← Chapters

ကောင်းကင်နတ်ဘုံ၏ ပြောင်းရွှေ့မှု

Vol. 108 Ch. 1422

ကောင်းကင်နတ်ဘုံ၏ ပြောင်းရွှေ့မှု

Vol. 108 Ch. 1422

ချင်မူ့မျက်နှာအမူအရာက လေးနက်တည်ကြည်နေသည်။ ကောင်းကင်နတ်ဘုံသာ ဘိုးဘေးနန်းတော်သို့ နေရာရွှေ့ပြောင်းပြီးလျှင် ကောင်းကင်နတ်ဘုံ၏ နောက်ထပ်ခြေလှမ်းမှာ ကောင်းကင်နယ်စားမင်းကို သတ်ဖြတ်ရန် ဖြစ်မည်။

ကောင်းကင်နယ်စားမင်း သေလိုနေသည်မှာ အမှန်တကယ် သေဆုံးလိုသည့်အတွက်ကြောင့် မဟုတ်ဘဲ လွတ်မြောက်ရန်အတွက်ပင်။ သို့သော် ချင်မူ၏ ကောင်းကင်နတ်အရှင်ဟုန်အပေါ် နားလည်ထားသလောက် ထိုသူသည် ကောင်းကင်နယ်စားမင်း၏ လူဝင်စားဖြစ်သော်လည်း ကောင်းကင်နယ်စားမင်း မဟုတ်တော့ပေ။

ကောင်းကင်နတ်အရှင်ဟုန်တွင် အာဏာမက်နေသည့် စိတ်ဆန္ဒ ပြည့်နှက်နေ၏။ ကောင်းကင်တာအို၏ အချုပ်အနှောင်များမှ လွတ်မြောက်ပြီးပါက ကောင်းကင်နတ်အရှင်ဟုန်ကား အကြွင်းမဲ့အာဏာရှိသော ဆယ်ပါးမြောက် ကောင်းကင်နတ်အရှင် ဖြစ်လာပေလိမ့်မည်။

ချင်မူအနေဖြင့် ဤကိစ္စတွင် ပါဝင်ပတ်သက်ချင်ပြီး ကောင်းကင်နယ်စားမင်းကို ကယ်တင်လိုပါက ပိုမိုကြီးထွားသော စွမ်းအားကို ပိုင်ဆိုင်ထားရလိမ့်မည်။

ယခုတွင် အကောင်းဆုံးဖြတ်လမ်းက ဘိုးဘေးနန်းတော်ရှိ နတ်ဘုရားစီရင်ရာစင်မြင့်၏ ပြစ်ဒဏ်ကို ဖြတ်သန်းပြီး အဆင့်တက်ရန်ပင်။

ထိုအချိန်တွင် ချင်မူကား အကျဉ်းထောင်ကိုးထပ်အဆင့်တွင် မားမားမတ်မတ် ရပ်တည်နိုင်ချေပြီ။ ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် ရင်ဆိုင်သည့်အခါ ခုခံနိုင်သည့် ခွန်အား ရှိပေလိမ့်မည်။

ကောင်းကင်နတ်မြစ်က ပိုပို၍ မြင့်တက်လာသည်နှင့်အမျှ ကောင်းကင်နတ်ဘုံ၏ လှုပ်ရှားမှုလည်း သိသာလာသည်။ လက်ရှိအခြေအနေမှာ အရေးကြီးနေသဖြင့် အချိန်ဆွဲ၍ မရတော့ပေ။

သားသတ်သမား၊ တျန်းရှုနှင့် ကျန်သူများက ထရပ်၍ သူ့ကို ကြည့်နေကြသည်။ သားသပ်သမားက မေးသည်။ “မင်း အခုဘိုးဘေးနန်းတော်ဆီကို ပြီး တစ်လောကလုံးရဲ့ နံပါတ်တစ် ဓားမကို ရင်ဆိုင်ချင်နေတာမလား”

ချင်မူက ခေါင်းညိတ်သည်။

လွန်ခဲ့သော နှစ်နှစ်နှင့်‌ ခြောက်လအတွင်း သူတို့ငါးယောက်သည် ဓားမတာအိုကို အဆုံးအစွန်အထိ မြှင့်တင်ခဲ့ကြ၏။ သူတို့က ပထမဦးဆုံး ဓားမတာအိုဖြင့် တိုက်ခိုက်ကာ ချင်မူ၏ ဓားမတာအို သိမြင်နားလည်ခြင်းအား အားဖြည့်ပေးခဲ့ကြသည်။ ထို့နောက် သူတို့၏ ကိုယ်ပိုင်ဝိညာဉ်များကို ထုတ်လွှတ်ခဲ့ကြ၏။

ဓားမသည် ဝိညာဉ်ကို အားဖြည့်ပေးသည့်အတွက် သူတို့က ချင်မူ့ကို ကိုယ်ပိုင်ဝိညာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြလေသည်။ ဝိညာဉ်ကို သုံး၍ ဝိညာဉ်ကို အားဖြည့်ပေးခြင်းဖြင့် ဓားမစိတ်ဆန္ဒဖြင့်လည်း ချင်မူ၏ ဓားမစိတ်ဆန္ဒကို အားကောင်းလာစေ၏။

