← Chapters

အခန်း (၆၆၇)

Vol. 45 Ch. 667

အခန်း (၆၆၇)

Vol. 45 Ch. 667

လေ့ကျင့်ရေးတည်နေရာကွင်းပြင်ထဲမှာတော့ မာယုံနင်သည် တိမ်ဖောက်ဓားမော့ကို ဝှေ့ယမ်းလိုက်၏။ ကောင်းကင်ထက်မှာတော့ ဓားမော့ချီများနှင့် ပြည့်နှက်နေသည်။

ရွှီး

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ သူသည်ဓားမော့အား ပြန်လည်ရုတ်သိမ်းလိုက်၏။ ဓားမော့၏ မျက်နှာပြင်အား သူသည် ချစ်မြတ်နိုးစွာဖြင့် အသာပွတ်သပ်လိုက်သည်။ သူ၏ မျက်လုံးထဲတွင်တော့ ကြင်နာသည့် အရိပ်အယောင်များနှင့် ပြည့်နှက်လျက်ရှိသည်။ သူ၏ မီးဖိုချောင်သုံးဓားမော့ကြီးသည် ခန္ဓာကိုယ်မှ ဘယ်တုန်းအခါမှ မခွာခဲ့ဘူးချေ။ သို့ပေမဲ့ ဤအရာသည် အတိတ်ကပင်ဖြစ်၏။

လက်ရှိအခြေအနေမှာတော့ သူသည် အခြားသော တစ်စုံတစ်ခုကို ချစ်ကျွမ်းဝင်သွားသည်ဟု ကြေညာခဲ့ပြီ ဖြစ်သည်။ ဤအရာမှာ မာယုံနင်တစ်ယောက် စိတ်ဓာတ်မခိုင်မာသောကြောင့်ပင် မဟုတ်ချေ။ တိမ်ဖောက် ဓားမော့သည် သူ၏အကြိုက်နှင့် ထပ်တူညီနေသောကြောင့်ပင်ဖြစ်သည်။ အသစ်ဖန်တီးထားသော မီးဖိုချောင် ဓားမော့သည် သူ့အတွက် အလွန်တရာလေးနက်သည့် ခံစားချက်များကို ပေးစွမ်းနေသည်။ ထို့ကြောင့် လေးနက်သည့် ဆက်ဆံရေးမျိုးကို ပြန်လည်တည်ဆောက်ရန် စဉ်းစားလိုက်မိ၏။

ဤအရာမှာ ယောကျ်ားတို့၏ သဘာဝပင်ဖြစ်သည်။ ပန်းကန်နှင့်စားနေရင်းမှာပင် အိုးထဲရှိ အစားအစာအား လှမ်းကြည့်ခြင်း -

“ဂိုဏ်းချုပ်”

ကျုံးရီသည် တိမ်ဖောက်ဓားမော့အား အသာစမ်းသပ်ကြည့်ပြီးသည့်နောက် ပြောလိုက်သည်။ “ဒီဓားမော့ရဲ့ အရည်အသွေးက အအေးဓားထက်တောင် ပိုပြီးတော့ ကောင်းတာပဲ”

“မင်းကအခု ဒီဓားမော့ရဲ့ ပိုင်ရှင်ဖြစ်သွားပြီ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ကျုံးရီသည် သံချပ်ကာဝံပုလွေတပ်သားများ၏ ခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့် တိမ်ဖောက်ဓားမော့အား ပေးလိုက်ခြင်းအားဖြင့် ရန်သူများဆီသို့ ဝင်ရောက်တိုက်ခိုက်ရာတွင် ပိုမို၍ အစွမ်းပြနိုင်ပေလိမ့်မည်။ ထို့အပြင် တိုက်ပွဲတွင် ဓားမော့၏ အစွမ်းသက်ရောက်မှုသည် ဓား၏ အစွမ်းသက်ရောက်မှု ထက် ပိုမိုကောင်းမွန်နေ၏။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်၊ ဓားမော့ကို ပေးတဲ့အတွက်” ကျုံးရီသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

