အခန်း (၆၇၄)
Vol. 45 Ch. 674
သတ္ထုကြော ကျောက်ရိုင်းတုံးများအတွက် ငွေတေလ်း တစ်သောင်း။
အသူရာသဲဂိုဏ်းနှင့် ဘိုးဘေးရှုတို့သည် ဤအရာမှာ ၎င်းတို့အား စော်ကားသည်ဟုပင် ခံစားလိုက်မိ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူပြောဆိုခဲ့သည်မှာ ငွေ တေလ်းတစ်သောင်း မဟုတ်ဘဲ သဘာဝစိတ်ဝိညာဉ် ကျောက်တုံး တစ်သောင်းကို ဆိုလိုခြင်း ဖြစ်ကြောင်း ရှင်းပြပြီးသည့်အချိန်မှာတော့ အားလုံးသည် မျက်လုံး ပြူးသွားကြသည်။
"ဂိုဏ်းချုပ်ကျွင်း …"
အဘိုးကြီးရှုသည် သူ နားကြားမှားသလားဟုပင် ပြန်ပြောလိုက်သည်။ "ခင်ဗျားဆိုလိုတာက"
"အမှန်ပါပဲ"
ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်သည်။ "သဘာဝစိတ်ဝိညာဉ် ကျောက်တုံး တစ်သောင်းပါပဲ"
ဤတည်ငြိမ်လှသော စကားလုံးများသည် တစ်ခြားသူများ အနေနှင့် ထ၍ ရိုက်နှက်ချင်လောက်အောင် ဟိတ်ဟန်များသော အရှိန်အဝါများကို ထုတ်ဖော်လျက်ရှိနေသည်။
အဘိုးကြီးရှုနှင့် အသူရာသဲဂိုဏ်းမှ မျက်နှာအမူအရာများသည် ပြောင်းလဲသွားသည်။ ၎င်းတို့သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ရှုလိုက်ကြ၏။
သဘာဝစိတ်ဝိညာဉ် ကျောက်တုံးတစ်သောင်းဆိုသည်မှာ များပြားလှသော အရေအတွက် မဟုတ်ပေ။ သို့ပေမဲ့ တန်ဖိုးအရ နှိုင်းယှဉ် မည်ဆိုလျှင် လူများ ဖန်တီး ပြုလုပ်ထားသော စိတ်ဝိညာဉ် ကျောက်တုံး ထက်ပိုမို၍ တန်ဖိုးကြီးမား လှသည်။
ဈေးနှုန်းအရဆိုလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာတော့ သဘာဝစိတ်ဝိညာဉ် ကျောက်တုံးများကို မည်သူကမှ ငွေကြေးအဖြစ် မသုံးစွဲရဲကြချေ။ အဘယ့်ကြောင့်ဆိုသော် ကျင့်ကြံခြင်း သိုင်းအရင်းအမြစ်တွင် အလွန်တရာ တန်ဖိုးရှိနေသောကြောင့် ဖြစ်သည်။
လူများဖန်တီးထားသော စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးသည် ငွေတေလ်း တစ်သောင်း တန်ဖိုးရှိ၏။ သဘာဝစိတ်ဝိညာဉ် ကျောက်တုံးများမှာတော့ မူလထက် အများကြီး ပိုမို အားကောင်းသောကြောင့် ဈေးနှုန်းကိုပင် ခန့်မှန်းတွက်ချက်၍ မရနိုင်ပေ။
"ခင်ဗျားတို့ နှစ်ယောက်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကျုပ်က အချိန်ဖြုန်းရတာကို မနှစ်သက်ဘူး။ဒါက ဈေးကိုက်တယ်လို့ ခံစားမိရင် မြန်မြန် သဘောတူလိုက်တော့"
"သင့်တော်ပါတယ် သင့်ဝောာ်ပါတယ်"
