← Chapters

အခန်း (၆၆၈)

Vol. 45 Ch. 668

အခန်း (၆၆၈)

Vol. 45 Ch. 668

တူအာရွာမှ ရွာသားများ အားလုံးသည် ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်လာကြသည်။

အလွန်တရာ ခန့်ညားပြီး လှပလွန်းသော ခြံဝန်းကြီးနှင့်အတူ ကြီးမားလှသည့် အဆောက်အဦ များကို မြင်ရချိန်မှာတော့ သာမန်လူများဖြစ်သည့် သူတို့သည် အလွန်တရာ ကြိုက်နှစ်သက်ကြ၏။ ဤအရာကြီးသည် နန်းတော်ကြီးတစ်ခုကဲ့သို့ပင် ကြီးကျယ်ခမ်းနားလွန်း၏။

ဤအရာများသည် လီချင်းယန်အား ကျေးဇူးတင်ရမည့်အရာများ ဖြစ်တော့သည်။ များပြားလှသည့် အဆင့်မြှင့်တင်မှုများကို ပြုလုပ်ပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် အဆပေါင်းများစွာ ပိုမို၍အဆင့်မြင့်တက်လာခဲ့၏။ အဆောက်အဦ များမှာလည်း ပိုမိုခန့်ညားကာ ထည်ဝါလွန်းလျက် ရှိနေသည်။

အရင်တုန်းကသာဆိုလျှင် ဤအဓိကဟောခန်းကြီးအား လူမသုံးတော့ဘဲ စွန့်ပစ်ထားတာကြာသည့် ဘုရားကျောင်း အစုတ်အပြတ်ကြီးတစ်ခုလိုပင် ထင်မှတ်နေပေလိမ့်မည်။

“ကြီးလွန်းတာပဲ”

“ကျုပ်တို့ ခြေထောက်အောက်မှာရှိတဲ့ ကျောက်ပြားတွေက အရမ်းဈေးကြီးမှာပဲ၊ ဒါတွေ လုပ်ဖို့အတွက် ငွေဘယ်လောက်တောင် ကုန်လဲမသိဘူး”

တူအာရွာမှ ရွာသားများ အားလုံးသည် မျက်လုံးအပြူးသားနှင့် ဖြစ်မိနေကြသည်။ ၎င်းတို့အားလုံးသည် မြင်မြင်သမျှအား အံ့အားသင့်မိနေကြသည်။

ဂိုဏ်းချုပ်ကျွင်းသည် ထိုလူများနှင့် ရင်းရင်းနှီးနှီး ပြောဆိုလျက်ရှိနေသည်။ တခြားသော ဂိုဏ်းများသာဆိုပါက ထိုကဲ့သို့သော ရွာသူရွာသားများအား အထဲသို့ဝင်ရောက်၍ စိတ်သဘောကျကြည့်ရှုခြင်းကို ခွင့်ပြုပေးလိမ့်မည် မဟုတ်ချေ။

မိန်းကလေး၏အစ်ကိုသည် ပြိုင်စံရှားဂိုဏ်း၏တပည့်များကို စူးစိုက်ကာ ကြည့်ရှုလျက်ရှိနေသည်။ သူသည် တချိန်လုံး ဖေးအားညိုအား ရှာဖွေနေခြင်းပင်ဖြစ်၏။

သူ့အနေနှင့် ဤညီမလေးတစ်ဦးတည်းကိုသာ ပိုင်ဆိုင်၏။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ နှလုံးသားကင်းမဲ့လှသော ထိုလူအား ရှာဖွေရပေလိမ့်မည်။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် အသာလျှောက်လာပြီးနောက် အံ့အားတသင့်ဖြင့် မေးလိုက်၏။ “သူတို့က..”

