အခန်း (၆၇၂)
Vol. 45 Ch. 672
မြောက်ပိုင်းသဲကန္တာရတွင် ရှိသော မိုင်းတွင်းတော်တော်များများသည် ကြီးမားလှသည့်ဂိုဏ်းများ၏ ထိန်းချုပ်မှုကို ခံထားရသည်။ ပုံမှန်အားဖြင့်ဆိုလျှင် အားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင်မိုင်းတွင်းများတွင်သာ အာရုံစိုက်ကြပြီး ဂိုဏ်း၏ အရင်းအမြစ်များကို ပိုမိုတိုးတက်အောင် ကြိုးစားကြသည်။ သို့ပေမဲ့ အပြင်ဘက်ပိုင်းတွင် ငြိမ်းငြိမ်း ချမ်းချမ်း တည်ရှိနေကြသည်ဆိုသော်လည်း တစ်ခါတစ်ရံ ဂိုဏ်းအချင်းချင်း ပွတ်တိုက်၍ တိုက်ခိုက်မှုများလည်း ရှိခဲ့ဖူးသည်။
ဥပမာအားဖြင့် လွန်ခဲ့သည့်နှစ်ဝက်အတွင်းက ဂိုဏ်းတစ်ခု၏ သေးငယ်လှသည့် ရှာဖွေရေးအဖွဲ့ တစ်ခုသည် သေးငယ်လှသည့် မိုင်းတွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။ ပြီးသည့်နောက်မှာတော့ အခြားဂိုဏ်းတစ်ခုသည် ထိုနေရာ သို့ ရောက်ရှိလာပြီး ၎င်းတို့ အရင်ရှာဖွေတွေ့ရှိခဲ့သည်ကို ပြောကြား၏။ ပြီးနောက် နှစ်ဖက်သားသည် စတင်ကာ တိုက်ပွဲဖြစ်ကြတော့၏။
ပထမတုန်းက သေးငယ်လှသည့် တိုက်ပွဲတစ်ခု ဖြစ်ကြသည်ဆိုသော်လည်း နောက်ပိုင်းမှာတော့ ပိုမို၍ ကြီးမား လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မိတ်ဆွေ အပေါင်းအသင်း ၊ ရောင်းရင်းနှင့် ညီအစ်ကိုမောင်နှမ မရှိသူဟူ၍ မည်သူရှိသနည်း။
အဆုံးသတ်မှာတော့ ဂိုဏ်းနှစ်ခုသည် တစ်ဦးကိုတစ်ဦး၊ တစ်ဖက်မှ တစ်ဖက် စစ်ကူများ ခေါ်ဆောင်ရင်းနှင့် ပိုမိုကြီးမားသည့် တိုက်ပွဲကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရ သုံးသပ်ရမည်ဆိုလျှင် လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲတွင် ဂိုဏ်းကြီး ဆယ်ဂိုဏ်းမက ပါဝင်နေကြပြီး ၎င်းတို့အားလုံးသည် မိုင်းတွင်းများအား အဓိကအားဖြင့် စီးပွားရေးလုပ်ကိုင်နေကြ သည့် ဂိုဏ်းများလည်း ဖြစ်ကြတော့၏။
လက်ရှိအခြေအနေမှာတော့ ၎င်းတို့သည် တိုက်ခိုက်နေကြသည်မှာ နှစ်ဝက်လောက်ရှိပြီဖြစ်သည်။ မည်သည့်စီးပွားရေးကိုမှ မပြုလုပ်ကြပေ။ ထို့ကြောင့် သဲဝါမြို့၏ အဓိက ကျောက်ရိုင်းတုံးအရောင်းအဝယ်များ အားလုံးသည် ရပ်ဆိုင်းသွားခဲ့ရတော့သည်။
