← Chapters

အခန်း (၆၆၂)

Vol. 45 Ch. 662

အခန်း (၆၆၂)

Vol. 45 Ch. 662

သတိပေးသံကို ကြားပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ မျက်နှာတစ်ခုလုံးသည် ရှုံ့တွသွားခဲ့၏။ သူသည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လိုက်မိ၏။ “ဘယ်က သောက်ကျိုးနည်း မပျက်ဆီးနိုင်တဲ့ အတွင်းခံ နဲ့ ခြေအိတ် ရမှာလဲ”

“ဆိုလိုတာ ဒါကိုဝတ်ထားမယ်ဆိုရင် သေတဲ့အထိ ဝတ်ထားလို့ရတယ်၊ ပြန်ချွတ်စရာမလိုဘူးလို့ ဆိုလိုတာပဲ” စနစ်က ရှင်းပြလိုက်သည်။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားသည်။ “ဒါကြီးကို တစ်ချိန်လုံးဝတ်ထားရင် နံဟောင်နေမှာပေါ့”

မဟုတ်ပေ။ တကယ်တမ်းမှာတော့ စနစ်ဆီမှ ပြုပြင်ပြီးသားဖြစ်သည်မို့ ဤအရာသည် အနံ့လည်းမထွက်ချေ။

“ဘာပဲပြောပြော ဒီအရာအတွက် ဂိုဏ်းစုဆောင်းမှတ် ငါးထောင်တောင် အသုံးပြုလိုက်ရတယ်ဆိုတော့ တကယ့်ကို အဆုံးအရှုံးကြီးပဲ ဟုတ်တယ်မလား”

“လက်ရှိအခြေအနေအရ ကြည့်မယ်ဆိုရင်”

စနစ်သည် အားပျော့စွာဖြင့် ပြောလိုက်၏။ “လက်ခံသူ တကယ့်ကို ဆုံးရှုံးတာပဲ”

“...”

ကျွင်းချောင်ရှောင်းသည် ငိုချင်သွား၏။ သို့ပေမဲ့ မျက်ရည်တွေတော့ ကျမလာခဲ့ချေ။ ထို့အချိန်မှာပဲ နောက်ထပ် သတိပေးသံတစ်ခုသည် သူ၏နားထဲမှာ ထွက်ပေါ်လာခဲ့သည်။ “ဒင်... လက်ခံသူသည် အထူးဆုလာဘ် အား ကံစမ်းခဲ့၏၊ ထို့ကြောင့် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေတစ်ခု အား ရရှိခဲ့သည်”

ရွှီ …။

အတွင်းခံနှင့် ခြေအိတ်တို့အပြင် သိုလှောင်လက်စွပ်ထဲတွင် လေပွေတစ်ခု၏ ပုံစံနှင့် တူညီသော တစ်စုံတစ်ရာသည် ထွက်ပေါ်လာသည်။

“သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ ဟုတ်လား”

ကျွင်းချောင်ရှောင်း ကြောင်သွား၏။ ပထမဦးဆုံး သူတွေးလိုက်သည်မှာ အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေ နှင့်တူနေသည်ဆိုသည့်အကြောင်းပင်။ ထို့ကြောင့်ပင် ပြောလိုက်၏။ “ဒါက တူညီတဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ရှိတာလား”

“ဒါက ပစ္စည်းကောင်းတစ်ခုပဲ”

စနစ်က ပြောလိုက်သည်။ “ဂိုဏ်းစုဆောင်းမှတ် လုံလုံလောက်လောက်ရှိတယ်ဆိုရင်တောင်မှ ဒါကို စတိုးဆီမှာ ဝယ်လို့ရတာ မဟုတ်ဘူး”

“အဲလောက်ထိလား”

ကျွင်းချောင်ရှောင်းသည် မိတ်ဆက်အား သေသေချာချာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ သေချာကြည့်ရှုပြီးသည့်နောက်မှာတော့ သူသည် တဖြည်းဖြည်း စိတ်ဝင်စားမိသွား၏။ “ဒါက တကယ့်ကို ပစ္စည်းကောင်းတစ်ခုပဲ”

သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ၏ မိတ်ဆက်၌ ပြောဆိုထားသည်မှာ ဤလျှို့ဝှက် နယ်မြေသည် အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေနှင့် ဆင်တူလှ၏။ သို့ပေမဲ့ ဤနေရာသည် ကျင့်ကြံရန်အတွက် နေရာတစ်ခု မဟုတ်ပေ။ သေခြင်းရှင်ခြင်း အတွေ့အကြုံများကို ရှာဖွေရသည့် တည်နေရာတစ်ခုပင် ဖြစ်သည်။ ကျင့်ကြံသည်များသည် ထိုအရာထဲသို့ ဝင်သွားပြီဆိုပါက ရက်စက်လှသော စမ်းသပ်မှုပေါင်းများစွာနှင့် ကြုံရမည် ဖြစ်ပြီး အောင်မြင်သွားမည်ဆိုပါက အကျိုးကျေးဇူးကို ရရှိပေလိမ့်မည်။ အဆင့်ကြီးတစ်ဆင့်ပင်လျှင် ချိုးဖြတ် ရောက်ရှိသွားနိုင်၏။

“အဆင့်ကြီးတစ်ဆင့်တောင် ချိုးဖြတ်ရောက်ရှိမှာ ဟုတ်လား”

ဤစကားသည် ကျွင်းချောင်ရှောင်း၏စိတ်ကို ဆွဲဆောင်စေခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း ပို၍ စိတ်ဝင်စား သည်မှာ တပည့်များအနေနှင့် အထဲသို့ဝင်သွားကာ စမ်းသပ်မှုများကို ပြုလုပ်နေမည်ဆိုလျှင် သူသည်လည်း ဂိုဏ်း စုဆောင်းမှတ်များကို ရာခိုင်နှုန်းနှင့် ရရှိနိုင်မလား ဆိုသည်ပင်ဖြစ်သည်။

တကယ်တမ်းမှာတော့ တပည့်များသည် နောက်တစ်ဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားနိုင်မည်ဆိုလျှင် သူ့အနေနှင့် ဂိုဏ်းစုဆောင်းမှတ်များ အလိုအလျှောက် ရရှိပေလိမ့်မည်။ ဤအရာသည် ကျိန်းသေပေါက် ကောင်းမွန်သည့်အရာ တစ်ခု ဖြစ်၏။ လက်ရှိ အခြေအနေမှာတော့ ဂိုဏ်းချုပ်ကျွင်းသည် နေရာမှာ မနေနိုင်ဘဲ ထ၍ ကချင်စိတ်ပင် ပေါက်နေမိ၏။

သူသည် မိတ်ဆက်အား သေသေချာချာ ဆက်၍ ဖတ်ရှုလိုက်သည်။ သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေဟု အမည် ခေါ်တွင်သည်ဆိုသော်လည်း တကယ်တမ်းတွင် လူ၏ ခန္ဓာကိုယ်အနေအထားနှင့် ဝင်ရောက်သွားရသည် မဟုတ်ပေ။ ဝိညာဉ်ပုံရိပ်ယောင် တစ်ခုအဖြစ် ဝင်ရောက်ရသည် ဖြစ်သောကြောင့် မအောင်မြင်လျှင်တောင်မှ နာကျင်ဖွယ်ရာတော့ မရှိပေ။

စမ်းသပ်မှုမျှော်စင်ကဲ့သို့ပင် အစစ်အမှန် ခန္ဓာကိုယ်သည် အပြင်ဘက်တွင် ကျန်ခဲ့မည်ဖြစ်ပြီး ပုံရိပ်ယောင်ခန္ဓာကိုယ် သည်သာ စမ်းသပ်မှုကို တွေ့ကြုံရပေလိမ့်မည်။ သို့ပေမဲ့ ကျယ်ပြောလှသော စကြဝဠာအတွင်းမှ သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ ဖြစ်သည်မို့ စမ်းသပ်မှုမျှော်စင်ထက် ပိုမို၍ အားကောင်းလွန်းနေ၏။

ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက တကယ့်ကို လေ့ကျင့်ရေးအစီအစဉ်တစ်ခု တိုးလာတာပဲ”

မိတ်ဆက်ကိုဖတ်ရှုပြီးသည့်နောက်မှာတော့ သူသည် သေသေချာချာ မှတ်သားထားလိုက်၏။ သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေသည် အလွန်ပဲ အန္တရာယ်များလွန်းလှသည်။ ဤနေရာတွင် သေဆုံးမည်ဆိုလျှင် တကယ်တမ်း မသေဆုံးနိုင်ဟုဆိုသော်လည်း အချိန်အတော်ကြာ အားနည်းနေပေလိမ့်မည်။ ထို့ကြောင့် လုံလောက်သည့်အားအင် အဆင့်မရှိလျှင် မဝင်ရောက်တာ ကောင်းမည့် နေရာတစ်ခုပင် ဖြစ်တော့သည်။

ရွှီး

ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တခြားအရာများကို ဂရုမစိုက်တော့ချေ။ သူ့အနေနှင့် တောင်၏ အနောက်ဘက်ဆီသို့ သွားကာ သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေအား တည်နေရာချထားလိုက်တော့၏။

တည်နေရာတစ်ခုလုံး လှုပ်ရှားသွားပြီးသည့်နောက်မှာတော့ လေဝဲပုံစံ တည်နေရာကြီးတစ်ခု ဖြစ်ပေါ်လာသည်။ သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေသည် အချိန်နှင့် တည်နေရာ လျှို့ဝှက်နယ်မြေ၏ ညာဘက်ခြမ်းတွင် ရှိနေပြီး လေပွေဝဲနှစ်ခုသည် မီတာအနည်းငယ်ကွာခြားနေသည်။

“ဒင်... သီးခြားတာဝန် အသက်ဝင်”

“ဒီအချိန်ကြီး တာဝန်ပေါ်လာတာလား”

ကျွင်းချောင်ရှောင်းသည် စနစ်အားဖွင့်၍ ကြည့်လိုက်သည့်အခါမှာတော့ “တပည့်ငါးဆယ်အား ခေါ်ယူ၍ သေခြင်း ရှင်ခြင်းလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ကာ အလွယ်ကူဆုံးသော လုပ်ဆောင်မှုအခြေအနေဖြင့် ကျော်ဖြတ်ရန်”

“အလွယ်ကူဆုံးသော လုပ်ဆောင်မှု ဟုတ်လား”

ဤအရာသည် မိတ်ဆက်တွင် ဖော်ပြမထားချေ။ သို့ပေမဲ့ တာဝန်ဖြစ်သည့်ဆိုမှတော့ ကျွင်းချောင်ရှောင်းအနေဖြင့် လုပ်မှဖြစ်မည်။ သူသည်တစ်ချက်ကလေးမှ နှောင့်နှေးခြင်းမရှိဘဲ လီချင်းယန်နှင့် ရှောင်ကျီတို့ပါဝင်သည့် အတွင်းစည်း တပည့်ငါးဆယ်အား ခေါ်ယူလိုက်သည်။

“အမ်”

စုရှောင်မိုသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်... နောက်ထပ်ဆန်းကြယ်တဲ့နယ်မြေတစ်ခုလား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ၊ မင်းတို့ ဒီထဲမှ သေခြင်းရှင်ခြင်း အတွေ့အကြုံတွေ ခံစားရလိမ့်မယ်၊ အောင်မြင်မယ်ဆိုရင် မင်းတို့ရဲ့အဆင့်တွေ တိုးတက်သွားလိမ့်မယ်”

“အဆင့်တွေ တိုးတက်မယ် ဟုတ်လား”

