← Chapters

ကောင်းမှုတွေ များပြားလာဖို့

Vol. 108 Ch. 1419

ကောင်းမှုတွေ များပြားလာဖို့

Vol. 108 Ch. 1419

သားသတ်သမားသည်လည်း စစ်မြေပြင်သို့ရောက်ရှိနေပြီး မျက်စိကျိန်းမတတ် ဓားမ‌ရောင်ကို အဝေးမှကြည့်ရှုနေ၏။ ဝိညာဉ်လက်နက်များ လေပေါ် လွင့်မျောပျံတက်လာသည့်အချိန် ဓားမတာအိုကား ကျယ်လောင်စွာ မြည်ဟီးနေသည်။ ဤတာအိုအမျိုးအစားနှင့် သူ အလွန်ရင်းနှီးလေသည်။

ဓားမတာအိုသည် မတရားမှုအတွက် အော်ဟစ်ပြီး ဆူးငြှောင့်ခလုတ်များကို သုတ်သင်ရှင်းလင်းကာ ကာကွယ်ပေးတတ်သည်။

ယခုတွင် ချင်မူက တတိယအဆင့်သို့ ရောက်ရှိခဲ့ပြီဆိုရမည်။

ကာကွယ်ပေးလိုသည့် ဆန္ဒက တရှိန်ထိုး အားကောင်းလာသည့်အခါ လူသားတို့၏ စိတ်သည် မဟာတံတိုင်းကြီးသဖွယ် ပြောင်းလဲလာရင်း ချင်မူ့လက်ထဲရှိ သေမျိုးသံဓားမကို ထောက်ပံ့ပေးလိုက်လေရာ... သာမန်သံဓားမကား မည်သည့်အရာကိုမဆို ဖြတ်တောက်နိုင်စွမ်း ရှိလာတော့သည်။

အော်ဟစ်အားပေးသံများ စစ်မြေပြင်တွင် သောင်းသောင်းဖြဖြ ဆူညံလာသည်နှင့်အမျှ ထာဝရငြိမ်းချမ်းရေးအင်ပါယာ စစ်သားများမှာ စိတ်ဓာတ်တက်ကြွလာကြ၏။

သူတို့ခန္ဓာကိုယ်ထဲရှိ သွေးများ ပွတ်ပွက်ဆူလာပြီး ပြင်းထန်ရက်စက်သည့် ဓားမရောင်များနှင့် ဓားမလမ်းစဉ်တို့က သူတို့အား မျှော်လင့်ချက်များ ပေါက်ဖွားလာစေသည်။ စစ်သည်တော်များကား အကြောက်တရားကင်းမဲ့စွာဖြင့် ရဲရဲ၀င့်၀င့် တိုက်ခိုက်၍ ရန်သူများဆီ တုံးတိုက်တိုက် ကျားကိုက်ကိုက် ပြေးဝင်သွားကြတော့သည်။

တောင်ကောင်းကင်၏ နတ်ဘုရားတစ်ပိုင်းများမှာ အနည်းငယ် အံ့အားသင့်သွားကြပြီး ထိတ်လန့်လာကြသည်။ စစ်မြေပြင်တွင် စိတ်အခြေအနေသည် ချိန်ခွင်တစ်ခုကဲ့သို့ ဖြစ်သောကြောင့် တစ်ဖက်မှ လေးလံလာပါက အခြားတစ်ဖက်က နိမ့်ဆင်းသွားပေလိမ့်မည်။ လုံးဝ မျှခြေ ဖြစ်နေတတ်သည့် အခြေအနေမျိုးမှာ ရှားပါးလှသည်။

နတ်ဘုရားတစ်ပိုင်းတို့မှာ အင်အားကြီးမားသည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ချင်း ကြောက်လန့်တုန်လှုပ်လာကြပြီး စတင်နောက်ဆုတ်ကုန်သည်။ သူတို့အနောက်ရှိ ကြီးကြပ်ရေးတပ်ဖွဲ့က ဓားများ ထုတ်၍ ခုတ်ပစ်နေသော်လည်း ဤသို့နောက်ဆုတ်နေခြင်းအား တားနိုင်ကြမည်မဟုတ်ပေ။