ဟုတ်ပေသည်။ တခြားသော စီရင်စုများမှ ဂိုဏ်းများသည် လာရောက်၍ ဖြန့်ဖြေပေးတတ်ကြ၏။ သို့ပေမဲ့ မြောက်ပိုင်းသဲကန္တာရမှ ဂိုဏ်းများအားလုံးသည် ကြမ်းတမ်းလွန်းပြီး ဤပတ်ဝန်းကျင်တွင် ကျင်လည်နေကြသူများ ဖြစ်သည်မို့ တစ်ဖက်လူများ အနေဖြင့် မတားဆီးနိုင်ခဲ့ကြချေ။
၎င်းတို့သည် အချင်းချင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ရုံတင်မက သေသေကြေကြေ ဖြစ်ကြမည် ဆိုလျှင်ပင် ကျွင်းချောင်ရှောင်းအနေဖြင့် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိတွင် သူသည် ကျောက်ရိုင်းတုံးများကို အပူတပြင်း လိုအပ်နေ၏။ ထို့ကြောင့် နှစ်နှစ်၊ သုံးနှစ်အထိ မစောင့် နိုင်ချေ။
“မဖြစ်သေးဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါသွားပြီး ကြားဝင်ဖြန့်ဖြေပေးမှ ဖြစ်တော့မယ်”
စနစ်က ပြောလိုက်သည်။ “လက်ခံသူရဲ့ သန္ဓေပါရမီအရဆိုလျှင် ငြိမ်းချမ်းသွားရဖို့က နှစ်ဆယ်ရာခိုင်နှုန်းနဲ့ ပြဿနာဖြစ်ဖို့က ရှစ်ဆယ် ရာခိုင်နှုန်းလောက်ရှိတယ်”
အတူ နေထိုင်ခဲ့သည်မှာ နှစ်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်မှာတော့ စနစ်သည် ကျွင်းချောင်ရှောင်း၏ အမူအကျင့်နှင့် စိတ်နေစိတ်ထားကို ကောင်းကောင်းနားလည်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် မနေနိုင်ဘဲနှင့် ထုတ်ကာပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် အလျင်လိုနေသည်။ ထို့ကြောင့် သဲဝါမြို့ဆီမှ ပျံသန်းသွားခဲ့၏။
ဘုတ်
သက်လတ်ပိုင်းလူသည် မြေပေါ်သို့ လဲကျသွားသည်။ သူ၏နှလုံးသားထဲတွင်တော့ ကြောက်လန့်မှုများနှင့် ပြည့်နှက် နေသည်။ “သူ … သူက သိုင်းအုပ်စိုးသူလား”
.........
ဘုန်း ဘုန်း
အလွန်တရာ ပူလောင်လှသော သဲကန္တာရကြီးပေါ်မှာတော့ ကျင့်ကြံသူတစ်ထောင်ကျော်တို့သည့် အချင်းချင်း တိုက်ခိုက်လျက်ရှိသည်။ ၎င်းတို့၏ ဝတ်စုံများကို ကြည့်မည်ဆိုပါက များပြားလှသော ဂိုဏ်းများ ပါဝင်ပတ်သက်ကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိသာနိုင်သည်။
ဟမ့်
ခပ်ဝေးဝေးရှိ တည်နေရာတွေမှာတော့ သတ်လတ်ပိုင်းအရွယ်နှင် အဘိုးအို တော်တော်များများသည် မတ်တပ်ရပ် လျက်ရှိသည်။ ၎င်းတို့၏ အော်ရာများကို ကြည့်မည်ဆိုလျှင် သိုင်းဘုရင်နှင့် တချို့ဆိုလျှင် သိုင်းအုပ်စိုးသူများပင် ပါဝင်နေ၏။ ဦးဆောင်သူမှာ အဆင့်လေး အသူရာ သဲဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ဖန်းဖေးရှ ဖြစ်သည်။
