← Chapters

မိုးကောင်းကင်အောက်က ဓားမတာအိုများ

Vol. 108 Ch. 1420

မိုးကောင်းကင်အောက်က ဓားမတာအိုများ

Vol. 108 Ch. 1420

“ဘိုးဘိုးသားသတ်သမား၊ ကျွန်တော်တို့ ဘယ်သွားနေတာလဲ”

“ဓားမတာအိုမှာ အစွမ်းထက်ဆုံး လူတစ်ယောက်ဆီ သွားလည်ကြမယ်”

ရက်တစ်ဒါဇင်ကြာသော် မာန်ဟုန်မြစ်သို့ ရောက်လာကြသည်။ မာန်ဟုန်မြစ်တစ်ဖက်တစ်ချက်စီတွင် ခံ့ညားထည်ဝါသော မြစ်ချောင်းများနှင့် တောင်တန်းများက နေရာယူထားကြ၏။ တံငါလှေများက မြစ်ရေပြင်ပေါ်တွင် သွားလာနေကြပြီး လှိုင်းရေစီးရာအတိုင်း မျောနေကြသည်။

မွန်းတည့်ချိန် ရောက်ပြီးဖြစ်သဖြင့် နေမှာ ခြစ်ခြစ်တောက် ပူနေသည်။ ထိုတံငါလှေများမှာ နေရောင်မှ ကွယ်နိုင်ရ် ကမ်းစပ်များဆီသို့ အပူတပြင်း လှော်ခတ်နေကြရသည်။

သူတို့နှစ်ယောက်သား မြစ်ရေပြင်ထက်တွင် ရပ်နေသော်လည်း ချင်မူမှာ လက်ဗလာဖြစ်နေသည်။ သူ့မှာ ဇဝေဇဝါ ဖြစ်နေမိ၏။ သားသတ်သမားသည် ဤတစ်ကြိမ်တွင် သူ့ကို ဓားမတစ်လက် မသွန်းလုပ်ခိုင်းသဖြင့် ဓားမ,အသုံးပြုရန် မလိုအပ်ခြင်းလော။

ထိုမျှသာမက တစ်လောကလုံးတွင် အစွမ်းထက်ဆုံး ဓားမတာအိုကို ပိုင်ဆိုင်ထားသူမှာ သားသတ်သမားကိုယ်တိုင်သာ မဟုတ်ပါလော။

ထိုအခိုက်အတန့်တွင် ကျယ်လောင်ပြတ်သားသော အသံတစ်သံက မြစ်ကမ်းစပ်ဆီမှ ပျံ့လွင့်လာသည်။ သူက ကျယ်လောင်စွာ ရယ်မောရင်း ပြော၏။ “ချင်၊ လူကြီးတွေဆီကနေ ဂုတ်သွေးစုပ်ဖို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်ရောက်လာပြန်တာလား”

ချင်မူ အသံလာရာသို့ ကြည့်လိုက်သည့်အချက် သံချပ်ကာများဝတ်ထားပြီး ကျောတွင် မိစ္ဆာဓားမတစ်လက် လွယ်ထားသော တပ်မှူးငယ်လေးအား တွေ့လိုက်ရသည်။ ထိုတပ်မှူးသည် မြစ်ကမ်းစပ်ပေါ်တွင် ရပ်နေရာမှ ရုတ်တရက် လေကို နင်း၍ ပျံတက်လိုက်၏။ ထောင်သောင်းပေါင်းများစွာသော ဓားမရောင်တို့က သူခြေထောက်အောက်တွင် တဖြတ်ဖြတ် တောက်ပလျက် သူ့ကို သယ်ဆောင်ပေးလာသည်။

ဝှစ်….

သူ့ခြေထောက်အောက်ရှိ ထောင်သောင်းချီသော ဓားမရောင်များသည် ရုတ်တရက် စုစည်းသွားပြီး မိစ္ဆာဓားမတစ်လက် အသွင်ပြောင်းသွားသည်။ ၎င်းက နဂါးတစ်ကောင်အလား ချင်မူ့ဆီ ပြေးဝင်လာ၏။

ချင်မူက လက်မြှောက်၍ ဓားမရောင်များကို သူ၏လက်ညိုးနှင့် လက်မကြားတွင် ညှပ်ဖမ်းယူလိုက်သည်။ ဖတ်ခနဲ အသံနှင့်အတူ သူက ဓားမရောင်များကို ပုတ်ချလိုက်ရင်း မှင်သေသေ နှုတ်ဆက်လိုက်သည်။ “ကျဲ့ဟွလီ၊ မတွေ့ရတာ ကြာပြီ”

