← Chapters

အခန်း (၆၆၁)

Vol. 45 Ch. 661

အခန်း (၆၆၁)

Vol. 45 Ch. 661

ပြိုင်စံရှားဂိုဏ်း၏ လက်ရွေးစင်ဂိုဏ်းစာရင်းတွင် ပါဝင်လာမှုအကြောင်းနှင့် ပတ်သက်၍ ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးသည် ထပ်မံ၍ ဆူညံသွားကြ၏။

ယခုမှ တိုးတက်လာခဲ့သော အဆင့်၅ ဂိုဏ်းတစ်ခုသည် တကယ်ပဲ လက်ရွေးစင် ဂိုဏ်းပေါင်းတစ်ရာ၏စာရင်းထဲ ၌ ဝင်ရောက်လာခဲ့၏။ ဤအရာသည် ထင်မှတ်ထားသည်နှင့် တခြားစီပင်ဖြစ်တော့သည်။

“ကောင်းတယ်၊ ကောင်းတယ်”

စာရင်းကို မြင်ပြီးသည့်နောက်မှာတော့ မူချန်းဟုန်သည် စိတ်လှုပ်ရှားစွာဖြင့် သူ၏ပေါင်ကိုပင် ရိုက်လိုက်မိ၏။ ဤစာရင်း စတင်ဖြစ်တည်လာခဲ့စဉ်ကတည်းက အရှေ့တောင်ရန်ကျူး၏ မည်သည့်ဂိုဏ်းမှ မပါဝင်ခဲ့ချေ။ လက်ရှိပြိုင်စံရှားဂိုဏ်း မှာတော့ သံသယရှိစရာ မလိုအောင်ပဲ ကြီးမားသည့် ဂုဏ်သိက္ခာကို ယူဆောင်လာခဲ့ပြီဖြစ်၏။

တခြားသော နယ်မြေများရှိ ကျင့်ကြံသူများသည်လည်း ထိုအကြောင်းကို သိရှိပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းအား အဆုံးမဲ့ချီးကျူးနေမိကြတော့သည်။ ၎င်းတို့သည် အရှေ့တောင်ရန်ကျူးတစ်ခုလုံး၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့သူများ ဖြစ်တော့သည်။

“မဟာမိတ်ခေါင်းဆောင်”

ဟောင်ချီဂိုဏ်းအတွင်းမှာတော့ ရှန်းတုံသည် အသစ်ထုတ်လွှင့်လိုက်သော စာရင်းအား ကိုင်ဆောင်ကာ တုန်ရင်နေသည့် လက်အစုံဖြင့် ပြောလိုက်၏။ “ပြိုင်.. ပြိုင်စံရှားဂိုဏ်းက စာရင်းထဲမှာ ပါနေတယ်”

ချင်ဟောင်ရန် သည် စားပွဲ၏ထိပ်ဆုံးတွင် ထိုင်၍ နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ “ကျုပ် ဒီသတင်းကို ရပြီးတာကြာပြီ”

ကျွင်းချောင်ရှောင်း၏ ရန်သူဖြစ်ခဲ့ဖူးသော ဤမဟာမိတ်ခေါင်းဆောင်သည် လွန်ခဲ့သည့်နှစ်နှစ်ကို ပြန်လည်၍ သွားချင်စိတ်ပင် ပေါက်မိနေသည်။ ထိုအချိန်တုန်းက ပြိုင်စံရှားဂိုဏ်းသည် အလွန်တရာ သေးငယ်လှသော ဂိုဏ်းလေးတစ်ခုဖြစ်ပြီး သူနှင့် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့များမှာတော့ ကြီးမားလှသည့် တောင်ကြီးတစ်လုံးပင်ဖြစ်သည်။

သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ပြောင်းပြန်အခြေအနေသို့ ရောက်ရှိသွားခဲ့၏။ ထို့အပြင် ချင်ဟောင်လန်သည် တခြားသောသတင်းတစ်ခုကိုလည်း လက်ခံရရှိခဲ့၏။