သူရောက်ရှိလာပြီးသည့်နောက်မှာတော့ ခပ်ကြမ်းကြမ်းလူက သေသေချာချာ ကြည့်ရှုပြီး ခေါင်းကိုခါယမ်းလိုက်၏။

နှလုံးသားမဲ့တဲ့လူက သူလည်းမဟုတ်ဘူး။

“သူတို့က ဒီကို တစ်စုံတစ်ယောက်ကို လာရှာတာလေ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“ဘယ်သူ့ကို ရှာတာလဲ”

“ဖေးအားညို”

“ဖေးအားညို ဟုတ်လား”

လီချင်းယန်သည် အူကြောင်ကြောင်ဖြင့် ပြန်ပြောလိုက်၏။ “ဂိုဏ်းချုပ်၊ ကျွန်တော်တို့ဂိုဏ်းထဲမှာ အဲလိုမျိုးလူ မရှိဘူး”

“မဖြစ်နိုင်တာ”

ခပ်ကြမ်းကြမ်းလူက ပြောလိုက်သည်။ “အဲကောင်က ဒီမှာ ရှိကိုရှိရမယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ချင်းယန်၊ တပည့်တွေအားလုံးကို ဒီမှာစုစည်းခိုင်းလိုက်၊ ပြီးတော့ သူတို့ကို တစ်ယောက်ချင်းစီ ကြည့်စေလိုက်”

“ကောင်းပါပြီ” လီချင်းယန်သည် အမိန့်ကို လက်ခံရရှိလိုက်၏။

မကြာခင်မှာပဲ ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်သောင်းကျော်တို့သည် လေ့ကျင့်ရေးကွင်းပြင်ထဲတွင် စုစည်းလျက်ရှိနေတော့သည်။

“ဒီလောက် လူတွေများတယ်လား”

“တစ်ချက်ကြည့်လိုက်တိုင်း အရမ်းအားကောင်းတဲ့ ကျင့်ကြံသူတွေဆိုတာ ပြောနိုင်တယ်”

ပြိုင်စံရှားဂိုဏ်း၏တပည့်များဆီမှ ထွက်ပေါ်နေသော အော်ရာများသည် တူအာရွာသားများအတွက်တော့ ထိတ်လန့်စိုးရွံ့မှုများကို ဖြစ်ပေါ်စေသည်။ သို့ပေမဲ့ ခပ်ကြမ်းကြမ်းလူသည် ကြောက်ရွံ့နေသည်ဆိုသော်လည်း သူ၏ညီမအား ခေါ်ဆောင်ကာ တစ်ယောက်ချင်းစီအား လိုက်လံ၍ ကြည့်ရှုတော့သည်။

ပထမတန်းမှာတော့ ရှောင်ကျီ၊ စုရှောင်မို၊ လီဖေးနှင့် တခြားသူများဖြစ်သည်။ ဖေးအားညို မပါဝင်သောကြောင့် သူသည် ဒုတိယတန်းကို ဆက်လက်ရှာဖွေပြန်သည်။ ကံဆိုးစွာဖြင့် နောက်ဆုံးတန်းထိ ကြည့်ရှုပြီးသည့်နောက်မှာတော့ ဖေးအားညိုနှင့်တူသည့်လူ တစ်ယောက်ကိုမှ မတွေ့ခဲ့ချေ။

နောက်ဆုံးတပည့်ဖြစ်သော ဟယ်ဝူတီကိုတော့ သူ ဆက်လက်ကြည့်ရှုစရာ မလိုချေ။ အဘယ်ကြောင့်ဆိုသော် တံခါးဖွင့်လိုက်ကတည်းက သူတွေ့ခဲ့ပြီးဖြစ်သည်။ ၎င်းသည် ဖေးအားညိုနှင့် တစ်ချက်ကလေးမှ မတူချေ။

“အစ်ကိုကြီး”

မိန်းကလေးက တီးတိုးပြောလိုက်၏။ “ ပြောသားပဲ၊ တစ်ယောက်ယောက်နဲ့ မှားတာပါဆို”

“မဖြစ်နိုင်ဘူး”

ခပ်ကြမ်းကြမ်းလူသည် ခေါင်းကိုကုတ်ကာ ပြောလိုက်၏။ “သူ့ကို ဒီမှာမြင်လိုက်တယ်လို့ တစ်ယောက်က ကျိန်းသေပေါက်ပြောတာ”

“ဂိုဏ်းချုပ်”

သူသည် ကျွင်းချောင်ရှောင်းကိုကြည့်ကာ ပြန်မေးလိုက်၏။ “ဒီမှာ တပည့်တွေအကုန်ပဲလား”