ဘိုးဘေးရှုနှင့် အသူရာ သဲဂိုဏ်းမှ ဘိုးဘေး အကြီးအကဲတို့သည် သံပြိုင်ပြောဆိုလိုက်ကြသည်။
၎င်းတို့နှစ်ယောက်လုံးသည် သိုင်းအုပ်စိုးသူ အဆင့် ကျင့်ကြံသူများ ဖြစ်သည်။ ထို့ကြောင့် သဘာဝစိတ်ဝိညာဉ် ကျောက်တုံးများမှာ ပိုက်ဆံထက်ပို၍ တန်ဖိုးကြီးမားသည်ကို ကောင်းကောင်း နားလည်ကြ၏။
"ဒါဆိုရင် သဘာတူညီမှု စာချုပ် ချုပ်လိုက်ကြတာပေါ့"
အချိန်အတော်ကြာ အိုက်ရှန်းရီနှင့် စီးပွားရေး ပြုလုပ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပြုလုပ်ရမည့် လုပ်ငန်းစဉ်များကို နားလည်နေမိ၏။
အဘိုးကြီးရှုနှင့် အသူရာသဲဂိုဏ်းမှ ဘိုးဘေးအကြီးအကဲတို့သည် စီးပွားရေး လုပ်ရာတွင် အတွေ့အကြုံ ရှိသူများ ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့သည် စာရွက်များကို ထုတ်ယူ၍ စီးပွားရေး သဘောတူညီမှု စာချုပ်အား စတင်ရေးဆွဲတော့သည်။
ကျွင်းချောင်ရှောင်းသည် သိုလှောင် လက်စွပ်နှစ်ကွင်းအား ပစ်ပေးကာ ပြောလိုက်တော့သည်။ "ခင်ဗျားတို့ ခွဲဝေယူတဲ့ အခါကျရင် တစ်ယောက်နဲ့ တစ်ယောက်နဲ့ အငြင်းပွားနေမှာဆိုးလို့ တစ်ခါတည်း ခွဲထားပေးပြီသား။ သိုလှောင်လက်စွပ်ထဲမှာ သဘာဝစိတ်ဝိညာဉ် ကျောက်တုံး ငါးထောင်စီ ပါတယ်"
အဘိုးကြီးရှုနှင့် အသူရာသဲဂိုဏ်းမှ ဘိုးဘေး အကြီးအကဲကြီးတို့သည် သိုလှောင်လက်စွပ်ကို ရရှိပြီးသည့်နောက် ၎င်းတို့သည် သိုလှောင်လက်စွပ်ထဲသို့ အသိစိတ်ပို့လွှတ်ကာ သဘာဝစိတ်ဝိညာဉ်ကျောက်တုံး ငါးထောင်ပါကြောင်း ကြည့်ရှုလိုက်ကြသည်။ ပြီးနောက် သူတို့သည် ပျော်ပျော်ရွင်ရွင်ပဲ စာချုပ်အား လက်မှတ်ထိုးလိုက်ကြတော့သည်။
ဤမျှ နည်းပါးသော စိတ်ဝိညာဉ် ကျောက်တုံးများသည် သိုင်းအုပ်စိုးသူနှစ်ယောက် ကို ပျော်ရွင်အောင် ပြုလုပ်နိုင်စွမ်းရှိနေ၏။
ပြိုင်စံရှားဂိုဏ်းမှာတော့ ဤကဲ့သို့သော စိတ်ဝိညာဉ် ကျောက်တုံးများကို နေ့စဉ် အသုံးပြုနေနိုင်ကြသည်။ မည်မျှ မနာလိုစရာ ကောင်းလိုက်သနည်း။
ပြောရမည်ဆိုလျှင် ပြိုင်စံရှား ဂိဏ်း ဤကဲ့သို့ အဆင့်မြင့်မြင့် တိုးတက်လာခြင်းမှာ သံမဏိအရိုးတောင်တွင် စိတ်ဝိညာဉ် ကျောက်တုံး မိုင်းတွင်းတစ်ခု ရှာဖွေတွေ့ရှိခဲ့ရသောကြောင့် ဖြစ်၏။ မဟုတ်ပါက ၎င်းတို့ အနေနှင့် စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်နှင့် တစ်ခြား သိုင်းကျင့်ကြံခြင်းများကို အသုံးမပြုခြင်း ဖြင့် ယနေ့ကဲ့သို့ အခြေအနေမျိုးကို ရောက်ရှိ မလာနိုင်ပေ။
