← Chapters

ဝိညာဉ်ကို အားဖြည့်ပေးသည့် ဓားမ

Vol. 108 Ch. 1421

ဝိညာဉ်ကို အားဖြည့်ပေးသည့် ဓားမ

Vol. 108 Ch. 1421

မာန်ဟုန်မြစ်ပေါ်တွင် ဓားမရောင်များ ဖြာထွက်လာကာ လူရိပ်ငါးခု ဝင်တိုက်သွားကြသည်။ သူတို့ငါးယောက်လုံးသည် စတင်ထိပ်တိုက်တွ့သည့်အချိန်မှာပင် သိုင်းအခြေခံကို အဆုံးအစွန်အထိ မြှင့်တင်လိုက်ကြပြီး လမ်းစဉ်ဝင်ရောက်ပြီးသည့် ကောင်းကင်နတ်သိုင်းများကို ချက်ချင်း အသက်သွင်းလိုက်ကြလေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ ကောင်းကင်နတ်သိုင်းပညာရှင်များအကြားတွင် ဓားမကိုင်ဆွဲသူများမှာ စရိုက်ကြမ်းတမ်းသူများသာ ဖြစ်သည်ဟူသော ဆိုရိုးစကား ရှိ၏။

၎င်းက အတော်လေး တစ်ဖက်စောင်းနင်းဆန်သည့် ဆိုရိုးစကား ဖြစ်ပေသည်။ လူကြမ်းကြီးနှင့်တူသည့် သားသတ်သမားသည် အမှန်တကယ်တွင် ထူးချွန်သော စာပေသမားတစ်ယောက် ဖြစ်သည်။ ဓားမကိုင်‌ဆောင်သူများတွင် ဆန်းဆန်းပြားပြား ကောင်းကင်နတ်သိုင်း သို့မဟုတ် ဓားသိုင်းသမားများလောက် များပြားသော ဓားကွက်များလည်း မရှိပေ။

ဓားမများသည် သိုင်းကွက်အသားပေးပညာရပ် ဖြစ်သည့်အပြင် အနီးကပ်တိုက်ခိုက်ရသည့် ပညာရပ်လည်း ဖြစ်၏။ ကိုယ်ခံသိုင်းပညာထက်ပင် အနီးကပ် တိုက်ခိုက်ရလေသည်။ ဥပမာအားဖြင့် ဓားမသိုင်းကွက်များထဲတွင် အနီးကပ်တိုက်ခိုက်ခြင်း၊ အပြန်အလှန်တိုက်ခိုက်ခြင်း၊ ကြွက်သားနှင့် ချီတို့ကို သုံး၍ ရန်သူ၏အားနည်းချက်ကို ရှာကာ တချက်တည်း အလဲထိုးတိုက်ခိုက်ခြင်းတို့ ပါဝင်လေသည်။

ကောင်းကင်နတ်သိုင်းများနှင့် ဓားသိုင်းတွင် ရန်သူကို အကဲစမ်းနိုင်မည့် သိုင်းကွက်များစွာ ရှိသော်လည်း ဓားမသိုင်းကတော့ အနီးကပ်တိုက်ခိုက်ကြရသည်။ ရန်သူသာ ခွန်အားအပြည့်အဝ သုံး၍ စူးစမ်းစစ်ဆေးလာပါက ထိုသူမှာ အရေးနိမ့်သွားပေလိမ့်မည်။

သားသတ်သမား၊ ကျဲ့ဟွလီ၊ တျန်းရှုနှင့် လောဝူရွှမ်တို့က ချင်မူ့ကို တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြ၏။ ကျဲ့ဟွလီသည် ဤနှစ်များအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အနောက်ဘက်နယ်မြေများတွင် စစ်ပွဲတစ်ပွဲပြီးတစ်ပွဲ ဖြတ်သန်းခဲ့ရလေသည်။

စစ်မြေပြင်မှာ သိုင်းလောကတွင် တိုက်ခိုက်ရသည်နှင့်မတူ။ ထိုနှစ်များအတွင်း လေ့ကျင့်ခဲ့မှုများက သူ၏ဓားမလမ်းစဉ်ကို ပိုမိုနက်နဲလာစေခဲ့သည်။ ဤသည်က သတ်ဖြတ်ရင်း ပျိုးထောင်ခဲ့သော ကျင့်စဉ်ဟု ဆိုရမည်။ လှုပ်ရှားမှုတိုင်းက အသက်ကို နှုတ်ယူနိုင်ပြီး ဓားမကွက်တို့က ပိုမိုနက်နဲလာကာ မှန်းဆမရနိုင် ဖြစ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ့တွင်လည်း ကောင်းကင်ဓားမ၏ ခမ်းနားကြီးမြတ်သော အရှိန်အဝါ ရှိနေသည်။ သူ၏ ဓားမသိုင်းကွက်များတွင် ‘ထူးဆန်းသော’ ဟူသည့်စာလုံးနှင့် ‘မှန်ကန်သည်’ ဟူသော စာလုံးများ ကိန်းဝပ်နေသည်။ သူသည် တာအိုဂိုဏ်း၏ သင်္ချာကိုလည်း ပေါင်းစည်းခဲ့ပြီး လော့ဝူရွှမ်၏ ကျင့်စဉ်နှင့်လည်း သဟဇာတဖြစ်နေသည့်အတွက် အံ့ဖွယ် ဓားမသိုင်းပညာရှင်ဟု သတ်မှတ်၍ရပေသည်။

