အခန်း (၆၇၆)
Vol. 46 Ch. 676
ကျွင်းချောင်ရှောင်းသည် အရာအားလုံးကို ဖြေရှင်းပေးရန် ကြမ်းတမ်းလွန်းသည့်နည်းလမ်းကို အသုံးပြုရသည်ကို မနှစ်သက်သောကြောင့် ကျောက်ရိုင်းတုံးမိုင်းတွင်း ကို ပိုက်ဆံသုံးကာ လိုလိုချင်ချင်နှင့် ဝယ်ယူခဲ့ခြင်းဖြစ် သည်။ သို့ပေမဲ့ သူသည် ရိုးသားလွန်းပြီး တုံးအသောသူတစ်ယောက်တော့ မဟုတ်ပေ။
ကြက်သွေးရောင်မီးတောက် ဂိုဏ်းမှ အကြီးအကဲစွေ့သည် ဝင်လာကတည်းက မည်သူ့ကိုမှ ဂရုမစိုက်ခဲ့ချေ။ သူ၏ ဂုဏ်ရှိန်ဂုဏ်ဝါကို အသုံးပြုကာ စိတ်ဝိညာဉ်ကြယ်ကျောက်တုံးများကို ဝယ်ယူချင်နေ၏။
ထို့ကြောင့် သူ့အနေနှင့် ကြမ်းတမ်းမှုကိုသာ ထုတ်ဖော် ပြသရပေလိမ့်မည်။ အရိုးသားဆုံးပြောရမည်ဆိုလျှင် အစထဲက အကြီးအကဲေဤကမ္ဘာကြီးတွင် သူ့အား မည်သူမှ ကယ်ဆယ်နိုင်လိမ့်မည် မဟုတ်ချေ။ ဤအရာမှာ တိကျမှန်ကန်လွန်းနေ၏။ အကြီးအကဲစွေ့ သည် စိတ်ဝိညာဉ်ကြယ်ကျောက်တုံးများကို လိုချင်စိတ်ဖြင့်ကြိုးစားရင်း ချက်ချင်း သေဆုံးသွားခဲ့ရပြီဖြစ်သည်။
လက်ရှိ ရှိနေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် အလွန်တရာ မြန်ဆန်လွန်းလှသော ကျွင်းချောင်ရှောင်း၏ တိုက်ခိုက်ချက်ကို မမြင်လိုက်ရချေ။ သို့ပေမဲ့ ၎င်းတို့ရှေ့မှလူသည် အလွန်တရာကြောက်မက်ဖွယ်ကောင်းသည့် လူတစ်ယောက်ဖြစ်မှန်း သိရှိလိုက်မိသည့်အချိန်မှာတော့ ထိတ်လန့်ခြောက်ခြားသွားကြ၏။ ထိုလူသည် သိုင်းကွက် တစ်ခုတည်း နှင့် သိုင်းဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခဲ့၏။
မိုင်းတွင်းအလုပ်သမားတစ်ယောက်နှင့် ဆင်တူလှသော ဤလူသည် ကျွမ်းကျင်သူတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။ သူ့အနေနှင့် ကြက်သွေးရောင်မီးတောက်ဂိုဏ်းမှ အကြီးအကဲနှင့် ငြင်းခုန်ပဋိပက္ခပြုလုပ်ရဲသည်မှာ အံ့အားသင့် စရာတော့ မဟုတ်ချေ။
အကြီးအကဲစွေ့တစ်ယောက် အသက်ဓာတ်များ လုံးဝမရှိတော့ပဲ မြေပေါ်တွင် လဲလျောင်းနေသည်ကို မြင်ရချိန်မှာတော့ အပြင်ဘက်တွင်ရှိသော ကျင့်ကြံသူများအားလုံးသည် မျက်လုံးပြုးသွားမိကြ၏။
“မြောက်ပိုင်းသဲကန္တာရနယ်မြေရဲ့ သိုင်းကျင့်ကြံသူတွေအားလုံးက စိတ်တိုလွယ်တယ်လို့ ကျုပ်ကြားထားတာ ကြာပြီ၊ တကယ်တော့ ချက်ချင်းကို တိုက်ခိုက်တတ်တာပဲ”
