ပြဿနာများ
Vol. 12 Ch. 13
အေမီက မက်ဒါနာကိုတွဲပြီးတော့ ဂိုင်ယာအာကာသစခန်းမှာ ပြန်ပေါ်လာတယ်။ အခုထိ မက်ဒါနာက တစ်ကိုယ်လုံး တုန်ယင်နေဆဲပါပဲ။ အေမီက မက်ဒါနာရဲ့အခြေအနေကို အကဲခတ်ရင်းနဲ့...
“မမလေးကို အနားယူဖို့အတွက်ခေါ်သွားပေးပါ့မယ်။”
အေမီက မက်ဒါနာကို အာကာသစခန်းထဲမှာရှိနေတဲ့ အိပ်ခန်း တစ်ခန်းဆီကို ခေါ်သွားပေးပါတယ်။ အိပ်ရာထဲမှာလဲနေပြီး အချိန်အတော်ကြာတော့မှ မက်ဒါနာက တုန်ယင်နေတာ ရပ်သွားပြီး အေမီကို ကြည့်လိုက်လေရဲ့။
“စိတ်ပူအောင်လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်။”
ဒါပေမဲ့ အေမီကတော့ ခေါင်းကို ခါယမ်းပြလိုက်ပြီးတော့ “အဲဒီလိုမဟုတ်ပါဘူး။ ကျွန်မကသာ မမလေးကို အတင်း ဖိအားပေးခဲ့မိတာပါ။”
အေမီက အမှားလုပ်မိတဲ့လေသံနဲ့ပြောတော့ မက်ဒါနာက အေမီကို ခေါင်းပွတ်ကာနှစ်သိမ့်ပေးလိုက်ပြီး “အဲဒီလိုလည်း မဟုတ်ပါဘူး။ ငါကသာ ဒီလိုကိစ္စတွေနဲ့ ကျင့်သားရရမယ့် သူပါ။ အခုလိုမျိုးကြံကြံမခံနိုင်ဖြစ်နေရင် တစ်ချိန်ကျရင် သူတို့ရဲ့မှတ်ဉာဏ်တွေကြားထဲ ငါပျောက်ဆုံးသွားမလား မသိဘူး။”
“စိတ်မပူပါနဲ့၊ အဲဒီလိုဖြစ်လာရင် ကျွန်မက မမလေးကို အခုလိုပဲ ကယ်ပေးဦးမှာ။”
အဲဒီနောက်တော့ သူတို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်းနဲ့ ရယ်မောလိုက်ကြတယ်။ အဲဒီနောက် အေမီက သူထိုင်နေတဲ့ခုံကနေ ထလိုက်ပြီး အိပ်ခန်းထဲကနေ ထွက်သွားတယ်။
“မမလေးအတွက် စားစရာတစ်ခုခု လုပ်ပေးမယ်နော်။ ခဏလေးစောင့်။”
သိပ်မကြာခင်မှာပဲ အေမီက အငွေ့တထောင်းထောင်း ထွက်နေတဲ့ ဟင်းတစ်ပွဲနဲ့အတူပြန်လာတယ်။ ပါလာတဲ့ ဟင်းပွဲက သိပ်ပြီးခမ်းခမ်းနားနားတော့မဟုတ်။ မုန်လာဥ အနီကို ကြွပ်ကြွပ်လေးကင်ထားရုံပဲ။
“ဒီအာကာသစခန်းပေါ်မှာ စားစရာတွေအများကြီး မရှိတဲ့အတွက် စိတ်မရှိပါနဲ့ မမလေး။” အေမီက ကြောက်ရွံ နေတဲ့ပုံစံမျိုးနဲ့ပြောလိုက်တယ်။ မက်ဒါနာကတော့ ဒီအတွက် စိတ်ဆိုးသွားပုံမပေါ်ပါဘူး။
“ရပါတယ်၊ အေမီက ငါ့အတွက်ဟင်းချက်ပေးတယ် ဆိုကတည်းက ဝမ်းသာလှပါပြီ။”
မက်ဒါနာစားလို့ပြီးတော့ အေမီက ပန်းကန်ကိုပြန်သိမ်းပြီး အခန်းထဲကနေ ထွက်မသွားခင် အခုလိုပြောလိုက်ပါတယ်။ “မမလေးတို့ကမ္ဘာကအချိန်နဲ့ဆိုရင် အိပ်ချိန်ရောက်ပြီမလို့ ကောင်းကောင်းနားလိုက်ပါဦး။ အိပ်ရာကနိုးလာမှ ကျွန်မတို့ အလုပ်ဆက်လုပ်ကြတာပေါ့။”
“အင်း...” မက်ဒါနာက ခေါင်းညိတ်ပြလိုက်တယ်။ အေမီက တက်ကြွနေတဲ့ပုံစံမျိုးနဲ့ တံခါးကိုပိတ်လိုက်တယ်။ တံခါးက ခွာပြီးတဲ့အချိန်မှာ အေမီရဲ့မျက်နှာပေါ်မှာ ပျော်ရွှင်နေတဲ့ အမူအရာမျိုးရှိမနေတော့ဘူး။
...