ကျဲ့ဟွလီကား ဓားမလမ်းစဉ်တွင် နဝမမြောက် ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိပြီးဖြစ်၏။ သူ ချင်မူနှင့် ဝင်တိုက်လိုက်လျှင်ချင်း ချင်မူ့မှော်စွမ်းအင်ကို ချက်ချင်း ခံစားလိုက်ရပြီး သိုင်းအခြေခံသည် သူနှင့်တန်းတူနီးပါး ဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားတော့သည်။ ‘ချင်မူ၊ ခွေးကောင်လေး… ကောင်းကင်နတ်ဘုံဆီ ရောက်ပြီး ကောင်းကင်နတ်အရှင်ဖြစ်လာခဲ့တော့ တကယ်ပဲ ဇိမ်ခံရင်း အကျင့်ပျက်နေတာပဲ… ငါ့သိုင်းအဆင့်က နဂါးသွဲ့စင်မြင့်အဆင့်မှာ ဆိုတော့ သူလည်း တူတူလောက်ပဲ ဖြစ်ရမယ်… အရင်တုန်းက သူ့ရဲ့သိုင်းအခြေခံက င့ါထက် အများကြီးနက်နဲကျယ်ပြန့်တာပါ”

လော့ဝူရွှမ်ကမူ ဓားမလမ်းစဉ်၏ ကောင်းကင်ဘုံ ၁၈ဘုံအထိ ကျင့်ကြံပြီးဖြစ်သည်။ သူ၏ သိုင်းအဆင့်သည် နတ်ကောင်းကင်ခန်းမအဆင့်သို့ပင် ရောက်နေချေပြီ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျင့်စဉ်များ၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများက တိုးတက်နေသည့်အလျောက် သူ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်လာခဲ့သည့်အချိန်တွင် သူ၏သိုင်းအခြေခံနှင့် စွမ်းရည်တို့မှာ အဆပေါင်းများစွာ ခုန်တက်သွားခဲ့သည်။

သို့သော် သူ၏သိုင်းကွက်များ ချင်မူနှင့် ထိတွေ့သွားသည့်အခါတွင်တော့ ချင်မူ့မှော်စွမ်းအင်သည် အကန့်အသတ်မရှိဘဲ စီးဆင်းနေသည့် မြစ်တစ်စင်းပမာ အတောမသတ်နိုင်စွာ စီးဆင်းနေသလို ခံစားလိုက်ရသည်။ ၎င်းက သူ့သိုင်းအဆင့်နှင့် တန်းတူဖြစ်နေသဖြင့် သူ၏နှလုံးသားမှာ ချက်ချင်း အေးခဲသွားတော့၏။ ‘စွမ်းအားကြီးလိုက်တာ… လောကသခင်ခန္ဓာဆိုတဲ့အတိုင်းပဲ သူ့သိုင်းအဆင့်က အလျင်အမြန် တိုးတက်လာတယ်… ကျောက်စိမ်းမြို့တော်အဆင့် ရောက်နေလောက်ပြီ”

ချင်မူက သိုင်းအဆင့်အတူတူတွင် ပြိုင်ဘက်ကင်းသည့်အတွက် ကောင်းကင်နတ်အရှင်တစ်ပါးသာ ယှဉ်ပြိုင်နိုင်မှန်း သူ ကောင်းကောင်း သိထားသည်မဟုတ်လော။ ထို့ကြောင့် ချင်မူ၏ ကျောက်စိမ်းမြို့တော်အဆင့်သည် သူ၏နတ်ကောင်းကင်ခန်းမအဆင့်နှင့် ယှဉ်ပြိုင်ရန် လုံလောက်သည်ဟု ခံစားမိသည်။

သားသတ်သမား၏ ကောင်းကင်ဓားမလည်း ချင်မူ၏ ဓားမနှင့် ထိတွေ့သွားလျှင်ချင်း ချင်မူ့သိုင်းအဆင့်နှင့် စွမ်းဆောင်နိုင်စွမ်းများသည် သူနှင့်တန်းတူနီးပါး ဖြစ်ကြောင်း ခံစားလိုက်ရ၏။

“မူအာက ဒီနှစ်တွေအတွင်း နတ်ဘုရားစီရင်ရာစင်မြင့်အထိ ကျင့်ကြံခဲ့ပေမယ့် မနှေးကွေးဘူး…. သူ့ရဲ့ သိုင်းအဆင့်မြင့်တက်မှုက အရင်ကလောက် အံ့ဩစရာမကောင်းတော့တာပဲ ရှိတာ… အရင်တုန်းကဆိုရင် ငါတို့ဒုက္ခိတဘိုးဘွားကျေးရွာမှာ သူနဲ့ အဆင့်တူ ဘယ်သူမှ သူ့ရဲ့သိုင်းကွက်တွေကို ခံနိုင်ရည် မရှိခဲ့ဘူး”

တခြားတစ်ဖက်တွင် ကောင်းကင်နတ်မင်းတျန်းရှုမှာက မြင့်မားလှသော ဧကရာဇ်အင်အားကို ထုတ်ဖော်လိုက်သဖြင့် သူ့အနောက်တွင် ကောင်းကင်နန်းဆောင်တစ်ဆောင် ထွက်ပေါ်လာသည်။ သူ၏မူလဝိညာဉ်က ခမ်းနားဝင့်ကြွားစွာဖြင့် နတ်ကောင်းကင်ခန်းမ၏ ဧကရာဇ်ပလ္လင်အထက်တွင် ထိုင်နေသည်။