လက်ရှိတွင် ကျွင်းချောင်ရှောင်း၌ အဆင့်မြင့်တပ်ဆင်ထားသော တိမ်ဖောက်ဓားမော့ အခုနှစ်ဆယ်ခန့်ရှိ၏။ ထပ်မံ၍ သူသည် တပည့်များအား ပေးလိုက်ရန် မရည်ရွယ်ခဲ့ချေ။ ထိုအစား လက်နက်လဲလှယ်ခြင်းစက်ထဲသို့ ထည့်၍ သင့်တော်လောက်မည့် ဂိုဏ်းစုဆောင်းမှတ်များနှင့် လဲလှယ် အသုံးပြုစေရန် ဈေးနှုန်းတစ်ခုကို သတ်မှတ်ပေးခဲ့၏။

သူ့အနေနှင့် လုံလောက်သည့် ဓားမော့ အရေအတွက်ကို ဖန်တီးနိုင်မည်ဆိုလျှင် တစ်ယောက်ချင်းစီ ဖြန့်ဝေပေးရန် ဖြစ်နိုင်ပေလိမ့်မည်။ လက်ရှိအခြေအနေမှာတော့ အနည်းငယ် သာရှိသည်မို့ ဂိုဏ်းစုဆောင်းမှတ်နှင့် လဲလှယ် အသုံးပြုရန်သာ ဖန်တီးပေးထားနိုင်စွမ်းရှိသည်။ ဤနည်းလမ်းကြောင့် တပည့်များသည်လည်း တာဝန်များကို ပိုမို ထမ်းဆောင်ချင်စိတ် တိုးလာပေလိမ့်မည်။

“ကျောက်ရိုင်းတွေ၊ ကျောက်ရိုင်းတွေ”

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းဆီသို့ ပြန်လည်ရောက်ရှိပြီးနောက် တီးတိုးရေရွတ်နေသည်။ လက်နက် နှင့် အသုံးအဆောင်ပစ္စည်းများ၏ ဖော်မြူလာများသည် အထူးတာဝန်ကို ပြည့်စုံစေပြီးသည့်နောက်တွင် ရရှိခဲ့ပြီး ဖြစ်သည်။ သို့ပေမဲ့ ကျောက်ရိုင်းများမရှိပဲနှင့် သူသည် များများစားစား ထုတ်ဖော်သန့်စင်၍ မရချေ။ ထို့ကြောင့် စိတ်ဓာတ်လည်း ကျဆင်းနေသည်။ ထို့ထက်ပို၍ ဆိုးသည်မှာ လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများအတွက် လိုအပ်သည့်ကျောက်ရိုင်းများသည် အဆင့်နိမ့်ပစ္စည်းများမဟုတ်ချေ။ ထို့ပြင် ဈေးကွက်၌လည်း ဝယ်ယူရန် ခက်ခဲ နေသေး၏။ ပစ္စည်း၏ ကုန်ကျစရိတ်တွေကလည်း အလွန်တရာ များပြားသည်။

“မတူညီတဲ့ ကျောက်ရိုင်းသဘာဝတွေကို ထုတ်ဖော်နိုင်တဲ့ တွင်းကြီးတစ်ခုရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ” ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်သည်။

စနစ်က ပြောလိုက်သည်။ “လက်ခံသူရဲ့ စဉ်းစားမှုက အရမ်းကောင်းတယ်”

“ဒါဆိုရင် စတိုးထဲမှာ ရှိတာလား”

“မရှိပါဘူး”