ကျဲ့ဟွလီ မြစ်ရေပြင်ပေါ် ဆင်းသက်လာသည်နှင့် ရေမျက်နှာပြင်မှာ ပေါက်ကွဲသွားကာ ချင်မူ့တစ်ကိုယ်လုံးကို ရေများစိုရွှဲသွားစေသည်။ သူက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း တုံ့ပြန်၏။ “မင်းက ကောင်းကင်ဘုံမှာ သိပ်ပျော်နေပြီး ကောင်းကင်နတ်အရှင်မူတောင် ဖြစ်နေခဲ့တာလေ.. မင်းရဲ့ဂုဏ်သတင်းက ကြောက်ဖို့ မကောင်းပါဘူး.. ဒါပေမဲ့ ပြန်လာတိုင်း မျက်နှာပြောင်တိုက်ပြီး လူကြီးတွေဆီကနေ အမြတ်ထုတ်တတ်တယ်လေ… အခုတစ်ကြိမ်ကရော ဘာတွေအမြတ်ထုတ်နေတာလဲ”

ကျဲ့ဟွလီသည် ဤနှစ်များအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အနောက်ဘက်နယ်စပ်ကို ကာကွယ်ရ န်တာဝန်ကျသည့် တပ်မှူးတစ်ဦး ဖြစ်လာခဲ့၏။

ချင်မူ၏မျက်နှာကြီးက မည်းမှောင်သွားပြီး ခါးသီးစွာ ပြောလိုက်သည်။ “အမြတ်ထုတ်တယ် ဟုတ်လား.. မင်းတို့ကသာ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အမြဲနေပြီး နေ့တိုင်း အမြတ်ထုတ်နေကြတာ… ငါက တစ်ခါတလေမှ ပြန်လာတာ.. ငါ့ကိုများ အပြစ်တင်ရဲတယ်ပေါ့…”

ကျဲ့ဟွလီက ပြုံး၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက မင်းထွက်သွားတုန်းကနဲ့ မတူတော့ဘူး… ထူးချွန်တဲ့သူတွေ၊ မရေမတွက်နိုင်တဲ့ သိုင်းပညာရှင်တွေ ရှိနေပြီ… မင်းတောင် နောက်ကျကျန်ရင် ကျန်နေခဲ့မှာ”

ထိုသို့ပြောလိုက်သော်လည်း သူ၏မျက်လုံးများသည် တောက်ပနေကာ ရန်စလိုစိတ် ပြင်းပြ‌နေ၏။ သူ့ကျောပေါ်ရှိ နဂါးသွား မိစ္ဆာဓားမကလည်း စိတ်လှုပ်ရှားစွာ ခပ်တိုးတိုး ညည်းနေသည်။ ကျဲ့ဟွလီမှာ ချင်မူ့ကို ချက်ချင်း တိုက်ခိုက်၍ ပညာပြလိုသည်မှတစ်ပါး လိုချင်သည့်အရာ မရှိ‌ပေ။

ယခင်တုန်းက ချင်မူ ကျဲ့ဟွလီကို ပညာပြခဲ့စဉ်တုန်းက နဂါးသွားဓားမမှာလည်း သူကြောင့် တစ်ကြိမ်ထက်မနည်း ပညာပြခံခဲ့ရသည်။

နဂါးသွားသည် ဝိညာဉ်ရှိပြီး မိစ္ဆာအဖြစ်ပြောင်းလဲသွားခဲ့သော အရှေ့နတ်မင်း၏ သွားအဟောင်း ဖြစ်သည်။ ဝိညာဉ်ရှိသည့်အလျောက် ရန်ငြိုးကို တေးထားတတ်လေသည်။

တခဏအကြာတွင် ဓားမရောင်များက ကောင်းကင်ထက်တွင် ရောယှက်တောက်ပသွားကြသည်။ ကောင်းကင်ဘုံ ၁၈ ဘုံသည် တစ်လွှာပြီးတစ်လွှာ ထွက်ပေါ်လာ၏။

ထိုကောင်းကင်ဘုံ ၁၈ ဘုံ၏ ဓားမရောင်များက ဖြာကျလာပြီး မြစ်အလယ်ရှိ ချင်မူ့ထံ တန်းတန်းမတ်မတ် ဦးတည်သွားကြသည်။

ချင်မူက ရပ်တန့်ပုံမပေါ်ပေ။ ဓားမချီက ရုတ်တရက် သူ့ခေါင်းအပေါ်ရှိ ကောင်းကင်ထက်သို့ ပြေးတက်သွားပြီး ဓားမလမ်းစဉ် ကောင်းကင်နန်းဆောင်တစ်ခုအား ဖွဲ့တည်လိုက်သည်။ သူ၏ ဓားမလမ်းစဉ် မူလဝိညာဉ်က အကျဉ်းထောင်ကိုးထပ်စင်မြင့်ထက်တွင် ရပ်နေပြီး ချီစွမ်းအင်အား စုစည်းလျက် ဓားမတစ်လက် ဖန်ဆင်းနေ၏။ သူလည်း ကျဲ့ဟွလီ၏ ဓားမလမ်းစဉ် ကောင်းကင်ဘုံ ၁၈ ဘုံကို တိုက်ခိုက်ချင်နေသည်။

ဒုန်း….