သူ့လက်ထဲရှိ တော်ဝင်မုခ်ဝနတ်ဓားမဆီမှ စွမ်းအားအလုံးစုံ ပေါက်ကွဲထွက်လာသည်။ ထိုဓားမက ဧကရာဇ်ဓားမဖြစ်သည်ဟု သားသတ်သမား ပြောခဲ့သည်မှာ မှန်ပေသည်။

ကောင်းကင်နတ်မင်းတျန်းရှုသည် သူ၏မူလနှလုံးသားကို ရှာဖွေရန် မဟာလေဟာနယ်သို့ သွားရောက်ခဲ့၏။ မဟာလေဟာနယ်မြေပြင်တွင် သွေးသံချေးဇုန်တိုက်ပွဲကို တွေ့ကြုံခဲ့ရပြီးနောက် သူ့ကို ထိန်းချုပ်ထားသည့် အချုပ်အနှောင်များ လုံးလုံးလျားလျား ပျက်စီးသွားခဲ့သည်။ ထို့နောက် တိုက်ပွဲအတွင်းတွင် အဆင့်တက်၍ ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ကာ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံတွင် ဒုတိယမြောက်ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့လေသည်။

တော်ဝင်မုခ်ဝနတ်ဓားမမှာ ခိုင်ဧကရာဇ် သူ့အတွက် သွန်းလုပ်ပေးခဲ့သည့် နတ်ဓားမတစ်လက်ဖြစ်သည်။ အချိန်အတော်ကြာသည်အထိ ဤဓားမ၏ စွမ်းအားသည် တျန်းရှုကိုယ်ပိုင်စွမ်းအားထက် သာလွန်နေခဲ့၏။ ဓားမအသွားသည် မြေအောက်ဘုံအရှင်သခင်၏ ဦးချိုကိုပင် ဖြတ်တောက်၍ ဖုန်းတုအား ဖန်ဆင်းခဲ့နိုင်သည်မဟုတ်လော။

ဓားမအသွားတစ်ချက်က မဟာမြို့ပျက်၏ တောင်တန်းများကို ခုတ်ချ၍ မဟာမြို့ပျက်၏ ထူးဆန်းမှုနှင့် အမှောင်ထုကို ချိပ်ပိတ်ခဲ့၏။

ယခုတွင် ကောင်းကင်နတ်ဘုရင်တျန်းရှု၏ စွမ်းအားသည် ဧကရာဇ်ဓားမအား လုံးဝထိန်းချုပ်နိုင်ရန် လုံလောက်နေပြီဖြစ်သည်။

သူကား ဓားမများ ဧကရာဇ်ဖြစ်ပြီး သူ၏ဓားမသည် ယိုတုမိစ္ဆာဓားမဖြစ်၏။

သို့သော် တော်ဝင်မုခ်ဝနတ်ဓားမ ချင်မူ့ချီစွမ်းအင်ဖြင့် ဖွဲ့တည်ထားသော ချီဓားမဖြင့် ထိတွေ့လိုက်သည့်အချိန်တွင် ကောင်းကင်နတ်မင်းတျန်းရှု၏ အရှိန်အဝါမှာ လှိုင်းထသွားသည်။ ‘စွမ်းအားကြီးလိုက်တာ… ငါ့မှော်စွမ်းအင် တစ်ရာရာခိုင်နှုန်းကို ခံနိုင်ရည်ရှိတယ်…သူက ခိုင်ဧကရာဇ်တောင် မေ့ဖျောက်လို့မရနိုင်တဲ့ ကောင်းကင်နတ်အရှင်တစ်ပါးဖြစ်ဖို့ ထိုက်တန်ပါပေတယ်…. နှစ်တစ်ဒါဇင်အတွင်း ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာပဲ… ဒါပေမဲ့ အရက်သောက်ပြီးရင် ငါက မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်ယင်သားတော်လို အားနည်းတဲ့သူမဟုတ်ရင်တောင်မှ ကောင်းကင်ဆရာသခင်ကိုတောင် ခုတ်ထစ်ရဲတယ် … စွမ်းအား တစ်ရာရာခိုင်နှုန်းက ငါ့ရဲ့အကန့်အသတ် မဟုတ်ဘူး”

သူက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏လှုပ်ရှားမှုများသည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်း၏။ တစ်ခါတစ်ရံတွင် သူ၏ခန္ဓာကိုယ်ကား မိစ္ဆာချီမျှင်တို့ အဖြစ် ပြောင်းလဲပျောက်ကွယ်သွားတတ်သည်။ တခြားအကြိမ်များတွင်တော့ ကောင်းကင်ထက်တွင် တောက်ပနေသည့် မိစ္ဆာနေလုံးကြီးအလားပင်။ ကျန်အချိန်များတွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများက ဖောင်းကြွလာတတ်၏။ မြွေဦးခေါင်းနှင့် လူခန္ဓာကိုယ်တို့ကိုလည်း ပိုင်ဆိုင်ထားတတ်ကာ သူ၏ခန္ဓာကိုယ်က ရှည်လျားထွားကြိုင်းနေတတ်သည်။ ယိုတုမဟာတာအိုကို ထိန်းချုပ်ထားတတ်သလို၊ တစ်ခါတစ်ရံတွင်တော့ ဆိတ်ဦးခေါင်းနှင့် လူခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတတ်ပြန်သည်။ တစ်ချက်တစ်ချက်တွင် အလွန်သေးငယ်လွန်းသဖြင့် အခြားသူများ သူ့ကို ရှာတွေ့ရန် မလွယ်ကူပေ။

