အခန်း (၆၆၆)
Vol. 45 Ch. 666
ငရဲခန်းလုပ်ဆောင်မှုသည် မည်မျှကြောက်မယ်ဖွယ်ကောင်းလှသနည်းဆိုသော် သိုင်းအင်ပါယာတစ်ယောက်နှင့် နှိုင်းယှဉ်၍ ရနိုင်သော သူတော်စင်သားရဲကြီးနှင့် ယှဉ်ပြိုင်ရသည်က အကောင်းဆုံးသက်သေပင်ဖြစ်တော့သည်။ ဤအရာသည် အရင်ဘဝမှ ရီရှင်းချန်နှင့် တိုက်ရိုက်တိုက်ခိုက်ရန်ပင် ထိုက်တန်လွန်းလှသည့် သားရဲဖြစ်သည်။
“လာစမ်း၊ မျှမျှတတ တိုက်ခိုက်လိုက်ရအောင်”
ဖောင်း
သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေ၏ အဝင်ဝတွင်တော့ ရီရှင်းချန်သည် ပြန်လည်ပြုတ်ကျလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြုတ်ကျလာပြီးနောက် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိသည်။
သိုင်းဘုရင်တစ်ယောက် သည် သူတော်စင်အဆင့် သားရဲကြီးနှင့် ရင်ဆိုင်ခြင်း -
ဖြစ်ပေါ်လာမည့် ရလဒ်ကို အရူးပင်လျှင် ခန့်မှန်း မိပြီးဖြစ်ပေလိမ့်မည်။ ဆိုးရွားသည့်အရာမှာ သူတော်စင်သားရဲကြီးသည် တစ်ချက်ကလေးတောင်မှ လှုပ်ရှားခဲ့ခြင်း မဟုတ်ပေ။ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မီးတောက်များနှင့် ရီရှင်းချန်အား ချက်ချင်းသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ညအင်ပါယာသည် ငိုချင်သော်လည်း မျက်ရည်ပင်မထွက်တော့ချေ။
“ချင်းယန်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူ့ကို ပြန်သယ်ပြီးတော့ မြေမြှုပ်လိုက်တော့”
“မြေမြှုပ်ရမှာ ဟုတ်လား” လီချင်းယန်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။
သူသည် ရီရှင်းချန်အား မြန်မြန်သယ်ယူပြီး အခန်းထဲသို့ သွားကာပို့ထားလိုက်တော့သည်။
နောက်တစ်ရက်မှာတော့ ရှောင်ကျီသည် လျှိုဝမ်ရှစ် ဖန်တီးပေးသည့် အာဟာရ ပြည့်ဝသော ဆန်ပြုတ်တစ်ခွက်အားကိုင်၍ ရီရှင်းချန်အား သေသေချာချာ ခွံ့ကျွေးလျက်ရှိသည်။ ၎င်းတို့၏ ဆက်ဆံရေးသည် တကယ့်ညီရင်းအစ်ကိုများကဲ့သို့ပင် ဖြစ်လို့နေ၏။
“ဂျူနီယာညီလေး”
ရှောင်ကျီသည် မထွက်ခွာခင်မှာပဲ ပြောလိုက်သည်။ “အကြောင်းမဲ့ လျှောက်မလုပ်နဲ့၊ မင်းပြန်ကောင်းပြီးသွားရင် ငါတို့ လွယ်ကူတဲ့လုပ်ဆောင်မှုကို တူတူသွားပြီး စိန်ခေါ်ကြတာပေါ့”
“ချီးတဲ့မှ”
ညအင်ပါယာသည် သူ့ကိုသူ ကြိတ်ကာ ပြောလိုက်သည်။ “ငါထိပ်ဆုံးအဆင့်ကို ပြန်ရောက်ပြီဆိုတာနဲ့ ခြေထောက်အောက်မှာ သူတော်စင်သားရဲဆိုတဲ့အကောင်ကို နင်းချေ ပြမယ်”
မြေကမ္ဘာအဆင့် ပါရမီရှင်များကို အချိန်အတော်ကြာ ဆက်တိုက်အနိုင်ယူစိန်ခေါ်ပြီးသည့်နောက်မှာတော့ သူသည် ဝံ့ကြွားလျက်ရှိသည်။ သို့ပေမဲ့ ငရဲခန်းလုပ်ဆောင်မှုအတွင်းမှာတော့ တစ်ခါတည်း သေဆုံးခဲ့ရသည်။ ထိုအရာအား သူမကျေမနပ် ဖြစ်မိနေ၏။
...............