လွန်ခဲ့သည့် ရက်အနည်းငယ်က ချင်းယန်နိုင်ငံ၏အုပ်ချုပ်သူသည် ပြိုင်စံရှားဂိုဏ်းသို့ ရောက်ရှိလာခဲ့ပြီးနောက် ကျွင်းချောင်ရှောင်းအား ဒုတိယနိုင်ငံ့အုပ်ချုပ်သူအဖြစ် ခန့်အပ်ခဲ့သည်။ ကျွင်းချောင်ရှောင်း သည် လက်ရွေးစင်စာရင်းတွင် ပါဝင်သော ဂိုဏ်းတစ်ခု၏ခေါင်းဆောင်ဖြစ်သလို နိုင်ငံတစ်ခုလုံး၏ ဒုတိယအဆင့်အုပ်ချုပ်သူလည်း ဖြစ်နေလေသည်။ သူ မည်ကဲ့သို့သွား၍ ယှဉ်ပြိုင်ရမည်နည်း။

ချင်ဟောင်လန်သည် အစစ်အမှန်တရားကို လက်ခံလိုက်ခဲ့ပြီဖြစ်သည်။ ပြိုင်စံရှားဂိုဏ်းနှင့်ပတ်သက်၍ သူလုပ်ရမည့်အလုပ်သည် မည်သို့ပင်ဆိုစေကာမူ မည်သည့်အကြောင်းအရာပဲဖြစ်ဖြစ် ရှောင်ရှားခြင်းနှင့် သိုသိုသိပ်သိပ်နေထိုင်ခြင်းသာ ဖြစ်ပေသည်။

“ဂိုဏ်းချုပ်”

နောက်လိုက်တစ်ယောက်က ဝင်လာကာပြောလိုက်သည်။ “တစ်စုံတစ်ယောက်က စာပို့လိုက်တယ်”

ချင်ဟောင်ရန်သည် စာကိုဖတ်ကြည့်ပြီးသည့်နောက်မှာတော့ ထိုင်ခုံကို ဝုန်းခနဲ ထ၍ပုတ်ကာ စိတ်အားညိုးငယ်စွာဖြင့် ပြောလိုက်မိသည်။ “ငါထင်ထားတာတွေ လာခဲ့ပြီပဲ”

[ဂိုဏ်းချုပ်ချင် …. ကျုပ် ဒုတိယအဆင့်နိုင်ငံ့အုပ်ချုပ်သူမှ ကြေညာခဲ့သည်။ ယနေ့မှစ၍ ချင်းယန်နိုင်ငံအတွင်းတွင် မဟာမိတ်အဖွဲ့ဟူသော တရားမဝင်အဖွဲ့အစည်း ဖွဲ့ဆိုခွင့်အား ဖျက်သိမ်းခဲ့ပြီဖြစ်၏။ သုံးရက်အတွင်း ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ဆိုသည့် အဖွဲ့အား ဖျက်သိမ်းရန် အမိန့်ပေးလိုက်သည်။ မဟုတ်ပါက ဖြစ်လာမည့်အကျိုးဆက်များကို လက်ခံနိုင်ရပေမည်။

-ကျွင်းချောင်ရှောင်း]

ချင်ဟောင်ရန်နှင့် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့သားများ အားလုံးသည် လက်ရှိတွင် သိုသိုသိသိပ် နေထိုင်နေကြ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် သူ၏ရန်သူတော်ဟောင်းကြီးကို မေ့လျော့သွားခဲ့သည် မဟုတ်ပေ။

ယနေ့မှာတော့ သူသည် ၎င်းတို့အားလုံးအား ဝါးအစည်းဖြည်သလိုဖြည်ရန် အခွင့်အလမ်းကို ရရှိခဲ့ပြီဖြစ်၏။ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် သူသည် မဟာမိတ်ခေါင်းဆောင်ချင်အား သွားရောက်၍ တိုက်ခိုက်နှိမ်နင်းပစ်နိုင်သည်။