ထိုအချိန်အတွင်း ချင်မူလည်း ဓားမတာအိုအပေါ် နက်ရှိုင်းစွာ နားလည်လာခဲ့သည်။ သူသည် သူတို့၏ဝိညာဉ်ကို ဓားသွေးကျောက်အလား အသုံးပြု၍ သူ့ကိုယ်သူ သွေးခဲ့လေသည်။

အတိတ်မှ သင်ယူတတ်မြောက်ခဲ့သည့် အသိဉာဏ်များ၊ အတတ်ပညာတို့အား ဓားမလမ်းစဉ်ထဲတွင် ပေါင်းထည့်ခဲ့သည်ဟို ဆိုနိုင်ပေသည်။

နှစ်နှစ်နှင့် ခြောက်လအတွင်း သူ၏ ဓားမလမ်းစဉ်ကား ၁၆ ခုမြောက် ကောင်းကင်ဘုံသို့ ရောက်ရှိသွားခဲ့ပြီး သားသတ်သမားကိုပင် ကျော်တက်သွားခဲ့၏။ မကြာမီ လော့ဝူရွှမ်ကို လိုက်မှီကာ ၁၈ ခုမြောက် ကောင်းကင်ဘုံသို့ ရောက်ရှိသွားခဲ့သည်။

ချင်မူကား ကိုယ်ပိုင်ဓားမတာအိုကိုလည်း ဖော်ဆောင်နိုင်ခဲ့၏။ နောက်ဆုံးတွင် သားသတ်သမား၊ တျန်းရှု၊ ကျဲ့ဟွလီနှင့် လော့ဝူရွှမ်တို့သည်လည်း သူ၏ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုအောက်တွင် တိုးတက်လာခဲ့သည်။

နောက်ဆုံးတွင် သူတို့၏အဆီအနှစ်၊ ချီနှင့် ဝိညာဉ်မှာ တစ်ခုနှင့်တစ်ခု သဟဇာတဖြစ်လာကာ ဟင်းလင်းပြင်အလွှာများတွင် တံဆိပ်ခတ်နှိပ်ခဲ့သည်။ အားလုံးအတူတူ ဓားမတာအိုကို ၂၅ ခုမြောက် ဟင်းလင်းပြင်အထိ ရောက်စေနိုင်ခဲ့သည်။

နှစ်နှစ်နှင့် ခြောက်လအတွင်း ဓားမတာအိုသိုင်းပညာရှင်ငါးဦးသည် ဓားမတာအိုကို ၂၅ ခုမြောက် ဟင်းလင်းပြင်အထိ မြှင့်တင်ပေးနိုင်ခဲ့ရုံသာမက တံဆိပ်ခတ်နှိပ်နိုင်သည့် အဆင့်သို့ပါ စွမ်းဆောင်ပေးခဲ့ကြ၏။ ဤသည်က ဓားမတာအိုတွင် ကြီးမားလှသော အောင်မြင်မှုကြီးတစ်ခုဖြစ်ကာ မျိုးဆက်သစ်၏ ဓားမသိုင်းကွက်နှင့် ကောင်းကင်နတ်သိုင်းများကိုပါ သက်ရောက်မှုရှိလာလိမ့်မည်။

သို့သော် ဤအဆင့်တွင် သူတို့မှာ ပင်ပန်းနေကြလေပြီ။ နောက်ထပ်ကောင်းကင်ဘုံအဆင့်သို့ မြှင့်တင်ပေးနိုင်လျှင်ပင် အချိန်ပိုကြာလိမ့်မည်။

သားသတ်သမားက ခပ်ဩဩ ပြော၏။ “ငါတို့ မင်းနဲ့အတူ ဘိုးဘေးနန်းတော်ကို လိုက်ခဲ့ပြီး တစ်လောကလုံးမှာ စွမ်းအားအကြီးဆုံး ဓားမကို တွေ့ချင်တယ်”

ချင်မူမှာ တခဏ တုံ့ဆိုင်းသွားပြီး တျန်းရှု၊ ကျဲ့ဟွလီနှင့် လော့ဝူရွှမ်ဆီသို့ ကြည့်လိုက်သည်။ ဘိုးဘေးနန်းတော်၏ နတ်ဘုရားစီရင်ရာစင်မြင့်မှာ တစ်လောကလုံးတွင် စွမ်းအားအကြီးဆုံး ဓားမဖြစ်၏။ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များကို ဟင်းသီးဟင်းရွက်များ လှီးဖြတ်သကဲ့သို့ အလွယ်တကူ ခုတ်ပိုင်းသတ်ဖြတ်နိုင်သည်။ သူ၏ မိတ်ဆွေကောင်းများ သူ့အတွက် အသက်စွန့်စားပေးကြမည်ကို မမြင်လိုပေ။