ထိုစဉ် ကောင်းကင်မှ ကျယ်လောင်သော အသံကြီး ဟိန်းထွက်လာပြီး ဓားမရောင်များ ပြန့်ကျဲသွားသည်။ ၎င်းတို့အားလုံးက ရုတ်တရက် ပြန်ဆုတ်သွားကြပြီး ခုန်ထွက်သွားသော ကောင်းကင်ဓားမတစ်လက်အသွင် ပြောင်းလဲသွားကြသည်။

လက်တစ်ဖက်က အပေါ်မှ ပေါ်လာပြီး ကောင်းကင်ဓားမကို လှမ်းကိုင်လိုက်၏။ လက်တစ်ဖက်သာ ရှိသည့် လူရိပ်တစ်သည် မြစ်ရေမျက်နှာပြင်ပေါ်သို့ ဝုန်းခနဲ ဆင်းသက်လာရာ မြစ်ရေများမှာ ဓားမတစ်လက် ခုတ်ချလိုက်သကဲ့သို့ လှိုင်းထသွားသည်။

ကျဲ့ဟွလီက လက်ပိုက်၍ မြစ်ရေပြင်ပေါ်တွင် မလှုပ်မယှက် ရပ်နေသည်။ သူ့အရှေ့နှင့် အနောက်ရှိ ဓားမရောင်များက ဓားမများကဲ့သို့ ချောမွေ့နေပြီး မြစ်ရေပြင်မှ ဖြတ်ပြေးလာသည့် ဓားမရောင်တို့အား ဖြတ်တောက်နေသည်။

ဆင်းသက်လာသည့် လက်တစ်ဖက်ပြတ် နတ်ဘုရားမှာ ကောင်းကင်ဓားမ လော့ဝူရွှမ်မှ လွဲ၍ အခြားမဟုတ်ပေ။။

လော့ဝူရွှမ်က ကျဲ့ဟွလီနှင့် သားသတ်သမားကို နှုတ်ဆက်လိုက်၏။ သားသတ်သမားက ပြန်လည်နှုတ်ဆက်သည်။ ကျဲ့ဟွလီလည်း လက်ကို ချကာ နှုတ်ဆက်လေသည်။ “တွေ့ရတာဝမ်းသာပါတယ်… တာအိုနောင်တော်လော့”

သူသည် လော့ဝူရွှမ်နှင့် ဆရာတပည့်ဆက်ဆံရေးကို ဖြတ်တောက်ခဲ့သဖြင့် လော့ဝူရွှမ်က သူ့အား ဂိုဏ်းမှ နှင်ထုတ်ခဲ့၏။ ထို့ကြောင့် လော့ဝူရွှမ်ကို တာအိုနောင်တော်ဟုသာ ခေါ်သော်လည်း တပည့်ဖြစ်ခဲ့ဖူးသောကြောင့် လက်ကို ချလိုက်ခြင်း ဖြစ်သည်။

လော့ဝူရွှမ်က ချင်မူ့ကို နှုတ်ဆက်သည်။ “လောကသခင်ခန္ဓာချင်”

သူသည် ချင်မူ့ကို ကောင်းကင်နတ်အရှင်ဟုခေါ်ဘဲ လောကသခင်ခန္ဓာဟုသာ ခေါ်၏။ သူတို့နှစ်ယောက်အကြားရှိ ရန်ငြိုးမှာ ဖြေရှင်းပြီးဖြစ်သော်လည်း မသင့်မြတ်မှုများ ရှိခဲ့ဖူး၏။ လော့ဝူရွှမ်၏ နှလုံးသားထဲတွင် ရန်ငြိုးရှိနေသေးသောကြောင့် လောကသခင်ခန္ဓာချင်ဟု ခေါ်ခဲ့ခြင်းပင်။

“ကောင်းကင်ဓားမလော့” ချင်မူ ပြန်လည်နှုတ်ဆက်၏။

ကောင်းကင်ဓားမလော့ဆိုသည်မှာ ချင်မူ လော့ဝူရွှမ်အား ခေါ်ဆိုသည့် နာမည်ဖြစ်သည်။ သူတို့သည် လေဟာနယ်တွင် သေရေးရှင်ရေးအား ဖြတ်သန်းခဲ့ကာ အတူတကွ တိုက်ခိုက်ခဲ့ကြဖူး၏။ ချင်မူမှာ သူ၏ ဓားမတာအိုနှင့် အကျင့်စရိုက်အပေါ် အတော်လေးအထင်ကြီးခဲ့လေသည်။