သို့ပေမဲ့ သူသည် ဒုတိယအဆင့်နိုင်ငံ့အုပ်ချုပ်သူဆိုသည့် အခွင့်အာဏာကို အသုံးပြုကာ ဂိုဏ်းတစ်ရာမဟာမိတ် အဖွဲ့အစည်းတစ်ခုလုံးအား ဖျက်သိမ်းပစ်ရန် အမိန့်ပေးခဲ့၏။

“ဖျက်သိမ်းကြမယ်”

ပြန်လည်တိုက်ခိုက်ရန် စဉ်းစားကြည့်၍ မဖြစ်နိုင်တော့သည်ကို သိရှိပြီးသည့်နောက်မှာတော့ ချင်ဟောင်ရန်သည် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ဆိုသည့် အဖွဲ့အစည်းကြီးတစ်ခုလုံးအား ဖျက်သိမ်းခဲ့ရတော့သည်။

ပြောရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းနှင့် ရန်ဘက်များဖြစ်ခဲ့သောကြောင့် ရှည်လျားလှသည့်သမိုင်းကို ပိုင်ဆိုင်ခဲ့သော မဟာမိတ်အဖွဲ့ကြီးတစ်ခုလုံးပင်လျှင် ဖျက်သိမ်းခဲ့ရပြီဖြစ်၏။

တကယ်တမ်း ကျွင်းချောင်ရှောင်း၏ လက်ရှိအားအင်အဆင့်အရဆိုလျှင် ချင်ဟောင်ရန်ဦးဆောင်သော မဟာမိတ်အဖွဲ့အား လွယ်လွယ်ကူကူ ရှင်းလင်းပစ်နိုင်၏။ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့အား ဖျက်သိမ်းပစ်ရန် တောင်းဆိုခဲ့ခြင်းကပင်လျှင် ညှာတာသည့်သဘောပင် သက်ရောက်နေတော့သည်။

……

“ငါက အားကောင်းလှတဲ့ ဂိုဏ်းတစ်ခုကို ပူးပေါင်းချင်တယ်”

“ငါကလည်း ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်ချင်တယ်၊ သူတို့ရဲ့ ခက်ခဲလှပါတယ်ဆိုတဲ့ စာမေးပွဲကို သွားပြီးဖြေချင်သေးတယ်”

“သွားကြရအောင် ၊ ချင်းယန်နိုင်ငံကို သွားမယ်”

ပြိုင်စံရှားဂိုဏ်းသည် ပို၍ကျော်ကြားလာသည်နှင့်အမျှ တခြားသော နယ်မြေများတွင်ရှိသော များပြားလှသည့် ကျင့်ကြံသူများသည်လည်း ချင်းယန်နိုင်ငံသို့ အလုအယက် ရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်း၏ စာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး တပည့်များ ဖြစ်လာချင်မိ၏။

“ဂိုဏ်းချုပ်”

လူသစ်ခေါ်ဆောင်သည့်နေ့တွင်တော့ လီလိုရှု သည် ပြောလိုက်သည်။ “ဒီတစ်ကြိမ်လာပြီး စာရင်းပေးခဲ့တာ လူတစ်သောင်းလောက်ရှိတယ်”

“ဒီလောက်တောင် များတာလား” ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။

လိုင်လီနတ်ဂိုဏ်းအား အနိုင်ယူပြီးသည့်နောက်မှာတော့ ဂိုဏ်းသည် လက်ရွေးစင်ဂိုဏ်းတစ်ရာအဆင့်တွင် ဝင်ခဲ့တော့၏။ ထို့ကြောင့်ပင်လျှင် ပြိုင်စံရှားဂိုဏ်း၏ဂုဏ်သတင်းသည် ပိုမို၍ မွှေးပျံ့လာခဲ့သည်။