“အခုသေဆုံးသွားတဲ့လူက ကြက်သွေးရောင်မီးတောက်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်လေ၊ သူ့ရဲ့ကျင့်ကြံခြင်း အဆင့်က သိုင်းဘုရင်အဆင့်ခုနှစ်ကို ရောက်နေပြီ”
“ဟုတ်လား၊ ဒါဆိုရင် ဒီကောင်လေးက ဘယ်သူလဲ”
“သူ့ကိုကြည့်ရတာ မရင်းနှီးဘူး၊ မြောက်ပိုင်းသဲကန္တာရနယ်မြေထဲက မဟုတ်ဘူးနဲ့တူတယ်”
“ဒီတည်နေရာက မဟုတ်ဘူးလား”
“ဆိုင်ရှင်ဟောင်က သူ့ရဲ့ အသံပို့လွှတ်တဲ့ပစ္စည်းကို အသုံးပြုပြီးတော့ အသူရာသဲဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို သတင်းပို့ နေပြီ၊ မကြာခင်ရောက်လာလိမ့်မယ်”
“ကြက်သွေးရောင်မီးတောက်ဂိုဏ်းရဲ့ အကြီးအကဲက သူ့ရဲ့ဆိုင်ထဲမှာ သတ်ဖြတ်ခံလိုက်ရတာ၊ ဒါကတကယ့်ကို ကိစ္စကြီး ဖြစ်ပြီပဲ”
များပြားလှသော ပြည်နယ်များမှရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် ဆိုင်၏ဝင်ပေါက်မှာ စုစည်းလျက် ရှိနေကြသည်။ ၎င်းတို့သည် သူတို့၏ လာရင်းရည်ရွယ်ချက်ကိုပင် မေ့ပျောက်ကာ ပွဲကြည့်ပရိသတ်လုပ်နေကြ တော့သည်။
ဤကိစ္စသည် လွယ်လွယ်နှင့် ပြီးဆုံးသွားမည် ကိစ္စမဟုတ်ချေ။ အသူရာသဲဂိုဏ်းမှ ဂိုဏ်းချုပ် ရောက်ရှိ လာမည်ဆိုပါက ကျိန်းသေပေါက်ပိုမို၍ ဆိုးရွားသည့် အဖြစ်အပျက်များဖြစ်ပေါ်လာနိုင်၏။
“အကူအညီခေါ်လိုက်တာလား၊ ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် ဆိုင်၏ထောင့်တစ်နေရာတွင် ထိုင်ကာပြောလိုက်၏။ “ဒါဆိုလည်း စောင့်ကြတာပေါ့၊ ဒီဆိုင်ကို တာဝန်ယူထားတဲ့ဂိုဏ်းက ကျုပ်ကို စိတ်ဝိညာဉ်ကြယ်ကျောက်တုံးကို ရောင်းချပေးဖို့ မျှော်လင့်မိတယ်”
သူ့အနေနှင့် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ပြီးသည့်နောက်တွင်တောင်မှ အလွန်တရာ မောက်မာလျက် ရှိနေ သေး၏။ ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံးသည် စိတ်ထဲတွင် ချီးကျူးလိုက်မိ၏။
ဆိုင်ရှင်ဟောင်မှာတော့ ခြေထောက်များပျော့ခွေသွားမတတ် ကြောက်ရွံ့နေမိ၏။ ကြက်သွေးရောင်မီးတောက်ဂိုဏ်း ၏ အကြီးအကဲသည် သူ၏ဆိုင်ထဲတွင် သေဆုံးခဲ့၏။ ပြဿနာ၏ အရင်းအမြစ်ကို လိုက်မည်ဆိုပါက သူသည် အသေးငယ်ဆုံး အခြေအနေအဖြစ် ရာထူးကို ဆုံးရှုံးရမည်ဖြစ်ပြီး ကြီးမားသည့်ကိစ္စအဖြစ် သတ်မှတ်မည်ဆိုလျှင်တော့ သူ၏ ဦးခေါင်းကို ဆုံးရှုံးရပေလိမ့်မည်။
……….