အထူးသဖြင့် လော့ဝူရှနန်း ဓားမကို ဆွဲထုတ်၍ အရှင်မယွမ်မုနှင့် ကောင်းကင်နတ်ဧကရီ၏ ကိုယ်ပွားများဖြစ်သည့် ယွင်ချွီးရှို့နှင့် လျန်းဟွာဟွန်ကို သတ်ဖြတ်ခဲ့သည့်အချိန်တွင် ဖြစ်၏။ သူသည် ရက်စက်ကြမ်းကြုတ်ပြီး ပြတ်သား၏။ သူ့အတွက် မည်သည့်မိန်းမလှလေးကမှ ဓားမလောက် အရေးမကြီးသောကြောင့် ချင်မူ့စိတ်ထဲတွင် လော့ဝူရွှမ်မှာ အရက်စက်ဆုံးလူတစ်ယောက် ဖြစ်ချေသည်။

လော့ဝူရွှမ်က ပြောသည်။ “ကောင်းကင်ဓားမ၊ ဒီနေ့ရောက်လာတဲ့သူတွေအားလုံးက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဓားမလမ်းစဉ်ရဲ့ အင်အားကြီးသိုင်းပညာရှင်တွေချည်းပဲ… ကျုပ်တို့ အခု စလို့ရပြီလား”

သားသတ်သမားက ခေါင်းရမ်းလိုက်သည်။ “မရသေးဘူး… ငါတို့ နောက်ထပ်တစ်ယောက် စောင့်ရဦးမယ်… အဲဒီသူကို လွန်ခဲ့တဲ့လအနည်းငယ်ထဲက ဖိတ်ခေါ်ဖို့ လူလွှတ်ထားတာ”

သူက သူ၏သိုလှောင်အိတ်ထဲမှ လှေငယ်တစ်စင်း ထုတ်လိုက်သည်။ လှေပေါ်တွင် ဖန်ပုလင်းပေါင်းများစွာ ရှိပြီး အရည်အသွေးမြင့် ဝိုင်တို့ကို ထည့်ထား၏။

ကျဲ့ဟွလီမှာ စိတ်လှုပ်ရှားသွားသည်။ “အဲဒီလူက ရွှင်ပျော်ပျော်ကျေးရွာဆီ သွားတာမလား… သူပါ လာမှာလား”

သူက ချင်မူ့ဆီ တစ်ချက်ကြည့်၍ ဆက်ပြောသည်။ “အဲဒီလူက ကောင်းကင်နတ်အရှင်မူနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ် အကြွေးအများကြီးတင်နေတယ်လို့ ကျွန်တော်ကြားဖူးတယ်… သူက ကျန်တဲ့သက်တမ်းတစ်လျှောက်လုံး ထာဝရငြိမ်းချမ်းရေးအင်ပါယာအထဲ ခြေမချဖို့ ကျိန်ဆိုခဲ့တဲ့အတွက် ရွှင်ပျော်ပျော်ကျေးရွာမှာ ပုန်းနေခဲ့တာဆို”

သားသတ်သမားက ပြုံးလိုက်သည်။ “ဟိုးတုန်းက သူ လာခဲ့ဖူးပါတယ်…. ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်ကြီး မဟာလေဟာနယ်နဲ့ လေဟာနယ်တံတားကို ချိပ်ပိတ်ခဲ့တဲ့အချိန်တုန်းကပေါ့… ရန်သူတွေ ဝိုင်းထားတာကို ဖောက်ထွက်ပြီးတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ ခိုးဝင်လာခဲ့တာလေ… သူ့အပြင် လေဟာနယ်တံတားပေါ်က အခန်းသုံးခန်းကနေတဆင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ ဝင်ရောက်လာပြီး ပုန်းနေကြတဲ့သူတွေ အများကြီးရှိတယ်… သူက သူ့ရဲ့သစ္စာကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ မဝင်ရောက်ခဲ့ဘဲ မြောက်ဘက်နယ်မြေတွေမှာ သွားလာနေခဲ့တာ… ဒါပေမဲ့ အရက်သမားတစ်ယောက် ကျိန်ဆိုတဲ့သစ္စာက လေလည်သလောက်တောင် အရေးမပါ,ပါဘူးကွာ”

သူက အနည်းငယ် ပြုံးလိုက်ပြီး သူ၏အသံမှာ ကျယ်လောင်လျက် လေးပင်နေသည်။ “ငါ့ဝိုင်က သိပ်ကောင်းတာဟ” သူက အေးအေးလူလူ ဆက်ပြော၏။ “သူခိုးနတ်ဘုရား ကောင်းကင်ဘုံအမျိုးမျိုးရဲ့ တန်ခိုးရှင်တွေဆီကနေ ခိုးလာခဲ့တဲ့ ဝိုင်တွေလေ… ကောင်းကင်နတ်ဘုံက ကောင်းကင်ဧကရာဇ်ဆီ ဆက်သဖို့ နံပါတ်တစ် ဝိုင်နတ်ဘုရား ဖော်စပ်ထားတဲ့ အကောင်းစား၀ိုင်တောင် ရှိတယ်”