စုရှောင်မို၊ လီဖေးနှင့် တခြားသောသူများ၏ အကြည့်များသည် ပိုမို၍ လေးနက်သွား၏။

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်သည်။ “ဒါပေမဲ့ ကျရှုံးသွားမယ်ဆိုရင်တော့ မင်းတို့ ချက်ချင်းသေဆုံးသွားလိမ့်မယ်”

ဟမ်

စုရှောင်မိုနှင့် လီဖေးတို့သည် မျက်လုံးအပြူးသား ဖြစ်သွားကြ၏။ ကျွင်းချောင်ရှောင်းသည် တပည့်များအား အစစ် အမှန်တရားကို မပြောကြားခဲ့ပေ။ ထိုမှသာလျှင် တပည့်များသည် အတွင်းသို့ဝင်ရောက်ပြီးနောက် ခက်ခဲမှုများကို သေသေချာချာ ကြိုးစား၍ ကျော်ဖြတ်ကြမည် မဟုတ်လား။

“ကြောက်နေတာလား”

“မဟုတ်ပါဘူး” တပည့်များအားလုံးသည် သံပြိုင်ဆိုသလို အော်ဟစ်လိုက်ကြ၏။ သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်အား တိုးတက်စေသည်ကို သိမှတော့ ၎င်းတို့သည် အရာအားလုံးကို စွန့်စားရဲနေကြ၏။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်သည်။ “အထဲကိုဝင်ကြတော့”

“ကောင်းပါပြီ”

တပည့်များအားလုံးသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။

ရွှီး

ကျွင်းချောင်ရှောင်းသည် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲသို့ အရင်ဆုံး ဝင်ရောက်လိုက်သည်။ လုချင်းချင်း၊ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည်လည်း နောက်မှလိုက်ပါလာကြသည်။ ကံဆိုးစွာဖြင့် ရီရှင်းချန်သည် မြေကမ္ဘာအဆင့် ပါရမီရှင်များနှင့် သွားရောက် တိုက်ခိုက်နေသည်မို့ ဤအထဲသို့ လိုက်ပါ မလာနိုင်ချေ။

...........

ဝမ်

ပုံရိပ်ယောင်တည်နေရာကြီးအတွင်းမှာ ကျွင်းချောင်ရှောင်းသည် ဘာမှန်းမသိသည့်နေရာကြီးတစ်ခုဆီသို့ ရောက်ရှိ သွားတော့သည်။ ဤအရာသည် အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ရောက်ရှိသွားခြင်း မဟုတ်ပေ။ သို့ပေမဲ့ ၎င်းတို့၏ စွမ်းရည်များကိုတော့ သေသေချာချာ စုစည်းဖွဲ့တည် အသုံးပြုနိုင်၏။ ပုံရိပ်ယောင်ခန္ဓာကိုယ်ဖြစ်သော်လည်း ခန္ဓာကိုယ်အစစ်နှင့် အလုံးစုံ တူညီလျက်ရှိသည်။

ရွှီး … ရွှီး

သူတို့ပေါ်လာပြီးသည့်နောက်မှာတော့ လေထုထဲတွင် စာလုံးများ ပေါ်လာတော့၏။ ပြီးနောက် ရွေးချယ်ရမည့် လုပ်ဆောင်ချက်ပုံစံများ ပြဋ္ဌာန်းထား၏။

အလွယ်ကူဆုံးလုပ်ဆောင်ချက်။

သာမန်လုပ်ဆောင်ချက်။

အခက်ခဲဆုံး လုပ်ဆောင်ချက်။

ငရဲခန်းလုပ်ဆောင်ချက် ဟူ၍ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒါက ဂိမ်းကစားသလိုပါပဲလား၊ ကစားပွဲရဲ့ ခက်ခဲမှုကို ရွေးချယ်ရတာပေါ့”

“သာမန်လုပ်ဆောင်ချက်”