သို့သော် သူ၏ လက်ရှိဓားမတာအိုအောင်မြင်မှုဖြင့် နတ်ဘုရားစီရင်ရာစင်မြင့်သို့ မသေဘဲ ဝင်ရောက်နိုင်ရန် ခက်ခဲနေသေးသည်။

သူ့အနေဖြင့် နတ်ဘုရားစီရင်ရာစင်မြင့်ကို ဖြတ်သန်းနိုင်မည့် ယုံကြည်ချက် မရှိပေ။

သူ၏ဓားမတာအိုကိုသာ ၂၈ ခုမြောက်၊ ၂၉ ခုမြောက်၊ ၃၀ ခုမြောက် ကောင်းကင်ဘုံအထိ မြှင့်တင်နိုင်ပါက နတ်ဘုရားစီရင်ရာစင်မြင့်အား ဖြတ်သန်းကောင်းဖြတ်သန်းနိုင်ပေသည်။

သို့သော် ယခုတွင် မဖြစ်နိုင်သေးပေ။

လော့ဝူရွှမ်က မှင်သေသေ ပြော၏။ “ငါ ကောင်းကင်နတ်ဘုံက နတ်ဘုရားစီရင်ရာစင်မြင့်ကို တစ်ခါသွားခဲ့ဖူးတယ်… မသေခဲ့ဘူး… ကောင်းကင်နတ်ဘုံက နတ်ဘုရားစီရင်ရာစင်မြင့်ရဲ့ ဓားမတာအိုကလည်း စည်းကမ်းတင်းကြပ်တယ်… ငါ ဘိုးဘေးနန်းတော်ရဲ့ နတ်ဘုရားစီရင်ရာစင်မြင့်ဆီ သွားနိုင်ရင် မင်းကို ကူညီပေးနိုင်လိမ့်မယ်”

ကျဲ့ဟွလီက အကြောဆန့်ရင်း ပြုံးသည်။ “ငါ ဘိုးဘေးနန်းတော်ကို တစ်ခါမှမရောက်ဖူးတော့ လိုက်ကြည့်ရတာပေါ့…. မင်းလိုတော့ သတ္တိမရှိပါဘူးကွာ… မဝင်ရဲဘူး ကြည့်ရုံပဲ ကြည့်မှာ”

တျန်းရှုက ခပ်ဟဟ ရယ်လျက် ပြော၏။ “တစ်လောကလုံးရဲ့ စွမ်းအားအကြီးဆုံးဓားမက ငါ့တော်ဝင်မုခ်ဝနတ်ဓားမထက်ပဲ သန်မာဦးမှာလား…. ငါ့ဓားမက မြေအောက်ဘုံအရှင်သခင်ရဲ့ ဦးချိုကိုတောင် ခုတ်ပိုင်းပစ်နိုင်တယ်… အဲဒီသဘာဝအလျောက် ဖြစ်ပေါ်နေတဲ့အရာက ငါတို့ အစွမ်းကုန်ကြိုးစားပြီး သိမြင်နားလည်ထားတဲ့ ဓားမတာအိုထက် သာလိမ့်မယ်လို့ ငါ မထင်ဘူး”

မာန်ဟုန်မြစ်အပေါ်၌ တာအိုဉာဏ်အလင်းပွင့်ကြပြီးနောက် သူတို့တစ်ဦးတစ်ယောက်ချင်းစီသည် အကျိုးအမြတ်များစွာ ရခဲ့ကြ၏။ သူတို့၏အဆီအနှစ်၊ချီနှင့် ဝိညာဉ်တို့ကို ပြိုင်ဘက်ကင်းအောင် ပျိုးထောင်ပေးခဲ့ကာ သူတို့၏စိတ်ဆန္ဒကိုလည်း ဓားမများနည်းတူ သွေးခဲ့ကြသည်။

“လူပျက်လေးယောက်က အနည်းဆုံးတော့ ကောင်းကင်နတ်အရှင်မူနဲ့ ယှဉ်လို့ရတယ်”

သားသတ်သမားက တည်ငြိမ်အေးဆေးစွာ ပြောသည်။ “ငါတို့ငါးယောက်က ဓားမတာအိုအထွတ်အထိပ်ဆီ လျှောက်လှမ်းပြီးနေပြီ… နောက်ထပ်လှမ်းစရာ အမြင့်ဆုံးဆိုတာ မရှိတော့ဘူး… တစ်လောကလုံးမှာ စွမ်းအားအကြီးဆုံး ဓားမတဲ့လား… ဘာပဲဖြစ်ဖြစ် ငါတို့ငါး‌ယောက် ကြိုးစားကြည့်ကြရမှာပဲ… မင်းမှာ မင်းကိုယ်မင်း ကာကွယ်နိုင်ဖို့ ယုံကြည်ချက် ရှိမနေမှတော့ ငါတို့ငါးယောက် အတူတူ နတ်ဘုရားစီရင်ရာစင်မြင့်ဆီ ဝင်ရောက်ဖို့ ကြိုးစားကြည့်ကြတာပေါ့”