သူတို့ ထွက်ပြေးကုန်ကြသည်ကို မြင်လိုက်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ စစ်သားများမှာ ပိုမိုစိတ်ဓာတ်တက်ကြွလာကြသည်။ သူတို့က အနောက်မှ လိုက်ဖမ်းနေကြပြီး စစ်မြေပြင်မှာ သွေးသံတရဲရဲဖြင့် ခက်ထန်ရက်စက်နေတော့၏။

နေလုံးကြီးသည် အနောက်ဘက်သို့ ဝင်စပြုနေပြီး သွေးအလား နီရဲနေ၏။

ဤတိုက်ပွဲသည် တောင်ဘက်နယ်စပ်ရှိ ကျယ်ပြောလှသော စစ်မြေပြင်ကြီး၏ ထောင့်တစ်နေရာတွင် ဖြစ်ပွားနေသော စစ်ပွဲတစ်ပွဲသာ ဖြစ်သည်။ ဝိညာဉ်ကို တုန်လှုပ်စေနိုင်သည့် ရက်စက်ကြမ်းကြုတ်ဆုံး စစ်ပွဲကြီး မဟုတ်သေးပေ။ တောင်နယ်စပ်တွင် ၎င်းထက် ရက်စက်ကြမ်းကြုတ်သည့် စစ်ပွဲပေါင်းများစွာ ရှိနေ၏။

စစ်ပွဲက တဖြည်းဖြည်း အရှိန်သေလာသည့်အချိန်တွင် ညအခါသို့ ရောက်လာခဲ့ချေပြီ။ တပ်ဖွဲ့အမျိုးမျိုး၏ တပ်မှူးများက လူအရေအတွက်ကို စတင်ရေတွက်နေသည်။ တပ်မှူးပါ့ရှန်းက မေး၏။ “တောင်နတ်မင်းရဲ့ ကောင်းကင်လက်နက်ကို ခုတ်ပိုင်းလိုက်တဲ့သူ ဘယ်မှာလဲ”

စစ်သားများသည် ချင်မူရှိသည့်အဖွဲ့ကို သွားရှာကြသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ လူဆယ်ယောက် ရှိသော်လည်း သုံးယောက်သာ ကျန်ရစ်ခဲ့၏။ ချင်မူက သူတို့အထဲတွင် ရှိမနေချေ။

လူငယ်စာပေသမားများက ခေါင်းရမ်းပြကြသည်။ ရန်သူများကို လိုက်ဖမ်းနေကြစဉ် ချင်မူ့အား မျက်ခြေပြတ်သွားခဲ့ကြလေသည်။

စစ်သားများက တိတ်ဆိတ်စွာဖြင့် ပါ့ရှန်ဆီ ပြန်လည်တင်ပြကြသည်။ ပါ့ရှန်က တိတ်ဆိတ်နေ၏။

စစ်မြေပြင်၏ ရာနှင့်ချီသော တိုက်ပွဲများတွင် သေဆုံးကြသည်မှာ မထူးဆန်းတော့ပေ။

ထိုနေ့ညတွင် စစ်မြေပြင်မှာ ဝိညာဉ်မီးတောက်များဖြင့် ပြည့်နှက်နေ၏။ မီးတုတ်များ ကိုင်လျက် သူတို့၏ရဲဘော်အလောင်းများကို ရှာဖွေနေကြသော ကောင်းကင်နတ်သိုင်းပညာရှင်များလည်း ရှိကြသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ စာပေသမားငယ်သုံးဦးက ရင်းနှီးသော မျက်နှာများကို တွေ့လိုတွေ့ငြားဖြင့် နေရာတိုင်းတွင် ရှာဖွေနေကြ၏။

ယခုမှ သူတို့မှာ မျက်နှာများအား မှတ်သားထားရန် အမာရွတ်ဖြင့် စစ်သားဟောင်း အဘယ်ကြောင့်မှာခဲ့ကြောင်း နားလည်သဘောပေါက်သွားကြသည်။ သူတို့၏ အလောင်းများ မရင်းနှီးသောနေရာများတွင် မြှုပ်နှံ့ခံရမည့်အစား နေအိမ်သို့ ပြန်ပို့ပေးနိုင်အောင် မှတ်သားခိုင်းခဲ့ခြင်းဖြစ်၏။ စစ်သည်တော်များ၏ ဂုဏ်ကျက်သရေနှင့်ညီ ဘိုးဘေးများသင်္ချိုင်းတွင် မြှုပ်နှံစေလိုခြင်းဖြစ်သည်။