“……” ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ စိတ်ဓာတ်ကျသွားမိသည်။

သူသည် ဆေးလုံးခန်းမကို ဖွင့်ကြည့်လိုက်ပြီးသည့် နောက်မှာတော့ အဆင့်မြင့်ချီစုစည်းခြင်းဆေးလုံးနှင့် အဆင့်မြင့် ဝိညာဉ်ဖြစ်တည်ခြင်းဆေးလုံး ဖော်မြူလာများကို မြင်လိုက်ရ၏။ ဤနှစ်ခုသည် မဆိုးလှချေ။ သို့ပေမဲ့ ပါဝင်ပစ္စည်း ဆေးများမှာတော့ အလွန်တရာ များပြား၏။ ကျွင်းချောင်ရှောင်းသည် ဆေးများအား ပြတ်လပ်မှုတော့ မရှိချေ။ အဘယ်ကြောင့်ဆိုသော် မျက်နှာတစ်ရာ ဆေးသူတော်စင်ဆီမှ မျိုးစေ့များကို ရရှိခဲ့သောကြောင့် ဖြစ်သည်။ သူ့အနေနှင့် ဤအရာများကို စိုက်ပျိုးရန် အချိန်သာ လိုအပ်၏။

“အကြီးအကဲဝေ”

ဆေးဥယျာဉ်ထဲတွင် လှမ်းလျှောက်လာရင်းမှ ကျွင်းချောင်ရှောင်းသည် ဆေးပင်စာရင်းကို လှမ်းပေးကာ ပြောလိုက်၏။ “သီးသန့်တည်နေရာတစ်ခုကို ခွဲထုတ်ပြီး ဒီဆေးပင်တွေကို သီးသန့်စိုက်ပေးပါ”

“ကောင်းပါပြီ”

အကြီးအကဲဝေသည် စာရင်းအား လှမ်းယူပြီးနောက် ပြောလိုက်သည်။ “အရည်အသွေးက မဆိုးဘူး၊ ဒါတွေ ရင့်မှည့်ဖို့အတွက်ဆို တစ်လကနေ နှစ်လလောက်ပဲ ကြာမယ်”

“တစ်လကနေ နှစ်လ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ဒါကလက်ခံနိုင်လောက်တယ်”

…….…

ဟူရန်မြို့

ကျွင်းချောင်ရှောင်းသည် မြို့ထဲသို့ လမ်းလျှောက်ကာ လာခဲ့သည်။ မြို့ထဲရှိ ကျင့်ကြံသူများနှင့် သာမန်လူများသည် ဘေးတစ်ဖက်ဆီသို့ ဆင်းသက်ပြီး သူ့အား နွေးနွေးထွေးထွေးနှင့် ကြိုဆိုနှုတ်ဆက်နေကြသည်။ လက်ရှိ အခြေ အနေမှာ‌တော့ သူသည် အတိတ်တုန်းကကဲ့သို့ အားလုံး၏ အထင်အမြင်သေးမှုကို ခံစားနေရသည့် သံမဏိအရိုး ဂိုဏ်းချုပ်တစ်ယောက် မဟုတ်တော့ပေ။ ပြိုင်စံရှားဂိုဏ်းကြီးတစ်ခုလုံး၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လို့နေခဲ့သည်။ ပြောနေစရာပင် မလိုအပ်ချေ။ ထိုကဲ့သို့သော လေးစားမှုမျိုးကို ခံစားရရှိသည်မှာ အလွန်တရာ ကောင်းမွန်သည့် ခံစားချက်ကို ရရှိစေသည်။

သူသည့် တည့်တည့်ပင် လျှောက်သွားမိ၏။ ပြီးနောက် အိုက်မိသားစုဆေးဆိုင်ရှေ့တွင် ရပ်တန့်လိုက်သည်။ ဆေးဆိုင်သည် ပြန်လည်ပြင်ဆင်ထားခဲ့ပြီး အဝင်ဝသည် အရင်ထက်ပိုပြီး ခမ်းနားကာ လှပနေခဲ့၏။ အိုက်မိသားစု ဆေးလုံးလေလံဆွဲသည့် စည်းမျဉ်းစည်းကမ်းအား လစဉ်လတိုင်း ပြုလုပ်လျက်ရှိပြီး ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးနှင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးများ၏ သတင်းစကားများသည်လည်း ပိုမို၍ ပျံ့နှံ့လာခဲ့သည်။ ထို့ကြောင့် ၎င်းတို့၏ ချမ်းသာခြင်းများသည်လည်း ပိုမို များပြားလာခဲ့၏။