"ဂိုဏ်းချုပ်ကျွင်း"
အဘိုးကြီးရှုသည် ရှေ့သို့ လက်ညိုးထိုးပြကာ ပြောလိုက်သည် "ဒီမိုင်းတွင်းက တစ်မိုင်အဝေးမှာ ရှိတယ်။"
"ကောင်းပြီ" ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်လိုက်သည်။
ဤတည်နေရာသို့ မလာခင်မှာပဲ သူသည် အစောကတည်းက မိုင်းတွင်းတည်ရှိသည့် နေရာကို စုံစမ်းကြည့်ရှုပြီး ဖြစ်သည်။
"ခင်ဗျားတို့နှစ်ယောက်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "သဘာတူညီမှုက ပြီးသွားပြီဆိုတော့ ပဋိပက္ခတွေ ဆက်ဖြစ်စရာ မလိုတော့ဘူးမို့လား။ဘာလို့ အခု မပြန်သေးတာလဲ"
"ဂိုဏ်းချုပ်ကျွင်း"
အသူရာသဲဂိုဏ်းမှ ဘိုးဘေး အကြီးအကဲနှင့် ဘိုးဘေးရှုတို့သည် မတ်တပ်ထရပ်ကာ လက်သီးကို ဆုပ်လိုက်ကြသည်။ "ကျုပ်တို့ အရင်ဆုံး ပြန်ပါအုံးမယ်"
"ဒါဆိုရင် လိုက်မပို့တော့ဘူး" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
မကြာခင်မှာပဲ အသူရာ သဲဂိုဏ်းနှင့် လေဟုန်စီး ဂိုဏ်းတို့သည် ၎င်းတို့၏ တပည့်များအပါအဝင် လာရောက်ကူညီသူ အားလုံးကို ဦးဆောင်ကာ ပြန်သွားကြတော့၏။
လမ်းတစ်လျှောက်မှာတော့ သူတို့သည် အရှေ့တောင်ရန်ကျူးမှ မြောက်ပိုင်း သဲကန္တာရသို့ ရောက်ရှိလာပြီး သဘာဝ စိတ်ဝိညာဉ် ကျောက်တုံးကို အသုံးပြုကာ မိုင်းတွင်းကို ဝယ်ယူသွားကြသည့် ပြိုင်စံရှားဂိုဏ်းမှ ဂိုဏ်းချုပ်အကြောင်းကို ကျိန်းသေပေါက် ပြောဆိုနေမိနေသည်။
ချမ်းသာသော သူများသည် မိမိစိတ်ထင်ရာကို လုပ်နိုင်စွမ်းရှိနေကြ၏...
များပြားလှသော ဂိုဏ်းများမှ သိုင်းကျင့်ကြံသူများ ထွက်ခွာသွားပြီးသည့်နောက် မူလက ပဋိပက္ခဖြစ်ပွားနေသော တည်နေရာတစ်ခုလုံးသည် ပြန်လည်၍ ငြိမ်းချမ်းသွားတော့သည်။
စနစ်က ပြောလိုက်သည်။ "လက်ခံသူ အနေနဲ့ မိုင်းတွင်းကို ဝယ်ယူဖို့ တန်ဖိုးရှိ အရင်းအမြစ်တွေကို ထုတ်သုံးခဲ့တယ်ဆိုတာကို မြင်ရတော့ ယုံကြည့်ရခက်နေတယ်။ လက်ခံသူက ကိုယ့်ရဲ့ အားအင်တစ်ခုလုံးကို အသုံးပြုပြီး ဒီ မိုင်းတွင်းကို အလကား ရအောင် လုပ်မယ် ထင်ထားတာ"
"ငါလည်း အဲ့လို လုပ်ဖို့ စဉ်းစားတာပဲ"
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ဒါပေမဲ့ အဲ့လို လုပ်ခြင်းကြောင့် ဖြစ်လာမယ့် အကျိုးဆက်က ပြသနာတွေကို ပိုပြီး တိုးလာမယ်"
သူသည် ဓားနှင့် သိုင်း အုပ်စိုးသူ အဆင့်သို့ တိုးတက်ရောက်ရှိပြီးသည့်နောက်မှာတော့ မိုင်းတွင်းကို အလျော့ပေးစေရန်အတွက် ချိန်းခြောက်သည့် ကိစ္စမှာ လွယ်ကူသည့် ကိစ္စပင် ဖြစ်သည်။