ရွှီး …… ရွှီး
မကြာခင်မှာပဲ အသူရာသဲဂိုဏ်းမှ ဂိုဏ်ချုပ်ဖြစ်သည့် ဖန်းဖေးရှသည် များပြားလှသည့် တပည့်များနှင့်အတူ မတော်တဆကိစ္စဖြစ်ခဲ့ရသည့် တည်နေရာဆီသို့ အလောတကြီးဖြင့် ရောက်ရှိလာခဲ့သည်။
ဤကျောက်ရိုင်းဆိုင် ဖွင့်လှစ်လိုက်သည်ဆိုကတည်းက များပြားလှသောဖောက်သည်များအားလုံးသည် ရောက်ရှိလာပြီး ဝယ်ယူခဲ့ကြ၏။ ထို့ကြောင့် သူသည် လတ်တလောတွင် သဲဝါမြို့ထဲ အလုပ်ရှုပ်လျက်ရှိနေ၏။
နေ့လယ်ကပင် သူသည် တခြားသောနိုင်ငံများမှ အထင်ကရဖောက်သည်များနှင့်အတူ သောက်စားခဲ့သေး၏။ ယခု တရေးအိပ်ပြီး နိုးထလာသည့်အချိန်မှာတော့ ဆိုင်ရှင်ဟောင်သည် သူ့ကို ကြီးမားသည့် ကိစ္စရပ်ကြီးဖြစ်ခဲ့သည်ဟု သတင်းပို့လာခဲ့သည်။
မည်သည့်အရာများ ဖြစ်သနည်း။ လေဟုန်စီးဂိုဏ်းသားများ ရောက်ရှိလာပြီး ပြဿနာရှာနေသည်လား။
“အသူရာသဲဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရောက်လာပြီ”
ကျင့်ကြံသူများအားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် လမ်းဖယ်ပေးလိုက်သည်။
ဖန်းဖေးရှသည် ခပ်သွက်သွက်ပင် ခေါင်းမော့ကာ လျှောက်ဝင်လာခဲ့သည်။ သူ့အနေဖြင့် ဆိုင်ထဲသို့ မဝင်ခင်မှာပဲ စိတ်ဝိညာဉ်စွမ်းအင်များ ဖြန့်ကျက် ကာ ကြည့်ရှုပြီးဖြစ်သည်။ အတွင်းမှာတော့ လူတစ်ယောက်သည် မှောက်လျက်သားလဲနေပြီး သူ၏ မျက်နှာတစ်ခုလုံးသည် ရှုံ့တွကာ သေဆုံးလျက်ရှိ၏။
ဤလူသည် ကြက်သွေးရောင်မီးတောက်ဂိုဏ်းမှ အကြီးအကဲစွေ့ ဖြစ်နေ သည်မဟုတ်ပါလား။ အဘယ်ကြောင့် သူ၏ဆိုင်ထဲတွင် လဲနေရသနည်း။ အရက်သောက်တာ များသွားလို့လား။ မဟုတ်ပေ။ အသက်ဓာတ်များလည်း တည်ရှိနေသည်ကို မတွေ့ရှိရချေ။
“သေဆုံးသွားတာလား”
ဖန်းဖေးရှသည် ထခုန်လုမတတ် တုန်လှုပ်သွားမိ၏။ အသူရာသဲဂိုဏ်းနှင့် ကြက်သွေးရောင်မီးတောက်ဂိုဏ်းတို့ သည် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များဖြစ်ပြီး လက်ရှိအချိန်တွင် သူ၏ဆိုင်ထဲတွင် အကြီးအကဲစွေ့ သေဆုံးသွားခဲ့ သည်ဆိုခြင်းမှာ ပြဿနာကြီးတစ်ခုပင်ဖြစ်၏။
ရွှီး
ဖန်းဖေးရှသည် အမြန်အဆန်ပဲ ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည်။ ပြီးနောက် သူသည် ဒေါသတကြီးဖြင့် ပြောလိုက် သည်။
“ဟောင်ကျန်းကျုံ့ …. ဘာတွေဖြစ်နေတာလဲ”