“မက်ဒါနာ၊ ငါတို့ထဲက ဘယ်သူက လင်ဒါအစစ်လဲ။”
နယူးယောက်ဟီးရိုးကျောင်းထဲက မက်ဒါနာရဲ့စမ်းသပ်ခန်း အဟောင်းထဲကို လင်ဒါနှစ်ယောက်က ပြိုင်တူဝင်လာတယ်။ သူတို့နှစ်ယောက်က ယူနီဖောင်းတွေ ဝတ်မထားတော့ဘဲ အဲဒီအစား ဥရောပမှာခေတ်စားတဲ့ အဖြူရောင်ဘလောက် အင်္ကျီနဲ့ အပြာရောင်ဂါဝန်စကတ်လှလှလေးကို ဆင်တူ ဝတ်ထားကြတယ်။
သူတို့က မက်ဒါနာ သုတေသနလုပ်နေတုန်း စျေးဝယ် ထွက်သွားကြတာ။ ပြန်လာတော့ တစ်ယောက်နဲ့တစ်ယောက် အတော်လေးခင်နေပြီဖြစ်ပြီးတော့ မက်ဒါနာကို စတောင် နေကြသေးတယ်။
မက်ဒါနာကတော့ ဇွန်ဘီမလေးကို ပါးစပ်ဟခိုင်းပြီးတော့ အထဲကို ဓာတ်မီးသေးသေးလေးနဲ့ထိုးကြည့်လိုက်တယ်။ မက်ဒါနာရဲ့ပုံစံက သိပ္ပံပညာရှင်တစ်ယောက်ထက် ကလေး ဆရာဝန်တစ်ယောက်နဲ့တူနေတယ်။
လင်ဒါတို့နှစ်ယောက်က သူ့ကိုလာပြီး အနှောင့်အယှက် ပေးနေတဲ့အတွက်ကြောင့် မက်ဒါနာက သူတို့တွေကို စိတ်ပျက်ပျက်နဲ့ကြည့်လိုက်ပြီး တစ်ယောက်ချင်းစီကို လက်ညိုးထိုးလိုက်တယ်။
“ဒီညာဘက်က တစ်ယောက်က ဒီကမ္ဘာက လင်ဒါပဲ။ ကိုယ်ဟန်အမူအရာနဲ့ပုံစံက အတူတူလို့ထင်ရတယ်ဆိုပေမဲ့ နင်လမ်းလျှောက်တဲ့ပုံစံက စစ်ပုံသိပ်မကျဘူး။ ရဲတွေက သူများကိုတိုက်ခိုက်ဖို့ထက် စုံစမ်းစစ်ဆေးရေးနဲ့ ဥပဒေ အကြောင်းအရာတွေကို ပိုသင်ရလို့ အဲဒီအပိုင်းမှာ မဆိုသလောက်လေး အားနည်းတယ်။”
“ဒီဘယ်ဘက်က တစ်ယောက်က သာမန်လူတစ်ယောက်လို လှုပ်ရှားဖို့လုပ်နေပေမဲ့ တအားတောင့်တောင့်ကြီး ဖြစ်နေတယ်။ နင့်ကမ္ဘာမှာနင်က ကာကွယ်ရေးတပ်ထဲ ဝင်ထားတာမဟုတ်လား။ ဒီတော့ ဒီကမ္ဘာက လင်ဒါ မဖြစ်နိုင်ဘူး။”
လင်ဒါနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ပြီး ရယ်မောလိုက်ကြတယ်။ “ငါပြောပါတယ်။ ငါတို့ရှေ့က မက်ဒါနာက ဒေတာဘေ့စ်ကြီးပါဆို။”
မက်ဒါနာကတော့ မိန်ကလေးနှစ်ယောက်ကို စိတ်ညစ်နေတဲ့ ပုံစံနဲ့ ကြည့်လိုက်တယ်။ လင်ဒါနံပါတ်တစ်ကတော့ ဇွန်ဘီ မလေးနားကိုကပ်လာပြီး...