သို့သော် သူ့ဓားမစွမ်းအားသည် ပကတိဖြစ်၏။ ဓားမသိုင်းကွက်၏ စွမ်းအားသည် လျော့နည်းသွားခြင်းမရှိသလို၊ ခိုင်ဧကရာဇ်ခေတ်၏ သူမတူသောဟန်ပန်ကို ပိုင်ဆိုင်ထားချေသည်။

ဓားမတာအိုသိုင်းပညာရှင်လေးဦးက တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြပြီး ချင်မူ့ဓားမနှင့် ထိပ်တိုက်တွေ့သွားသည်။ သူတို့တစ်ယောက်ချင်းစီတွင် မတူညီသော အတွေးအခေါ်များ ရှိကြပြီး ချင်မူ့သိုင်းအဆင့်က သူတို့နှင့်တန်းတူနီးပါးဖြစ်သည်ဟု ခံစားနေကြရ၏။

လူရိပ်ငါးခုက ယုန်များကဲ့သို့ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပြီး ကိုယ်ပိုင်ဓားမလမ်းစဉ်များမှ ဓားမသိုင်းကွက်များကို ပြီးပြည့်စုံစွာ ဖော်ထုတ်ပြသနေကြသည်။

ကျဲ့ဟွလီ၏ မိစ္ဆာစိတ်၊ လော့ဝူရွှမ်၏ ဓမ္မစွမ်းအား၊ တျန်းရှု၏ အာဏာ၊ မိစ္ဆာလမ်းစဉ်နှင့် သားသတ်သမား၏ ကြောက်မက်ဖွယ်အပြုအမူတို့အားလုံး ထင်းလင်းမြင်သာနေသည်။

အခြားတစ်ဖက်တွင် ချင်မူကတော့ သူတို့၏ မိစ္ဆာစွမ်းအားများနှင့် ဓမ္မစွမ်းအားတို့ကို ခန္ဓာကိုယ်တစ်ခုတည်းအတွင်းသို့ စုစည်းနေသည်။

သူသည် ဓားမလမ်းစဉ်ကောင်းကင်နန်းဆောင်ကို ပင်မကောင်းကင်နန်းဆောင်အဖြစ် အသုံးပြုနေပြီး အခြားကောင်းကင်နန်းဆောင်များကို အရံအဖြစ် ထားရှိ၏။ ဓားမလမ်းစဉ်ကောင်းကင်နန်းဆောင်တွင် ချီစွမ်းအင်မှ ဖွဲ့တည်ထားသော နတ်ဓားမတစ်လက်က အတားအဆီးမရှိ ရွေ့လျားသွားလာရင်း ဓားမသိုင်းပညာရှင်လေးဦး၏ တိုက်ကွက်များကို တစ်ချိန်တည်းမှာပင် ခုခံလိုက်သည်။

ယခင်က ချင်မူသည် သားသတ်သမားနောက်မှ လိုက်၍ သူ၏ဓားမတာအိုနှလုံးသားကို ဖော်ဆောင်ခဲ့၏။ တရားဥပဒေချမှတ်ရခြင်းဖြစ်စေ၊ တစ်လောကလုံးကို ကာကွယ်ရခြင်းဖြစ်စေ၊ သန့်စင်ခြင်းဖြစ်စေ ဓားမတာအိုကို ဝင်ရောက်နိုင်ရန်အတွက် အခြေခံအကျဆုံး အချက်တို့အား သိမြင်နားလည်ခဲ့သည်။

အရှုံးမပေးခြင်း။

အရှုံးမပေးတတ်ခြင်းကြောင့် ချင်မူကား တောင်ကောင်းကင်မုခ်၀၏ တံခါးအပေါ် ခေါက်ခဲ့ခြင်းဖြစ်သည်။ မမျှတသောကြောင့် ဥပဒေအသစ် ဖန်တီး၍ ကာကွယ်ပေးခဲ့ရခြင်းဖြစ်၏။ ကာကွယ်ပေးရမည့်အတွက် သူ အသတ်တို့အား သတ်ခဲ့ရခြင်းပင်။

ဓားမများသည် စိတ်ဝိညာဉ်ကို အားဖြည့်ပေး၏။

ဓားမတာအိုသုံးခု၏ အခြေခံစိတ်ဝိညာဉ်ကို ကျွမ်းကျင်ပြီးမှသာလျှင် တံခါးထဲသို့ အပြည့်အဝဝင်ရောက်ပြီးဖြစ်သည်ဟု သတ်မှတ်နိုင်သည်။

အနာဂတ်တွင် သူ၏ဓားမတာအို မည်မျှပင်ပြောင်းလဲပါစေ၊ မည်မျှပင် တိုးတက်လာပါစေ၊ ချန်ရစ်ခဲ့၍မရ၊ ပြောင်းလဲ၍မရသည်ဖြစ်စေ၊ ထိုစိတ်ဝိညာဉ်သုံးခုသည် ကျန်ရစ်ခဲ့လိမ့်မည်။

သားသတ်သမားအနေဖြင့် သူ့ကို ထပ်မံသင်ကြား၍ မကူညီပေးနိုင်တော့သောကြောင့် ချင်မူကိုယ်တိုင် သင်ယူပြီး သိမြင်နားလည်ခဲ့သည်များကို အသုံးချရန် လိုအပ်လေသည်။