ထို့အတူပဲ အခြားသောနိုင်ငံနှင့် ပြည်နယ်စုများဆီမှာရှိသော လူငယ်လူရွယ်များသည် ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်ရန် စိတ်အားတက်ကြွလာကြ၏။

ကျင့်ကြံသူများ သီးသန့်သာမဟုတ်ဘဲ တခြားသော နေရာများတွက် ကျွမ်းကျင်လှသော လူများသည်လည်း ဂိုဏ်းထဲသို့ ဝင်ရောက်ကြသည်။ ဥပမာအားဖြင့် ဆေးပင်ကျွမ်းကျင်သူ၊ ဆေးကုကျွမ်းကျင်သူများ ပါဝင်ကြသည်။

သို့ပေမဲ့ ၎င်းတို့သည်လည်း ပြိုင်စံရှားဂိုဏ်း၏ အလွန်တရာ တင်းကြပ်လှသော စာမေးပွဲများကို ဖြေဆိုကြရသည်။ နောက်ဆုံးမှာတော့ စာမေးပွဲပြီးဆုံးပြီးသည့်နောက်တွင် လူနှစ်ထောင်ကျော်တို့သည်သာ တပည့်အဖြစ် ဖြစ်လာကြ၏။

ထိုလူများထဲတွင် ကောင်းမွန်လှသည့် ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြုတေများနှင့် လူငယ်များ ပါဝင်ကြသလို တခြားသော ဆေးနှင့်အစီအရင်များတွင် ကျွမ်းကျင်ကြသော ပါရမီရှင်များလည်း ပါဝင်ကြတော့သည်။

ထုံးစံအတိုင်းပင် တပည့်အသစ်များ ဝင်ရောက်ပြီးသည့်နောက်မှာတော့ များပြားလှသော ဟောခန်းများသည် ၎င်းတို့အား ခေါ်ယူကြတော့သည်။ ထိုထဲတွင် လီလိုရှုသည် စိတ်အားအထက်သန်ဆုံးဖြစ်သည်။ ထို့အပြင် သတင်းကွန်ရက်ဖြန့်ကျက်ရန် မိုးဆွေဟောခန်းသည် လူအင်အားလိုအပ်လျက် ရှိနေ၏။

တပည့်အသစ်များ ထပ်ပေါင်းထည့်ပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀ကျော်အား ထပ်မံ၍ ရရှိခဲ့၏။ ထို့နောက် အကန့်အသတ်ကို ကျော်လွန်သွားတော့၏။ သူသည် စနစ်၏စတိုးအား ဖွင့်လိုက်တော့သည်။ “ငါ ဘာဝယ်ရမလဲ”

ခဏလောက် စဉ်းစားပြီးသည့်နောက်မှာတော့ သူသည် အလယ်အလတ်စတိုးထဲသို့ ဝင်လိုက်သည်။ အဆင့်မြင့်စတိုးထဲတွင် ပစ္စည်းကောင်းများရှိသည် ဆိုသော်လည်း ဂိုဏ်းချုပ်ကျွင်းသည် ဤစတိုးများထဲသို့ မရောက်ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။

အသားနှင့်ငါးများကိုသာ ရေရှည်စားသုံးလျှင် အသီးအရွက်ကိုလည်း စားချင်လာပေလိမ့်မည်။ ဤသဘောပင်ဖြစ်၏။

“အင်း၊ ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကိုပုတ်ကာ ပြောလိုက်၏။

“ငါက ဖုံးကွယ်ထားတဲ့ တာဝန်ကို ပြည့်စုံစေပြီးတဲ့နောက်မှာ ဘွဲ့တံဆိပ်တစ်ခု အသစ်ရခဲ့တာပဲ”