သွေးများက ရေခဲများကဲ့သို့ အလောင်းများထက်တွင် အေးခဲနေကြ၏။

တမြေ့မြေ့ စွဲလောင်နေသော ဝိညာဉ်မီးတောက်များအကြားတွင် အဘိုးအိုကြီးများက စက္ကူလှေများဖြင့် ပေါ်လာကြ၏။ သူတို့က ရန်သူဖြစ်စေ၊ မိတ်ဆွေဖြစ်စေ ဂရုမစိုက်ဘဲ သေဆုံးသွားသူတို့၏ ဝိညာဉ်များကို စက္ကူလှေများအပေါ်တွင် တင်၍ ယိုတုသို့ ပို့ဆောင်နေကြသည်။

မရဏတမန်တော်တို့၏ မီးအိမ်များက လျှောက်သွားနေသော ဝိညာဉ်တို့၏ မျက်နှာများပေါ်တွင် တောက်ပနေကြသည်။ မည်မျှရာထူးမြင့်သော တပ်မှူးဖြစ်ပါစေ၊ အဆင့်နိမ့်သော စစ်သားဖြစ်ပါစေ လှေများအပေါ်သို့ တက်သွားကြရသည်သာ။

ထိုအချိန်တွင် ချင်မူနှင့် ကောင်းကင်နတ်အရှင်ရုံက စက္ကူလှေတစ်စင်းပေါ်တွင် ထိုင်နေကြပြီး သားသတ်သမားက မီးအိမ်အောက်တွင် ထိုင်နေသည်။

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေပြီး အနောက်မြောက်ဘက်ရှိ စစ်သားများ အဝေးမှ ချီတက်လာသံကိုပင် ကြားနေရသည်။ သူတို့၏ ခပ်ဝဲဝဲ ဒေသသံများက ညအမှောင်ထဲတွင် ရဲဘော်တို့၏နာမည်ကို အော်ခေါ်နေကြပြီး ဝိညာဉ်များကို ပြန်ခေါ်နေကြသည်။ “ယိုတုကို မှားပြီး လိုက်မသွားမိစေနဲ့…. ယိုတုမှာ ကျားမျက်နှာ၊ နွားခန္ဓာကိုယ်နဲ့ မြေအောက်ဘုံအရှင်သခင် ရှိတယ်… သူက ယိုတုမြစ်ကြာပွတ်နဲ့ မင်းတို့ကို ခေါ်သွားမှာ”

ချင်မူလည်း အော်ခေါ်နေသံများကို နားထောင်ရင်း အာရုံလွင့်မြောနေသည်။

“ယိုတုမှာ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိတယ်”

ကောင်းကင်နတ်အရှင်ရုံက သတိပေးနေသည်။ “မင်း လူတွေအများကြီးကို ပြန်အသက်သွင်းချင်ရင် ယိုတုရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရာကျလိမ့်မယ်..မြေအောက်ဘုံအရှင်သခင်က သဘောတူမှာမဟုတ်ဘူး”

“ကျွန်တော် ယိုတုစည်းမျဉ်းတွေကို သိပြီးသားပါ… တစ်ခါတည်းနဲ့ လူတွေအများကြီး အသက်ပြန်သွင်းလိုက်တာက ယိုတုမဟာတာအိုကို ဆန့်ကျင်လိုက်တာပဲလေ”

ချင်မူက ပြောသည်။ “ဒါပေမဲ့ မြေအောက်ဘုံအရှင်သခင်က ယိုတုစည်းမျဉ်းတွေနဲ့ ချုပ်နှောင်ခံထားရလို့တောင် ရုန်းထွက်ချင်နေတာလေ ... ကောင်းကင်နတ်အရှင်ရုံ၊ ကောင်းကင်နတ်အရှင်ဆယ်ပါးအတွက် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆိုတာ သေးငယ်တဲ့နေရာလေးတစ်နေရာပါ… ကောင်းကင်နတ်အရှင်ဟွေ့က သူ့ရဲ့စစ်တပ်တွေကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ စေလွှတ်နေပြီးပြီ… သူသာ အနာဂတ်မှာ ဖိအားပေးလာရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာလည်း ပြိုလဲသွားပြီး ပိုများပြားတဲ့လူတွေ သေဆုံးရလိမ့်မယ်… ကျွန်တော်တို့ စည်းမျဉ်းတွေချုပ်နှောင်တာပဲ ငြိမ်ခံနေမယ်ဆိုရင် ကျွန်တော်တို့အတွက် သွားရာလမ်းက ရှုံးနိမ့်မယ့်လမ်းပဲ ဖြစ်မယ်.. မြေအောက်ဘုံအရှင်သခင်ကတောင် ယိုတုအချုပ်အနှောင်တွေကနေ လွတ်မြောက်ချင်နေတာ… ခင်ဗျားလည်း မသိချင်ယောင်ဆောင်ထားလို့ မရဘူးလား”