“ဒါပေါ့….ငါ ကောင်းကင်နတ်ဘုံရဲ့ ဝိုင်နတ်ဘုရားဆီက ဝိုင်ကို လိုချင်တာပေါ့”

ကောင်းကင်ထက်မှ ကျယ်လောင်လှသော ရယ်သံတစ်သံ ထွက်ပေါ်လာပြီး ခိုင်ဧကရာဇ်လက်အောက်မှ ကောင်းကင်ဆရာသခင်လေးပါးမှ တစ်ပါး၊ မင်တုကောင်းကင်နတ်မင်း တျန်းရှုသည် တော်ဝင်မုခ်ဝနတ်ဓားမကို ထမ်းလျက် ရောက်လာချေပြီ။ “ကောင်းကင်ဓားမက ကျုပ်ကို ကောင်းကောင်းနားလည်ပြီး ကျုပ် ဘာတွေကြိုက်မှန်း သိထားသေးတာပဲ… အမှန်အတိုင်းပြောရရင် ကျုပ်ရဲ့သစ္စာကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ မလာရဲခဲ့ဘူး… ဒါပေမဲ့ မလာခင် အရက်မူးအောင် မြင်းသေးအရက် တော်တော်များများ သောက်ခဲ့တယ်… အဲ့ဒီစောက်သစ္စာတွေဆိုတာ အရေးမပါဘူး”

သူက လှေငယ်ပေါ်သို့ ဆင်းသက်လိုက်ပြီး လက်ဆန့်တန်း၍ ဝိုင်ပုလင်းတစ်ပုလင်း ယူလိုက်သည်။ ထို့နောက် ခေါင်းမော့၍ တစ်ကြိုက်တည်း သောက်ပြီးနောက် ချီးကျူးလိုက်၏။ “ဒါက ဗုဒ္ဓဘုံရဲ့ ဗြဟ္မာ့ဘုံမှာ ဖော်စပ်ထားတဲ့ ဗုဒ္ဓဝိုင်ပဲ…ဉာဏ်အလင်းပွင့်တော့မယ့် အရသာ ရတယ်”

သူက နောက်ထပ်ဝိုင်ပုလင်းတစ်လုံးကို မော့သောက်လိုက်ရင်း ချီးကျူးလိုက်ပြန်သည်။ “ဟိုကောင်းကင်မြေပုံ ရေးဆွဲရတဲ့ တာအိုဂိုဏ်းရဲ့ ဝိုင်ဆိုတဲ့အတိုင်း ထူးဆန်းတဲ့ သောက်ပြီးရင် သင်္ချာသင်္ကေတတွေနဲ့ ပြည့်နှက်နေတာပါလား … ဒီဝိုင်ပုလင်းကတော့ ဝိုင်နတ်ဘုရားရဲ့ ဝိုင်… ကောင်းကင်နတ်ဧကရာဇ်အတွက် အထူးဖော်စပ်တာဆိုတော့ တကယ်ကို ထူးခြားတယ်”

ကောင်းကင်ဘုံအမျိုးမျိုး၏ မတူညီသော ဝိုင်များတွင် ကိုယ်ပိုင်အရသာများ ရှိကြသည်။

မကြာမီ တျန်းရှုမှာ မူးသွားတော့သည်။ ယိုင်နေသော်လည်း ဆက်သောက်နေမြဲပင်။

“ဒီအမူးသမားက ဆက်သောက်နိုင်င်သေးတာလား” လော့ဝူရွှမ်က မျက်မှောင်ကြုတ်လျက် ခနဲ့သည်။

တျန်းရှုက သူ့ကို တစ်ချက်ကြည့်ကာ မချိုမချဉ် ရယ်၏။ “ကောင်းကင်နတ်ဘုံရဲ့ နံပါတ်တစ် ကောင်းကင်ဓားမက သိပ်ခန့်လှပါလား … ကောင်းမွန်တဲ့ ဓားမအရှင်သခင်တစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာ မရှိဘူး… ငါ့ဓားမက ဝိညာဉ်တွေကို ဖြတ်တောက်ခိုးယူနိုင်တယ်… မင်းတို့ ယှဥ်လို့ရတဲ့အရာ မဟုတ်ဘူး… စွမ်းအားအပြည့်အဝ ထုတ်နိုင်ဖို့ သောက်ရမယ်”

လော့ဝူရှန်းက နှာတစ်ချက် မှုတ်၍ တုံ့ပြန်သည်။ “အဆင့်အရ ကျုပ်က ခင်ဗျားအောက် နိမ့်ကျပေမယ့် လမ်းစဉ်မှာ ဆိုရင်တော့ ခင်ဗျားက အဝေးကြီးပဲ”