တျန်းရှုက နှုတ်ခမ်းသပ်လိုက်ရငး် ပြောသည်။ “ငါတို့ရဲ့စွမ်းရည်တွေက ၂၅ ခုမြောက် ဟင်းလင်းပြင်မှာတောင် တံဆိပ်ခတ်နှိပ်ပြီးနေပြိ… ငါတို့သေသွားရင်တောင်မှ မဟာတာအိုက ပျောက်ကွယ်သွားမှာမဟုတ်ဘူး… ဒီလောက်အောင်မြင်မှုနဲ့ ဒီဘဝက ကျေနပ်လို့ရနေပါပြီကွာ … ခိုင်ဧကရာဇ်တောင် ငါတို့နဲ့ ကောင်းကင်ဘုံ ၁၀ ဘုံပဲ ကွာတော့တာ”

“ဓားလမ်းစဉ်ရဲ့ ဟင်းလင်းပြင် ၃၅ လွှာ”

လော့ဝူရွှမ်မှာ အံ့ဩစွာဖြင့် ရေရွတ်လိုက်သည်။ “ဓားမလမ်းစဉ်က ဟင်းလင်းပြင် ၃၅ လွှာအထိ မရောက်ဘဲ... ဓားလမ်းစဉ်နဲ့ မယှဉ်ပြိုင်နိုင်ရင် သိပ်နှမြောဖို့ကောင်းမှာ.. ဘိုးဘေးနန်းတော်ရဲ့ နတ်ဘုရားစီရင်ရာစင်မြင့်က ငါတို့ရဲ့ ဓားမတာအို နောက်တစ်လှမ်း တက်နိုင်ဖို့ အလှည့်အပြောင်း ဖြစ်လာနိုင်တယ်”

ချင်မူမှာ သူတို့ဆီသို့ ကြည့်လိုက်ရင်း နွေးထွေးသော ခံစားချက်အား ခံစားလိုက်ရသည်။ သူ့နှလုံးသားထဲတွင် ကျေးဇူးတင်မှုများ ပြည့်နှက်နေ၏။

တာအိုကို ရှာဖွေမည်ဟုသာ ပြောဆိုနေကြသော်လည်း အမှန်တကယ်တွင် သူ၏ဘေးကင်းမှုအတွက် စိတ်ပူနေကြခြင်း ဖြစ်သည်။

“ဟုတ်ပါပြီ”

ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ကျွန်တော်တို့ လူပျက်ငါးယောက် အတူတူသွားကြတာပေါ့ဗျာ”

အားလုံးက ရယ်မောလိုက်ကြသည်။ “လူပျက်ငါးယောက်တဲ့လား… ခိုင်ဧကရာဇ်ရဲ့ ဓားတာအိုနဲ့ ယှဉ်နိုင်မလား… သွားကြည့်ကြစို့”

ဘိုးဘေးနန်းတော်ထဲတွင် စွမ်းအင်အကူးအပြောင်းတံတား ဆယ့်တစ်စင်းသည် အတူတကွ ဆက်နွယ်လျက် တံတားကြီးတစ်စင်းအား ဖော်ဆောင်ထားကြ၏။ စွမ်းအင်ကူးအပြောင်းတံတား ဆယ့်တစ်စင်း၏ တည်နေရာမှာ တာအိုဂိုဏ်း၏ ပညာရှင်များမှ သေချာစွာ အတိအကျ တွက်ချက်ထားခြင်း ဖြစ်၏။

ထိုစွမ်းအင်အကူးအပြောင်းတံတားများ၏ တည်နေရာမှာ တစ်ခုနှင့်တစ်ခု ဆက်နေ၍ အလင်းရောင်တို့က ကောင်းကင်နတ်ဘုံတစ်ခုလုံးအား အလင်းပေးနိုင်ရန် လုံလောက်သည်။

ယနေ့တွင် ကောင်းကင်နတ်ဘုံ၏ မရေမတွက်နိုင်သော နတ်ဘုရားများ တစ်ယောက်ပြီးတစ်ယောက် ရွှေ့ပြောင်းနေကြ၏။ မရေမတွက်နိုင်‌သော သင်္ဘောများက ကောင်းကင်ဘုံမှ ထွက်ခွာလာနေကြသည်။ သံကြိုးများ၏ အစွန်းတစ်ဖက်ကို သင်္ဘောများတွင် ချည်ထားပြီး ကျန်တစ်ဖက်ကိုတော့ ကောင်းကင်နတ်ဘုံတွင် ချည်နှောင်ထားကာ အားကုန်ဆွဲယူနေကြလေသည်။

ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နန်း‌ဆောင်တိုင်း၊ ခန်းမတိုင်းတွင် အင်အားကြီးမားသော ပုဂ္ဂိုလ်များ ရှိနေကြသည်။ သူတို့က နန်းဆောင်များနှင့် ခန်းမ ၇၂ ဆောင်၏ စွမ်းအားကို သုံးလျက် ကောင်းကင်နတ်ဘုံကို အရှိန်မြှင့်တင်နေကြ၏။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်မြစ်က ကွေ့ကောက်လာပြီး ကောင်းကင်နတ်ဘုံနှင့်အတူ ရွေ့လျားနေသည်။

ဘိုးဘေးနန်းတော် အပေါ်ဘက်ကောင်းကင်ပေါ်တွင် ကောင်းကင်နတ်ဘုံ၏ ထောင့်စွန်းတစ်နေရာသည် စွမ်းအင်အကူးအပြောင်းတံတားထက်တွင် ပေါ်လာချေပြီ။ ဧရာမသင်္ဘောကြီးများက အရှိန်အပြည့်တင်၍ ကောင်းကင်နတ်ဘုံအား သံကြိုးများမှတဆင့် ဘိုးဘေးနန်းတော်ထဲသို့ ဆွဲလာကြ၏။

စွမ်းအင်အကူးအပြောင်းတံတားတစ်စင်းတည်း၏ စွမ်းအားဖြင့် ကြီးမားလှသောအရာကြီးကို ဆွဲခေါ်ရန် မလုံလောက်ပေ။ ကောင်းကင်နတ်ဘုံ၏ ရှိသမျှနတ်ဘုရားများအားလုံး ဝင်ဆွဲနေကြရသည်။ သို့ထိတိုင် ကောင်းကင်နတ်ဘုံမှာ နှေးကွေးစွာသာ ‌ရွေ့လျားလာနေ၏။

မြင်ကွင်းမှာ အမှန်တကယ် ကြီးကျယ်ခမ်းနားလှပေသည်။ ကောင်းကင်နတ်ဘုံ၏ အရိပ် ဘိုးဘေးနန်းတော်ကောင်းကင်ကို ဖုံးလွှမ်းသွားသည့်အခါတွင် ဘိုးဘေးနန်းတော်၏ ကြယ်တာရာကောင်းကင်နှင့် နေလုံးကြီးပင် အရောင်မှိန်သွားရ၏။

ဘိုးဘေးနန်းတော်မှာ နေရာဟင်းလင်းပြင်မှာ ပိုမိုသိပ်ကြပ်လာပြီး ပုံပျက်လာသည်။ ဟင်းလင်းပြင်၏ အရပ်လေးမျက်နှာတွင် ပြင်းထန်လှသော တုန်ခါမှုများ ထွက်ပေါ်လာသည်။

ကောင်းကင်နတ်ဘုံ ဘိုးဘေးနန်းတော်ထဲသို့ ဝင်ရောက်နေချိန်တွင် တံတားများပေါ်မှ စွမ်းအင်ကူးပြောင်းမှုများ ဖြစ်ပေါ်လာကြသည်။ အလင်းရောင်အား ကမ္ဘာဦးဘုံရှိ သက်ရှိအားလုံး မြင်နေကြရ၏။

အလင်းရောင်သည် ဘိုးဘေးနန်းတော်မှ နေရာရွှေ့ပြောင်းနေသည့် စွမ်းအင်များ ဖြစ်ကြလေသည်။

ကမ္ဘာဦးဘုံထဲတွင် စွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော အလင်းတန်းဆယ့်တစ်တန်းအား မြင်နေကြရ၏။ အလင်းတန်းများ ပြန့်ကားထွက်လာစဉ် ကျယ်ပြောနက်နဲသည့် စွမ်းအင်ကြီးက တဖြည်းဖြည်း စုစည်းသွားပြီး မူလကောင်းကင်နတ်ဘုံအထက်တွင် ကြယ်တာရာများ ဖြည်းဖြည်းချင်းဖွဲ့တည်လိုက်သည်။

ကောင်းကင်နတ်ဘုံ ထွက်ခွာသွားသည်နှင့် ခမ်းနားသော ကောင်းကင်ဘုံများ ထွက်ပေါ်လာကြသည်။ ကောင်းကင်နတ်ဘုံ ပျောက်ကွယ်သွားသည့်နေရာမှာ အလွန်အမင်း အရောင်အသွေးစုံလင်လာ၏။

ဘိုးဘေးနန်းတော်ထဲတွင် ကောင်းကင်နတ်အရှင်ဆယ်ပါးမှာ ကိုယ်ပိုင်စွမ်းအင်အကူးအပြောင်းတံတားများ၏ ဘေးတွင် ရပ်လျက် ကောင်းကင်သို့ မော့ကြည့်နေကြသည်။

ကောင်းကင်နတ်ဘုံသည် ဘိုးဘေးနန်းတော်ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာ၏။ ကောင်းကင်နတ်ဘုံ တာအိုဂိုဏ်း၏ တွက်ချက်မှုများက ထူးချွန်သော်လည်း ကောင်းကင်နတ်ဘုံမှာ ကြီးမားလွန်းသည့်အတွက် ရွှေ့ပြောင်းရာတွင် အမှားအယွင်းများ အနည်းငယ် ပါရှိခဲ့သည်။