ဟမ့်
အဘိုးအိုသည် နှာခေါင်းကို ရှုံလိုက်သည်။ “ဘယ်လိုဖြစ်လို့ ကျုပ်တို့ အသူရာ သဲဂိုဏ်းနဲ့ ယှဉ်ပြီးတော့ တိုက်ခိုက်ရဲတာလဲ၊ လေဟုန်စီးဂိုဏ်းက လူတွေက ကျား အသည်းနှလုံးကို စားထားလို့များ သတ္တိကောင်းနေတာလား”
ဤလူသည် အသူရာသဲဂိုဏ်းမှ ဘိုးဘေးအကြီးအကဲကြီးဖြစ်သည်။ မူလအားဖြင့် သူသည် တံခါးပိတ်ကျင့်ကြံနေသူ ဖြစ်သည်။ နောက်ပိုင်းမှာတော့ လေဟုန်စီးဂိုဏ်းနှင့် သူ၏အပေါင်းအဖော် ဂိုဏ်းများသည် အပြင်းအထန် တိုက်ခိုက် အနိုင်ယူနိုင်တော့မည့် အခြေအနေကို ရောက်ရှိနေသည်ဖြစ်သောကြောင့် သူသည် အကူအညီသဘောမျိုးဖြင့် တံခါးပိတ် ကျင့်ကြံရာမှ ထွက်ပေါ်လာခြင်းဖြစ်၏။
၎င်း၏ အခြားတစ်ဖက်တွင်တော့ လေဟုန်စီးဂိုဏ်း၏ ဂိုဏ်းချုပ်က ဦးဆောင်၍ တည်ရှိနေသည်။
သိုင်းအုပ်စိုးသူများပင်လျှင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာခဲ့သည်။ အစတုန်းက တပည့်များကြားမှ တိုက်ပွဲ တစ်ခုဖြစ်သော်လည်း နောက်ပိုင်းမှာတော့ သိုင်းအုပ်စိုးသူများ၏ တိုက်ပွဲပင် ဖြစ်လာရပေတော့မည်။
ဘုန်း ဘုန်း
လူတစ်ထောင်ကျော်တို့သည် သဲသောင်ပြင်ကြီးပေါ်တွင် ပြင်းပြင်းထန်ထန် ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်လျက် ရှိသည်။
နှစ်ဖက်လုံးသည် အပြင်းအထန် တိုက်ခိုက်ပြီးသည့်နောက် မောကြီးပမ်းကြီးနှင့် လူချင်းခွဲလိုက်ကြသည်။ ၎င်းတို့ တိုက်ခိုက်နေသည်ဆိုခြင်းမှာ အချိန်မည်မျှကြာနေပြီမှန်း မသိတော့ချေ။ ဂိုဏ်းဆယ်ဂိုဏ်းသည် တပည့် တော်တော်များများ ဆုံးရှုံးနေပြီဖြစ်သော်လည်း လက်ရည်ညီလျက်ရှိနေသေး၏။
“အဘိုးကြီးရှု”
အသူရာသဲဂိုဏ်းမှ ဘိုးဘေးအကြီးအကဲသည် အေးစက်စက်နှင့်ပြောလိုက်၏။ “ဘာဖြစ်လို့ ခင်ဗျားနဲ့ကျုပ် မတိုက်ခိုက်ရမှာလဲ၊ ရှုံးတဲ့လူက မိုင်းတွင်းကို အလျော့ပေးလိုက်တော့”
“ချီးတဲ့မှ”
လေဟုန်စီးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော သိုင်းအုပ်စိုးသူအဆင့် အဘိုးကြီးရှုက ပြောလိုက်သည်။ “ဒီမိုင်းတွင်းကို ကျုပ်တို့ဂိုဏ်းက အရင်ရှာတွေ့တာ၊ ဘာလို့ ခင်ဗျားတို့ အသူရာသဲဂိုဏ်းက လာပြီး ပြဿနာ ရှာနေ ရတာလဲ”