“သုတေသနလုပ်တာကရော ဘာထူးခြားမှုရှိလဲ။” လို့ မေးတယ်။
မက်ဒါနာက ပခုံးတွန့်ပြရင်း။ “ သဲလွန်စ နည်းနည်းလေးတောင်မရဘူး။ သီအိုရီအရတော့ ဇွန်ဘီမလေးကို လုံလောက်တဲ့စွမ်းအင်အရင်းအမြစ် ပေးမယ်ဆိုရင် အပြိုင်ကမ္ဘာတွေအထိပါ သွားလို့ရနိုင်တယ်။ ပထမပြဿနာတစ်ခုက ဒီအသေးမလေးက အခုနှစ်ပိုင်းအတွင်း မုန့်တွေအများကြီးစားပြီး စွမ်းအင်တွေစုဆောင်းနေတယ် ဆိုပေမဲ့ မလုံလောက်ဘူး။ ကမ္ဘာတစ်ခုလုံးကို မီးထွန်းပေးနိုင်တဲ့ စွမ်းအင်မျိုးနဲ့မှ အပြိုင်ကမ္ဘာကိုသွားလို့ရမယ့် ပေါ်တယ်မျိုး ဖွင့်လို့ရမှာ။”
လင်ဒါနံပါတ်နှစ်က မက်ဒါနာရဲ့စကားကနေတစ်ဆင့် ပြဿနာတစ်ခုကို သတိပြုမိသွားတယ်။ “ပထမပြဿနာ ဆိုတော့ ပြဿနာတွေက တစ်ခုထပ်များတဲ့ပုံပဲ။”
မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။ “စွမ်းအင်ကိစ္စက ငါတကယ်ကြိုးစားရင် အချိန်တိုအတွင်း ဖြေရှင်းလို့ရတယ်။ တကယ့်ပြဿနာက အခုမှစမှာ။ ဇွန်ဘီမလေးက မရောက်ဖူး၊ မမြင်ဖူးတဲ့ နေရာတွေကိုမသွားနိုင်ဘူး။”
“.....” လင်ဒါနှစ်ယောက်လုံး စိတ်ဓာတ်ကျသွားကြတယ်။ အပြိုင်ကမ္ဘာကို မြင်ဖူးတဲ့သူဆိုလို့ ဒီနေရာမှာက လင်ဒါ နံပါတ်နှစ်ပဲရှိတာလေ။ မက်ဒါနာက ဆက်ပြောတယ်။
“ပေါ်တယ်ကို တိကျတဲ့လမ်းညွန်မှုမရှိဘဲ ဖွင့်လိုက်မယ်ဆိုရင် ကျပန်းဒိုင်မေးရှင်းတစ်ခုကိုရောက်သွားနိုင်ပြီး သိပ်ကို အန္တရာယ်များလိမ့်မယ်။”
ကျန်တဲ့နှစ်ယောက်လည်း ဒါကိုကောင်းကောင်းနားလည် ကြပါတယ်။ အပြိုင်ကမ္ဘာတိုင်းက သူတို့မူလကမ္ဘာနဲ့ လိုက်လျောညီထွေရှိချင်မှ ရှိတာပါ။ အပြိုင်ကမ္ဘာတိုင်း လိုလိုမှာ မတူညီတဲ့ဥပဒေသတွေရှိနေပြီးတော့ အဲဒီဥပဒေသ မတူညီမှုက အစွမ်းအထက်ဆုံးဆိုတဲ့ မက်ဒါနာလိုတည်ရှိမှု မျိုးကိုတောင်မှ အန္တရာယ်ပေးနိုင်တယ်။