ကောင်းကင်နတ်ဘုံ၏အစွန်းက ဝိညာဉ်အကူးအပြောင်းတံတားဆီသို့ အပြည့်အဝ ဝင်ရောက်မလာခဲ့ပေ။ ၎င်းက ဝိညာဉ်အကူးပြောင်းတံတား၏ အလင်းရောင်ကြောင့် ဖြတ်တောက်ခံခဲ့ရပြီး ချက်ချင်းပင် ကောင်းကင်နတ်ဘုံမှ ကွဲထွက်သွားခဲ့သည်။ ကောင်းကင်နတ်ဘုံကို ဆွဲယူလာကြသည့် အချို့သင်္ဘောများမှာလည်း အနည်းငယ် ယိမ်းယိုင်သွားကြပြီး ရလဒ်အနေဖြင့် စွမ်းအင်အကူးအပြောင်းတံတား၏ ဖြတ်တောက်ခြင်းခံရကာ သင်္ဘောအစိတ်အပိုင်းများက ကောင်းကင်ပေါ်မှ ပြုတ်ကျလာကြသည်။

အစိတ်အပိုင်းများက ကီလိုမီတာထောင်သောင်းပေါင်းများစွာ ရှည်လျားသည့် မီးတန်းကြီးများနှင့်အတူ ပြုတ်ကျလာကြသည်။ ၎င်းတို့က ဆယ်ရက်ကျော်အထိ ဘိုးဘေးနန်းတော်ကောင်းကင်မှ မြေပြင်ပေါ်သို့ ပြုတ်ကျနေကြဆဲဖြစ်၏။

သို့ထိတိုင် ၎င်းအစိတ်အပိုင်းများက အပြည့်အဝ မလောင်ကျွမ်းသွားကြပေ။ ဘိုးဘေးနန်းတော်မြေပြင်သို့ ဆက်လက်ပြုတ်ကျနေကြပြီး တောင်တန်းများပြိုလဲ၍ မြေပြင်ကို အက်ကွဲလာစေသည်။ မီးမုန်တိုင်းများ တောက်လောင်နေကြပြီး မီးကြယ်တံခွန်များက မိုးစက်များအလား ရွာကျနေ၏။ သဘာဝကပ်ဘေးများက အဆက်မပြတ် ဖြစ်ပျက်နေကြသည်။

ကောင်းကင်နတ်အရှင်ဆယ့်တစ်ပါးက ၎င်းကို မသိချင်ယောင်ဆောင်ထားပြီး ကောင်းကင်နတ်ဘုံ ရွှေ့ပြောင်းလာသည်ဖြစ်စဉ်ကိုသာ ဆက်လက်ကွပ်ကဲနေကြသည်။

ဖြတ်တောက်ခံလိုက်ရသည့် ကောင်းကင်နတ်ဘုံ အပိုင်းအစမှာ သေးငယ်လွန်းသည်။ အရေးမပါပေ။

ထိုအခိုက်အတန့်တွင် မြောက်ကောင်းကင်မုခ်၀မှာ ဖွင့်ချခံလိုက်ရသည်။ မုခ်ဝကြီး ယိုင်နဲ့သွားပြီး ကောင်းကင်နတ်ဘုံထဲမှ လဲပြိုကျလာ၏။ ခမ်းနားလှသော ကောင်းကင်မုခ်၀မှာ ကောင်းကင်ထက်ရှိ ကြယ်တာရာများအဖြစ် ပြောင်းလဲသွားတော့သည်။ ကြယ်များမှာ ဘိုးဘေးနန်းတော်၏ ပထဝီအနေအထား စွမ်းအင်ကြောင့် ဒါဇင်များစွာသော အစိတ်အပိုင်းများအဖြစ် ကွဲအက်သွားကြလေရာ တဖျတ်ဖျတ် တောက်ပနေသော သေးငယ်သည့် ကြယ်လေးများအလားပင်။

ရုတ်တရက် ကောင်းကင်နတ်အရှင်ဟုန်က မျက်မှောင်ကြုတ်၍ တာအိုဂိုဏ်းမှ ရသေ့တစ်ဦးကို ခေါ်လိုက်သည်။ သူက ခပ်ဩဩအသံဖြင့် မေး၏။ “ဘာလို့ နေရာရွှေ့ပြောင်းတာ နှေးနေရတာလဲ”