ကောင်းကင်နတ်အရှင်ရုံက ခေါင်းရမ်းသည်။ “မြေအောက်ဘုံအရှင်သခင်က မြေအောက်ဘုံအရှင်သခင် ဖြစ်နေသေးတယ်… ယိုတုရဲ့ မဟာတာအိုကလည်း ယိုတုမဟာတာအို ဖြစ်နေတုန်းပဲ…. သမာသမတ်ကျကျ ကိုင်တွယ်မှ ရမယ်”

“တုံးလိုက်တာဗျာ”

ချင်မူက ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိသည်။ “ကောင်းကင်နတ်အရှင်ရုံ၊ ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးနေတာ ရိုသေလေးစားသမှုကြောင့်ဆိုတာ မြေအောက်ဘုံအရှင်သခင်ဆီ ပြန်ပြောလိုက်ပါ… ကျွန်တော်က ဒီလူတွေကို တန်းအသက်သွင်းပေးမှာ... မြေအောက်ဘုံအရှင်သခင်ရဲ့ ခွင့်ပြုချက်ကို တောင်းနေစရာမလိုဘူး… သူ သဘောတူတူ၊ မတူတူ ကျွန်တော်ကတော့ လုပ်မှာပဲ”

ကောင်းကင်နတ်အရှင်ရုံ၏ အကြည့်က သူ့အပေါ်သို့ ကျရောက်လာသည်။ “မင်းက အရေခွံမာလာပြီပဲ”

“တဘုန်းဘုန်းတောင် မြည်နေသေးတယ်”

ချင်မူ့အသံက အနည်းငယ် ခက်ထန်နေ၏။ “ကျွန်တော်က ပြိုင်ဘက်ကင်းမှော်ဆရာကြီးမလို့ ရှေးဟောင်းနတ်ဘုရားတွေက ကျွန်တော့်ကို တန်ဖိုးထားကြတာ… ကျွန်တော့်ရဲ့ မန္တန်တွေနဲ့ သူတို့ကို ပြန်အသက်သွင်းပေးနိုင်ဖို့ မျှော်လင့်နေကြတာလေ… သူတို့ရဲ့ဝိညာဉ်တွေ ပြန့်ကြဲသွားရင်တောင်မှ ကျွန်တော်က စုစည်းပေးနိုင်တယ်… လူသားမျိုးနွယ်ကို ပြန်အသက်သွင်းတဲ့အခါကျမှ စည်းမျဉ်းစည်းကမ်းတွေကို လာသင်ပြပေးနေတာလား…ကျွန်တော့်မှာ လုပ်နိုင်စွမ်းရှိနေရင် ဘာလို့အသုံးမချဘဲ နေရမှာလဲ”

ကောင်းကင်နတ်အရှင်ရုံ၏ မျက်နှာအမူအရာမှာ ခံစားချက်ကင်းမဲ့နေသေးသည်။ “စစ်မြေပြင်မှာ သေဆုံးသွားတဲ့လူတွေက မရေမတွက်နိုင်အောင် ရှိတယ်… မင်း သူတို့ကို ပြန်အသက်သွင်းပေးမယ်ဆိုရင် ယိုတုနဲ့ ထိပ်တိုက်တွေ့ရုံတင် မကဘူး… မင်းရဲ့မှော်စွမ်းအင်ပါ လျော့နည်းသွားလိမ့်မယ်… မင်း လူဘယ်နှယောက် ကယ်နိုင်မှာမလို့လဲ… အဲဒီလူတွေရဲ့ ခန္ဓာကိုယ်တွေက ပျက်စီးနေကြပြီ… မင်း ဖန်ဆင်းခြင်းလမ်းစဉ်မှာ ကျွမ်းကျင်ပြီး သူတို့ရဲ့ရုပ်ခန္ဓာတွေကို ကုသပေးနိုင်ရင်တောင်မှ လူဘယ်နှယောက် ကုပေးနိုင်မှာလဲ”