ရီရှင်းချန်သည် ငရဲခန်းလုပ်ဆောင်မှုပုံစံအား စိန်ခေါ်ခဲ့ခြင်းမှာ ဂိုဏ်းအတွင်းအနည်းငယ်တော့ ဆူဝေသွားခဲ့သည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတပည့်များအတွက် သတိပေးချက်ဖြစ်တည်လာသည်။ ထိုအရာမှာ အားလုံးသည် တပြေးညီ လွယ်ကူသည့်လုပ်ဆောင်မှုပုံစံကိုသာ ရွေးချယ်ယှဉ်ပြိုင်ကြရန်ပဲ ဖြစ်တော့သည်။ ဤသို့နှင့် တပည့်များ အားလုံးသည် နေ့စဉ်နေ့တိုင်း အဖွဲ့များဖွဲ့ကာ ဝင်ရောက်ကြလျက်ရှိနေသည်။
နေ့စဉ်နေ့တိုင်းလည်း အထဲသို့ ဝင်ရောက်ကြသည့်သူများ များပြားလာသည်ဆိုသော်လည်း အရှုံး၏ ဘေးထွက် ဆိုးကျိုးကို ခံစားနေရသော သူများသည်လည်း များပြားနေကြသည်။
လဝက်လောက်ကြာပြီးသည့်နောက်မှာတော့ တပည့်တစ်သောင်းကျော် တို့သည် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့ကြသည်။ လီချင်းယန်၏ တွက်ချက်မှုအရဆိုလျှင် တပည့် ခြောက်ထောင်ကျော် မှ ခုနှစ်ထောင်နီးပါးကျော်လောက် အောင်မြင်စွာ ယှဉ်ပြိုင်ခဲ့ ကြပြီး ကျန်သည့်သူများမှာ ကျရှုံးခဲ့၏။
“ဒီကျရှုံးမှုနှုန်းက နည်းနည်းတော့မြင့်တယ်” ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းလိုက်၏။
လီချင်းယန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်... တပည့်ရဲ့ သုံးသပ်မှုအရဆိုရင် စမ်းသပ်မှုကို အောင်မြင်အောင် ကျော်ဖြတ်နိုင်တဲ့လူတွေက စမ်းသပ်မှု မျှော်စင်ထဲမှာ သေသေချာချာ လေ့ကျင့်ခဲ့တဲ့လူတွေကြီးပဲ”
“ဒီတော့ စမ်းသပ်မှုမျှော်စင်ကို သေသေချာချာ မဝင်ဘဲနဲ့ သွားရောက်ယှဉ်ပြိုင်တဲ့လူတွေအားလုံးက ရှုံးနိမ့်ကြ တာလား၊ ဒါဆိုရင် စမ်းသပ်မှုမျှော်စင်ထဲကို ကောင်းကောင်းမဝင်ဘူးတဲ့လူတွေ အကုန်လုံးကို သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲကို မဝင်တာ အကောင်းဆုံးပေါ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ လျှို့ဝှက်နယ်မြေ၏ ရည်ရွယ်ချက်ဆိုသည်မှာ တစ်စုံတစ်ယောက်၏ အားအင်အဆင့်ကို ပိုမိုတိုးတက်လာစေရန်ဖြစ်သည်။ ဆက်တိုက်သာ ကျရှုံးနေသည်ဆိုပါက ဘေးထွက်ဆိုးကျိုးကို ခံစားရင်း အချိန်ဖြုန်းသလိုပင် ဖြစ်နေလိမ့်မည်။
“အမိန့်ပေးလိုက်”
ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ “စမ်းသပ်မှုမျှော်စင်ထဲမှာ နှစ်ဝက်ကျော်တဲ့အထိ သေချာမလေ့ကျင့်ရသေးတဲ့လူတွေအကုန်လုံး သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ခွင့်မရှိဘူး”
“ကောင်းပါပြီ”
လီချင်းယန်သည် အမိန့်ကို လက်ခံရရှိပြီးသည့်နောက် ပြန်လည်ထွက်ခွာသွားသည်။ ဤစည်းမျဉ်း ပျံ့နှံ့သွားပြီး သည့်နောက် တပည့်များသည် လိမ်လိမ်မာမာနှင့် ၎င်းတို့၏ ခန္ဓာကိုယ်ကို တိုးတက်စေရန် ကြွက်သားတည်ဆောက်ခြင်းအခန်းနှင့် စမ်းသပ်မှုမျှော်စင်ထဲသို့သာလျှင် သွားရောက်လေ့ကျင့်ကြတော့၏။
သုံးလလျှင်တစ်ခါသာ ဝင်ရောက်နိုင်သည်မို့ ရှောင်ကျီနှင့် တခြားသောသူများသည်လည်း ၎င်းတို့၏ ကျင့်ကြံခြင်းအပေါ်တွင် အာရုံစိုက် ထားကြသည်။
သို့ပေမဲ့ သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေ ပေါ်ပေါက်လာသည်နှင့်အမျှ ဂိုဏ်းတာဝန်ခွဲဝေမှု အဆောင်၏ တာဝန်များသည်လည်း ပြောင်းလဲသွားပြန်သည်။ အလွန်တရာ ခက်ခဲလှသည့် တာဝန်ရပ်များ အများအပြားတွင် သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ဖူးသည်ဆိုသည့် လိုအပ်ချက် ပေါ်ပေါက်လာတော့သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက အချိန်နဲ့တပြေးညီ ပြောင်းလဲမှုပဲ”
“ဂိုဏ်းချုပ်”
လီလိုရှုက ပြောလိုက်သည်။ “အဝယ်တော်ခန်းမက လူတွေက စာရင်းပေးထားတဲ့ အချက်အလက်ပစ္စည်းတွေကို ဝယ်ယူခဲ့ကြပြီ”
“ဒီလိုလား”
ကျွင်းချောင်ရှောင်းသည် အဝယ်တော်ဟောခန်းဆီသို့ မြန်မြန်ပင် လိုက်ပါလာခဲ့သည်။ ပြီးနောက် များပြားလှသည့် ပစ္စည်းများကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းကာ ပြန်လည်ယူဆောင်လာခဲ့တော့သည်။ ဆေးခန်းမဆောင် နှင့် လက်နက်ခန်းမဆောင်အား တစ်ခုပြီးတစ်ခု ဖွင့်လှစ်ပြီးသည့်နောက် ပစ္စည်းများသည် အလိုအလျောက် သူ့ဟာနှင့် သူ လိုက်ဖက်ညီကုန်၏။
“အဆင့်နှစ် ကျန်းယန်ဓား ငါးဆယ်၊ အဆင့်နှစ် တိမ်ဖောက်ဓားမော့ သုံးဆယ်၊ အလယ်အလတ်အဆင့် သံမဏိ ဒိုင်းကာအမဲ ဆယ့်ငါး”
သူသည်ပစ္စည်းသုံးမျိုးကို ရွေးချယ်၍ တစ်ခါတည်း အလိုအလျောက် သန့်စင်တော့သည်။