ဆေးလုံးသည် ကျွင်းချောင်ရှောင်း ပံ့ပိုးပေးထားခဲ့သည်ဖြစ်သော်လည်း လေလံဆွဲသည့်အရာအား သူတို့မိသားစုမှ တာဝန်ယူခဲ့သည်။ လစဉ်လတိုင်း ၎င်းတို့သည် ကြီးမားလှသည့် အကျိုးအမြတ်များကို ရရှိနေ၏။ ထို့ကြောင့် မချမ်းသာလျှင်သာ ထူးဆန်းနေပေလိမ့်မည်။ ထို့အပြင် အိုက်မိသားစုသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ပိုမိုကာ ချဲ့ထွင်ထားပြီးဖြစ်၏။ ချင်းယန်နိုင်ငံ၏ မြို့ကြီးရှစ်မြို့တွင် ဆေးပစ္စည်းဆိုင်များကို အသီးသီးဖွင့်လှစ်ထားသည်။

“ဂိုဏ်းချုပ်ကျွင်း”

အိုက်ရှန်းရီသည် အလျင်အမြန်နှင့် ထွက်ခွာလာ၏။ အိုက်မိသားစု၏ စီးပွားရေးမှာ ပိုမို၍ ကြီးမားလာခဲ့သည်။ ထိုအရာများသည် ကျွင်းချောင်ရှောင်း မရှိဘဲနှင့် ဖြစ်တည်လာမည့် အရာမျိုး မဟုတ်ချေ။ ထို့ကြောင့် သူတို့သည် ကျွင်းချောင်ရှောင်းကို သက်ရှိနတ်ဘုရားတစ်ပါးလို ဆက်ဆံကြ၏။

“အိုက်မိသားစုခေါင်းဆောင်”

ကျွင်းချောင်ရှောင်းက ရယ်လိုက်၏။ “ဆေးဆိုင်တွေကို ဘယ်တုန်းက ပြန်ပြီး ပြုပြင်ထားတာလဲ”

“လွန်ခဲ့တဲ့လတုန်းကလေ” အိုက်ရှန်းရီသည် အလျင်အမြန်ပဲ ဝင်ပါဆိုသည့်အမူအရာနှင့် ဖိတ်ခေါ်လိုက်၏။ ပြီးနောက် ဆေးဆိုင်ထဲရှိ အစေခံ များကို အကောင်းဆုံးသောလက်ဖက်ရည်တည်ခင်းပေးရန် မှာကြားလိုက်သည်။

ကျွင်းချောင်ရှောင်းသည် အသာ ထိုင်လိုက်ပြီးနောက် အထဲတွင် အလှဆင်ထားသော ခန့်ညားလှသော ပရိဘောဂများကို ကြည့်ရှု့လိုက်ပြီး အဓိက အကြောင်းအရာဆီကို ပြန်လည်ပြောဆိုလိုက်၏။ “အိုက်ခေါင်းဆောင်… ဒီတစ်ကြိမ်လာလည်တာက ကျောက်ရိုင်းတွေကို များများစားစား ရနိုင်တဲ့နေရာ ဘယ်နေရာ ရှိလဲ သိချင်တယ်”

အိုက်ရှန်းရီသည် တစ်ချက်ကလေးမျှပင် မစဉ်းစားချေ။ တစ်ခါတည်း ပြောလိုက်၏။ “မြောက်ပိုင်းသဲကန္တာရနယ်မြေပေါ့”

ဤအရာသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ မြောက်ဘက်ပိုင်းတွင် တည်ရှိနေ၏။ ကုန်းမြေကြီး တော်တော် များများသည် သဲကန္တာရများ ဖြစ်သည်ဆိုသော်လည်း မြေအောက်မှာတော့ မြေအောက်သယံဇာတများ ပေါကြွယ်လွန်း သည်။

“ဒါက နည်းနည်းတော့ ဝေးတယ်”

“ဂိုဏ်းချုပ်ကျွင်းက ကျောက်ရိုင်းတွေကို လိုချင်တာလား”