“အကုန်ပဲလေ” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြန်ပြောလိုက်သည်။ “ဂျူနီယာညီလေးရီက အချိန်နဲ့တည်နေရာ လျှို့ဝှက်နယ်မြေထဲကို ဝင်ပြီးတော့ သူ့ရဲ့အားနည်းခြင်း ဘေးထွက်ဆိုးကျိုး ပျက်ပြယ်သွားအောင် ကြိုးစားနေတယ်လေ”

ကျွင်းချောင်ရှောင်း၏ အမူအရာများသည် အေးခဲသွား၏။ စောနတုန်းက တူအာရွာလူကြီးသည် ဖေးအားညိုက မည်သည့်စကားမှမဆိုဘဲ ထွက်ခွာသွားခဲ့သည်ဟုဆို၏။ အရင်တုန်းက သူသည်လည်း ရီရှင်းချန်အား ဂိုဏ်းထဲသို့ တစ်ခါတည်း အတင်းအဓမ္မ ခေါ်ဆောင်လာခဲ့သည် မဟုတ်လား။

ချီးတဲ့မှ။ ဖေးအားညိုဆိုတာ ဒီကောင်တော့ မဖြစ်နိုင်ပါဘူး။ မဟုတ်ဘူး၊ မဟုတ်ဘူး။

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာကြိတ်ကာ ငြင်းလိုက်၏။

ဒီကောင်က အရမ်းကို ဂုဏ်မောက်တဲ့ကောင်ပဲ၊ ဘယ်လိုဖြစ်လို့ ရွာသားလေးတစ်ယောက် ဖြစ်နေမှာလဲ။

အထူးသဖြင့် ဖေးအားညိုဆိုသည့် နာမည်သည် ကြောင်တောင်တောင်နိုင်လွန်းလှ၏။

“အားလုံးပဲ”

သူက ပြောလိုက်၏။ “တံခါးပိတ်ကျင့်ကြံနေတဲ့ တပည့်တစ်ယောက် ရှိသေးတယ်၊ ခဏလောက် စောင့်ပါအုံး”

အချိန်ကို ရေတွက်ပြီးသည့်နောက်မှာတော့ အချိန် - တည်နေရာလျှို့ဝှက်နယ်မြေသည် နှစ်ရက်ကျော် ကြာမြင့်နေပြီဖြစ်ကြောင်းကို သူသိရှိပြီးသည်။ ထို့ကြောင့် မကြာခင်မှာ အလိုအလျောက် ပြန်လည်ထွက်ခွာလာပေလိမ့်မည်။

“ကောင်းပြီ” ခပ်ကြမ်းကြမ်းလူက ပြောလိုက်သည်။ သူ့အနေနှင့် တစ်ယောက်ပဲကျန်တော့မည်ဆိုလျှင်တောင်မှ အရှုံးမပေးချေ။ ဆက်လက်ကာ ကြည့်ရှုချင်နေမိ၏။

မိန်းကလေးမှာတော့ ထောင့်တစ်နေရာတွင် သူမ၏ အင်္ကျီစ ကို အသာလိပ်ရင်း တိုးတိုးပြောလိုက်၏။ “အစ်ကို၊ သွားကြစို့၊ သူ့ကို ထပ်ပြီးမနှောင့်ယှက်ပါနဲ့တော့”

သူမသည် ပြိုင်စံရှားဂိုဏ်းထဲတွင် ဖေးအားညိုအား ရှာဖွေတွေ့ရှိမည်ကိုပင် စိုးရိမ်နေမိ၏။ အဘယ်ကြောင့်ဆိုသော် သူမအစ်ကို၏အကျင့်စရိုက်၊ စိတ်နေစိတ်ထားအရဆိုလျှင် ကျိန်းသေပေါက် ဖေးအားညိုအား လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။

ကံကောင်းလှစွာဖြင့် တပည့်များ အများကြီးရှိသည်ဆိုသော်လည်း တစ်ယောက်မှသည် ဖေးအားညိုနှင့် မတူကြချေ။ ဤအရာသည် သူမ၏စိတ်ထဲတွင် အနည်းငယ်စိတ်ပျက်မိသည်ဆိုသော်လည်း ကောင်းမွန်သည့်ရလဒ်ဟုတော့ သုံးသပ်ရပေမည်။