တစ်ချိန်တည်းမှာပဲ ကျွင်းချောင်ရှောင်းသည် သူမကြာသေးခင်က သန့်စင်ထားသော ကျန်းယန်ဓားအား ထုတ်ကိုင်၍ သေသေချာချာ လေ့လာကြည့်လိုက်၏။ သူသည် ထိုအရာကို လေ့လာဖို့ အချိန်မရှိခဲ့ချေ။
ချလွမ်
ဓားသည် အပြင်ဘက်သို့ ရောက်ရှိပြီးသည့်နောက် ဓားအလင်းတန်းများ ဖြတ်သန်းသွားသည်။ ကျန်းယန်ဓားသည် သာမန်ဓားတစ်ချောင်းနှင့် ဘာမှမကွဲပြားချေ။ သို့ပေမဲ့ ဓား၏ကိုယ်ထည်မှာတော့ ထူလွန်းပြီး ဓားသွားများသည်လည်း ထက်ရှသည့်ပုံ မပေါ်ချေ။ သို့သော်ငြား အလွန်တရာထက်ရှလှသည့် အော်ရာများ ထုတ်ဖော်နေသည့် ဓားကြီးတစ်လက်ဟု အားလုံးကို ထင်မြင်မိစေသည်။
ရွှီး ရွှီး
ကျွင်းချောင်ရှောင်းသည် သူ၏ဓားကို ဝှေ့ယမ်းကြည့်ပြီးသည့်နောက်မှာတော့ ဓားအလင်းတန်းများသည် ဖြစ်တည် လာခဲ့၏။ ခဏလောက်စမ်းသပ်ကြည့်ပြီးသည့်နောက် သူသည် စိတ်ကျေနပ်စွာဖြင့် ပြောလိုက်၏။ “ဒါက အအေးဓားထက် ပိုပြီးတောင် အားကောင်းတာပဲ”
“ပေါက်ကရ”
စနစ်က ပြောလိုက်သည်။ “အဆင့်မြင့်ဓားပါဆိုနေမှ ဘယ်လိုလုပ် ပိုမကောင်းဘဲ နေမှာလဲ”
ကျွင်းချောင်ရှောင်းသည် ဓားကိုပြန်လည်ရုတ်သိမ်းကာ ပြောလိုက်၏။ “တပည့်တွေကို ဒါတွေသာ တပ်ဆင်ပေးလိုက်မယ်ဆိုရင် သေခြင်းရှင်ခြင်းနယ်မြေကို အောင်မြင်နိုင်ဖို့ ပိုပြီး လွယ်ကူမှာပဲ”
.........
တောင်၏ အနောက်ဘက် မြက်ခင်းပြင်ထဲမှာတော့ ရှောင်ကျီသည် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ လေးနက်သည့်အမူအယာဖြင့် ပြောလိုက်သည်။
“စီနီယာအစ်ကိုစု... အဆင့်သင့်ပဲလား”
စုရှောင်မို၏ နှုတ်ခမ်းများသည် တုန်ယင်စွာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်... ဒါကို ဂိုဏ်းချုပ်ပဲ ကိုင်ထားလိုက်ပါလား၊ ဂျူနီယာညီလေးရှောင်ကို စနိုက်ပါနဲ့ ပစ်ခိုင်းလိုက်လဲ ရတာပဲ မဟုတ်လား”
“အပိုမပြောနဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မြန်မြန် ဒိုင်းကိုမြှောက်ထား”
“...” စုရှောင်မိုသည် မည်သို့မျှ မတတ်နိုင်တော့ပဲ အလွန်တရာလေးလံလှသော ဒိုင်းကြီးအား မြှောက်ထားရ၏။
ဤအရာသည် သံမဏိဒိုင်းအမဲရောင်ဖြစ်သည်။ ဤဒိုင်းသည် မူလသံမဏိဒိုင်းကာထက် ပိုမိုကြီးမားပြီး လေးလံ လွန်းသည်။ ဒိုင်း၏ မျက်နှာတွင် ရှုပ်ထွေးလှသော ပုံပန်းသွင်ပြင်များ ရေးထိုးထားပြီး ဥရောပ အလယ်အလတ် ခေတ်မှ လက်ရာများနှင့် ဆင်တူလျက်ရှိသည်။