“ကျောက်ရိုင်းတွေကို လိုချင်ရုံတင်မဟုတ်ဘူး၊ အရမ်း အများကြီးကို လိုချင်တာ”

အိုက်ရှန်းရီက ပြောလိုက်သည်။ “ဒီလိုဆိုရင် ဂိုဏ်းချုပ်ကျွင်းကို မြောက်ပိုင်းသဲကန္တာရဆီ ခရီးထွက်ဖို့ အကြံပြုချင်တယ်၊ ကံကောင်းတယ် ဆိုရင် ပိုင်ရှင်မဲ့ မိုင်းတွင်း တစ်ခုခုကိုတောင် ရှာဖွေတွေ့ရှိနိုင်တယ်”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည်လည်း ထိုကဲ့သို့သော အကြံရှိ၏။ ထို့အပြင် ဤအရာကို ခရီးတစ်ခု ထွက်သည်အနေဖြင့် သဘောထား၍လည်း ရနိုင်သည်။

“ဂိုဏ်းချုပ်ကျွင်း”

အိုက်ရှန်းရီသည် သိုလှောင်လက်စွပ် အနည်းငယ်ကို ကမ်းပေးကာ ပြောလိုက်၏။ “ဒါတွေက အိုက်မိသားစုအနေနဲ့ လောလောလတ်လတ် စုဆောင်းထားတဲ့ ဆေးပင်နဲ့ မျိုးစေ့တွေပါ”

“ဒုက္ခပေးမိတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ကျွင်းချောင်ရှောင်းက ယူလိုက်၏။ ပြီးသည့်နောက်မှာတော့ ပြန်လည်ကောင်းမွန်ခြင်း‌ဆေးလုံးနှင့် ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံး တစ်ပုလင်းဆီ ပေးခဲ့ကာ အသာလှည့်ထွက်လာခဲ့၏။

သူသည် မြို့ထဲမှ ထွက်ခွာလာပြီးသည့် နောက်မှာတော့ မည်သည့်အရာကိုမှ ဖုံးကွယ်မထားချေ။ တိုက်ရိုက်ပဲ ပျံသန်းကာ ပြန်လာခဲ့လိုက်တော့သည်။ သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖြတ်ရောက်ရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်သည် ပိုမို၍ ကောင်းမွန်လာခဲ့သည်။ သူ၏ ပျံသန်းမှု စွမ်းရည်တွင်လည်း သေသေချာချာ အသုံးပြုနိုင်နေပြီဖြစ်၏။

……….

ဟမ်

ဂိုဏ်းဆီသို့ ပြန်လာပြီးသည့်နောက် ဖျင်ကြမ်းဝတ်စုံ ဝတ်ဆင်ထားသော သာမန်လူ အနည်းငယ်တို့သည် တောင်၏ အခြေတွင် စုဝေးနေသည်ကို သူ မြင်လိုက်ရ၏။ ယနေ့သည် တပည့်များခေါ်ယူသည့်နေ့မဟုတ်ပေ။ ထိုလူ များသည် ဘာလုပ်နေသနည်း။

“ရွာလူကြီး”

လူအုပ်ထဲတွင်တော့ လှပလှသည့် မိန်းကလေးက ပြောလိုက်သည်။ “သွားကြစို့၊ အစ်ကိုအားညိုက ကျွန်မကို မေ့သွားလောက်ပြီ”

ဤမိန်းကလေးသည် သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားသည်ဆိုသော်လည်း သူမ၏ သဘာဝဆန်ကာ လှပမှုကို‌တော့ မဖုံးကွယ်နိုင်ချေ။

“မဟုတ်သေးဘူး”

ဆံပင်ငွေရောင်နှင့် အသက်ရှစ်ဆယ်နီးပါးခန့်ရှိသော အဘိုးအိုသည် လမ်းလျှောက်တုတ်ခေါင်းကို ကိုင်ကာ ပြောလိုက်၏။ “ဒီကိုရောက်လာပြီဆိုမှတော့ ငါတို့ ကောင်‌လေးကို ရှာရမယ်၊ ပြီးတော့ ဘာလို့ ထွက်မသွားခင်တောင် နှုတ်ဆက်တဲ့ စကား ပြောမသွားခဲ့တာလဲ၊ ဘာလို့ နင့်ကို စွန့်ပစ်သွားခဲ့တာလဲဆိုတာ မေးကို မေးရမယ်”