မာန်ဟုန်မြစ်တစ်ဝိုက်တွင် ငါးမျှားနေခဲ့ကြသော တံငါလှေများမှာ ရပ်တန့်ထားကြ၏။ မြစ်ကမ်းပေါ်တွင် တံငါသည်များနှင့် ကောင်းကင်နတ်သိုင်းပညာရှင်များ ရှိနေကြသည်။ သူတို့အားလုံးက ရပ်၍ ကြည့်ရှုနေကြသေလည်။ သို့သော် မြစ်ထဲတွင် ဓားမရောင်များ သွားလာနေသည်ကိုသာ မြင်နေရသည်။ ဓားမရောင်တို့မှာ ရေမျက်နှာပြင်ပေါ်တွင် နေရောင်ခြည်တို့ ကခုန်နေသည့်အလားပင်။

သို့သော် ဓားမရောင်ကား မြစ်ရေပြင်တွင်သာ ကပ်မနေချေ။ ထိုအစား ၎င်းက ကောင်းကင်ပေါ်သို့ ခုန်တက်သွား၍ ကောင်းကင်တွင် ပြည့်နှက်သွားသည်။ မြစ်ကို ဖြတ်၍ ပျံသန်းနေသော ဓားမရောင်လည်း ရှိ၏။ ၎င်းက ဧရာမငါးကြီးတစ်ကောင်သို့မဟုတ် အစိမ်းရောင်နဂါးတစ်ကောင်အလားပင်။

အလင်းတန်းများက ရောယှက်၍ ကောင်းကင်ကို နှစ်ခြမ်းကွဲသွားစေပြီး သူတို့၏မျက်လုံးများထဲတွင် အမည်းရောင်အစင်းတန်းများ ပေါ်လာစေသည်။

အနက်ရောင်သွေးတို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်နတ်သိုင်းပညာရှင်တို့၏ မျက်လုံးများမှ ချက်ချင်း စီးကျလာကြ၏။ ဓားမဒဏ်ရာများက သူတို့၏ခန္ဓာကိုယ်တွင် ပေါ်လာသဖြင့် သူတို့မှာ အံ့အားသင့်သွားကြသည်။ သူတို့မှာ မြစ်ကမ်းရှိ တံငါသည်များ မျက်လုံးကန်းကုန်မည် စိုးရိမ်သောကြောင့် ဆက်လက်မကြည့်ရှုရန် ချက်ချင်း သတိပေးလိုက်ကြသည်။

မြစ်ကမ်းပေါ်ရှိ တိုက်ပွဲမှာ အဆင့်မြင့်လွန်းလှသည်။ သိုင်းကွက်များ၏ စွမ်းအားလှိုင်းတို့က ကောင်းကင်နတ်သိုင်းများလောက် မပြင်းထန်သည့်အပြင် ကောင်းကင်နတ်သိုင်းများ၏ အကွာအဝေးက ပိုမိုကျယ်ပြန့်သည့်တိုင် ယခုသိုင်းကွက်များသည် ဓားမလမ်းစဉ်မှ မဟုတ်ပါလော။ သူတို့၏တိုက်ကွက်များတွင် ပုန်းခိုနေကြသည့် စိတ်ဝိညာဉ်တို့က ကြည့်ရှုသူတို့၏ တာအိုနှလုံးသားနှင့် ဝိညာဉ်တို့အား အလွယ်တကူ ဒဏ်ရာရစေနိုင်သည်။

အထူးသဖြင့် ချင်မူ၊ သားသတ်သမားနှင့် ဓားလမ်းစဉ်ဝင်ရောက်ပြီးသော တခြားဆရာသခင်သုံးဦး ဖြစ်နေသည့်အတွက်ပင်။ သူတို့၏တိုက်ကွက်များသည် ဤနေရာအပေါ် သက်ရောက်နိုင်မှုမရှိဟု ထင်ကောင်းထင်ရနိုင်သော်လည်း တိုက်ကွက်တစ်ကွက်ချင်းစီတိုင်းတွင် လမ်းစဉ်ကိန်းဝပ်နေပြီး ဖြစ်ချေသည်။ တစ်ချက်တည်းကြည့်ရုံဖြင့် သူတို့၏ဝိညာဉ်နှင့် ချီတို့သည် ဓားမဖြင့် ထိုးခံရသည့်အလား ခံစားရပေလိမ့်မည်။

သိုင်းအဆင့်မြင့်လေလေ၊ အာရုံခံစားနိုင်စွမ်း ကောင်းမွန်လာလာဖြစ်သည့်အလျောက် ဒဏ်ရာများလည်း ပိုမိုပြင်းထန်မည်ဖြစ်သည်။

ကောင်းကင်နတ်သိုင်းပညာရှင်များက တံငါသည်များကို လူစုခွဲ၍ ပြန်စေပြီး မာန်ဟုန်မြစ်ရှိ နဂါးနန်းဆောင်များမှာလည်း နေရာရွှေ့နေကြ၏။ နတ်နဂါး အရွယ်အစားမျိုးစုံမှာ မြစ်အောက်ခြေသို့ ပကူးခတ်သွားကြပြီး မျက်လုံးများမှိတ်ထားကာ မာန်ဟုန်မြစ်နဂါးဘုရင်နောက်မှ လိုက်သွားကြသည်။

“ပုန်းကြ၊ မြစ်နှလုံးသားထဲမှာ ပုန်းနေကြ…. တံခါးတွေကို ပိတ်ထား… မျက်လုံးတွေမှိတ်ထား… မကြည့်ကြနဲ့… နားမထောင်ကြနဲ့… မခံစားကြနဲ့”

မာန်ဟုန်မြစ်နဂါးဘုရင်ကား တခြားသူမဟုတ်။ နဂါးထိန်းဧကရာဇ်ကပင်။ သူသည်လည်း မြစ်ထဲတွင် အဆင့်မြင့်သိုင်းပညာရှင်တစ်ဦး ဖြစ်၍ သူ၏သိုင်းအခြေခံက နက်နဲလေသည်။ သူက စိတ်ထဲ၌ ဂုဏ်ယူဝံ့ကြွားစွာဖြင့် အော်ဟစ်လိုက်၏။ “မိုက်တယ်မလား… ငါ့သခင်ကြီး ပြန်လာပြီ”

....