ဟမ့်
အသူရာသဲဂိုဏ်း၏ ဘိုးဘေးအကြီးအကဲကြီးသည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ်တို့ အသူရာသဲဂိုဏ်းက ဒီကျောက်ရိုင်းတုံးတွင်းကို အရင်ရှာဖွေတွေ့ရှိခဲ့တာပဲ”
နှစ်ဖက်လုံးတွင် ၎င်းတို့နှင့်သက်ဆိုင်သည့် ကိုယ်ပိုင်အကြောင်းပြချက်များ တည်ရှိနေသည်။ တခြားနည်းလမ်း မရှိချေ။ ထို့ကြောင့် သူတို့အနေနှင့် စကားပြောဆိုရန်မှာ လက်သီးသာရှိတော့၏။
“အဘိုးကြီးရှု”
အသူရာသဲဂိုဏ်းမှ ဘိုးဘေးအကြီးအကဲကြီးသည် ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျားနဲ့ ကျုပ်နဲ့ ဒီလိုငြင်းခုန်နေမယ်ဆိုရင် အကျိုးမရှိဘူး၊ ဒီတော့ တိုက်ခိုက်လိုက်ကြအောင်”
“ကောင်းပြီ”
အဘိုးကြီးရှုသည် လေးလေးနက်နက် ပြောလိုက်သည်။ “ဒါဆိုလည်း တိုက်ခိုက်ကြတာပေါ့”
ဝှစ် ဝှစ်
သူတို့နှစ်ယောက်သည် တစ်ချိန်တည်းမှာပဲ ပျံသန်းလိုက်ကြသည်။ ပြီးနောက် လေထုထဲသို့ ရောက်ရှိသွားကြသည်။
အလွန်တရာ အားကောင်းလှသော အော်ရာများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားတော့သည်။ အားပေးရန် ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများ၏ မျက်လုံးများသည်လည်း လင်းလက်သွားသည်။ သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲသည် မြင်ရခဲလွန်းလှ၏။
သဲသောင်ပြင်ကြီးပေါ်တွင် ရှိနေကြသော သိုင်းကျင့်ကြံသူ တစ်ထောင်ကျော်တို့သည် အခွင့်အရေးကို အရယူပြီး မိမိတို့ တည်နေရာဆီသို့ အလျင်အမြန်ပြန်၍ ပွဲကြည့်ရှုရန် စီစဉ်ကြသည်။ ထို့ပြင် ဤတိုက်ပွဲတွင် သိုင်းအုပ်စိုးသူ အဆင့် ကျင့်ကြံသူများ ပါဝင်ပတ်သက်နေသည်ဖြစ်သောကြောင့် သူတို့အနေနှင့် ဝင်ရောက်တိုက်ခိုက်၍လည်း မဖြစ်နိုင်တော့ချေ။
ဝှစ် ဝှစ်
အလွန်တရာ အားကောင်းလှသော သိုင်းအုပ်စိုးသူများ၏ ချီဖိနှိပ်မှုသည် ပြင်းပြင်းထန်ထန်နှင့် ထွက်ပေါ်လာပြီး ကောင်းကင်ကြီးတစ်ခုလုံး ကိုပင်ဖိနှိပ်လာခဲ့၏။ တည်နေရာများသည်လည်း တွန့်လိမ်သွား၏။
အခြေအနေကို သုံးသပ်ရမည်ဆိုလျှင် နှစ်ဖက်သားသည် လက်ရည်ညီလျက်ရှိသည်။ ဤအတိုင်းသာ ဆက်လက်တိုက်ခိုက်နေမည် ဆိုပါက သုံးရက်မှ ငါးရက်ကြာသည်အထိ အနိုင်ရရှိသူကို ဆုံးဖြတ်ပေးနိုင်မည် မဟုတ်ချေ။