ချင်မူက ထိုမိတ်ဆွေများဟောင်းများကို ကြည့်ရင်း စိတ်ဓာတ်တက်ကြွလာသည်။ ထိုသူအချို့မှာ သူ၏အကြီးအကဲများ ဖြစ်သလို တချို့က ရန်သူများဖြစ်ပြီး ကျန်တချို့ကတော့ မိတ်ဆွေများ ဖြစ်သည်။ ယခုတွင် ထိုသူအားလုံးမှာ စုဝေးနေကြချေပြီ။

“မူအာ၊ မင်းရဲ့ ‌‌ဓားမလမ်းစဉ် ပထမကောင်းကင်ဘုံ… တောင်‌ကောင်းကင်မုခ်ဝထက်က တံခါးခေါက်သံဆိုတာ ဓားမအသုံးပြုတဲ့ လူတစ်ယောက်ရဲ့ သူရဲကောင်းစိတ်ဆန္ဒကို ထုတ်ဖော်စေဖို့ … ဒုတိယကောင်းကင်ဘုံက ဓားမဥပဒေ၊ သာမန်လူတွေရဲ့ နာကျည်းမှု… တတိယကောင်းကင်ဘုံက‌တော့ အကာအကွယ်ဓားမ၊ လူတွေကို စည်းရုံးစေမယ့် စိတ်ဆန္ဒပဲ”

သားသတ်သမားက ချင်မူ့ကို ကြည့်၍ ခပ်ဩဩ ပြောသည်။ “ငါ မင်းကို သင်ပေးနိုင်တာ အဲဒါအကုန်ပဲ… မင်းရဲ့ ဓားမသိုင်းကွက်သုံးကွက်က လမ်းစဉ်ဝင်ရောက်ပြီးတော့ ငါ့ဓားမလမ်းစဉ်ရဲ့ ၁၅ ဘုံမြောက် ကောင်းကင်ဘုံအထိ ရောက်နေပြီ… အနာဂတ်လမ်းစဉ်ကိုတော့ မင်းကိုယ်တိုင် ဖောက်ရတော့မယ်”

ချင်မူ့နှလုံးသားထဲတွင် နွေးထွေးသွားသည်။ အပြင်လောကတွင် အခက်အခဲများ၊ ရှုတ်ချမှုများနှင့် အပြစ်တင်မှုများကို မည်မျှပင် ရင်ဆိုင်ခဲ့ရပါစေ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်လာလျှင် သူ့မှာ ဒုက္ခိတကျေးရွာမှ အဘိုးအဘွားကိုးယောက်၏ ကလေးငယ်လေး ဖြစ်နေဆဲပင်။

ဤနေရာသို့ ပြန်လာလျှင် သားသတ်သမားနှင့် တခြားသူများက သူ ဉာဏ်အလင်း ပွင့်လာနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးကြလိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ မရှိကြသလို၊ သူ့ကို တစ်ခါမှလည်း မငြင်းဆိုခဲ့ကြပေ။

“မင်းက ဓားမလမ်းစဉ်မှာ လိုအပ်တဲ့ သတ္တိ၊ စည်းကမ်းနဲ့ တာဝန်တို့ကို နားလည်ပြီးသွားပြီ… မင်းရဲ့ခွန်အားကို သွေးဖို့ပဲ ကျန်တော့တာ”

သားသတ်သမားက ဆက်ပြောသည်။ “မင်းရဲ့ခွန်အားကို မြှင့်တင်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ဓားမလမ်းစဉ်ရဲ့ အသန်မာဆုံးသိုင်းပညာရှင်တွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ပဲ… ကျဲ့ဟွလီက အဲဒီလူတွေထဲက တစ်ယောက်… သူ့ရဲ့ ဓားမလမ်းစဉ်မှာ မိစ္ဆာမျိုးနွယ်ရဲ့ ထူးခြားဆန်းပြားမှုက သူ့ဓားမလမ်းစဉ်ရဲ့ အရှိန်အဝါနဲ့ ပေါင်းစည်းထားတာ… လော့ဝူရွှမ်က ကောင်းကင်နတ်ဘုံမှာ နံပါတ်တစ် ဓားမဆရာသခင်ပဲ… သူ့ဓားမသိုင်းကွက်တွေက နည်းစနစ်နဲ့ လျင်မြန်မှုမှာ သူမတူအောင် ထူးခြားတယ်… တစ်ချိန်တည်းမှာပဲ ကောင်းကင်ကို တိုက်ခိုက်ဖို့ သတ္တိတွေ ပေါင်းထည့်ထားတယ်… ကောင်းကင်နတ်အရှင်တစ်ပါးကိုတောင် တိုက်ခိုက်ရဲလိမ့်မယ်”