ထိုအချင်းအရာကို မြင်တော့ ကျင့်ကြံသူများအားလုံးသည် ပွဲစပြီဖြစ်ကြောင်း နားလည်လိုက်မိကြ၏။ သူတို့သည် တစ်ချက်ကလေးမှပင် မျက်တောင်မခတ်ကြတော့ချေ။ တစ်ချို့ဆိုလျှင် အလွန်တရာ ဂုဏ်ရှိန်ကြီးမားသော ဟိတ်ဟန်များကို ပယ်ရှားကာ ဆိုင်၏အပေါက်ဝတွင် ဆောင့်ကြောင့်ထိုင်ကာ ကြည့်လျက်ရှိနေကြ၏။
“ဂိုဏ်းချုပ်”
ဆိုင်ရှင်ဟောင်သည် အလျင်အမြန်ပြောလာခဲ့သည်။ “သူပဲ၊ သူက အကြီးအကဲစွေ့ကို သတ်ခဲ့တာ”
“သူ ဟုတ်လား”
ဖန်းဖေးရှသည် လက်ညှိုးထိုးရာနေရာဆီသို့ လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးများသည့် ထောင့်တစ်နေရာတွင် ထိုင်နေသော ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိသွား၏။ သူသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ကောင်လေး… မင်းငါ့ရဲ့ဆိုင်ထဲကို ဘယ်လိုလုပ်ပြီး ….”
သူသည် အလျင်အမြန် ပြောဆိုလိုက်ခြင်းဖြစ်သော်လည်း တစ်ဖက်လူ၏ မျက်နှာကို မြင်ရလိုက်သည့် အချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ ကိုယ်ရှိန်တန့်သွားမိ၏။
“ဂိုဏ်းချုပ်ကျွင်း”
လွန်ခဲ့သည့် လဝက်တုန်းက အသူရာသဲဂိုဏ်းနဲ့ လေဟုန်စီးဂိုဏ်းတို့ တိုက်ပွဲဖြစ်သည့်အချိန်တွင် သူသည်လည်း တည်ရှိနေခဲ့၏။
“ဂိုဏ်းချုပ် ဟုတ်လား”
“ဒီကောင်လေးက ဂိုဏ်းချုပ်လား”
အပြင်ဘက်တွင်ရှိနေသော ကျင့်ကြံသူများအားလုံးသည် အံ့အားသင့်မိသွားကြ၏။ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ကျုပ်မှန်းတာ မမှားဘူးဆိုရင် ခင်ဗျားက အသူရာသဲဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဟုတ်လား”
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်”
ဖန်းဖေးရှသည် မြန်မြန်ဆန်ဆန်ပဲ ပြုံးကာပြောလိုက်၏။ “ဒီနိမ့်ကျတဲ့လူက ဖန်းဖေးရှပါ၊ အသူရာသဲဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်လည်း ဖြစ်ပါတယ်”
သူ၏ မူလအားဖြင့် ဒေါသထွက်နေသော မျက်နှာသည် ချက်ချင်းဆိုသလိုပဲ ပြုံးချိုသွားခဲ့၏။ ဆို
င်ရှင်ဟောင်နှင့် တခြားသော ကျင့်ကြံသူများသည် မျက်လုံးအပြူးသား ဖြစ်မိနေသည်။
“ဒီ … ဒီ … ဒီကောင်လေးက”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျွင်းက မေးချင်တာတစ်ခုရှိပါတယ်၊ ဆိုင်အနေနဲ့ ကြက်သွေးရောင်မီးတောက်ဂိုဏ်း ကို သီးသန့်ရောင်းမယ်ဆိုတဲ့ သဘောတူညီချက်များ ရှိနေတာလား”