တချို့သော ကျွမ်းကျင်သူများ ပြောကြသည်မှာ တူညီသည့်အဆင့် ကျွမ်းကျင်သူများ တိုက်ခိုက်မည်ဆိုလျှင် စိတ်လှုပ်ရှားစရာ ကောင်းသည်ဆိုသော်လည်း အချိန်မှာ အလွန်အမင်း ကြာလွန်းလှ၏။
မှတ်တမ်းမှတ်ရာများပင် ရှိနေသေးသည်။ လက်ရည်ညီလှသော သိုင်းအုပ်စိုးသူနှစ်ယောက် တိုက်ခိုက်သည်မှာ ဆယ်နှစ်ကျော်ပင် ကြာရှိခဲ့ဖူး၏။ ၎င်းတို့ တိုက်ခိုက်နေစဉ်အတွင်း သားသမီများပင် ကလေးရ၍ မြေးများ မွေးထုတ်ပြီးဖြစ်နေတော့သည်။
တိုက်ပွဲပြီးဆုံးသည်နှင့် တစ်ခါတည်း မြေးကိုပင် ချီနိုင်လောက်သည့် သူများ ဖြစ်ကြသည်။ အံ့ဩဖွယ်ရာ ကောင်းလွန်းလှချေ၏။
ဝှစ် …. ဝှစ်
၎င်းတို့၏ ချီဖိနှိပ်မှုများကို ထုတ်လွှတ်ပြီးသည့်နောက် တည်နေရာတစ်ခုလုံးသည် တွန့်လိမ်လာခဲ့သည်။
“အဘိုးကြီးရှု”
အသူရာသဲဂိုဏ်းမှ ဘိုးဘေးအကြီးအကဲကြီးသည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်က ဒီနှစ်ပိုင်းအတွင်း တိုးတက်မလာခဲ့ဘူးပဲ”
ဟမ့်
အဘိုးကြီးရှုသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ “ခင်ဗျားလည်း တူတူပဲလေ”
အသူရာသဲဂိုဏ်းမှ ဘိုးဘေးအကြီးအကဲကြီးသည် လက်ကို မြှောက်ကာ ပြောလိုက်၏။ “ကျုပ်က သဲဝါလက်ဝါးကို ဒီနှစ်ပိုင်းအတွင်းမှာ ကောင်းကောင်းနားလည်နေပြီ၊ အခုအဆုံးစွန်အထိ နားလည်ပြီး သွားပြီ၊ အဲရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ခင်ဗျားကို လက်တွေ့ပြမယ်”
“သဲဝါလက်ဝါး ဟုတ်လား”
“ကောင်းကင်ဘုံ... ဒါက သူတော်စင်အဆင့် သိုင်းနည်းစနစ်တစ်ခုပါလား” အားလုံးသည် ထအော်လိုက်မိကြ၏။
အဘိုးကြီးရှုသည် အေးစက်စက်ပြုံးလိုက်၏။ “ကျုပ်ကလည်း ဆယ်မျက်နှာလက်သီးကို အဆုံးစွန်ထိ နားလည်ပြီးသွားပြီ၊ ဒီနေ့ ထုတ်ဖော်ပြီး စမ်းသပ်ရမယ်”
“နောက်ထပ် သူတော်စင်အဆင့် သိုင်းနည်းစနစ်လား”
သိုင်းအုပ်စိုးသူနှစ်ယောက်လုံးသည် ၎င်းတို့၏ သူတော်စင်အဆင့် သိုင်းနည်းစနစ်များကို ထုတ်ဖော်အသုံးပြုကြရင်း အစစ်အမှန် တိုက်ခိုက်ကြမည့်ပုံပေါ်သည်။
“နောက်ဆုတ်၊ နောက်ဆုတ်”
များပြားလှသော ကျင့်ကြံသူများသည် ၎င်းတို့ကို ထိခိုက်မိမည်ကို စိုးသောကြောင့် မီတာရာဂဏန်းအနည်းငယ် ဆီသို့ နောက်ဆုတ်သွားလိုက်၏။ ခဏလောက်ကြာပြီးသည့်နောက်မှာတော့ အသူရာသဲဂိုဏ်း၏ ဘိုးဘေးအကြီး အကဲကြီးနှင့် အဘိုးကြီးရှုတို့သည် နားလည်မှုရှိစွာဖြင့် ၎င်းတို့၏ ချီဖိနှိပ်မှုကို ပြန်လည်ရုတ်သိမ်းလိုက်၏။