စနစ်သည် တပည့်များအား အလွယ်ကူဆုံးလုပ်ဆောင်ချက်ကို လုပ်ဆောင်ရန် တာဝန်ပေးထား၏။ ထို့ကြောင့် သူ့အနေနှင့် အပျော်သဘောဖြင့် သာမန်လုပ်ဆောင်ချက်ကို ရွေးချယ်ပေးလိမ့်မည် မဟုတ်ချေ။

“ဒင်... အလွယ်ကူဆုံးလုပ်ဆောင်မှု စတင်နေသည်။ ဆယ်ရာခိုင်နှုန်း... နှစ်ဆယ်ရာခိုင်နှုန်း... ငါးဆယ်ရာခိုင်နှုန်း”

“ဒင်... ပြည့်စုံပါပြီ၊။အလွယ်ကူဆုံးလုပ်ဆောင်ချက် အသက်ဝင်သည်၊ စိန်ခေါ်သူများသည် အောင်မြင်စွာ ကျော်ဖြတ် နိုင်မည်ဟု မျှော်လင့်မိ၏”

ရွှီး…….။

ကျွင်းချောင်ရှောင်း၏ အရှေ့ရှိ မြင်ကွင်းသည် ချက်ချင်းပြောင်းလဲသွားတော့သည်။ ချက်ချင်းဆိုသလိုပဲ မဲနက်ပြီး အုံ့မှိုင်းနေသည့် တောအုပ်ကြီးတစ်ခုဆီသို့ ရောက်ရှိသွား၏။

လုချင်းချင်း၊ လီချင်းယန်နှင့် တခြားသော အတွင်းစည်း တပည့်ငါးဆယ်ခန့်တို့သည် သူ၏နောက်ဘက်တွင် မတ်တပ်ရပ်နေကြ၏။ တစ်ယောက်ချင်းစီတိုင်းသည် မရင်းနှီးသောပတ်ဝန်းကျင်ကို မြင်လိုက်သည့်အချိန်မှာတော့ အံ့အားသင့်မိသွားကြသည်။

“ဂိုဏ်းချုပ်”

စုရှောင်မိုက ပြောလိုက်သည်။ “ဒါက ဘယ်နေရာလဲ”

“မမေးနဲ့”

ကျွင်းချောင်ရှောင်းသည် တီးတိုးပြောလိုက်၏။ “မြန်မြန် … သတိအပြည့်နဲ့နေ”

သစ်တောထဲမှာ ရွံစရာအနံ့အသက်တစ်ခု ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ အလွန်တရာ ကြမ်းတမ်းလွန်း လှသော သားရဲရိုင်းများ ရှိနေမှာ သေချာ၏။

ဝေါင်း ….။

ရုတ်တရက်ဆိုသလိုပဲ ဒေါသကြီးနေသော အော်သံကြီးတစ်ခု ထွက်ပေါ်လာ၏။ ကြီးမားလှသော ဝက်ဝံတစ်ကောင်သည် အဝေးတစ်နေရာတွင် ရုတ်တရက်မတ်တပ်ရပ်ကာ ပေါ်လာ၏။ ၎င်း၏ မျက်လုံးများသည် နီရဲနေပြီး တိုက်ခိုက်လိုစိတ်များနှင့် ပြည့်နှက်နေ၏။

“ဒါက အဆင့်နိမ့် မြေကမ္ဘာစိတ်ဝိညာဉ်ဝက်ဝံပဲ” လီချင်းယန်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ ပြောလိုက်သည်။ “ဒါက အလွယ်ကူဆုံးသော လုပ်ဆောင်ချက်လေ။ လွယ်လွန်းတာကိုး”

သိုင်းဘုရင်အဆင့်သုံးကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်၍ရသော စိတ်ဝိညာဉ်သားရဲအား ရင်ဆိုင်ရသည်ဆိုသည် မှာ ဆိုးရွားလှသည် မဟုတ်ပေ။ သူ့တွင် သိုင်းဘုရင်အဆင့် အတွင်းစည်းတပည့် ငါးဆယ်တောင် ပါလာသည် မဟုတ်လား။ ထို့ကြောင့် တစ်ယောက်တစ်ချက် လက်သီးနှင့် ဝိုင်းထိုးမည်ဆိုလျှင်တောင်မှ တစ်ဖက်ဝက်ဝံသည် ရောင်ကိုင်းစုတ်ပြတ်သွားပေလိမ့်မည်။