အစ်ကို အားညို၊ ရှင် အခက်အခဲတွေရှိတာကို ကျွန်မ ကောင်းကောင်းသိတယ်၊ တနေ့မှာ တူအာရွာကို ပြန်လာပြီး ကျွန်မကိုရှာမယ်ဆိုတာ သိနေတယ်။

မိန်းကလေးသည် သူမကိုသူမ နှစ်စဉ်နှစ်တိုင်း ဤစကားလုံးများနှင့် နှစ်သိမ့်နေခဲ့၏။ နေ့စဉ်နေ့တိုင်းဆိုသလိုပင် ရွာ၏အပြင်ဘက်တွင်ရှိသော စမ်းချောင်းလေးဆီသို့သွားကာ စောင့်စားနေ၏။

သို့ပေမဲ့ သူမသည် နှစ်စဉ်နှစ်တိုင်း စောင့်စားနေသည်ဆိုသော်လည်း အလဟဿဖြစ်ခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ဖေးအားညိုသည် တစ်ချက်ကလေးမှ ပြန်မလာခဲ့ချေ။ သို့သော်ငြား သူမလည်း တစ်ချက်ကလေးမှ အရှုံးမပေးသေးချေ။

သူမ၏အစ်ကိုသည်သာ သူမ ဒီလိုမျိုး ဝမ်းနည်းကြေကွဲနေရသည်ကို မသိရှိခဲ့ပါက နေ့စဉ်နေ့တိုင်း အေးအေးသက်သာဖြင့် စောင့်စားနေပေလိမ့်မည်။ လက်ရှိအခြေအနေမှာ မရတော့ချေ။ အစ်ကိုသည် သိရှိသွားခဲ့ပြီဖြစ်သောကြောင့် သူမအတွက် အမှန်တရားကို ရှာဖွေပေးနေတော့သည်။

“မဟုတ်ဘူး၊ မရဘူး”

ခပ်ကြမ်းကြမ်းလူသည် ခိုင်မာစွာ ပြောလိုက်၏။ “မသွားခင်မှာ အကုန်လုံးကို ကြည့်သွားရမယ်”

“အစ်ကို..” မိန်းကလေးသည် နှုတ်ခမ်းကို ကိုက်လိုက်၏။ သူမ၏မျက်လုံးများသည်လည်း နီရဲလာသည်။

“ဟွေ့အာ”

ရွာလူကြီးအိုကြီးက ပြောလိုက်၏။ “နောက်ဆုံးတစ်ယောက်ကို ကြည့်ပြီးသွားရင် ငါတို့ ရွာကိုပြန်ကြတာပေါ့”

“ကောင်းပြီလေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလိုဆိုမှတော့..”

ထိုအချိန်မှာပဲ သူသည် စကားကို ရပ်တန့်လိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် မိန်းကလေးနှင့် သူမ၏အစ်ကိုတို့အပြင် တခြားသောရွာသားများ အားလုံးသည်လည်း တည်နေရာတစ်ခုဆီကို ကြည့်ရှုနေသောကြောင့်ဖြစ်သည်။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “ဂျူနီယာညီလေးရီ ထွက်လာပြီ”

ကျွင်းချောင်ရှောင်းသည် သူ၏စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကြက်ထားခဲ့၏။ ထို့ကြောင့် ရီရှင်းချန်သည် တောင်၏အနောက်ဘက်ဝင်ပေါက်တွင် ပေါ်လာသည်ကို သိရှိပြီးဖြစ်သည်။

မိန်းကလေး၏မျက်ဝန်းထဲတွင်လည်း မျက်ရည်များ ဝိုင်းလာသည်ကို မြင်လိုက်ရ၏။

သူမအစ်ကို၏မျက်လုံးထဲမှာတော့ အဆုံးမဲ့သော ဒေါသတရားများသည် တောက်ပလာခဲ့သည်။

သူ၏ခန့်မှန်းချက်သာ မှန်ကန်မည်ဆိုလျှင် ဖေးအားညိုဆိုသူသည်…။

“သူပဲ”

ခပ်ကြမ်းကြမ်းလူသည် ဒေါသတကြီး ပြောလိုက်၏။ “သူပဲ၊ နှလုံးသားကင်းမဲ့တဲ့ကောင်”