“သီးသန့်ရောင်းချတာ ဟုတ်လား”
ဖန်းဖေးရှသည် ကြောင်အအဖြင့် ပြန်ပြောလိုက်သည်။ “မရှိပါဘူး”
ဆိုင်ရှင်ဟောင်သည် သူ၏ ဝိညာဉ်တစ်ခုလုံး ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသည်ကို ခံစားလိုက်မိ၏။ သူသည် မြေပေါ်သို့လဲကျချင်စိတ်ပင်ဖြစ်မိသွားသည်။ မျက်နှာတစ်ခုလုံးသည်လည်း ဖြူလျော်သွား၏။
ဂိုဏ်းချုပ်သည်ပင် လျှင် ဤလူငယ်လေးအား ကြောက်ရွံ့နေသည်ဆိုသည်မှာ ဤလူငယ်လေးသည် အားကောင်းလှသည်သာမဟုတ် ပေါက်ပေါက်ရောက်ရောက် ရှိသော လူတစ်ယောက်ဖြစ်ပေလိမ့်မည်။
ဆိုင်ရှင်ဟောင်သည် ယနေ့တွင်တော့ ကံဆိုး မိုးမှောင်ကျခဲ့လေပြီ။
အစ်ကိုကြီး… ခင်ဗျားက အဲလောက်ထိတော်ပြီး လုပ်နိုင်စွမ်းရှိတဲ့လူဆိုရင်လည်း ကောင်းကောင်းမွန်မွန် သပ်သပ် ရပ်ရပ်ဝတ်စားခဲ့ပါလား၊ ဘယ်လိုဖြစ်ပြီး မိုင်းတွင်းတူးတဲ့ လူတစ်ယောက်လိုမျိုး ဝတ်လာရတာလဲ၊ ခင်ဗျားက ပြဿနာလာရှာတာနဲ့တောင် တူနေပြီမဟုတ်လား။
“ကြိုတင်ရောင်းချခွင့်မရှိဘူးဆိုရင် ကျွင်းအနေနဲ့ မေးချင်တာက ဆိုင်ထဲမှာရှိတဲ့ ပစ္စည်းတွေကို ကြိုက်နှစ်သက် တယ်ဆိုရင် အရင်ဆုံးရောက်လာပြီး အရင်ဆုံးကြိုက်နှစ်သက်တဲ့လူက အရင်ဆုံးဝယ်ခွင့်ရှိတာ မဟုတ်ဘူးလား”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“ဟုတ်တာပေါ့” ဖန်းဖေးရှက ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် အကြီးအကဲစွေ့ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ကျွင်းက အရင်ဆုံးရောက်လာတယ်၊ ဒါပေမဲ့သူက နောက်မှရောက်လာတယ်၊ ဒါဆိုရင် ကျောက်ရိုင်းတုံးကို ဘယ်သူ့ကိုရောင်းမှာလဲ”
“ဒါက”
ဖန်းဖေးရှသည် ခဏလောက် တွန့်ဆုတ်သွား၏။ ပြီးမှ ပြောလိုက်သည်။ “ကျုပ်က ကျိန်းသေပေါက် ဂိုဏ်းချုပ်ကျွင်းကို ရောင်းမှာပေါ့၊ အရင်ရောက်လာတာကိုး”
“ဒင်... သီးခြားတာဝန်ကို ပြည့်စုံစေသည့်အတွက် ဂုဏ်ယူပါသည်၊ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် နှစ်ထောင် အား ရရှိခဲ့သည်”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၉၈၉၉ / ၂၀၀၀၀”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ ပြောလိုက်သည်။ အကြီးအကဲစွေ့ ကျောက်ရိုင်းတုံးကို လာရောက်ဝယ်ယူစဉ် ကတည်းက စနစ်သည် သူ့ကို သီးခြားတာဝန်တစ်ခုပေးခဲ့ခြင်းဖြစ်သည်။