သို့ပေမဲ့ ဤသို့ ပြုလုပ်လိုက်ခြင်းအားဖြင့် မြောက်ပိုင်းသဲကန္တာရတွင် ကြီးမားသည့် ရန်ငြိုးရန်စများကို ဖြစ်ပေါ်စေလိမ့်မည်။ မြောက်ပိုင်း သဲကန္တာရ တစ်ခုလုံး နှင့် ရန်သူများ ဖြစ်အောင် ပြုလုပ်ခြင်းသည် ကောင်းသော လုပ်ရပ်တော့ မဟုတ်ပေ။
စနစ်သည် ခံစားချက် မဲ့သလို ပြောလိုက်သည်။ "လက်ခံသူက ကြီးပြင်းလာခဲ့ပြီပဲ"
"တိတိကျကျပြောရမယ်ဆိုရင်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒါတွေကို ခေါင်းထဲ ထည့်ဖို့မလိုဘူးဆိုတာ ငါ့ဆီမှာ ပိုက်ဆံတွေ ရှိတယ်။ ငါက ချမ်းသာတယ်လေ"
“………..” ဤအရာသည် စနစ်အား ဆွံ့အသွားစေ၏။ ကောင်းပြီ မင်းမှာ ပိုက်ဆံရှိတယ် မင်းက အံ့အားသင့်ဖို့ ကောင်းတယ် မင်းလုပ်ချင်တာကို လုပ်နိုင်တယ်။
"ဟုတ်တယ်"
ဝှစ်
ကျွင်းချောင်ရှောင်းသည် ပျံ့သန်းသွားပြီးသည့်နောက်မှာတော့ အရှေ့မိုင်အနည်းငယ်တွင် ရှိသော မိုင်းတွင်းကြီး ဝင်ပေါက်ဆီသို့ ရောက်ရှိလာသည်။
"ဒီနေရာမှာ သဲပန်းပုကျောက် အရေအတွက်နဲ့ တစ်ခြားကျောက် အရေအတွက် များများ ရှိတယ်။ငါ လက်နက်နဲ့ တစ်ခြား ပစ္စည်းများကို များများစားစား ထုတ်လုပ်နိုင်လောက်တယ်"
သူသည် တီးတိုးရေရွတ်ရင်းမှပဲ မိုင်းတွင်းထဲသို့ လျှောက်ဝင်သွားတော့သည်။
မိုင်းတွင်းသည် အလွန်တရာ နက်နဲလွန်းလှသည်။ အထဲသို့ ပေတစ်ရာလောက်အထိ လျှောက်ဝင်ပြီးသည့်နောက်မှာတော့ သဲပန်းပု ကျောက်တုံး အပိုင်းအစများသည် ကျောက်တွင်း၏ နံရံထဲတွင် တစ်စွန်းတစထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
မြောက်ပိုင်းသဲကန္တာရနယ်မြေသည် ကျောက်ရိုင်း အကဲဖြတ်သူများ များပြားစွာ တည်ရှိသည်။။ မဟုတ်ပါက သဲပန်းပု ကျောက်တုံးများ၏ မိုင်းကွင်းများကို ရှာဖွေရသည်မှာ လွယ်ကူလှသည် မဟုတ်ပေ။ ၎င်းတို့သည် မြေကြီးအောက် အနက်ပိုင်းတွင် တည်ရှိကြခြင်း ဖြစ်၏။
ဝှစ် ဝှစ် ဝှစ်
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ် စွမ်းအင်များကို ထုတ်လွှတ်ပြီးသည့်နောက်မှာတော့ ကြီးမားလှသည့် လက်ကြီးတစ်ခု အဖြစ် အသွင်ပြောင်းကာ သဲပန်းပု ကျောက်တုံးများကို နံရံဆီမှ ဆွဲခါကာ သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်သည်။