ပြောပြီးသည့်နောက်မှာတော့ ခြေလှမ်းကျဲကြီးများနှင့် ရှေ့သို့လျှောက်ထွက်သွားသည်။ “ငါ မင်းကို ဒီနေ့ ရိုက်မယ်”

“ဟမ်”

တောင်၏အနောက်ဘက်ဆီမှ လျှောက်ထွက်လာခဲ့သော ရီရှင်းချန်သည် ယောင်္ကျားတစ်ယောက် သူ့ဆီသို့ ပြေးလာသည်ကိုမြင်တော့ အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ဒီ သေမျိုးလူသားတစ်ယောက် ဘယ်နေရာကနေ ရောက်လာတာလဲ”

ဘန်း

ပြောပြောပြီးချင်းမှာပဲ ခပ်ကြမ်းကြမ်းလူသည် သူ၏မျက်နှာအား လက်သီးဖြင့် ထိုးချလိုက်တော့သည်။

ဘုတ် ဘုတ် ဘုတ်

ရီရှင်းချန်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွား၏။ အလွန်တရာ အားကောင်းလှသော သတ်ဖြတ်လိုသည့် ဆန္ဒများသည် သူ၏မျက်လုံးထဲတွင် ပေါ်လာသည်။ သူသည် ခပ်မာမာ ပြောလိုက်သည်။ “ခင်ဗျား ကျုပ်ကို ရိုက်ရဲတယ် ဟုတ်လား”

“မင်း… အကြင်နာတရား ကင်းမဲ့တဲ့ကောင်”

ခပ်ကြမ်းကြမ်းလူသည် ရှေ့သို့တက်လာပြီးသည့်နောက် လက်သီးကြီးကို ဝှေ့ယမ်းကာ ထိုးလိုက်တော့သည်။ “မင်း ငါ့ညီမကို ဒီလောက်အကြာကြီး လှည့်စားခဲ့တယ်၊ ဒီနေ့မှာတော့ ပြန်ပြီးပေးဆပ်ရမယ်ကွ”

“အကြင်နာတရား ကင်းမဲ့တဲ့ကောင် ဟုတ်လား”

ရီရှင်းချန်သည် ဂိုဏ်းချုပ်အား အသာလှမ်း၍ကြည့်လိုက်၏။

ကျွင်းချောင်ရှောင်းသည်လည်း ကြောင်တောင်တောင်နှင့် သူ့အား ပြန်ကြည့်လိုက်သည်။

သူပြောလိုသည်မှာ.. ဒါက မင်းရဲ့ ချစ်ခြင်းမေတ္တာဇာတ်လမ်းကြီးလေ၊ မင်းဘာမင်းရှင်းရမှာကို ဘာလို့ ငါ့ကို လာကြည့်နေရတာလဲ။ ဟူ၍ပင်ဖြစ်၏

ဘန်း ဘန်း ဘန်း

ရီရှင်းချန်သည် နှစ်ကြိမ်တိုင်တိုင် ထပ်မံ၍ ထိုးနှက်ခံလိုက်ရသည်။ သူသည် ဒေါသထွက်သွား၏။ “အမှိုက်၊ မင်း သေလမ်းရှာ…”

ဘန်း ဘန်း

သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားသည်အထိ အထိုးခံရပြန်သည်။

ပြောရမည်ဆိုလျှင် ညအင်ပါယာသည် အဘယ်ကြောင့် ဤမျှအားနည်းနေရသနည်း။ သာမန်လူတစ်ယောက် ပင်လျှင် သူ့အား ထိုးနှက်၍ရနေ၏။

အင်း..။ ပြောနေစရာ မလိုအပ်ပေ။ ငရဲခန်းလုပ်ဆောင်မှုကို လျှာရှည်၍ သွားကာ ယှဉ်ပြိုင်ခဲ့ခြင်းကြောင့်ပဲဖြစ်သည်။