“ပြီးတော့ နောက်တစ်ခုက ပြဿနာတော့မဟုတ်ဘူး။ ငါအံ့ဩမိရုံပါ။ တခြားကမ္ဘာက လင်ဒါပြောတဲ့အတိုင်းဆိုရင် အဲဒီမက်ဒါနာမူကွဲနဲ့အေမီမူကွဲက အပြိုင်ကမ္ဘာတွေကို အခက်အခဲမရှိ ပေါ်တယ်ဖွင့်ပြီးသွားနိုင်ပုံပဲ။ ဆိုလိုတာက သူတို့မှာ အပြိုင်ကမ္ဘာတွေနဲ့ပတ်သက်ပြီး လုံလောက်တဲ့ သတင်းအချက်အလက်တွေ ရှိနေတယ်လို့ဆိုလိုတယ်။ အပြိုင်ကမ္ဘာတစ်ခုချင်းစီတိုင်းကို ကိုယ်တိုင်လူလွှတ်ပြီး သတင်းအချက်အလက်စုဆောင်းခဲ့တာမျိုး ဖြစ်နိုင်တယ်။ သူတို့မှာ အပြိုင်ကမ္ဘာမြေပုံလိုဟာမျိုးတောင် ရှိနိုင်တယ်။”
“တစ်နည်းအားဖြင့် သူတို့က ငါတို့ထက် နည်းပညာပိုင်းမှာ အများကြီးရှေ့ရောက်ပြီးနေပြီပေါ့။”
လင်ဒါနံပါတ်တစ်က ပြောလိုက်တော့ မက်ဒါနာက ခေါင်းကို ညိတ်ပြလိုက်တယ်။ ဒါပေမဲ့ သူ့ပုံစံက စိတ်ပျက်နေတဲ့ပုံ မပေါ်ဘဲနဲ့ ပိုပြီးစိတ်လှုပ်ရှားနေတဲ့ပုံပေါ်တယ်။
“ဒါပေမဲ့ အဲဒီလိုခက်ခဲမှုမြင့်တာကြောင့်ပဲ ငါပိုပြီးတော့ ဒီကိစ္စကို စိတ်ဝင်စားလာတာ။ နောက်ကျကျန်ရစ်ခဲ့တော့ ဘာဖြစ်လဲ။ သူတို့နောက်ကို ပြေးလိုက်တာပေါ့။ သူခြေတစ်လှမ်းဆိုရင် ကိုယ်က ဆယ်လှမ်းလှမ်းမယ်။”
အဲဒီနောက်တော့ မက်ဒါနာက ပြုံးဖြီးနေတဲ့မျက်နှာကြီးနဲ့ ပလူးပရင့်ပုံကြမ်းစာရွက်တစ်ရွက်ကို စားပွဲပေါ်ကနေ သွားယူပြီး နှစ်ယောက်လုံးကိုဖြန့်ပြတယ်။ ပုံထဲမှာတော့ နေကိုလှည့်ပတ်နေတဲ့ ဗဟုဂံဂြိုဟ်တုလေးတွေပုံပါတယ်။
“ဒါက ငါ့ရဲ့ဆိုလာဂြိုဟ်တုခါးပတ်စီမံကိန်းပဲ။ ဆိုလာပြားတွေ အများကြီးပါတဲ့ ဂြိုဟ်တုထောင်ချီကို နေရဲ့ပတ်လမ်းထဲ ထည့်ပေးလိုက်မယ်။ ဒါဆိုရင် အဆုံးမရှိလုနီးပါး စွမ်းအင်တွေ ရလာလိမ့်မယ်။ အဲဒီစွမ်းအင်တွေကို ဇွန်ဘီမလေး သုံးလို့ရတဲ့စွမ်းအင်အဖြစ် ပြောင်းလိုက်မယ်ဆိုရင်...”