ပါဝင်သည့်အကြောင်းအရာမှာ အသူရာသဲ ဂိုဏ်းမှ ဂိုဏ်းချုပ်အား ဤနေရာသို့ လာရောက်၍ စိတ်ဝိညာဉ်ကြယ်ကျောက်ရိုင်းအား မည်သူဝယ်ယူသင့်ကြောင်း လာရောက်ဆုံးဖြတ်ပေးစေရန်ပင် ဖြစ်တော့သည်။ ဤတာဝန်သည် အနည်းငယ်တော့ လှည့်စားထားခဲ့၏။
ကျွင်းချောင်ရှောင်းသည် ထိုတာဝန်ကို သိသိချင်း အနည်းငယ် ဆွံ့အသွားခဲ့၏။ ပြီးသည့်နောက်မှာတော့ ချက်ချင်း ဆိုသလိုပဲ အကြီးအကဲစွေ့အား သူလှုပ်ရှားတိုက်ခိုက်ခဲ့ခြင်းပင်ဖြစ်သည်။
ဤဆိုင်သည် အသူရာသဲဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသော ဆိုင်တစ်ခုဖြစ်ကြောင်း သူ သိရှိပြီးဖြစ်သည်။ သူ ထိုသို့ ကြီးကြီးမားမား ပြုလုပ်လိုက်မည်ဆိုလျှင် တစ်ဖက်ဂိုဏ်းချုပ်အား အလန့်တကြားဖြစ်စေ၍ ရောက်ရှိလာ မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းမိပြီးဖြစ်သည်။ သို့ပေမဲ့ သူသည် အနည်းငယ်လက်လွန်သွားမိသွားမိ၏။
ကျွင်းချောင်ရှောင်း၏ စကားများကို ကြားသည့်နောက်မှာတော့ ဖန်းဖေးရှသည် အကြီးအကဲစွေ့တစ်ယောက် ကျောက်ရိုင်းဝယ်ယူချင်သည့်စိတ်နှင့် ပြဿနာ ရှာခဲ့ခြင်းဖြစ်ကြောင်း နားလည်သွားခဲ့သည်။
အစ်ကိုကြီးစွေ့... ခင်ဗျားပြဿနာရှာချင်ရင်လည်း ကျန်တဲ့လူတွေကိုရှာလေ၊ ဘယ်လိုဖြစ်ပြီးတော့ ပြိုင်စံရှား ဂိုဏ်းချုပ်ကိုမှ သွားပြီးတော့ ပြဿနာ ရှာရတာလဲ။
သူ့အနေနှင့် အသက်သာပြန်ဝင်လာမည်ဆိုပါက အစ်ကိုကြီးစွေ့သည် ကျိန်းသေပေါက် အော်ဟစ်ပြောဆိုနေပေ လိမ့်မည်။ “ချီးတဲ့မှ... ဒီလူက ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ်ဖြစ်မှန်း ကျုပ်မှ မသိတာ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စိတ်ဝိညာဉ်ကြယ်ကျောက်တုံးတွေက ပထမဦးဆုံး ဒီကျွင်းမြင်ခဲ့တာလေ၊ ဒီတော့ ဂိုဏ်းချုပ်အနေနဲ့ ကျုပ်ကို ရောင်းပေးနိုင်မလား”
“ရောင်းပေးမှာပေါ့”
ဖန်းဖေးရှသည် တစ်စက်ကလေးမှ မတွန့်ဆုတ်တော့ပဲ ပြောလိုက်တော့သည်။ ဘိုးဘေးအကြီးအကဲကြီးနှင့် အဘိုးကြီးရှုတို့ပင်လျှင် လေးလေးစားစားနှင့် ဆက်ဆံရသူဖြစ်သောကြောင့် သူ့အနေနှင့် ကျိန်းသေပေါက် မျက်နှာလွဲခဲပစ် မပြောရဲပေ။