ဟမ့်

ရုပ်ရည်ခပ်ကြမ်းကြမ်း တောင့်တောင့်နှင့် လူတစ်ယောက်သည် စူးစိုက်ကြည့်ကာ ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းထဲကို ဝင်သွားရတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကြီးမြတ်လှတယ်လို့ ထင်နေတာ၊ ကျုပ်ညီမသာ တစ်ခုခုဖြစ်ရင် ဒီအတိုင်း ရပ်ကြည့်နေမယ့်လူထဲမှာ ကျုပ်မပါဘူး”

မိန်းကလေးက ပြောလိုက်သည်။ “ရွာလူကြီး… ဒါက အားညိုနဲ့တူတာလည်း ဖြစ်နိုင်တယ်”

“မဖြစ်နိုင်ဘူး”

ခပ်ကြမ်းကြမ်းလူသည် လေးနက်စွာဖြင့် ပြောလိုက်၏။ “ငါ အစောကြီးကတည်းက မေးပြီးသွားပြီ၊ ဒီကောင်က ကျိန်းသေပေါက် အားညိုပဲ”

“အားညို ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် လေထဲမှာရပ်တန့်ကာ ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းမှာ ဒီလိုတပည့် မရှိပါဘူး”

“အစ်ကို”

မိန်းကလေးက ပြောလိုက်သည်။ “တကယ်လို့ အစ်ကိုအားညိုသာဆိုရင် သူ့အနေနဲ့ ဒီလိုဂိုဏ်းမျိုးကို ဝင်ခွင့်ရတာ ကြီးမားတဲ့ အခွင့်အရေးပဲလေ၊ ကျွန်မတို့ အမှတ်တမဲ့ ပေါက်တတ်ကရတွေ လျှောက်လုပ်နေမှ သူ့ကို ဒုက္ခဖြစ်စေအုံးမယ်”

“ဒါကတော့ အမှန်ပဲ” ရွာလူကြီးက မျက်မှောင်ကုတ်လိုက်သည်။

“သူက ကျုပ်ညီမကို လက်ထပ်မယ်လို့ ပြောခဲ့တာလေ၊ ယောကျ်ားဆိုတာ သူ့ရဲ့ကတိကို သူတည်သင့်တယ် မဟုတ် ဘူးလား”

ခပ်ကြမ်းကြမ်းနှင့် လူသည် ဒေါသတကြီးပြောလိုက်သည်။ ပြီးနောက် သူသည် သူ၏ညီမအတွက် အားညိုအား ရှာဖွေ မည်ဟု စိတ်ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်၏။

“ဒါက အမှန်ပဲ၊ ယောက်ျားဆိုတာ ကတိကို တည်ရတယ်”

ရုတ်တရက်ဆိုသလိုပဲ အသံတစ်ခု ထွက်ပေါ်လာပြီး အားလုံးကို ဆွံ့အသွားစေ၏။ အားလုံး လှည့်ကြည့်လိုက်သည့် နောက်မှာတော့ သူတို့၏ နောက်တွင် မည်သည့်အချိန်တုန်းက ပေါ်လာမှန်းမသိသော လူငယ်တစ်ယောက် ရှိနေ သည်ကို အားလုံးက မြင်လိုက်ရ၏။ ခပ်ကြမ်းကြမ်းလူက ပြောလိုက်သည်။

“ခင်ဗျား က ဘယ်သူလဲ”

သူ၏ မေးခွန်းသည် နူးညံ့ကြင်နာလှသည် မဟုတ်သော်လည်း မကြမ်းတမ်းလှချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်မှလူသည် သူ့ထက်ငယ်ရွယ်လှသည်ဆိုသော်လည်း ပုံပန်းသွင်ပြင်မှာ ခန့်ညား၍ ထည်ဝါသည့်အရှိန်အဝါမျိုး ထွက်ပေါ်လျက် ရှိသည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းချုပ်”