မက်ဒါနာရဲ့ပုံစံက ရူးသွပ်နေတဲ့ လူတစ်ယောက်လိုဖြစ်နေပြီး အသက်ရှုတာမြန်လွန်းလို့ နှာခေါင်းကနေ အခိုးအငွေ့တွေ ထွက်လာတဲ့အထိဖြစ်နေပြီ။ ဇွန်ဘီမလေးလည်း မက်ဒါနာကို လန့်လာပြီးတော့ လင်ဒါတို့နှစ်ယောက်နောက်မှာ ဝင်ပုန်းတယ်။
“ဇွန်ဘီမလေး အက်တမ်တစ်မှုန်တောင်မကျန်တော့ဘဲ ပေါက်ကွဲသွားမှာပေါ့။”
“....” ရုတ်တရက် တစ်စုံတစ်ယောက်က သူ့စီမံကိန်း တင်ပြချက်ကို ဖြတ်ပြောလိုက်တဲ့အတွက် မက်ဒါနာက မကျေမနပ်ဖြစ်သွားပြီး လင်ဒါနှစ်ယောက်ကို ကြည့်တယ်။ ဒါပေမဲ့ ဖြတ်ပြောလိုက်တာက သူတို့မဟုတ်ဘူး။ အခုမှ အခန်းထဲကို ဝင်လာတဲ့တစ်ယောက်။
မက်ဒါနာက တံခါးကိုတိတ်တိတ်လေးဖွင့်ဝင်လာပြီး သူ့ကိုဖြတ်ပြောလိုက်တဲ့သူကို မြင်လိုက်တာနဲ့ မျက်လုံးတွေ ပြူးကျယ်လာပြီး ဒူးတွေတောင် မခိုင်ချင်တော့ဘူး။ အခု သူနဲ့ဆန့်ကျင်ဘက်မှာ လိုလီတာဂါဝန်အနီလေးကို ဝတ်ထားတဲ့ အရပ်ပုပုနဲ့ချစ်စရာ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ရှိနေတယ်။
“သူက ဘယ်သူလဲ...” ဖရာလီတာကို မမြင်ဖူးတဲ့ လင်ဒါ နံပါတ်နှစ်က လင်ဒါနံပါတ်တစ်ကို မေးလိုက်တယ်။ ဖရာလီတာက လင်ဒါနှစ်ယောက်ကိုကြည့်ပြီးတော့ နှာမှုတ်လိုက်တယ်။ လင်ဒါနံပါတ်တစ်ကတော့ နံပါတ်နှစ်ကို ရှင်းပြပါတယ်။
“ သူ့နာမည်က ဖရာလီတာ ပန်ဒရာဂွန်။ ယူနိုက်တက် ကင်းဒန်းကလာတဲ့ နည်းပညာမြူတန့်ပဲ။ အရင်က မက်ဒါနာနဲ့ပြိုင်ဘက်ပေါ့။ အခုတော့ ငါ့လိုပဲ ဟာရမ်အဖွဲ့ဝင် ဖြစ်နေပြီ။”
ဖရာလီတာကတော့ လင်ဒါနှစ်ယောက်ကို လစ်လျူရှုထားပြီး မက်ဒါနာဆီကို ပြေးလာတယ်။ အဲဒီနောက် မက်ဒါနာရဲ့ ခြေထောက်ကို တမင်သက်သက် ဒေါက်ဖိနပ်နဲ့တက်နင်းပြီး
“မက်ဒါနာ... ဒီလိုထူးခြားတဲ့ကိစ္စတစ်ခုဖြစ်နေတာတောင် နင်က ငါ့ကိုမခေါ်ဘဲ ကြိတ်ဖြေရှင်းဖို့ ကြိုးစားနေတယ်ပေါ့။ နင်က ငါ့ကိုအထင်သေးတာလား။”
“အဲ... အဲဒီလိုမဟုတ်...” မက်ဒါနာက ရှင်းပြဖို့လုပ်ပေမဲ့ ဖရာလီတာက ဒေါသအကြီးကြီးထွက်နေပြီ။ နောက်တော့ အခန်းထဲက မက်ဒါနာလုပ်ထားသမျှ သုတေသနအစီအစဥ် အားလုံးကိုကြည့်ပြီး အကြီးကြီးဆူပူနေတော့တာပဲ။