ချင်မူ့မျက်လုံးထောင့်စန်းများ တွန့်သွားသည်။

ကောင်းကင်နတ်အရှင်ရုံက ဆက်ပြော၏။ “ဒါက မရေမတွက်နိုင်တဲ့ စစ်ပွဲတွေကြားက တိုက်ပွဲလေးတစ်ပွဲပဲ ရှိသေးတယ်… တခြားတိုက်ပွဲတွေမှာလည်း လူတွေ မရေမတွက်နိုင်အောင် သေဆုံးခဲ့ကြတာ… မင်း သူတို့အားလုံးကို ကယ်တင်နိုင်မှာလား… ဟော့ဒီကမ္ဘာလောကကြီးမှာ နေ့ရက်တိုင်း၊ စက္ကန့်တိုင်း လူတွေ သေဆုံးနေကြတယ်... မင်း သူတို့ကို ကယ်နိုင်လား…. ကောင်းကင်နတ်အရှင်မူ၊ မင်းက ကောင်းကင်နတ်အရှင်တစ်ပါး ဆိုရင်တောင်မှ အချိန်တစ်ခု ရောက်ရင် မင်းရဲ့အင်အား ကုန်ခမ်းသွားမှာပဲ.. လူတိုင်းကို ကယ်တင်နေလို့ မရဘူး…. ဒါအပြင် သေသူတွေ အများကြီး ကယ်တင်လိုက်ရင် ယိုတုမဟာတာအိုက မြေအောက်ဘုံအရှင်သခင်ကို ဖိအားပေးလာမှာ...မင်း သူနဲ့ ထိပ်တိုက်တွေ့ရလိမ့်မယ်… မြေအောက်ဘုံအရှင်သခင်က မဟာတာအိုက မွေးဖွားလာတာမလို့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မရှိဘူး”

သူက ထရပ်သည်။ “ယိုတုရဲ့ အမိန့်ကို နှောက်ယှက်တဲ့သူမှန်သမျှ အပြစ်ပေးခံရမယ်… ငါ ဖျက်စီးခဲ့တဲ့ ကမ္ဘာလောကတွေ အများကြီးပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာကိုလည်း သူတို့ထဲက တစ်ခုမဖြစ်စေနဲ့… မြေအောက်ဘုံအရှင်သခင်အနေနဲ့ မဟာတာအိုရဲ့ ချုပ်နှောင်မှုကြောင့် တိုက်ခိုက်ရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ရင် နောက်ထပ်ကမ္ဘာလောကတွေအများကြီး ဖျက်ဆီးခံရလိမ့်မယ်… ဒီနှစ်တွေအတွင်း မြေအောက်ဘုံအရှင်သခင် မင်းကို လွှတ်ထားပေးခဲ့တာက သူ့ရဲ့ယိုတုမဟာတာအိုစည်းမျဉ်းတွေကို သူ့ဘာသာသူ တွန်းလှန်နေခဲ့လို့ပဲ… ယိုတုမဟာတာအိုက မင်းကို ရှင်းလင်းပစ်ချင်နေတာ”

“မင်း လူတွေအများကြီး ပြန်အသက်သွင်းလေလေ… ပြစ်ဒဏ်က ကြီးမားလေလေပဲ… ပြစ်ဒဏ်ကျရောက်လာရင် မင်း အသက်သွင်းခဲ့တဲ့ လူတွေပဲ သေမှာမဟုတ်ဘူး… မင်းကြောင့် ဒုက္ခရောက်ရမယ့်လူတွေဆိုတာ မှန်းဆလို့တောင် မရဘူး”

ချင်မူက ထရပ်သည်။ “ယိုတုမဟာတာအိုက လူသားတွေအပေါ် ဂရုမစိုက်ဘူးပဲ”

ကောင်းကင်နတ်အရှင်ရုံက ပြောသည်။ “ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုက အစောကြီးထဲက လူသားဆန်တဲ့ ခံစားချက်တွေမှ မရှိခဲ့တာ”

“ကျွန်တော်က စိတ်ကူးယဉ်ဆန်လွန်းတယ်... ခင်ဗျားက လက်တွေ့ကျလွန်းတယ်”