စုရှောင်မိုသည် စိတ်ဝိညာဉ်ချပ်ဝတ်နည်းစနစ်အား အသက်သွင်းပြီး သည့်နောက်မှာတော့ သံမဏိဒိုင်းကာအား သေသေချာချာ ကိုင်ဆောင်ထား၏။ သူသည် အလွန်တရာ ကြည့်ကောင်းနေ၏။
ဟူး ဟူး
အသက်ကို ပြင်းပြင်းရှုပြီးနောက် ပြောလိုက်သည်။ “အဆင်သင့်ပဲ”
ဘန်း
ပြောပြောပြီးချင်းမှာပဲ ရှောင်ကျီသည် သူ၏စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာ သံမဏိဒိုင်းကာအမဲအား ထိုးချ လိုက်၏။ သူ၏ ခန္ဓာကိုယ်သည် အလွန်တရာအားကောင်းလှသောကြောင့် လက်သီးချက်မှာလည်း ကြောက်မက် ဖွယ်ရာအားအင်အဟုန်များ ပါဝင်လျက်ရှိသည်။ သို့ပေမဲ့ စုရှောင်မိုသည် တည်နေရာမှာ ငြိမ်ငြိမ်ရပ်တန့်နေပြီး တစ်ချက်ကလေးမှ နောက်မဆုတ်သွားချေ။
“ဆက်လုပ်မယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဘန်း ဘန်း
ရှောင်ကျီသည် တစ်ချက်ကလေးမှ ငြိမ်မနေဘဲ ရှေ့ဘက်ဆီသို့တိုးကာ အားကုန်ဆက်လက်ထုတ်၍ ထိုးနှက် တော့၏။ သူသည် မြေကွဲနည်းစနစ်ကိုပါ တွဲဖက်ကာ အသုံးပြုလိုက်သေးသည်။ ပေါက်ကွဲသံများသည် တည်နေရာ တစ်ခုလုံးတွင် ဖြစ်တည်လာပြီး တဖောင်းဖောင်းနှင့် နွေဦးရာသီတွင် မီးပန်းများ ဖောက်နေသကဲ့သို့ပင် ဖြစ်လျက် ရှိသည်။ သို့ပေမဲ့ မည်မျှတိုက်ခိုက်သည်ဆိုဆို စုရှောင်မိုမှာ သံမဏိဒိုင်းကာအမဲအား ကိုင်ဆောင်ထားပြီး တစ်လက်မမှပင် လှုပ်ရှားမှုမရှိဘဲ တည်နေရာမှာပင် မတ်မတ်ရပ်နေ၏။
“ဂိုဏ်းချုပ်”
စုရှောင်မိုသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “ဒီဒိုင်းကာရဲ့ အကာအကွယ်က အံ့အားသင့်စရာကောင်းလွန်းတယ်”
“ဒါဆိုရင်လည်း စမ်းကြည့်တာပေါ့”
ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းလျှောက်လာခဲ့သည်။ ပြီးနောက် သူ၏ ညာဘက်လက်သည် စိတ်ဝိညာဉ် စွမ်းအင်များနှင့် ပြည့်နှက်လာသည်။ ချက်ချင်းပဲ ထိုးချလိုက်၏။
“မလုပ် …”
ဘန်း
ဘုတ် ဘုတ် ဘုတ် ဘုတ် ဘုတ် ….။
စုရှောင်မိုသည် ဒိုင်းအားကိုင်ဆောင်၍ နောက်ဘက်ဆီသို့ လွှင့်စင်သွားသည်။ အဆုံးသတ်မှာတော့ သူသည် မီတာဒါဇင်အနည်းငယ်သို့ ရောက်ရှိသွားပြီး မျက်ဖြူလန်ကာ မေ့လျက်ရှိနေတော့သည်။ ပါးစပ်ထဲမှလည်း အမြှုပ်တွေ ထွက်လျက် ရှိသည်။
ရှောင်ကျီ “……...”