“အရူးမမက်ဒါနာ၊ ဇွန်ဘီမလေးက ကလေးလေးပဲ ရှိသေးတာဟဲ့။ သူ့ခန္ဓာကိုယ်က အဲဒီလောက်စွမ်းအင် အများကြီးကို ဘယ်လိုလုပ်ပြီးတော့ လက်ခံမှာလဲ။ သူ့မြူတန့်စွမ်းအားကို ဆွဲချဲ့မယ့်အစား အတုခိုးပြီးတော့ အလားတူစွမ်းဆောင်ရည်မျိုးရှိတဲ့စက်ကို ထွင်ရမှာ။ ပြီးတော့ ဘာနေဆိုလာခါးပတ်စီမံကိန်းလဲ။ အဲဒီလောက် ဂြိုဟ်တုတွေအများကြီးကို ဘယ်ကုမ္ပဏီကဆောက်မှာလဲ။ အာကာသထဲကနေ အရင်းအမြစ်တွေစုဆောင်းမယ် ဆိုရင်တောင်မှ အဲဒီလောက်ပမာဏအများကြီးဆိုရင် နှစ်ရာနဲ့ချီကြာသွားလိမ့်မယ် နင်သိရဲ့လား။”
ငါးမိနစ်လောက်ကြာတော့ မက်ဒါနာက ထိုင်ခုံပေါ်မှာ ကျောင်းသားလေးတစ်ယောက်လိုထိုင်နေပြီးတော့ ဖရာလီတာက ကျောင်းအုပ်ကြီးတစ်ယောက်လိုမျိုး ဆက်တိုက်ဆူနေတော့တာပဲ။
ဆူလို့ဝတော့မှ ဖရာလီတာက လေပူတွေကို မှုတ်ထုတ်ပြီး “မဖြစ်သေးပါဘူး။ နင်တစ်ယောက်တည်းဆိုရင် တလွဲတွေ လျှောက်လုပ်နေတာနဲ့ ဘာမှဖြစ်မြောက်မှာမဟုတ်ဘူး။ ရန်သူ့ ပစ်မှတ်ထဲမှာ နင်ကိုယ်တိုင်လည်းပါနိုင်တယ်ဆိုတာကို သတိရဦး။”
ဖရာလီတာက ပြောလိုက်တယ်။ တစ်ဖက်မက်ဒါနာက မက်ဒါနာမူကွဲတွေကို လိုက်ပြီးတည်ရှိမှုဖျောက်နေတာဆိုရင် မက်ဒါနာကလည်း ပစ်မှတ်ဖြစ်လာနိုင်တယ်မဟုတ်လား။ မက်ဒါနာကလည်း သက်ပြင်းရှည်ကြီးကို ချလိုက်တယ်။
“အခုကနေစပြီးတော့ အဲဒီအရူးမကို တိုက်ဖို့ နင့်ကို ငါကူညီပေးမယ် ဟုတ်ပြီလား။”
ဖရာလီတာက သန်မာတဲ့ရည်းစားကောင်လေးလိုမျိုး မက်ဒါနာရဲ့ပခုံးကိုဆုပ်ကိုင်ပြီးတော့ ကတိပေးလိုက်တယ်။ မက်ဒါနာကတော့ ချစ်စရာကောင်းပြီး ကာကွယ်ပေးဖို့ လိုအပ်နေတဲ့ ရည်းစားကောင်မလေးတစ်ယောက်လိုမျိုး ခေါင်းကို တသွင်သွင်ညိတ်လို့။
လင်ဒါနံပါတ်နှစ်ကတော့ ပါးစပ်ကြီးအဟောင်းဟားနဲ့ “နင်ပြောတော့ မက်ဒါနာက ကောင်မလေးတွေအများကြီးကို တစ်ပြိုင်နက်တည်း လက်ထပ်ထားတာဆို။ အခုကျတော့ ဘာလို့ ကောင်မလေးတွေအများကြီးက သူ့ကိုဖမ်းဆွဲပြီး အတင်းလက်ထပ်ထားတယ်လို့ ခံစားနေရတာလဲ။”
လင်ဒါနံပါတ်တစ်က ပခုံးတွန့်ပြလိုက်တယ်။ “တကယ်လဲ အဲဒီလိုဖြစ်ခဲ့တာလေ။ လက်မထပ်ခင်ညကအထိ လက်ထပ်ရမှာ ကြောက်လို့ဆိုပြီး ပတ်ပြေးနေခဲ့တာကို။”
“....”