ချင်မူက ရုတ်တရက် ဝိညာဉ်လမ်းညွှန်ကို အသက်သွင်းလိုက်ရာ ကောင်းကင်နှင့် မြေကြီး၏ မုခ်၀က သူ့အနောက်တွင် ဖွဲ့တည်လာသည်။ သူက တဟားဟား ရယ်လိုက်ရင်း ပြောလိုက်၏။ “ကျွန်တော်က စိတ်ကူးယဥ်ဆန်လွန်းတဲ့အတွက် တစ်ခါတလေကျရင် လက်တွေ့ဆန်တဲ့ဖြစ်ရပ်တွေကြောင့် ရင်ထဲ နာကျင်ရတယ်.... ဒါပေမဲ့ ခင်ဗျားကတော့ လက်တွေ့ကျလွန်းတဲ့အတွက် တစ်ယောက်တည်း အထီးကျန်နေရတယ်”

ကောင်းကင်နတ်အရှင်ရုံက မျက်ခုံးများပင့်လိုက်သည်။ “မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နယ်စားမင်းက လူသားစစ်သည်တော်တွေကို ပြန်အသက်သွင်းဖို့ သူတို့ရဲ့စွမ်းအား ငှားပေးမှာမဟုတ်ဘူး”

“မလိုဘူး”

ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ကောင်းကင်ရတနာများ ပွင့်လာကြသည်။ ဘိုးဘေးနန်းတော် ထွက်ပေါ်လာပြီး ၎င်း၏အပေါ်တွင် ရွှမ်တုနှင့် အောက်တွင် ယိုတုက နေရာယူထား၏။

မဟာတာအိုက ဘိုးဘေးနန်းတော်မှ ထွက်ပေါ်လာကာ ကံတရားသည် အသက်ဝင်လာ၏။

ဤသည်က သူ၏ကောင်းကင်နတ်သိုင်းလမ်းစဉ်မှ ၁၄ခုမြောက် ကောင်းကင်ဘုံနှင့် ၁၅ခုမြောက် ကောင်းကင်ဘုံ ဖြစ်လေသည်။

ဘိုးဘေးနန်းတော်မှ မဟာတာအို ထွက်ပေါ်လာပြီး ယိုတုနှင့် ရွှမ်တု မဟာတာအိုအဖြစ် ပြောင်းလဲသွားသည်။ ကံတရားအားနည်းသွားသည့်အချိန်တွင် ၎င်းသည် စစ်ပွဲတွင် သေဆုံးခဲ့သော စစ်သားများ၏ ရုပ်ခန္ဓာကို ပြန်လည်ပြုပြင်၍ သူတို့၏သွေးများကို ပြန်အသက်သွင်းကာ ပြန်လည်အသက်ဝင်လာစေ၏။

ကောင်းကင်နတ်အရှင်ရုံက သူ့အား တိတ်ဆိတ်စွာ ကြည့်နေပြီး မတားဆီးဘဲ စိတ်တိုင်းကျ လုပ်ခွင့်ပေးထားသည်။

စစ်မြေပြင်များပေါ်တွင် အလောင်းကောက်နေသည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်သားတို့မှာ ငေးငိုင်စွာ ထရပ်လာကြသည့် သူတို့၏ရဲဘော်များအား ကြည့်နေကြသည်။ သူတို့အားလုံး၏ ခန္ဓာကိုယ်များပေါ်တွင် သွေးဒဏ်ရာအပေါက်တို့ ရှိနေသော်လည်း တဖြည်းဖြည်း ပြန်လည်သက်သာလာနေကြ၏။ သူတို့၏ဒဏ်ရာများက သက်သာလာနေပြီး နှလုံးသားများလည်း ပြန်လည်လှည့်ပတ်ကာ ကိုယ်တွင်းကလီစာများကလည်း ပြန်လည်အသက်ဝင်လာကြသည်။

လူတချို့က ပျော်ရွှင်စွာ အော်ဟစ်၍ အသက်ပြန်ဝင်လာကြသည့် ရဲဘော်များကို ဖက်နေကြ၏။ ရယ်မောနေကြသလို အော်ဟစ်ငိုကြွေးနေကြသည်။