ချင်မူက ချီကို ဓားမအဖြစ် အသုံးပြုနေပြီး သူ့ခန္ဓာကိုယ်၏ အဆီအနှစ်၊ ချီနှင့် စိတ်ဝိညာဉ်တို့အားလုံးမှာ သိုင်းပညာရှင်လေးဦးကြောင့် ထင်ရှားပြတ်သားလာကာ ပိုမိုသန်မာသထက် သန်မာလာကြသည်။ လမ်းစဉ်ဝင်ရောက်ပြီးသည့် မတူညီသော ကောင်းကင်‌နတ်သိုင်း၊ မတူညီသောစိတ်အခြေအနေနှင့် မတူညီသောတိုက်ကွက်များကို အသက်သွင်းလိုက်သည့်အခါ ဓားမသိုင်းကွက်များကလည်း ကွဲပြားပေလိမ့်မည်။

သို့သော် နောက်ဆုံးတွင် သူတို့ငါးယောက်မှာ လမ်းစဉ်ဝင်ရောက်ပြီးသော သိုင်းကွက်များ အသုံးပြုနေကြသော်လည်း ချင်မူ့အား မည်သို့မှမလုပ်နိုင်ကြပေ။ ချင်မူ့ကို နောက်ထပ်ခြေတစ်လှမ်း တက်၍ ပိုမိုလေးနက်သော တာအိုအဆင့်သို့ သိမြင်နားလည်နိုင်အောင် ဖိအားမပေးနိုင်ကြပေ။

သုံးရက်ကြာပြီးနောက် မာန်ဟုန်မြစ်ပေါ်တွင် လူရိပ်များ လှုပ်ရှားမနေကြတော့။ မြစ်ရေပြင်ပေါ်တွင် မလှုပ်မယှက် ရပ်နေကြသည်။ သူတို့၏ ဝိညာဉ်နှင့် ချီတို့က တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့နေကြ၏။

ထိုမြင်ကွင်းက ပို၍ပင် ကြောက်စရာကောင်းသေးသည်။

ဓားမချီနှင့် ဝိညာဉ်က မြစ်ရေပြင်တွင် နေရာယူထားသောကြောင့် နေရာဟင်းလင်းပြင်ကို ပုံပျက်နေစေ၏။ ထောင်သောင်းချီသော ဓားမချီတို့က ငါးအုပ်များကဲ့သို့ လေထဲတွင် အပြင်းအထန် ထိတွေ့တိုက်ခိုက်နေကြသည်။

ဓားမသည် ဝိညာဉ်ကို အားဖြည့်ပေး၏။

သူတို့ကား ဝိညာဉ်ဖြင့် တိုက်ခိုက်နေကြလေပြီ။

အနားတွင် ယခင်မာန်ဟုန်မြစ်တက္ကသိုလ်မှ ကျောင်းသများမှာ သတင်းကြားသည်နှင့် အပြေးအလွှား ရောက်လာကြသည်။ သူတို့ မြစ်ကမ်းဘေးသို့ ရောက်သည်နှင့် သူတို့အားလုံး၏ ဝိညာဉ်လက်နက်များမှာ အထိန်းအချုပ်မဲ့၍ လေထဲတွင် တဝီဝီမြည်ကာ ဓားမချီနှင့် ဝင်တိုက်သွားကြလေသည်။

ခွမ်း….

ဝိညာဉ်လက်နက်များက လေထဲတွင် တစ်ခုပြီးတစ်ခု အက်ကွဲပျက်စီးသွားကြသဖြင့် ကျောင်းသားများ အံ့အားသင့်သွားကြသည်။

သူတို့ မာန်ဟုန်မြစ်အနား ကပ်သွားလေလေ၊ သူတို့၏ဝိညာဉ်လက်နက်များ ပိုမိုလျှင်မြန်စွာ အက်ကွဲလေလေပင်။

ထူးဆန်းသည်က ဤသို့ဓားမချီသည် လူသားများအတွက် အန္တရာယ်ကင်းပြီး ပန်းပွင့်များ၊ သစ်ပင်များ၊ ပိုးကောင်များနှင့် ငါးများကိုလည်း ထိခိုက်စေပုံမပေါ်ပေ။ လက်နက်များကိုသာ ပစ်မှတ်ထားသည်။

“အကြီးအကဲစု”

ကျောင်းသားအချို့က မြစ်ကမ်းဘေးရှိ သစ်တောအုပ်ကို ဖြတ်၍ ကမ်းစပ်သို့ အလျင်အမြန် ရောက်လာကြရာ မြစ်ဘေးတွင် ရပ်လျက် မြစ်၏အလယ်ဗဟိုသို့ ကြည့်နေသော နတ်ဘုရားတချို့ကို တွေ့လိုက်ရသည်။ ခေါင်းဆောင်မှာ မာန်ဟုန်မြစ်ကျောင်းတော်မှ စုယွင်ကျစ်ပင်။