တာအိုဂိုဏ်းမှ ရသေ့တစ်ဦးက ဖြေသည်။ “ကောင်းကင်နတ်အရှင်၊ စွမ်းအင်အကူးအပြောင်းတံတားက ပူလွန်းနေလို့ပါ… စွမ်းအင်တွေ ကူးပြောင်းတဲ့အခါ ယဇ်ပလ္လင်ကို ပွတ်တိုက်သွားမိပြီး ပလ္လင်က ခံနိုင်ရည် ရှိမှာမဟုတ်ဘူး…. ကျွန်တော်တို့ ကောင်းကင်ဘုံအမျိုးမျိုးက မိုးနဲ့ရေ သိုင်းပညာရှင်တွေအများကြီး ခေါ်ပြီး တံတားကို အေးအောင် လုပ်နေပါတယ်…. တာအိုဆရာသခင်ကလည်း အခု တံတားကို ချိန်ညှိရင်း ကောင်းကင်နတ်ဘုံ အများကြီးဖြတ်တောက်မခံရအောင် လုပ်ရမယ်လို့ ပြောနေပါတယ်”

ကောင်းကင်နတ်အရှင်ဟုန်က ခေါင်းညိတ်သည်။ “မိုးနဲ့ရေသိုင်းပညာရှင်တွေအပြင် ပင်လယ်တွေက နဂါးဘုရင်တွေကိုပါ မြန်မြန်စုဝေးခိုင်းလိုက်”

တာအိုရသေ့မှာ အလောတကြီး ထွက်ခွာသွားသည်။

အခြားတစ်ဖက်တွင် ကျန်ကောင်းကင်နတ်အရှင်များကလည်း ဤကိစ္စကို မေးမြန်းနေကြသည်။ နတ်အရှင်မချန်းက တာအိုရသေ့ကို ထွက်ခွာခိုင်းလိုက်ရင်း စိတ်ထဲတွင် တွေးနေ၏။ “ကောင်းကင်ဘုံတွေက မိုးနဲ့ရေသိုင်းပညာရှင်တွေကို စုစည်းခိုင်းဖို့ ဆိုရင် တစ်လကျော် ကြာလိမ့်မယ်….”

သူမ ထိုသို့ တွေးနေစဉ်တွင် နောက်ထပ်တပည့်တစ်ဦးက လာရောက်အစီအရင်ခံသည်။ “အရှင်မ၊ ကောင်းကင်နတ်အရှင်မူ ရောက်လာပါတယ်… သူက အရှင်မရဲ့ ပိုင်နက်ထဲက နတ်ဘုရားစီရင်ရာစင်မြင့်ဆီ သွားမယ် ပြောနေပါတယ်”

နတ်အရှင်မချန်းက အနည်းငယ် အံ့အားသင့်သွားသော်လည်း ပြုံးလိုက်သည်။ “အဲဒီကောင်လေးက ခေါင်းမာသားပဲ.. သူက သေဖို့ ရောက်လာတာ… သွားခိုင်းလိုက်”

တပည့်က အလျင်အမြန် လျှောက်တင်သည်။ “သူနဲ့အတူ ထူးဆန်းတဲ့ လူလေးယောက်လည်း ပါလာပါတယ်… တစ်ယောက်က လက်တစ်ဖက် မရှိဘူး… တစ်ယောက်က အရက်မူးနေတယ်… တစ်ယောက်က ဝက်သတ်သမားနဲ့ တူပြီးတော့ ကျန်တဲ့ တစ်ယောက်ကတော့ ကျောပေါ်မှာ မျက်လုံးတစ်လုံး ပါတဲ့ မိစ္ဆာဓားမတစ်လက် ထမ်းထားတယ်... ကောင်းကင်နတ်အရှင်မူက နတ်ဘုရားစီရင်ရာစင်မြင့်အပေါ် အတူတက်ဖို့ မိတ်ဆွေတချို့ ခေါ်လာတာလို့ ပြောပါတယ်”

နတ်အရှင်မချန်းက လက်ခါပြလိုက်ရင်း စိတ်ထဲမထားပေ။ “သူ ဘယ်လောက်ပဲ လူများများ ခေါ်လာပါစေ အားလုံး ကိုယ့်သေတွင်းကိုယ် တူးနေကြတာပဲ…. သူတို့ နတ်ဘုရားစီရင်ရာစင်မြင့်အပေါ် တက်လို့ရတယ်လို့ ကောင်းကင်နတ်အရှင်မူကို သွားပြောလိုက်… ငါ ဒီမှာနေပြီး ကြီးကြပ်ပေးရဦးမယ်…. နောက်မှ သူ့ကို သွားပြီး ကူညီလိုက်မယ်”

ထိုတပည့်က အမိန့်နာခံ၍ ခပ်သုတ်သုတ် ထွက်ခွာသွားသည်။

ဘိုးဘေးနန်းတော်၏ နတ်ဘုရားစီရင်ရာစင်မြင့်အရှေ့တွင် ချင်မူနှင့် သားသတ်သမားသည် ရပ်လျက် ထိတ်လန့်တုန်လှုပ်ဖွယ် ဓားမချီနှစ်လက်ကို ကြည့်နေကြ၏။ သူတို့မှာ မျက်နှာအမူအရာများ ပျက်ယွင်းနေကြသော်လည်း မချီးကျူးမိဘဲ မနေနိုင်ကြချေ။ “ကောင်းလိုက်တဲ့ ဓားမတွေ”