တခြားသူများသည် အားနည်းသည်ဆိုလျှင်တောင်မှ အချိန်တည်နေရာလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီး ပြန်လည်ကောင်းမွန်သွားကြ၏။ သို့ပေမဲ့ သူကတော့ သုံးရက်လောက် ကြာပြီးသည့်နောက်မှာတော့ လမ်းလျှောက်ရုံသာ တတ်နိုင်သေး၏။ အဆုံးမဲ့ အားနည်းနေသည့် အခြေအနေတွင် ရှိနေသေး၏။

မဟုတ်ပါက သိုင်းဘုရင်တစ်ယောက်ဖြစ်သော သူ့အား သာမန်လူတစ်ယောက်သည် လက်သီးနှင့်ထိုးဖို့ မပြောနှင့်၊ အင်္ကျီစကိုပင် ထိအောင် ပြုလုပ်နိုင်မည် မဟုတ်ချေ။

“အမှိုက်ကောင်”

ခပ်ကြမ်းကြမ်းလူသည် လက်သီးကိုမြှောက်ကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “မင်း အပြောကောင်းရုံလေးနဲ့ ငါ့ညီမကို လှည့်စားခဲ့တယ်၊ ပြီးတော့ စကားတစ်ခွန်းမှ မပြောဘဲ ထွက်ခွာသွားတယ်၊ ငါ့ညီမကတော့ နှစ်ပေါင်းများစွာ စောင့်နေရတယ်၊ ငါ ဒီနေ့ မင်းကိုမှ မရိုက်ရရင် ရင်ထဲမှာရှိတဲ့ အမုန်းတရားတွေ ပြေလျော့နိုင်မှာ မဟုတ်တော့ဘူး”

“အစ်ကို”

မိန်းကလေးသည် နောက်ဘက်ဆီမှ လှမ်းတက်လာပြီး သူမအစ်ကို၏လက်အား ခပ်တင်းတင်းဆုပ်ကိုင်ကာ အော်ငိုလိုက်၏။ “အားညိုက …….. သူ့ဆီမှာ အကြောင်းရှိမှာပါ”

“ညီမလေး”

ခပ်ကြမ်းကြမ်းလူသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “သူ့ကို ထပ်ပြီး မယုံနဲ့တော့၊ သူ့ကို ကာကွယ်ပေးမနေနဲ့”

“အစ်ကို အားညို”

မိန်းကလေးသည် သူမအစ်ကိုကို ဆွဲရမ်းပြီး ရီရှင်းချန်ကို ကြည့်လိုက်သည်။ “ပြေးတော့”

ဟမ်.. ငါက ဘယ်ကိုပြေးရမှာလဲ၊ ဘာလို့ ပြေးရမှာလဲ၊ ပြီးတော့ အစ်ကိုအားညိုဆိုတာ ဘယ်ကကောင်လဲ။

“ဂိုဏ်းချုပ်”

စုရှောင်မိုက ပြောလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ”

“ငါ ဘယ်လိုလုပ်သိမှာလဲ” ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်ကာဖြင့် ပြောလိုက်သည်။

“ဒီမိန်းကလေးက ရီရှင်းချန်ရဲ့ စေ့စပ်ထားတဲ့ မိန်းကလေးလေ၊ သူက ဒီကောင်မလေးကို ထားခဲ့တယ်လေ၊ ဒါကြောင့် ဒီနေ့လာရှာတာ”

ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် မျက်လုံးပြူးသွားသည်။

“ကောင်းကင်ဘုံ၊ ဒီမိန်းကလေးက ဂျူနီယာညီလေးရီ၊ (စီနီယာအစ်ကိုရီ) ရဲ့ စေ့စပ်ထားတဲ့ မိန်းကလေး ဟုတ်လား”

ဝှစ် ဝှစ်

ချက်ချင်းဆိုသလိုပင် တပည့်များအားလုံးသည် တည်နေရာတွင် ထိုင်ချသူကထိုင်ချ၊ ခုံတန်းများ သွားယူ၍ ထိုင်သူကထိုင်နှင့် အဆင်သင့်ဖြစ်သွားကြသည်။

အားလုံးသည် ကွာစေ့များ၊ နေကြာစေ့များ ယူကာ အကောင်းဆုံးသော ပြဇာတ်တစ်ခုကို ကြည့်ရှုနေသည့်လူများကဲ့သို့ပင် အားရပါးရ ကြည့်ရှုကြတော့၏။

All Chapters