စုယွင်ကျစ်နှင့် မာန်ဟုန်မြစ်ကျောင်းတော်၏ နတ်ဘုရားအဖွဲ့မှာ လေထဲတွင် မျောလွင့်နေကြောင်း တွေ့လိုက်ရသဖြင့် ကျောင်းသားများ အံ့အားသင့်သွားကြသည်။ သူတို့၏ကောင်းကင်လက်နက်များက အံ့မခန်းလိလိ ကောင်းကင်စွမ်းအားများ ထုတ်ဖော်နေကြပြီး မြစ်အလယ်ဗဟိုမှ ဓားမတာအိုဝိညာဉ်ကို ခုခံတိုက်ခိုက်နေကြသည့်အလားပင်။

ထိုနတ်ဘုရားများ၏ ကောင်းကင်လက်နက်များ ဓားမရာများဖြင့် ပြည့်နှက်နေကြပြီးဖြစ်၏။

ဓားမတာအိုဝိညာဉ်မှာ ဤနေရာ၌ ဝိညာဉ်တံဆိပ်ခတ်နှိပ်ထားသည့်အလားပင်။ ထိုတံဆိပ်က ပိုမိုအားကောင်းလာပြီး ကောင်းကင်တလျှောက် ပျံ့နှံ့ကာ ဤနေရာသို့ လာရောက်သူတိုင်းအား ဝိညာဉ်လက်နက်နှင့် ကောင်းကင်လက်နက်များအား မထိန်းချုပ်နိုင်အောင် ဖြစ်နေစေသည်။

ထိုမျှသာမက ဤတံဆိပ်သည် ပိုပို၍ နက်ရှိုင်းလာ၏။

မြစ်အလယ်ဗဟိုတွင် အရွယ်အစားမျိုးစုံ ဓားမတာအိုအလွှာလိုက် ရှိနေကြောင်း တွေ့နေကြရသည်။ ၎င်းတို့က ဟင်းလင်းပြင်တို့အပေါ် တံဆိပ်ခတ်နှိပ်ထားကြပြီး အနက်ရှိုင်းဆုံးတစ်ခုမှာ ဟင်းလင်းပြင် ၁၈ လွှာသို့ပင် ရောက်ရှိနေ၏။

တာအိုကျင့်စဉ်စနစ်သည် မြေထု၏ လေးဖက်လေးလံကို ဖုံးအုပ်ထားသော အမိုးခုံးတစ်ခုကဲ့သို့ လူများအား နှိုင်းယှဉ်မရနိုင်အောင် အံ့အားသင့်နေစေတော့သည်။

“မင်းတို့နှလုံးသားနဲ့ လေ့လာမယ်ဆိုရင် သူတို့ရဲ့ဝိညာဉ်ကို ထိတွေ့နိုင်လိမ့်မယ်”

စုယွင်ကျစ်က ကျောင်းသားများကို သင်ပြပေးသည်။ “ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ.. ဓားမလမ်းစဉ်ကို နက်နက်နဲနဲ နားလည်ချင်ရင် ဒီအခွင့်အရေးကို အသုံးချကြ”

နောက်ထပ်နှစ်ဝက် ကုန်ဆုံးသွားပြီး ဟင်းလင်းပြင်အပေါ် တံဆိပ်ခတ်နှိပ်ထားမှုများမှာ ပိုမိုနက်ရှိုင်းပြတ်သားလာကြသည်။ ဤနေရာသည် အထွတ်အမြတ်နယ်မြေတစ်ခုနီးပါးပင် ဖြစ်လာ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လူငယ်များ၊ နတ်ဘုရားများနှင့် ဓား သို့မဟုတ် ဓားမကို လေ့လာကျင့်ကြံသူတိုင်း ဤနေရာသို့ လာရောက်၍ ကြည့်ရှုနေကြလေသည်။

မာန်ဟုန်မြစ်ပတ်ပတ်လည်တွင် လက်နက်များက လေထဲတွင် မျောလွင့်နေကြပြီး နတ်စွမ်းအားမျိုးစုံဖြင့် အဆက်မပြတ် ပေါက်ကွဲနေကြ၏။

ဤသည်က တစ်စုံတစ်ယောက် စဉ်းစားခဲ့သော လှည့်ကွက်တစ်ခုဖြစ်သည်။ သူတို့သည် ဤနေရာရှိ ဓားမလမ်းစဉ်စွမ်းအားကို အသုံးပြုကာ သူတို့၏တာအိုနှင့် ကောင်းကင်လက်နက်စွမ်းအားများကို သွေးနေကြ၏။

သို့သော် ဤနေရာတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခွင်မှ ကောင်းကင်နတ်သိုင်းပညာရှင်များ၊ နတ်ဘုရားများ များစွာရောက်ရှိနေကြချေပြီ။ သူတို့က မတ်မတ်ထိုင်နေကြပြီး မလှုပ်ရှားကြပေ။ သူတို့၏ဝိညာဉ်များကို အားဖြည့်၍ သူတို့၏ ဓားမစိတ်ဆန္ဒများနှင့် ချီစွမ်းအင်တို့ကို သွေးနေကြ၏။

တစ်နှစ်ကြာပြီးနောက် မြစ်တစ်ဖက်တစ်ချက်တွင် ဓားများ၊ ဓားမများက တောအုပ်တစ်ခုအလား သိပ်သည်းစွာ နေရာယူထားကြတော့သည်။