“ကောင်းကင်နတ်ဘုရင်တျန်းရှုရဲ့ ဓားမက တစ်လောကလုံးမှာ အစွမ်းအထက်ဆုံးပဲ”

မူးနေသည့် တျန်းရှုက ၎င်းကို ကြားလျှင် ရယ်သည်။

သားသတ်သမားက ဆက်ပြော၏။ “နတ်ဓားမက ပြိုင်ဘက်ကင်းတယ်… ‌ဓားမကို တော်ဝင်မုခ်ဝလို့တောင် သိကြတယ်.. ငမူး တျန်းရှုက ဓားမဧကရာဇ်ပဲ… သူ့ရဲ့ ဓားမသိုင်းကွက်တွေက မြေအောက်ဘုံအရှင်သခင် ဦးချိုတွေကိုတောင် ခုတ်ဖြတ်နိုင်တယ် … သူ့ဓားမမှာ ခိုင်ဧကရာဇ်ခေတ်ရဲ့ ဝိညာဉ်ပါတယ်… ငါ့ ဓားမကတော့…’’

သားသတ်သမားက သူ၏ ဓားမကို ဖြည်းဖြည်းချင်း ထုတ်ကာ တည်ငြိမ်စွာ ပြောသည်။ “ကောင်းကင်ဓားမပဲ… ကောင်းကင်ဓားမက ကောင်းကင်တာအိုရဲ့ ဓားမ မဟုတ်ဘူး… ကောင်းကင်ဘုံတွေရဲ့ တိုက်ခိုက်ခြင်းပဲ… ငါ့ဓားမတာအိုဟာ ကောင်းကင်တာအိုမှာ မမှီခိုသလို ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုအပေါ်လည်း မမှီခိုဘူး… ငါ့ဓားမက လူသားတွေရဲ့နှလုံးသားထဲက အရှုံးမပေးတဲ့ချီပဲ”

သူက ဓားမကို လွှဲရမ်းလိုက်သည့်အခါ ဓားမထဲရှိ ချီမှာ ရှည်လျားသော ကောင်းကင်ပြင်ကဲ့သို့ မြစ်၏အလယ်ဗဟိုမှ ကောင်းကင်ပေါ်သို့ မြောက်တက်သွားကာ ကောင်းကင်ကို နှစ်ခြမ်းကွဲသွားစေသည်။

“ဓားမက ဝိညာဉ်ကို အားဖြည့်ပေးတယ်… မင်း ဘိုးဘေးနန်းတော်ရဲ့ နတ်ဘုရားစီရင်ရာစင်မြင့်ကို အနိုင်ယူဖို့ အခွင့်အရေးရှိချင်ရင် ငါတို့ကို အရင်ဆုံးအနိုင်ယူရမယ်”

သားသတ်သမားက တည်ငြိမ်အေးဆေးစွာ မေးလေသည်။ “မူအာ၊ အဆင်သင့်ဖြစ်ပြီလား”

ကျဲ့ဟွလီက ကျွမ်းထိုး၍ နောက်သို့ခုန်ထွက်သွား၏။ နောက်တခဏတွင် ကောင်းကင်ပေါ်၌ မားမားမတ်မတ် ရပ်နေ၏။ သူ၏လှုပ်ရှားမှုများက ထူးဆန်း၍ မိစ္ဆာဆန်သည်။ သူက ပြုံးလျက် ပြော၏။ “ကျွန်တော် ကောင်းကင်ဓားမအပေါ်မှာ အကြွေးတင်နေမိပါတယ်… ဒီကောင်စုတ်ကို အရင် သင်ပေးပါရစေ… ကောင်းကင်ဓားမ စိတ်မပျက်စေရပါဘူး”

သူသည် မောက်မာ၍ ရက်စက်သော်လည်း သားသတ်သမားကိုတော့ အတော်လေး လေးစားပေသည်။

ဤလောကတွင် သူ လေးစားသူနှစ်ဦး ရှိ၏။ နောက်တစ်ဦးက လော့ဝူရွှမ်ပင်။ လော့ဝူရှန်းသည် အရည်အချင်းကို တန်ဖိုးထားပြီး သူ၏ ဓားမသိုင်းကွက်သည် လက်တစ်ဖက်ပြတ် ဓားမသိုင်းအဖြစ် အသိများ၏။ ကျဲ့ဟွလီတွင် လက်နှစ်ဖက်လုံး စုံစုံလင်လင် ရှိနေသေးသောကြောင့် သူ့ထံမှ သင်ယူလိုပါက အခြားတပည့်များကဲ့သို့ လက်တစ်ဖက် ဖြတ်ပစ်လျှင်ဖြတ် ထိုသို့မဟုတ်လျှင် ကိုယ်လမ်းစဉ်ကိုယ် လျှောက်လှမ်းရပေမည်။