“သူက ဂိုဏ်းချုပ်လား၊ ဒီလောက်ငယ်မယ်လို့ ငါမထင်မိဘူး” ရွာသားများသည် တစ်ဦးနှင့်တစ်ဦး တီးတိုးပြောဆိုဆွေးနွေးနေကြသည်။

ရွာလူကြီးက လျင်လျင်မြန်မြန်ပဲ လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ကျုပ်က တူအာရွာရဲ့ ရွာလူကြီးပါ၊ ဒီနေ့လာတာက ဖေးအားညိုလို့ခေါ်တဲ့ တပည့်ကို လာရှာတာပါ”

“ဖေးအားညို ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းလိုက်သည်။ “ကျုပ်ဂိုဏ်းမှာ ဖေးအားညိုဆိုတဲ့ တပည့်မရှိဘူး”

ထိုအရာကို ကြားတော့ မိန်းကလေး၏ မျက်ဝန်းထဲတွင် စိတ်ပျက်မှုများနှင့် ပြည့်နှက်သွားသည်။ သို့ပေမဲ့ သူက ချက်ခြင်းပဲ ဖုံးကွယ်ကာ ပြောလိုက်သည်။ “ပြောသားပဲ၊ လူမှားတာဖြစ်မှာပါလို့”

“ဂိုဏ်းချုပ်”

ရွာလူကြီးက ပြောလိုက်သည်။ “တကယ်ပဲ ဖေးအားညိုဆိုတဲ့ နာမည်မရှိဘူးလား”

“မရှိပါဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူ့အနေနှင့် များပြားလှသော တပည့်များ ရှိသည်ဆိုလျှင်တောင်မှ ၎င်း၏ တပည့်များနာမည်ကို သေသေချာချာ သိရှိလို့နေသည်။ သူ၏တပည့်များထဲတွင် ဖေးအားညိုဆိုသည့်တပည့် တစ်ယောက်မှ မရှိချေ။

“ရွာလူကြီး၊ အစ်ကို”

မိန်းကလေးက ပြောလိုက်သည်။ “အစ်ကို အားညိုက ဒီမှာ မရှိဘူးဆိုရင် ပြန်ကြစို့”

“ငါတို့ မပြန်နိုင်ဘူး”

ခပ်ကြမ်းကြမ်းလူက တိကျခိုင်မာစွာ ပြောလိုက်သည်။ “ဖေးအားညိုက နာမည်ပြောင်းထားတာလဲ ဖြစ်နိုင်တယ်၊ ကျုပ်တို့ အထဲဝင်ပြီး သူ့ကိုရှာရမယ်၊ ကျိန်းသေပေါက် တွေ့မှဖြစ်မယ်”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် လက်ကိုအသာမြှောက်ကာ ပြောလိုက်၏။ “ဂိုဏ်းထဲကို လိုက်ကြည့်ကြ”

ဤလူများသည် ရိုးရှင်းလွန်းသည်။ ထို့ပြင် ရိုးသားသည့်လူများလည်းဖြစ်သည်။ တစ်စုံတစ်ယောက်ကို လာရောက် ရှာဖွေချင်သည်ဆိုမှတော့ သူ့အနေနှင့် ပူးပေါင်းပါဝင်ပေးရပေလိမ့်မည်။ ထို့အပြင် ဂိုဏ်းချုပ်ကျွင်းသည် အလွန် တရာလည်း စပ်စုချင်မိ၏။ ဒီခပ်ကြမ်းကြမ်းလူသည် ဖေးအားညိုမှာ ပြိုင်စံရှားဂိုဏ်းတွင် ရှိနေသည်ကို ယုံကြနေသည်။ မည်သို့သော အချက်အလက်ကြောင့်ပင်ဆိုသည်ကို သူသေချာမသိချေ။

All Chapters