ပြောပြီးသည့်နောက် သူသည် စနစ်ထဲသို့ဝင်ကာ ကြည့်ရှုလိုက်၏။

လက်ခံသူ - ကျွင်းချောင်ရှောင်း။

ကံတရားအမှတ် - ၁၀။

ဘွဲ့ - လူစွမ်းကောင်း။

ဘွဲ့၏ဓာတ်သဘာဝ - ကံတရားအမှတ် + ၁၀။

ရရှိနိုင်သည့်ဘွဲ့ - ကျော်ကြားမှု (အစားထိုးရန်)။

ကျော်ကြားမှုဆိုသည့် ဘွဲ့ထူးအား အစားထိုးလိုက်ပြီးသည့်နောက်မှာတော့ သူ၏ကံတရားအမှတ်သည် ၁၀ မှ ၁၀၀ အထိ တိုးတက်သွားခဲ့၏။

“ချီးတဲ့မှ“

ကျွင်းချောင်ရှောင်း သည် အံ့အားသင့်မိသွား၏။ “ဒီလောက်ကြီး များသွားတာလား”

စနစ်က ပြောလိုက်သည်။ “စိတ်လှုပ်ရှားမနေနဲ့၊ ကံတရားအမှတ်ရဲ့ အများဆုံးက တစ်သောင်း သို့မဟုတ် တစ်သိန်းလည်းဖြစ်နိုင်တယ်”

“တော်စမ်း”

အလယ်အလတ်စတိုးထဲတွင် ဝယ်ယူရန် ပစ္စည်းကောင်းများ မရှိချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန်ပဲ Refresh လုပ်လိုက်တော့၏။

ပစ္စည်းဟောင်းများ ပျောက်ကွယ်သွားခဲ့ပြီးနောက် ပစ္စည်းသစ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

ဟုတ်ပေသည်။ ပစ္စည်းအသစ်တစ်ခုတည်းပင်ဖြစ်၏။ ထိုအရာသည် သေတ္တာတစ်ခုဖြစ်ပြီး ဘာတစ်ခုမှ မရေးထားချေ။ ၎င်းသေတ္တာ၏ အပေါ်မှာတော့ ကြီးမားလှသည့် Question Mark (?) သင်္ကေတကြီးတစ်ခုသာ ရှိနေသည်။

“ဒါ ဘာကြီးလဲ” ကျွင်းချောင်ရှောင်း ဆွံ့အသွားမိသည်။

သူသည် စတိုးအား Refresh ပေါင်းများစွာ ပြုလုပ်ခဲ့ဖူး၏။ သို့ပေမဲ့ စတိုးထဲတွင် ပစ္စည်းတစ်မျိုးတည်းသာ ပေါ်လာသည်မှာ ပထမဆုံးပင်ဖြစ်၏။

ဒင်

“လက်ခံသူသည် အထူးပစ္စည်းတစ်ခုကို လက်ခံရရှိရန် အခွင့်အရေးရှိနေသည်”

သတိပေးသံသည် သူ၏နားထဲမှ ထွက်ပေါ်လာ၏။

“အထူးပစ္စည်း ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် အူကြောင်ကြောင်ဖြင့် ပြောလိုက်၏။ “ဒါ ဘာကြီးလဲ”

စနစ်က ပြောလိုက်သည်။ “အထူးပစ္စည်းဆိုတာ ဖြစ်နိုင်ချေပေါ်မှာ မူတည်တာပဲ၊ ဒါကို ဝယ်ပြီးတဲ့နောက်မှာ သိုင်းနည်းစနစ်တွေနဲ့ ပတ်သက်တဲ့ အရာတစ်ခုရဖို့ ဖြစ်နိုင်ချေက ပိုပြီးတော့ များတယ်”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဒါဆိုရင် ဖြစ်နိုင်ချေနည်းတာက ဘာဖြစ်နိုင်လဲ”

“ဘာမှ မရှိတာပေါ့”

“ချီးတဲ့မှပဲ”

ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ “ဒါဆိုရင် ဒါက ကံစမ်းတာနဲ့ အတူတူပဲပေါ့”

“ဒီလို ထင်လို့ရပါတယ်” စနစ်သည် ပြန်လည်ပြောဆိုလိုက်သည်။

ကျွင်းချောင်ရှောင်း တိတ်ဆိတ်ငြိမ်သက်သွားမိ၏။

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ သူသည် (?) အမှတ်အသားရှိသည့် ပစ္စည်းအား လေ့လာကြည့်လိုက်၏။ ဤအရာတွင် မိတ်ဆက်ဟူသည့် အကြောင်းအရာလည်း မပါဝင်ချေ။ သို့ပေမဲ့ ဈေးနှုန်းမှာတော့ ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀ ဖြစ်နေသည်။

“ဈေးကြီးလိုက်တာ”

“ဒါကို ဈေးကြီးတယ်ဆိုရင် မဝယ်လို့ရတယ်၊ Refresh လုပ်ပြီး ကျော်လိုက်တော့”

ကျွင်းချောင်ရှောင်း - “……”

သူ့အနေနှင့် သူ၏ကံတရားနှင့်ပတ်သက်ပြီး ယုံကြည်ချက် သိပ်မရှိချေ။ သို့ပေမဲ့ အထူးပစ္စည်းဖြစ်သည်မို့ အဘယ်ကြောင့် လောင်းကစားလုပ်၍ မရမည်နည်း။ ကောင်းမွန်လှသည့် ကံတရားသည်လည်း တစ်ခါတလေ သူ့ဆီသို့ ရောက်ရှိလာနိုင်၏။

ဒင်

“လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀ အား အသုံးပြု၍ အထူးပစ္စည်းတစ်ခုအား ရရှိခဲ့သည်၊ သိုလှောက်လက်စွပ်ထဲသို့ ပို့ဆောင်လိုက်ပါပြီ”

ဒင်

ဂိုဏ်းစုဆောင်းမှတ် - ၁၉၅၄၃/၂၀၀၀၀

သူသည် တပည့်များ လက်ခံခဲ့ခြင်းမှ ရရှိခဲ့သော ဂိုဏ်းစုဆောင်းမှတ်များကို သုံးဖြုန်းခဲ့သည်သာမက သူ့ထဲတွင်ရှိသော ဂိုဏ်းစုဆောင်းမှတ်များပါ အပိုပါသွားခဲ့သေးသည်။

သို့ပေမဲ့ ပြဿနာ မရှိပေ။ လက်ရှိတွင် သူ့၌ ဂိုဏ်းစုဆောင်းမှတ်များ အများကြီးရှိနေ၏။ ထို့ကြောင့် စိတ်ရှိတိုင်း သုံးဖြုန်းနိုင်စွမ်း ရှိနေသည်။

(?) အမှတ်အသား သင်္ကေတရှိသော သေတ္တာသည် သိုလှောင်လက်စွပ်၏ လေထုထဲတွင် ပေါ်လာခဲ့၏။

“ဒါကို ဘယ်လိုသုံးရမလဲ”

“ဒီပေါ်ကို လက်ဝါးတင်လိုက်ရုံပဲ”

“အော်”

ကျွင်းချောင်ရှောင်းသည် လက်ကိုဆန့်တန်းပြီး အထူးပစ္စည်းပေါ်သို့ လက်တင်လိုက်၏။

တွီ

ချက်ချင်းပဲ သူ၏လက်ဝါးနှင့် ထိမိသည့်နေရာတစ်ခုလုံးသည် ရွှေရောင်အလင်းတန်းများနှင့် ဖြစ်တည်လာသည်။

ဒင်

“မပျက်စီးနိုင်သော အတွင်းခံနှင့် မပျက်စီးနိုင်သော ခြေအိတ်ကို ရရှိသည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်”

“…..”

All Chapters