ပတ်ဝန်းကျင်မှာတော့ အလွန်တရာများပြားလှသည် စိတ်ဝိညာဉ်စွမ်းအင်များသည် ပြည့်နှက်လျက်ရှိနေတုန်းပင်။
ဝှစ် ဝှစ်
ထိုအခိုက်မှာတော့ ကြမ်းတမ်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် မီတာတစ်ထောင် ပတ်ဝန်းကျင်သို့ ပျံ့နှံ့ သွားပြီးသည့်နောက် သဲလုံးကြီးများအဖြစ် လှိမ့်ဆင်းလာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
“သဲဝါလက်ဝါး”
“ဆယ်မျက်နှာလက်သီး”
ကျယ်လောင်လွန်လှသော အသံကြီးတစ်ခုသည် တည်နေရာထဲတွင် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ခပ်ဝေးဝေးတည်နေရာဆီသို့ ဆုတ်ခွာသွားခဲ့ကြသော ကျင့်ကြံသူများအားလုံးသည် တည်နေရာတစ်ခုလုံး သဲများ ပြည့်နှက်နေသည်ကိုသာ မြင်လိုက်ရသည်။
အထဲတွင်တော့ ကြမ်းတမ်းလှသော သားရဲရိုင်းကြီးများ တိုက်ခိုက်အော်ဟစ်နေသည့်အသံ ထွက်ပေါ်လျက် ရှိသည်။ တစ်ချိန်တည်းမှာပဲ အောက်ဘက်တွင် အလင်းတန်းများ ပေါ်ထွက်နေပြီး ရွှေရောင်တောက်ပသည့် လက်သီးချက်များသည် လင်းထိန်လာ၏။
မတူညီသည့် သူတော်စင်အဆင့် သိုင်းနည်းစနစ် နှစ်ခု ၏ ထိပ်တိုက်တွေ့ဆုံမှုအောက်မှာတော့ တည်နေရာ တစ်ခုလုံးပင် ပြိုလဲသွားရတော့သည်။ ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများ၏ မျက်လုံးများအားလုံးသည် ထိုတုန်လှုပ်စရာမြင်ကွင်းမျိုးကို မြင်ရချိန်မှာတော့ ရင်များပင် တုန်မိနေကြသည်။
“နေအုံး၊ ဒါဘာကြီးလဲ”
များပြားလှသည့် ကျင့်ကြံသူများသည် ထိုလက်ဝါးချက်နှင့်လက်သီးချက်များ၏ ကြားတွင် အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ပေါ်ပေါက်လာသည်ကို ခပ်ရေးရေး မြင်လိုက်ရ၏။
“ချီးတဲ့မှ... သူဘယ်သူလဲ”
“ဘာလို့ သူများတိုက်နေတဲ့ ကြားထဲကို ပေါ်လာရတာလဲ”
ဟမ်
အသူရာသဲဂိုဏ်း၏ ဘိုးဘေးအကြီးအကဲကြီးနှင့် အဘိုးကြီးရှုတို့သည် တစ်စုံတစ်ယောက် သူတို့ကြားထဲ ပေါ်လာ သည်ကို သိရှိလိုက်ရသည်။ သို့ပေမဲ့ ၎င်းတို့သည် တိုက်ခိုက်ရေးနည်းစနစ်များအား အဆုံးစွန်အထိ ထုတ်ဖော်ပြီးသား ဖြစ်နေတော့သည်။ မတူညီသည့် အားအင်နည်းစနစ်နှစ်ခုသည် ထိုသူဆီသို့ ကျဆင်းသွား၏။