အူ ဝေါင်း … ဝေါင်း …။

ထိုအချိန်မှာပဲ ဒေါသတကြီး အော်ဟစ်သံများသည် တခြားသောတည်နေရာသုံးခုဆီမှ ထွက်ပေါ်လာသည်။ ပြီးနောက် မြေကမ္ဘာစိတ်ဝိညာဉ်ဝက်ဝံများသည် တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာတော့သည်။ အားလုံး ပေါင်းသည် တစ်ရာလောက်ရှိ၏။

“ဒါ …. ဒါက” ကျွင်းချောင်ရှောင်းဆွံ့အသွားမိသည်။

သိုင်းဘုရင်အဆင့်သုံး ကျင့်ကြံသူနှင့် နှိုင်းယှဉ်၍ရသော စိတ်ဝိညာဉ်သားရဲ တစ်ရာ - ဤအရာသည် ခန့်မှန်း၍မရအောင် အားကောင်းလှသော စာရင်းပင်ဖြစ်တော့၏။

ဂျိန်း

တည်နေရာကြီးတစ်ခုလုံး တုန်ခါသွားပြီးနောက် ကမ္ဘာကြီးတစ်ခုလုံးပင် လှုပ်သွားသလို ခံစားလိုက်ရ၏။

“ကောင်းကင်ဘုံ”

လီထျန်းထျန်းနှင့် တခြားသူများသည် ခေါင်းမော့ကာ ကြည့်လိုက်ပြီးသည့်နောက် မျက်လုံးအပြူးသားဖြစ်သွား၏။ သူတို့၏ မြင်ကွင်းထဲမှာတော့ မြေကမ္ဘာစိတ်ဝိညာဉ်ဝက်ဝံထက် အဆမတန်ကြီးမားသော သားရဲရိုင်းကြီး တစ်ကောင် ပေါ်လာသည်။ ၎င်း၏အမြင့်သည် သူတို့၏ရှေ့တွင်ရှိသော တောင်စောင်းကြီးတစ်ခုကဲ့သို့ ကြီးမားလှသည်။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် တီးတိုးပြောလိုက်၏။ “ဒါက အလယ်အလတ်အဆင့် မြေကမ္ဘာစိတ်ဝိညာဉ်သားရဲဘုရင်ပဲ”

“...” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။

ဤအရာသည် အလွယ်ကူဆုံးသောလုပ်ဆောင်ချက်တွင် ဝင်ရောက်ကစားနေကြခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် သာမန်လုပ်ဆောင်ချက်၊ အဆင့်မြင့်လုပ်ဆောင်ချက်နှင့် ငရဲခန်းလုပ်ဆောင်ချက်များတွင် ပိုမို၍ ကြောက်မက်ဖွယ်ကောင်းနေပေလိမ့်မည်။

အူ …ဝေါင်း … ဝေါင်း

မြေကမ္ဘာစိတ်ဝိညာဉ်ဝက်ဝံများသည် ဒေါသတကြီးအော်ဟစ်ကာ ရှေ့သို့တိုးလာကြ၏။

ဂျိန်း ဂျိန်း

ဝက်ဝံဘုရင်၏ ကြီးမားသော အရွယ်အစားကြောင့် မြေတည်နေရာတစ်ခုလုံးသည်ပင်လျှင် တုန်လာပြီး ငလျင် လှုပ်လိုက်သကဲ့သို့ လှိုင်းတွေပင် ဖြစ်လာတော့သည်။

ချလွမ် …။

ကျွင်းချောင်ရှောင်းသည် သူ၏လက်နက်ကို ထုတ်ကာ အော်ဟစ်လိုက်၏။ “ကောင်လေးတို့ တိုက်ခိုက်ကြမယ်”

All Chapters