နာရီအနည်းငယ်ကြာပြီးတဲ့အချိန်မှာတော့ ဖရာလီတာနဲ့ မက်ဒါနာတို့ ခေါင်းနှစ်လုံးပေါင်းပြီး စဥ်းစားရာကနေပြီး ပိုကောင်းတဲ့အစီအစဥ်တစ်ခု ထွက်ပေါ်လာပါတယ်။ နယူးယောက်ဟီးရိုးကျောင်း စမ်းသပ်ခန်းထဲမှာရှိတဲ့ ဒီဂျစ်တယ်မျက်နှာပြင်ပေါ်မှာ ရှုပ်ထွေးလှတဲ့ ဇယားတွေ၊ သင်္ချာပုစ္စာတွေ၊ မူကြမ်းဒီဇိုင်းတွေနဲ့ ပြည့်နှက်သွားပြီးတော့ ကမ္ဘာ့ဉာဏ်ကြီးရှင်နှစ်ယောက်က တစ်ဦးကိုတစ်ဦး မနားတမ်းတိုင်ပင်နေကြတယ်။
“အဲဒီလိုဆိုရင်တော့ ပေါ်တယ်ဖွင့်စက်က အလုပ်ဖြစ်လောက်တယ်။ အလေအလွင့်မဖြစ်အောင် လုပ်ထားတဲ့ဒီဇိုင်းကြောင့် စွမ်းအင်လိုအပ်ချက်က ကျဆင်းသွားပြီဆိုပေမဲ့ ကြောက်ခမန်းလိလိဖြစ်နေတုန်းပဲ။ မြို့ကာကွယ်ရေးဒိုင်းက နျူကလီးယားပေါင်းစည်း ဓာတ်ပေါင်းဖိုမျိုးနဲ့ဆိုရင်တောင်မှ တစ်ကြိမ်ဖွင့်ဖို့က မြို့ငါးမြို့စာ တစ်နှစ်လုံးစွမ်းအင်ဒိုင်းဖွင့်ထားတဲ့ ပမာဏနဲ့ အတူတူပဲ။ လုံလောက်တဲ့ နျူကလီးယားလောင်စာပမာဏ စုဆောင်းထားဖို့လိုတယ်။ တစ်ခါဖွင့်ရင် အမေရိကန်ဒေါ်လာ ဘီလီယံသုံးဆယ်လောက် ကုန်ကျနိုင်တယ်။”
မက်ဒါနာက သက်ပြင်းချလိုက်တယ်။ ဖရာလီတာကလည်း “ဖွင့်ပြီးရင်တောင်မှ အသုံးဝင်ဖို့က အပြိုင်ကမ္ဘာတွေ အများကြီးကို လေ့လာစူးစမ်းပြီး အပြိုင်ကမ္ဘာမြေပုံတစ်ခု လုပ်ဖို့လိုသေးတယ်။ လူအစစ်တွေမသွားဘဲ စစ်နတ်သမီးတွေကို စေလွှတ်နိုင်တယ်ဆိုပေမဲ့ အပြိုင်ကမ္ဘာ ဆယ်ခုကိုခရီးသွားပြီးရင် ဘီလီယံသုံးရာလောက်ကုန်ကျမှာ ဖြစ်လို့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီတစ်ခုကို ပြာချပစ်တာနဲ့ အတူတူပဲ။”
ဖရာလီတာလည်း သက်ပြင်းချလိုက်ပြန်တယ်။ မက်ဒါနာက ထပ်ပြီးပြောပြန်ပါတယ်။ “အဲဒီမှာ နောက်ပြဿနာတစ်ခုကို ငါထပ်တွေးမိတာပဲ။ ရန်သူက ဘယ်အပြိုင်ကမ္ဘာမှာ ပုန်းနေမှန်း ငါတို့မသိဘူး။ သီအိုရီအရ အပြိုင်ကမ္ဘာတွေက အကန့်အသတ်မဲ့ရှိနေတာ။ သူတို့ကို ဘယ်လိုဖမ်းမလဲ။ ငါတို့ လင်ဒါနံပါတ်နှစ်ရဲ့မူလအပြိုင်ကမ္ဘာကိုရှာဖို့တောင်မှ မဖြစ်နိုင်လုနီးပါးပဲ။”
ကမ္ဘာဉာဏ်ကြီးရှင်နှစ်ယောက်လုံး လက်မှိုင်ချရလုနီးပါး ဖြစ်နေကြပါပြီ။