“ငါအားသုံးတာ နည်းနည်းများသွားတာလား”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။
သူသည် ဓားနှင့်သိုင်းအုပ်စိုးသူ အဆင့်သို့ ချိုးဖြတ် ရောက်ရှိပြီးသည့်နောက် အမှုမဲ့အမှတ်မဲ့ တိုက်ခိုက်ချက်တစ်ခုကပင်လျှင် ဂျင်ဆယ်သန်းကျော် အားအင်များ ပါဝင် နေ၏။ ထို့ကြောင့် သံမဏိဒိုင်းကာအမဲ၏ ထောက်ပံ့မှုရှိသည်ဆိုလျှင်တောင်မှ စုရှောင်မိုသည် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။ သို့ပေမဲ့ ဤလက်သီးချက်ကို မကျိုးမပဲ့ဘဲ ခုခံနိုင်ခဲ့သည်ဆိုသည်မှာ အားကောင်းလွန်းသည့် သံမဏိ ဒိုင်းကာအမဲကြောင့်မှန်း သိသာလွန်းလှသည်။
“ဒါကို များများစားစား ထုတ်လုပ်ပြီး လူတစ်ယောက်ကို တစ်ခုရအောင် ဖန်တီးပေးမှ ဖြစ်မယ်ထင်တယ်” ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။
ဤအရာမှာလည်း ဖြစ်နိုင်နေသည်။သို့ပေမဲ့ သံမဏိဒိုင်းကာအမဲအား သန့်စင်ရန်အတွက် သူသည် ကျောက်ရိုင်းများ လိုအပ်နေသည်။ များများဝယ်နိုင်ဖို့ နည်းလမ်းကို ရှာဖွေရပေလိမ့်မည်။
............
ဒုန်း ဒုန်း
စားသောက်ခန်းဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။ မာယုံနင်သည် ကြီးမားသည့် မီးဖိုကြီးရှေ့တွင် မတ်တပ်ရပ်လျက်ရှိပြီး သူ၏ မီးဖိုချောင်ဓားမော့အား ဝှေ့ယမ်းလျက်ရှိသည်။
ယခုသည် နှစ်သစ်ရောက်တော့မည်ဖြစ်၏။ လျှိုဝမ်ရှစ်သည် သူ၏ညီအစ်ကို မောင်နှမများ စားသုံးရန်အတွက် ဖက်ထုပ်များကို ပြင်ဆင်လျက်ရှိသည်။ ဓားမော့ဘုရင်အဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသော မာယုံနင်သည်လည်း ဓားမော့နည်းစနစ်ကို အသုံးပြုရာတွင် ပိုမို၍ ကျွမ်းကျင်လာသည်။ သူ၏ အမှုမဲ့ အမှတ်မဲ့ လှုပ်ရှားမှုများတွင်လည်း အလွန်တရာ နက်နဲလှသည့် အဓိပ္ပာယ်များ ပါဝင်နေ၏။ ထို့ကြောင့် ဟင်းသီးဟင်းရွက်လှီးလျှင်တောင်မှ အဆင့်မြင့်သည့် နည်းစနစ်များ ပါဝင်နေသည်ဟု တွေ့ရှိရလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် တံခါးက်ု အသာမှီကာ ပြောလိုက်၏။ "ကျုပ် ဆီမှာ အသစ်ဖန်တီးထားတဲ့ ဓားမော့ရှိတယ်၊ လိုချင်လား"