ထို့ကြောင့် လော့ဝူရှန်းသည် သူ့အား မိစ္ဆာမျိုးနွယ်၏ဖုရွေ့လော်ဆီ သွားစေခဲ့ကာ ဖုရွေ့လော်အား ဆရာအဖြစ် တင်မြှောက်စေခဲ့ခြင်းဖြစ်၏။ သူ၏စိတ်ဆန္ဒနှင့် ဝိညာဉ်တို့က လေးစားစားဖွယ်ကောင်းလှသည်။

ကျဲ့ဟွလီ လေးစားရသည့် နောက်တစ်ဦးမှာ ကောင်းကင်ဓားမပင်။

ကျဲ့ဟွလီသည် ဓားမတာအိုအား အချိန်အတော်ကြာ သိမြင်နားလည်ခဲ့သော်လည်း မကျွမ်းကျင်ခဲ့ချေ။ သူ၏ ဓားမကျင့်စဉ်မှာ လော့ဝူရှန်းထံမှ လွှဲပြောင်းရရှိခဲ့ခြင်းဖြစ်သည်။ လော့ဝူရှန်း၏ ဓားမသိုင်းသည် စိတ်နေသဘောထားကို အမြဲတမ်းထိန်းချုပ်ထားခဲ့၏။

အခြားတစ်ဖက်တွင် ဖုရွေ့လော်မှာတော့ မိစ္ဆာမျိုးနွယ်၏ သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။ သူ၏သိုင်းကွက်များက ထူးဆန်းရက်စက်၏။ ကျဲ့ဟွလီမှာ ၎င်းတို့ထဲမှ တချို့တဝက်ကို သင်ယူခဲ့သော်လည်း မကျွမ်းကျင်နိုင်ခဲ့ပေ။

ထိုအခြေအနေက သားသတ်သမားနှင့် တွေ့ဆုံခဲ့ပြီး သားသတ်သမား၏ ကောင်းကင်ဓားမကို မမြင်ခဲ့ရစဉ်က ဖြစ်သည်။ သားသတ်သမား၏ ဓားမသိုင်းအား တစ်ချက်လေးကြည့်ရုံနှင့် ကျဲ့ဟွလီမှာ ဉာဏ်အလင်းပွင့်သွားခဲ့ပြီး ဓားလမ်းစဉ်သို့ ၀င်ရောက်နိုင်ခဲ့၏။

သားသတ်သမားသည် သူ့အား တပည့်အဖြစ် လက်မခံခဲ့သည့်တိုင် သူ့မှာ သားသတ်သမားအား သူ၏ မြင်ဆရာတစ်ဦးအဖြစ် သတ်မှတ်ထားသောကြောင့် လေးစားလေသည်။

တျန်းရှုက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ရုတ်တရက် ပုလင်းခွံအားလုံး ကွဲအက်သွားစေ၏။ သူက ဓားမကို မြှောက်၍ ဝိုင်တစ်လုတ် ထွေးလိုက်သည်။ “ကျေးဇူးတင်ပါတယ် ကောင်းကင်ဓားမ… ဒီနေ့ ဓားမကို သုံးပြီးတော့ မိတ်ဆွေတွေနဲ့ တွေ့ရသေးတာပေါ့… ကောင်းကင်နတ်အရှင်မူ၊ မင်းမှာ ဦးချို ရှိလား”

ချင်မူမှာ စိတ်ထဲတွင် သူရဲကောင်းစိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်လာပြီး ပြုံးလိုက်၏။ “ကျွန်တော့်မှာ ဦးချိုမရှိပေမယ့် ကျွန်တော့်ရဲ့တာအိုနှလုံးသားထဲက ဦးချိုတွေကတော့ ထူးခြားခမ်းနားပါတယ်”

“လည်စင်းထားလိုက်” တျန်းရှုက ဓားမကို လွှဲရမ်းလိုက်သည်။

လော့ဝူရွှမ်သည် လက်တစ်ဖက်တည်းဖြင့် သူ့ဓားမကို မြှောက်ကာ ဆုပ်ကိုင်လိုက်၏။ သူက ခပ်ဖွဖွ ပြောသည်။ “လောကသခင်ခန္ဓာချင်၊ မင်းက ဓားသိုင်းကွက်တွေမှာ ကျွမ်းကျင်ပေမယ့် ဓားမလမ်းစဉ်မှာတော့ နိမ့်ကျနေသေးတယ်”

ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ချီစွမ်းအင်ဖြင့် ဓားမရှည်တစ်လက် ဖွဲ့တည်လိုက်သည်။ ထို့နောက် ဦးညွှတ်အရိုအသေပေးလိုက်၏။ “တာအိုမိတ်ဆွေတို့၊ သင်ကြားပြသပေးကြပါဦးဗျာ”

All Chapters