သူတို့၏ပတ်ပတ်လည်တွင် ပေါက်ကွဲသံများ ကြားရနိုင်ပြီး ၎င်းက တစ်လောကလုံး၏ နံပါတ်တစ်ဓားမ၊ နတ်ဘုရားစီရင်ရာစင်မြင့်၏ စွမ်းအားသာဖြစ်သည်။ ဓားမလမ်းစဉ်၏ ဆရာသခင်ငါးဦး ဤနေရာသို့ ရောက်လာသည့်အချိန်တွင် ဘေးအန္တရာယ်ချီ‌ကြောင့် ဖွဲ့တည်နေသည့် ဓားမစိတ်ဆန္ဒနှစ်ခုက သူတို့၏ ဓားမစိတ်ဆန္ဒများနှင့် ထိပ်တိုက်တွေ့သွားခဲ့ကြ၏။

နတ်ဘုရားစီရင်ရာစင်မြင့်မှာ သဘာဝအတိုင်း ဖြစ်တည်ခဲ့သောအရာပင်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီး၏ အသက်အဖြတ် အရှိန်အဝါတို့ကို စုပ်ယူခဲ့သည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာခဲ့ပြီဖြစ်၏။ ဘိုးဘေးနန်းတော်၏ နှစ်ပေါင်း မရေမတွက်နိုင်အောင် ဖြစ်ပွားခဲ့သော တိုက်ပွဲများမှ အသက်အဖြတ် အရှိန်အဝါများ၏ အားဖြည့်ပေးခြင်းကြောင့် ၎င်းသည် ပြိုင်ဘက်ကင်းအောင် စွမ်းအားကြီးမားကာ ခက်ထန်လာခဲ့၏။

ကံကောင်းစွာဖြင့် သူတို့ငါးယောက်မှာ ဓားမဆရာသခင်များ ဖြစ်ကြသည့်အလျောက် အင်အားကြီးမားလှသော ဓားမ၏ ဓားမစိတ်ဆန္ဒ ကျူးကျော်ခြင်းအား မခံရပေ။

တျန်းရှူ၏မျက်နှာမှာ သွေးဆုတ်ဖြူလျော့နေ၏။ သူက ချာခနဲ လှည့်၍ ထွက်သွားပြီး ခပ်ကျယ်ကျယ် ရယ်နေသည်။ “ငါ အရေးကြီးလုပ်စရာ ရှိတာ အခုမှ သတိရတယ်… မင်းတို့အရင် ဝင်နှင့်ကြ…ငါ အရင် သွားတော့မယ်”

သားသတ်သမားက သူ့ကို ပြန်ဆွဲခေါ်လိုက်ကာ ပြောသည်။ “ငါ့မှာ ဝိုင်အကောင်းစားတွေ သင်္ဘောတစ်စီးစာတောင် ကျန်သေးတယ်နော်”

တျန်းရှု၏ မျက်နှာအမူအရာက မရေမရာဖြစ်နေပြီး အံကြိတ်လျက် ကြိမ်းဝါးလိုက်လေသည်။ “သူခိုးနတ်ဘုရားကို နောက်ထပ်သင်္ဘောတစ်စင်း ခိုးခိုင်းလိုက်မယ်… ပြီးရင် သောက်ပစ်မယ်”

သားသတ်သမားက ပြုံး၏။ “ပြောတာတော့ လွယ်တာပေါ့ကွာ… အားလုံးပဲ သတိထားမိကြလား”

အားလုံးက သူ့ကို ကြည့်လိုက်ကြသည်။

သားသတ်သမားက ပြုံးလျက်ပင် ပြောသည်။ “အဲ့ဒီအသတ်အဖြတ်အရှိန်အဝါနှစ်ခုက ဝိညာဉ်နဲ့ ဆက်နွယ်နေခဲ့တာ အချိန်အတော်ကြာခဲ့ပြီ… သူတို့က ပြိုင်ဘက်ကင်း နတ်ဓားမနှစ်လက်အဖြစ် ပြောင်းလဲသွားတော့မှာ… ငါတို့ အနိုင်ယူနိုင်ရင် အဲဒီဓားမနှစ်လက်က အထွတ်အမြတ်ရတနာတွေ ဖြစ်လာနိုင်တယ်”

အားလုံးမှာ နှလုံးသားများ တုန်လှုပ်သွားကြပြီး ဘေးအန္တရာယ်ချီနှစ်မျှင်ဆီသို့ ချက်ချင်းကြည့်လိုက်သော်လည်း မည်သည့်အရာကိုမှ မမြင်ရပေ။

ချင်မူလည်း မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးအား ဖွင့်၍ ဘေးအန္တရာယ်ချီနှစ်မျှင်ကို ကြည့်လိုက်သည်။ သူခန္ဓာကိုယ်မှာ အနည်းငယ်တုန်ရီသွားပြီး ခပ်တိုးတိုး ချီးကျူးလိုက်၏။ “ကောင်းလိုက်တဲ့ နတ်ဓားမနှစ်လက်ပါလား”

All Chapters