ဒုန်း
မာယုံနင်သည် ရပ်တန့်ကာ ဝံ့ကြွားစွာဖြင့် ပြန်ပြောလိုက်၏။ "ဂိုဏ်းချုပ်... ကိုယ့်ဓားမော့ကိုပဲ ကိုယ်သုံးပါ့မယ်"
ဓားမော့နှင့် လူ တစ်သားတည်းဖြစ်သည်။ သူ့အနေနှင့် လွယ်လွယ်ကူကူ ပြောင်းလဲလို့ မရသည့် အရာတွင် ဤဓားမော့လည်း ပါနေ၏။ ဥပမာအားဖြင့် သူ၏လက်ထဲတွင်ရှိသော ဤဓါးမော့သည် ကျိုးပြတ်နေခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ သူသည် ပြန်လည်တပ်ဆင်ကာ အသုံးပြု နေခြင်းဖြစ်၏။
ဘုတ်
ကျွင်းချောင်ရှောင်းသည် အသစ်သန့်စင်ထားသော တိမ်ဖောက်ဓားမော့အား ပစ်ပေးလိုက်ကာ လှည့်ထွက်သွား ခဲ့သည်။ ပြီးနောက် သတိလည်း ပေးလိုက်သည်။ "အသားတွေကို သေသေချာချာလှီးဖို့ မမေ့နဲ့၊ ဒါမှဖက်ထုပ်က စားလို့ပိုကောင်းမှာ"
"နားလည်ပါပြီ"
မာယုံနင်သည် သူ၏ မီးဖိုချောင်ဓားမော့ကြီးအား ဆက်လက်ထိန်းချုပ်ပြီး အသားများကို တဒုန်းဒုန်း ခုတ်လျက်ရှိသည်။ သို့ပေမဲ့ သူ၏မျက်လုံးများသည် အမှတ်မထင်ဆိုသလိုပဲ သူ၏ဘေးတစ်ဖက်တွင် ကျလျက်ရှိသည့် တိမ်ဖောက်ဓားမော့အား လှမ်းကြည့်နေ၏။ ထိုဓားမော့ဆီမှ အလွန်တရာအားကောင်းလှသော အော်ရာများ ထုတ်လွင့်လျက်ရှိသည်။
လက်ရှိ အခြေအနေမှာတော့ သူသည် ဝေခွဲမရ ဖြစ်နေ၏။ နောက်ဆုံးမှာတော့ မာယုံနင်သည် မည်သို့မှ မတတ်နိုင်ဘဲ တိမ်ဖောက်ဓားမော့၏ လက်ကိုင်အား လှမ်းဆွဲလိုက်သည်။ ပြီးနောက် သူ၏ရှေ့သို့ ယူဆောင်ကာ သေသေချာချာ ကြည့်ရှု့လိုက်၏။ ဓားမော့၏ မျက်နှာပြင်အား လျှာနှင့်ပင် လျက်လိုက်သေး၏။
"ဒီဓားမော့ မဆိုးဘူး"
ဓားမော့ကို လျှာနဲ့လျက်ခြင်းမှာ အရည်အသွေးကို သုံးသပ်ခြင်းဖြစ်၏။ ဤအရာသည် မီးဖိုချောင်ဓားမော့ဘုရင်၏ ပြိုင်စံရှား အံ့ဖွယ်စွမ်းရည်တစ်ခုပင် ဖြစ်တော့သည်။
"ရိ"
မီးဖိုချောင်ထဲသို့ လျှောက်ဝင်လာပြီး ရိဟိုင်အား လှမ်းခေါ်လိုက်သည့် လျှိုဝမ်ရှစ်သည် စဉ့်တီတုံးပေါ်တွင် မာယုံနင်၏ ဓားကြီး ရှိနေသည်ကို မြင်လိုက်ရ၏။ သို့ပေမဲ့ လူကိုတော့ ရှာမတွေ့တော့ချေ။ ထို့ကြောင့် ဇဝေဇဝါ ဖြစ်သွားမိ၏။
"ဦးလေးမာ... မီးဖိုချောင်ဓားက ဦးလေးမာရဲ့ အသက်ဆို၊ ဘာလို့ ဒါကြီးကို မယူဘဲ ထားခဲ့ရတာလဲ"