မိုင်းတွင်းတူးရသည်ဆိုသည်မှာ နည်းပညာနှင့် ပတ်သက်သော အရာတစ်ခု ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ဓားနှင့် သိုင်းအုပ်စိုးသူ တစ်ယောက်ဖြစ်သည်ဆိုလျှင်တောင်မှ အမှုမဲ့ အမှတ်မဲ့ မလုပ်ရဲချေ။ ထို့ကြောင့် လှိုဏ်ဂူထဲတွင် ရှိနေသော သဲပန်းပုကျောက်တုံးများကို ရက်အနည်းငယ် တူးထုတ်နေရ၏။
ဟမ် …။
သူသည် အားလုံး ကုန်ဆုံး၍ မိုင်းတွင်းကို စွန့်ခွာရန် စဉ်းစားနေချိန်မှာပဲ ရုတ်တရက် အရောင် သုံးရောင်နှင့် ကျောက် တစ်မျိုး သည် မိုင်းတွင်း၏ အောက်ခြေ၌ ပေါ်လာသည်ကို မြင်လိုက်ရ၏။
"သုံးရောင်ကျောက်ပါ့လား" စနစ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် တူးထုတ်လိုက်ပြီးသည့်နောက်မှာတော့ တော်တော်များများ ရှိနေသည် ဖြစ်ကြောင်းကို မြင်လိုက်ရ၏။ သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည် "ဒီမိုင်းတွင်းမှာ တစ်ခြားကျောက်ရိုင်းတစ်ခုလည်း ရှိနေသေးတာလား"
စနစ်က ပြောလိုက်သည်။
"မြောက်ပိုင်း သဲကန္တာရ နယ်မြေတစ်ခုလုံးက ကျောက်ရိုင်းတွေ ရှိတာလေ။ ဒီတော့ နောက်ထပ် ကျောက်ရိုင်း အမျိုးအစားတစ်ခု ထပ်ပြီး ရှိနေမယ်ဆိုရင်လည်း အံ့အားသင့်စရာ မဟုတ်ဘူး"
ကျွင်းချောင်ရှောင်းသည် ရယ်မောလိုက်၏။
ကျောက်ရိုင်း အမျိုးအစား နှစ်ခုအတွက် သဘာဝစိတ်ဝိညာဉ် ကျောက်တုံး တစ်သောင်း အသုံးပြု ခဲ့ရခြင်းမှာ ဆုံးရှုံးခြင်း မဟုတ်တော့ပေ။
"သုံးရောင် ကျောက်က သူတော်စင် အဆင့်ပဲ" စနစ်က ပြောလိုက်သည်။
"သူတော်စင်အဆင့်ဟုတ်လား"
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွားသည်။ "ဒါဆိုရင် ငါ ကံကောင်းပြီပဲ"
သုံးရောင်ကျောက်သည် ကျန်းယန်ဓားကဲ့သို့ လက်နက်များကို သန့်စင်ရန်အတွက် လိုအပ်သည့် ပစ္စည်းမဟုတ်ဘူးဆိုသော်လည်း သူတော်စင်အဆင့် ကျောက်ရိုင်းတစ်ခု ဖြစ်နေသည်။ ထို့ကြောင့် သူတူးဖော်မှ ဖြစ်မည်။
ကျွင်းချောင်ရှောင်းသည် ဆက်လက်ကာ တူးဖော်လိုက်သည်။ သုံးရက်ကြာပြီးသည့်နောက်မှာတော့ သူသည် သုံးရောင်ကျောက် ပေါင် ငါးသောင်း နီးပါးခန့်ကို ရရှိခဲ့၏။
ဤအရာသည် အဆုံး သတ်သွားခဲ့သည်ဟု ထင်မှတ်ထားခဲ့သောလည်း အောက်သို့ ထပ်တူးပြီးနောက်မှာတော့ အရည်အသွေး အမျိုးအစားမတူသော ကျောက်ရိုင်း အများအစား အနည်းငယ်ကို ထပ်တွေ့ရပြန်သည်။
ထိုအထဲတွင် သူ့အတွက် သန့်စင်ရန် လိုအပ်သော ကျောက်ရိုင်းတုံးများလည်း ပါဝင်သည်ကို အံ့အားသင့်ဖွယ် မြင်လိုက်ရ၏။