“ခင်ဗျားတို့ ဆိုင်ရှင်က လိမ်ပြောခဲ့တယ်လေ၊ အရင်ရောက်တဲ့လူက အရင်ရောက်တဲ့လူက အရင်ဝယ်ခွင့်ရှိတယ် ဆိုတာကို ကျုပ်ကို မရောင်းချင်ဘူး၊ ဒါက နည်းနည်း အနိုင်ကျင့်သလို ခံစားရတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဖန်းဖေးရှသည် ဒေါသတကြီးဖြင့် ပြောလိုက်မိ၏။ “ဒီဖန်းက ကျိန်းသေပေါက် ကြီးကြီးမားမား အရေးယူပါ့မယ်”
ဆိုင်ရှင်ဟောင်၏ မျက်နှာသည် ပိုမို၍ ဖြူလျော်သွားတော့သည်။ ယနေ့တွင် သူသည် ကံဆိုးပြီဖြစ်ကြောင်း နားလည်လိုက်မိတော့၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကျွင်းက အငြိုးအတေးထားတတ်တဲ့လူ မဟုတ်ပါဘူး”
သိုင်းကျင့်ကြံသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားသည်။ ဤအရာမှာ အမှန်ပင်ဖြစ်သည်။ ထိုသူသည် အငြိုးအတေး ထားတတ်သူမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူနှင့်ရန်ဖြစ်ခဲ့သောသူအား ချက်ချင်း သတ်ဖြတ်ခဲ့ပြီဖြစ်သည်။ ဘာရန်ငြှိုးမှ ထပ်၍ ထားစရာမလိုပေ။
“ဒီလိုလုပ်ရအောင်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စိတ်ဝိညာဉ်ကြယ်ကျောက်တုံး ကတ်တီနှစ်သောင်းကို ကျုပ်က ငွေဆယ်တေးလ်နဲ့ ဝယ်မယ်လေ၊ ဂိုဏ်းချုပ်ဖန်း က ငြင်းချင်ပါသေးလား”
“ငွေဆယ်တေးလ် ဟုတ်လား”
အားလုံးသည် တည်နေရာမှာတင် လဲပြိုသွားမလို ဖြစ်ကုန်ကြသည်။ ဤဈေးနှုန်းနှင့်ဆိုလျှင် အပြင်ဘက်သို့ ထွက်၍ လက်ဖက်ရည်ပင် ဝယ်သောက်၍ မရချေ။
ကျွင်းချောင်ရှောင်းသည် ငွေဆယ်တေးလ်အား စားပွဲပေါ်သို့တင်ကာ ပြောလိုက်သည်။ “တကယ်လို့ ဂိုဏ်းချုပ်ဖန်းက မဆုံးဖြတ်နိုင်ဘူးဆိုရင်လည်း ဘိုးဘေးအကြီးအကဲကြီးကို ခေါ်လိုက်ပါလား၊ ကျုပ် သူနဲ့ အတူတူ စကားပြောဖို့လည်း စိတ်မရှိပါဘူး”
ဤစကားလုံးများသည် နူးညံ့လှသည်ဆိုသော်လည်း သတိပေးသည့်အသံဖြစ်ကြောင်း ဖန်းဖေးရှ ခံစားမိ၏။ သူသာ သဘောမတူဘူးဆိုပါက ဘိုးဘေးအကြီးအကဲကို ဆင့်ခေါ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခြင်းပင် ဖြစ်တော့သည်။
“ဂိုဏ်းချုပ်ကျွင်း”
ဖန်းဖေးရှသည် လေးလေးနက်နက် ပြောလိုက်သည်။ “ပိုက်ဆံအကြောင်း ပြောသွားတာ ရင်နာဖို့ကောင်းလိုက်တာ၊ စိတ်ဝိညာဉ်ကြယ်ကျောက်ရိုင်း နှစ်သောင်း ကတ်တီ လောက်အတွက်နဲ့ ဒီဖန်းက အလကားကို ပေးမှာပါ၊ အလကားကို ပေးမှာပါ”