ဤနေရာသည် အထွတ်အမြတ်နယ်မြေတစ်ခု အမှန်တကယ် ဖြစ်လာခဲ့၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ဓားမကျင့်ကြံသူများများစားစားမရှိပေ။ အများစုမှာ ဓားနှင့် ဓားနှလုံးသားကို ကျင့်ကြံနေကြသူများ ဖြစ်ကြသည်။ ဓားမလမ်းစဉ် အထွတ်အမြတ်နယ်မြေ ပေါ်ပေါက်လာသည့်အခါ ဓားမကျင့်စဉ်အား လိုက်လံကျင့်ကြံသူများ များပြားလာစေ၏။

ဟင်းလင်းပြင်ထဲရှိ ဓားမလမ်းစဉ် အမိုးခုံးမှာလည်း ပုံစံပေါ်လာပြီး မြစ်အလယ်ဗဟိုရှိ လူရိပ်ငါးခုအား ၁၈ လွှာမြောက် ဟင်းလင်းပြင်၌ ပိုမိုရှင်းလင်းပြတ်သားစွာ တံဆိပ်ခတ်နှိပ်နေစေနိုင်သည်။

“ဧကရာဇ်အတိုင်ပင်ခံအဟောင်း ကျန်းပိုင်ကွေ့က ဓားကို သုံးပြီး တစ်လောကလုံးက သိုင်းကွက်တွေအပေါ် အနိုင်ယူခဲ့တာ… သူက ဓားသိုင်းအဆင့်အတန်းကို ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ နံပါတ်တစ်ဖြစ်အောင် မြှင့်တင်ပေးနိုင်ခဲ့တယ်… အဲဒီအချိန်ကစပြီး ဓားတာအိုက တိုးတက်လာခဲ့တာပဲ”

“ဒီနေ့ ဓားမတာအို သိုင်းပညာရှင်ငါးယောက်က မြစ်ပေါ်မှာ တာအိုကို သိမြင်နားလည်နေပြီး ဓားမတာအိုအထွတ်အမြတ်နယ်မြေကို ထွက်ပေါ်လာစေခဲ့ပြီ…. အရင်ကထက်တောင် ပိုပြီးအံ့သြဖို့ကောင်းတယ်… ဓားမတာအိုလည်း တိုးတက်ဖွံ့ဖြိုးလာလိမ့်မယ်”

နောက်ထပ်တစ်နှစ် ကုန်ဆုံးသွားပြန်ပြီး ဓားတာအိုကောင်းကင်မှာ ရုတ်တရက် တုန်လှုပ်သွား၍ ၁၉ ခုမြောက် ဟင်းလင်းပြင်၌ ပေါ်လာသည်။

ဓားမလမ်းစဉ်စွမ်းအားသည် ပျဲ့ထွက်လာပြီး မိုင်တစ်သောင်းအကွာအဝေးကို ခြုံလွှမ်းသွား၏။

နှစ်နှစ်နှင့်တစ်လကြာပြီးနောက် ဓားမလမ်းစဉ်ကောင်းကင်သည် ၂၀ ခုမြောက် ဟင်းလင်းပြင်အပေါ် ဖုံးအုပ်သွား၏။

နောက်ထပ်တစ်လကြာပြီးနောက် ၂၁ ခုမြောက် ဟင်းလင်းပြင်။

နှစ်နှစ်နှင့် သုံးလကြာပြီးနောက် ၂၂ ခုမြောက် ဟင်းလင်းပြင်။

နှစ်နှစ်နှင့် ခြောက်လကြာပြီးနောက် ၂၅ ခုမြောက် ဟင်းလင်းပြင်မှာ လွှမ်းမိုးခံလိုက်ရလေပြီ။

ဓားမလမ်းစဉ်စွမ်းအားမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ဝက်အား ဖုံးလွှမ်းသွားခဲ့ပြီဖြစ်သည်။

မာန်ဟုန်မြစ်ပေါ်ရှိ သိုင်းပညာရှင်ငါးဦးမှာ ဓားမလမ်းစဉ်၏ ဘိုးဘေးငါးဦးအဖြစ် သတ်မှတ်ခံခဲ့ရ၏။

ဤနေ့တွင် မာန်ဟုန်မြစ်မှာ ရုတ်တရက် တုန်ခါလာသည်။ ၎င်းက ဖြူစင်ကြည်လင်၍ တောင်တန်းများဆီမှ စီးဆင်းလာသည့် စမ်းချောင်းတစ်စင်းပမာ ကောင်းကင်ပေါ်သို့ တဖြည်းဖြည်း မြောက်တတ်သွား၏။

ချင်မူက ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။ အချိန်ကျလေပြီ။

ဘိုးဘေးနန်းတော်၏ စွမ်းအင်အကူးအပြောင်းတံတား ဆယ့်တစ်စင်း တည်ဆောက်ပြီးသဖြင့် ကောင်းကင်နတ်ဘုံမှာ စတင်နေရာပြောင်းရွှေ့နေပြီဖြစ်သည်။ ကောင်းကင်နတ်ဘုံတစ်ဘုံလုံးနှင့် မရေမတွက်နိုင်သော နတ်ဘုရားများက စွမ်းအင်အကူးအပြောင်းတံတားများကို သုံးလျက် ဘိုးဘေးနန်းတော်သို့ ရွှေ့ပြောင်းကြလိမ့်မည်။

ကောင်းကင်နယ်စားမင်းကို သတ်ဖြတ်ချေမှုန်းရန် အချိန်နီးကပ်လာချေပြီ။

All Chapters