စနစ်က ပြောလိုက်သည်။ "ဒီ မိုင်းတွင်းသေးသေးလေးထဲမှာ ဒီ လောက် များပြားတဲ့ ကျောက်ရိုင်းတွေ ရှိနေမယ်လို့ ဟိုဂိုဏ်းနှစ်ခုက ထင်မှာ မဟုတ်ဘူး"
"သူတို့ထင်တယ်ဆိုရင်လည်း ငါ့ကို စိတ်ဝိညာဉ် ကျောက်တုံး တစ်သောင်းနဲ့ ဘယ်လိုလုပ် ရောင်းမှာလဲ" ကျွင်းချောင်ရှောင်းသည် ပြန်ပြောလိုက်၏။
ထိပ်ပိုင်းတွင် သဲပန်းပုကျောက်တုံးများသာ အဓိက တည်ရှိနေသောကြောင့် ၎င်းတို့သည် သူ့အား သဘာစိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းနှင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။
ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ဤမိုင်းတွင်းသည် အလုံးစုံတူးထုတ်ပြီး ဖြစ်နေ၏။
ကျွင်းချောင်ရှောင်းသည် အနည်းငယ် ထပ်၍ ကြိုးစားရှာဖွေကြည့်သော်လည်း တစ်ခြားကျောက်ရိုင်းတုံးများ ကို ထပ်မံမတွေ့ရှိရတော့ချေ။ ထို့ကြောင့် သူသည် နှမြောတွန့်တိုစွာဖြင့် ထွက်ခွာလိုက်ရသည်။
သူ တူးထုတ်ရရှိခဲ့သော ပစ္စည်းများကို သေချာ စစ်ဆေးပြီးသည့်နောက်မှာတော့ မိုင်းတွင်းထဲမှာ ကျောက်ရိုင်းတုံး အမျိုးအစား ခြောက်မျိုးကို ရှာဖွေ ရရှိခဲ့သည်။ သဲပန်းပု ကျောက်တုံးသည် အများဆုံး ဖြစ်ပြီး တစ်ခြားသော ကျောက်ရိုင်းတုံးများမှာလည်း ပေါင်း ငါးသောင်းမှ ခြောက်သောင်းအထိ ရရှိခဲ့၏။
သုံးရောင်ကျောက်သည် အဆင့်အမြင့်ဆုံးဖြစ်ပြီး ၎င်းတစ်ခုတည်းနှင့်ပင် ကျွင်းချောင်ရှောင်းသည် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်း ပေးအပ်ခဲ့ရသည်မှာ ထိုက်တန်ပြီး ဖြစ်ပေသည်။
ဟုတ်ပေသည်။ သူသည် ကျိန်းသေပေါက် အမြတ်အစွန်းရရှိခဲ့သည်ဟု ဆိုရမည်။ သို့ပေမဲ့ ဤအရာများကို သူ ပြန်လည်ရောင်းချခြင်း မပြုပေ။ အနာဂတ်တွင် အဆင့်မြင့်မားသောလက်နက်များ အတွက် ကုန်ကြမ်းများလိုအပ်လာလျှင် ဤပစ္စည်းများကို အသုံးပြု၍ ရနိုင်သည်။
"လဝက်တောင် ကြာခဲ့ပြီပဲ"
မိုင်းတွင်းမှ ထွက်လျှောက်လာပြီးနောက် ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ဂိုဏ်းတွေက သူတို့ရဲ့ ကျောက်ရိုင်းတုံး ဆိုင်တွေ ဖွင့်ဖို့ အတွက် ဒီအချိန်လောက်ဆိုရင် အဆင်သင့် ဖြစ်နေလောက်ပြီ။ ငါသဲဝါမြို့ကို ပြန်ပြီးသွားကြည့်ရမယ်"
ဝှစ်
ပျံသန်းနိုင်သည့် စွမ်းရည်ကို အသုံးပြုပြီးသည့်နောက်မှာတော့ သူသည် အမြန်ဆန်ဆုံး နှုန်းဖြင့် သဲဝါမြို့ဆီသို့ ဦးတည်လိုက်တော့၏။