စစ်မြေပြင်မှာ ကျယ်ပြန့်လွန်းသဖြင့် သေဆုံးသွားခဲ့သည့် စစ်သားပေါင်းများစွာ ရှိ၏။ ချင်မူပင်လျှင် ပိုပို၍ ပင်ပန်းအားနည်းလာသည်အား ခံစားလာရသည်။ ထိုစစ်သားများကို ပြန်လည်အသက်သွင်းခြင်းက သူ၏မှော်စွမ်းအင်နှင့် ဝိညာဉ်ကို အားနည်းစေ၏။

သူ၏အရှိန်အဝါက လျော့ကျလာပြီး တစ်ချိန်တည်းမှာပင် ယိုတုမဟာတာအို မတည်မငြိမ်ဖြစ်လာကြောင်း ခံစားနေရသည်။ သူသည် မဟာတာအိုအမိန့်ကို ဖီဆန်၍ သေခြင်းနှင့် ရှင်ခြင်းကို ပြောင်းပြန်လှန်ခဲ့ပြီမဟုတ်လော။ ထို့ကြောင့် ယိုတုမဟာတာအိုမှ သူ့ကို ရှင်းလင်းသတ်ဖြတ်ရန် အမိန့်ချခဲ့ချေပြီ။

မြေအောက်ဘုံအရှင်သခင်က ယိုတုမဟာတာအိုကို အင်အားသုံး၍ ဖိနှိပ်ပေးနေသည်ကို ခံစားနေရသလို ကောင်းကင်နတ်အရှင်ရုံလည်း ယိုတုမဟာတာအို၏ အမိန့်ကို ခုခံနေသည်ကို ခံစားနေရသည်။

နောက်ဆုံးတွင် စစ်မြေပြင်တွင် သေဆုံးသွားခဲ့သည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်သားများမှာ တစ်ယောက်ပြီးတစ်ယောက် ပြန်လည်အသက်ဝင်လာကြ၏။ ချင်မူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားများမှာ စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရပြီး သူ့မှာ ဘုန်းခနဲ လဲကျသွားတော့သည်။ သူသည် အလွန်အမင်းအားနည်းနေပြီး ထရပ်ရန်ပင် ခက်ခဲနေ၏။

ကောင်းကင်နတ်အရှင်ရုံက ယိုတုမဟာတာအိုအမိန့်ကို ဖီဆန်ကာ သူ့ဘေးမှ ဖြတ်၍ စက္ကူလှေအပေါ် တက်သွား၏။ “ယိုတုကို နောက်ထပ်မသွားနဲ့တော့… မင်းသွားရင် မြေအောက်ဘုံအရှင်သခင်က မင်းကို ကာကွယ်ပေးမှာမဟုတ်ဘူး… သတ်ပစ်မှာ… အဲဒီနေရာမှာ ရှိတဲ့ ယိုတုစွမ်းအားက သန်မာလွန်းတယ်”

“ကျေးဇူးတင်ပါတယ်” ချင်မူက အားနည်းစွာ ကျေးဇူးတင်လိုက်သည်။

ကောင်းကင်နတ်အရှင်ရုံ၏ ခန္ဓာကိုယ်မှာ အနည်းငယ်တောင့်သွား၏။ သူက ခေါင်းပြန်လှည့်မလာဘဲ မှင်သေသေ ပြောသည်။ “ငါ့ကို ကျေးဇူးတင်စရာမလိုဘူး… မင်း သေခြင်းနဲ့ ရှင်ခြင်းကို ပြောင်းပြန်ဖြစ်စေတဲ့ အရာတစ်ခုလုပ်ရင် ငါ မြေအောက်ဘုံအရှင်သခင်ဆီ အမှန်သွားပြောပြမှာ… မြေအောက်ဘုံအရှင်သခင်က ဖြောင့်မတ်ပြီး တရားမျှတတယ်… သူက မင်းရဲ့ မကောင်းမှုတွေကို သတိရပြီးတော့ အနာဂတ်မှာ သေချာပေါက် ပြန်ပေးဆပ်ခိုင်းလိမ့်မယ်”

ချင်မူက ပြုံးလျက် အားတင်းကာဖြင့် ခပ်ကျယ်ကျယ် ပြောသည်။ “လာမယ့်နှစ်နှစ်နဲ့ တစ်၀က်အတွင်းမှာ ရွှမ်တုစစ်ပွဲ ဖြစ်လိမ့်မယ်… အဲဒါက ကောင်းကင်နယ်စားမင်းရဲ့ သေခြင်းရှင်ခြင်းနဲ့ သက်ဆိုင်နေတယ်… ခင်ဗျားသွားမှာလား မသွားဘူးလား” သူက အလျင်စလို ပြောပြီးနောက် ချောင်းဆိုးလိုက်၏။

“အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ” ကောင်းကင်နတ်အရှင်ရုံက အေးစက်စွာ တုံ့ပြန်ပြီးနောက် စက္ကူလှေအား ယိုတုထံ ရွက်လွှင့်သွားစေသည်။

ချင်မူက ပြုံးလျက် ကောင်းကင်သို့ မော့ကြည့်လိုက်၏။ အရှေ့ဘက်မှ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာသောကြောင့် နေထွက်လာတော့ပေမည်။ သူက ရေရွတ်လိုက်လေသည်။ “သူ သေချာပေါက်သွားမှာ… သွားကို သွားလိမ့်မယ်… ကောင်းကင်နတ်အရှင်ရုံက သူ့ရဲ့လက်တွေ့ကျတဲ့ အတွေးအခေါ်ကြောင့် တခြားသူတွေနဲ့ မပေါင်းသင်းတော့ဘဲ ‌အေးစက်စက်နိုင်သွားပေမယ့် ... သွားလိမ့်မယ်.. သူ့ရဲ့နှလုံးသားက နွေးထွေးသေးတယ်… ပွက်ပွက်တောင် ဆူနေတာ…”

သားသတ်သမားက သူ့အရှေ့သို့ လျှောက်လာပြီး အရှေ့အရပ်ရှိ အရောင်အသွေးစုံလင်သော တိမ်တိုက်များ တဖြည်းဖြည်း တောက်ပလာသည်ကို တွေ့လိုက်ရသည်။ အနီရောင်နေလုံးတစ်လုံးက ရောင်စုံအလင်းတန်းများကြားမှ ဖြည်းဖြည်းချင်း ခေါင်းပြူထွက်လာ၏။ “အဲဒီတုန်းက ငါ့ဆီမှာ မင်းလို သေခြင်းရှင်ခြင်းကို ပြောင်းပြန်လှန်နိုင်တဲ့ ကောင်းကင်နတ်သိုင်း မရှိခဲ့ဘူး… ငါ့မှာသာ ရှိခဲ့ရင် မြေအောက်ဘုံအရှင်သခင်ကို ဖီဆန်ပြီး ငါ့ရဲ့ရဲဘော်တွေကို ကယ်တင်ခဲ့မှာပဲ”

သူက မြင့်တက်လာနေသော နေလုံးကြီးဆီသို့ စိုက်ကြည့်ပြီး အချိန်အတော်ကြာ ငြိမ်သက်နေသည်။ ရုတ်တရက် ခပ်တိုးတိုး ရေရွတ်လိုက်၏။ “တောင်အရပ်က တောင်တန်းတွေနဲ့ ဆောင်းဦးသစ်သီးတွေအပေါ် နှင်းခဲတွေ ကြွေကျတယ်… လေပြင်းက မြောက်အရပ်ကို တိုက်ခတ်နေလို့၊ ညအချိန်မှာ ပူလောင်နေတယ်... အလျင်လိုနေတဲ့ ကမ္ဘာ... ငါလိုလူက မိုးကောင်းကင်ရဲ့အလိုတော်ကို ဘယ်လိုတောင်းခံနိုင်မလဲ... ကောင်းမှုတွေ များပြားဖို့သာ ဆုတောင်းမိတယ်... ဓားမလမ်းစဉ်၊ လူသားတစ်ယောက်ရဲ့ လမ်းစဉ်....”

“မူအာ အနားယူပြီးပြီလား… သွားကြစို့… ရှေ့ဆက်သွားကြစို့”

ချင်မူက ဒယိမ်းဒယိုင် ထရပ်၍ သားသတ်သမားအား လိုက်မှီနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားနေပြီး နေလုံးကြီး၏ အလင်းရောင်ဆီသို့ လျှောက်နေသည်။

“ခေတ်နှောင်းကမ္ဘာရဲ့ လမ်းစဉ်တွေမှန်သမျှ လူသားတွေရဲ့လမ်းစဉ်ပဲ” သူက ခပ်မာမာ ကြိမ်းဝါးလိုက်၏။

သားသတ်သမားက သူ့ကို လှည့်ကြည့်လာပြီး ပြုံးလိုက်သည်။

All Chapters