ထိုအချိန်မှာတော့ အဖြူရောင်ဝတ်စုံနှင့်လူသည် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်၏။ သူ၏ ဘက်ဘက် လက်ချောင်း များသည် သဲဝါလက်ဝါးနှင့် ထိပ်တိုက်တွေ့ဆုံသွားပြီး ညာဘက်လက်ဝါးမှာတော့ လက်သီးကြီးနှင့် ထိပ်တိုက် တွေ့ဆုံသွားတော့၏။
ဘန်း …….. ဘန်း။
ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာပြီး ကြည့်ရှုနေသည့် ကျင့်ကြံသူများသည် မျက်လုံးများ ပြူးထွက် သွား၏။ အဘယ်ကြောင့်ဆိုသော် အဖြူရောင်ဝတ်စုံနှင့်လူငယ်၏ ညာဘက်လက်ချောင်းများသည် သဲဝါလက်ဝါး အား တားဆီးထားခဲ့ပြီး ညာဘက်လက်ဝါးမှာတော့ လက်သီးချက်အား ဖမ်းဆုပ်ထား၏။ ကြမ်းတမ်းလှသော သိုင်းနည်းစနစ်များ၏ အားအင်များသည် ၎င်းအား ဘာတစ်ခုမှ မဖြစ်ပေါ်စေခဲ့ချေ။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
အသူရာသဲဂိုဏ်းမှ ဘိုးဘေးအကြီးအကဲကြီး နှင့် အဘိုးကြီးရှုတို့သည် ဆွံ့အသွားမိကြ၏။ ၎င်းတို့ထုတ်ဖော်လိုက် သော သိုင်းနည်းစနစ်များသည် သူတော်စင်အဆင့် သိုင်းနည်းစနစ်များဖြစ်ပြီး အဆုံးစွန်ထိ နားလည်တက်မြောက် ပြီးသောအရာများဖြစ်၏။
သို့ပေမဲ့ တစ်ဖက်လူသည် လွယ်လွယ်ကူကူဖြင့် ဖမ်းဆီးလိုက်၏။ ပို၍ သည်းမခံနိုင်စရာ ကောင်းသည်မှာ ဤမျှ လေပြင်းများ တဟုန်းဟုန်းနှင့် တိုက်ခတ်လျက်ရှိသော တည်နေရာအတွင်းတွင်တော့ တစ်ဖက်လူ၏ ဆံပင်များသည် သေသေသပ်သပ်ဖြင့် တည်ရှိနေပြီး တစ်ချက်ကလေးမှ ရှုပ်ပွမသွားချေ။
ဝှစ် … ဝှစ်
ထိုအချိန်မှာတော့ အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ပျံ့နှံ့သွားပြီးသည့်နောက် ကြီးမားသည့် ကွန်ယက်ကြီးကဲ့သို့ ဖြစ်တည်လာပြီး သဲဝါလက်ဝါးနှင့် အရပ်ဆယ်မျက်နှာလက်သီးတို့အား ဖုံးလွှမ်း သွားခဲ့၏။
ဘန်း … ဘန်း။
စွမ်းအားခြင်း ထိပ်တိုက်တွေ့ဆုံပြီးနောက် ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ လက်ဝါး ရိုက်ချက်နှင့် လက်သီးထိုးချက်များသည် အစိတ်စိတ်အပိုင်းပိုင်းပင် ဖြစ်သွားခဲ့သည်။
“ခင်ဗျားတို့နှစ်ယောက်”
အဖြူရောင်ဝတ်စုံနှင့်လူငယ်သည် သွားဖြီးကာ ၎င်း၏ ဖြူဖွေးသည့်သွားများကို ထုတ်ဖော်၍ ပြောလိုက်တော့ သည်။ “ဒီကျွင်းကို မျက်နှာပေးတဲ့အနေနဲ့ တိုက်ခိုက်တဲ့နေရာကနေ ရပ်တန့်ပေးလိုက်ပါလား”