွင် ကျန်ရစ်တော့၏။
ချင်မူမှာ ကြောင်အစွာဖြင့် ပတ်ဝန်းကျင်သို့။ သူ၏ရဲဘော်အားလုံးက သူ့ကို ဝိုင်းလျက် ကာကွယ်ပေးထားကြ၏။ အပြင်ဘက်တွင် နတ်ဘုရားတစ်ပိုင်းများက သူတို့ကို လှောင်ပြောင်သရော်သော မျက်နှာအမူအရာများဖြင့် ကြည့်နေကြသည်။
“ငါတို့နောက်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရှိတယ်” သူ၏ရဲဘော်များက ကျယ်လောင်စွာ အော်ဟစ်လျက် တစ်လောကလုံးကို ဖျက်စီးနိုင်သည့် လက်နက်အား နှစ်ပိုင်းဖြတ်ပစ်နိုင်ရန် ကြိုးစားနေကြသည်။
နတ်ဘုရားတစ်ပိုင်းများက သူတို့ကို အေးစက်စွာ ကြည့်နေပြီး မလှုပ်ရှားကြပေ။
“ငါတို့အနောက်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရှိတယ်…”
ချင်မူက ဓားမကျိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ ဓားကျိုးသည် စစ်မြေပြင်တွင် ကာကွယ်ပေးသည့် ဓားမဖြစ်သလို၊ သားသတ်ဓားမဖြစ်၏။ ကောင်းမှု၊ မကောင်းမှုရှိသလို ကြင်နာသနားတတ်မှုလည်း ရှိလေသည်။
“တော်လောက်ပြီ … သူတို့ကို သတ်လိုက်တော့” နတ်ဘုရားတစ်ပိုင်းတပ်မှူးက မှင်သေသေ အမိန့်ပေးလိုက်သည်။
ထိုစဉ် ချင်မူက ဓားမကျိုးကို မြှောက်လိုက်ပြီး ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏ကြွက်သားများက ဖုထစ်လာကြပြီး ကြောက်မက်ဖွယ် ဓားမရောင်တို့က စစ်မြေပြင်ပေါ်တွင် ချက်ချင်း ဖြာထွက်သွား၏။
သူ့လက်ထဲရှိ ဓားမကျိုးမှာ အသွားမရှိတော့သော်လည်း ထိတ်လန့်ဖွယ်ကောင်းစွာ တောက်ပနေသေးသည်။ နတ်အလင်းရောင်များက လူ့ပြည်မှ သံဖြင့် ပြုလုပ်ထားသော ဓားမကျိုးဆီမှ ထွက်ပေါ်လာချေပြီ။ ၎င်းတို့ကား မျက်စိကျိန်းမတတ်ပင်။
မရေမတွက်နိုင်သော ဝိညာဉ်လက်နက်များမှာ ဓားမရောင်ထဲတွင် တုန်ရီကုန်ကြပြီး ဓားမချီက ပျံထွက်လာ၏။ ယခုအခိုက်အတန့်တွင် နတ်ဘုရားတစ်ပိုင်းများနှင့် အင်အားကြီး ကောင်းကင်နတ်သိုင်းပညာရှင်များပင်လျှင် သူတို့၏ဝိညာဉ်လက်နက်များကို ထိန်းချုပ်ရ ခက်လာကြသည်။
သူတို့၏၀ိညာဥ်လက်နက်များမှာ ရိုကျိုးပူဇော်နေကြသကဲ့သို့ ဓားမကျိုးဆီသို့ ဦးညွှတ်နေကြလေသည်။
ဝိညာဉ်လက်နက်များ၏ စွမ်းအားတို့က ဓားမကျိုးဆီတွင် စုစည်းသွားကြသည်။
ဤသည်က ဓားမဝိညာဉ်၊ ဓားမ မဟာတာအိုပင်၊ ဓားမ၏ တာ၀န်ပင်။
“အနောက်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရှိတယ်”
ချင်မူက ဓားမရောင်ဖြင့် ခုတ်ချလိုက်သည်။
ခွမ်း….
တောင်နတ်မင်း၏ ကောင်းကင်လက်နက်ပေါ်တွင် အက်ကွဲကြောင်းတစ်ကြောင်း ပေါ်လာပြီး ၎င်းအက်ကွဲကြောင်းမှာ ပိုပို၍ကြီးမားလာတော့သည်။
ဓားမကျိုးတစ်လက်၊ သေမျိုးကမ္ဘာမှာ ဓားမကျိုးက... တောင်နတ်မင်း၏ကောင်းကင်လက်နက်အား ခွဲချလိုက်ချေပြီ။