အခန်း (၆၇၇)
Vol. 46 Ch. 677
ဖန်းဖေးရှသည် ဦးနှောက်ကောင်းသောသူ တစ်ယောက်ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် ဖုန်တွေပေပွ၍ မိုင်းတွင်းတူးသမားတစ်ယောက်၏ ပုံစံမျိုးဖြစ်နေလျက်ရှိ၏။ ထို့ကြောင့် ဆိုင်ရှင်ဟောင်သည် သူ့အပေါ် အထင် အမြင်သေးကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုမူဆက်ဆံခဲ့ခြင်းဖြစ်ပုံပေါ်သည်။
အကြီးအကဲစွေ့နှင့် ပဋိပက္ခ ဖြစ်ပွားခြင်းသည်လည်း ထိုအရာမှပင် စတင်ခဲ့ခြင်း ဖြစ်ပုံပေါ်၏။
စိတ်ဝိညာဉ်ကြယ်ကျောက်တုံး နှစ်သောင်း ကတ်တီဆိုသည်မှာ ဈေးကြီးလှသည်တော့ မဟုတ်ချေ။ ကျွင်းချောင်ရှောင်း စိတ်ကျေနပ်မှု ရရှိစေရန်အတွက် ဖန်းဖေးရှသည် ဤအရာများအား အလကားသက်သက် ပေးအပ်ရမည်မှာ သဘာဝပင်ဖြစ်တော့သည်။
အပြင်ဘက်တွင်ရှိသော ကျင့်ကြံသူများအားလုံးသည် ဆွံ့အသွား ကြ၏။ ဤကောင်လေးသည် အသူရာသဲဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်ပင်လျှင် သေချာသတိထား၍ ဆက်ဆံ နေရသည်ဖြစ်သလို ကျောက်ရိုင်းတုံးများကိုပင် အလကားပေးအပ်နေရသေး၏။ မည်ကဲ့သို့သော လူတစ်ယောက် ဖြစ်နေသနည်း။ ကျွင်းချောင်ရှောင်းသည် ငွေဆယ်တေးလ်ကို ပြန်လည်ကာ ရယူလိုက်၏။
ကြည့်ဦး။
သူ့အနေနှင့် ငွေလေးဆယ်တေးလ်ကိုပင် ပြန်၍ ရယူခဲ့သေးသည်။
စနစ် “…….”
စနစ်ဆီမှာ တာဝန်ကို ပြုလုပ်ပြီးသည့်နောက်မှာတော့ သူသည် တခြားလူဆီမှ ကျောက်ရိုင်းတုံးများကို အလကား ရယူရန် အကြံထုတ်ခဲ့သည်။ လက်ခံသူ ၏ မျက်နှာသည် ကျောက်တုံးနှင့် ဖန်တီးပြုလုပ်ထားနေသည်လား။
“မြန်မြန်... စိတ်ဝိညာဉ်ကြယ်ကျောက်တုံးတွေကို ပြင်ဆင်လိုက်တော့” ဖန်းဖေးရှသည် ဆိုင်ရှင်ဟောင်အား လှမ်းကြည့်ကာ ပြောလိုက်၏။
“ကောင်းပါပြီ၊ ကောင်းပါပြီ”
ဆိုင်ရှင်ဟောင်သည် ကြောက်လန့်တကြားဖြင့် စိတ်ဝိညာဉ်ကြယ်ကျောက်ရိုင်းတုံးများကို ပြင်ဆင်ရန် ထွက်ခွာ သွားတော့သည်။ မကြာခင်မှာပဲ သူသည် စိတ်ဝိညာဉ်ကြယ်ကျောက်တုံးများထည့်ထားသော သိုလှောင်လက်စွပ်ကို ကမ်းပေးလိုက်သည်။
“မှတ်ထား”
ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်ကို ယူကာလှမ်းပြောလိုက်၏။ “ကျုပ်တို့အားလုံးက ဖောက်သည်တွေပဲ၊ ဒါကြောင့် ခွဲခြားပြီးတော့ မဆက်ဆံနဲ့”
“မှတ်ထားပါ့မယ်၊ မှတ်ထားပါ့မယ်”
ဆိုင်ရှင်ဟောင်၏ နဖူးဆီမှ ပဲစေ့လောက်ရှိသော ချွေးစေးများ ပြန်၍ ကျဆင်းလာသည်။ သူ၏ လက်များသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိတော့သည်။ သူသည် အသက်ရှင်ကျန်ခဲ့သည်ဖြစ်သလို ဆိုင်ရှင်အဖြစ်လည်း ရှိနေသေးသည်။ နောင်တွင် ပစ္စည်းလာဝယ်သော ဖောက်သည်များအား အထင်အမြင်သေးရဲတော့မည် မဟုတ်ချေ။
“ဂိုဏ်းချုပ်ဖန်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လေဟုန်စီးဂိုဏ်းရဲ့ ဆိုင်တွေက ဘယ်နားမှာလဲ”
“မြောက်ဘက်ပိုင်းမှာရှိတဲ့ အကောင်းဆုံးအပြင်အဆင်တွေနဲ့ ဖန်တီးထားတဲ့ဆိုင်က လေဟုန်စီးဂိုဏ်းရဲ့ ဆိုင်ပဲလေ” ဖန်းဖေးရှက ပြောလိုက်သည်။
“ဒါဆိုရင် နှုတ်ဆက်ပါတယ်” ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် အားလုံး၏ အကြည့်အောက်မှာပဲ ကျောက်ရိုင်းဆိုင်ထဲမှ ထွက်ခွာသွားတော့၏။
ဖူး
ဖန်းဖေးရှသည် သူ၏လက်ကိုမြှောက်ပြီးနောက် နဖူးတွင်ရှိသော ချွေးများအား သုတ်လိုက်၏။ စိတ်ဝိညာဉ်ကြယ် ကျောက်တုံးအနည်းငယ် ဆုံးရှုံးရသည်မှာ ဘာမှမဟုတ်ချေ။ ဤကောင်လေး ပြဿနာဆက်၍မရှာခြင်းက ပင်လျှင် သူ ကံကောင်းသည်ဟု ဆိုရမည်။
“ဂိုဏ်းချုပ်”
ဆိုင်ရှင်ဟောင်သည် တုန်ရင်နေသည့်အသံနှင့် ပြောလိုက်သည်။ “အကြီးအကဲစွေ့ရဲ အလောင်းက ဘယ်လိုလုပ်ရ”
အကြီးအကဲစွေ့အကြောင်း ပြောသည့်အခါတွင် ဖန်းဖေးရှ၏ မျက်နှာသည် ပျက်ယွင်းသွားတော့၏။ ၎င်းသည် ကျွင်းချောင်ရှောင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဆိုသော်လည်း သူ၏ဆိုင်ထဲတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကြက်သွေးရောင်မီးတောက်ဂိုဏ်းအား မည်ကဲ့သို့ ဖြေရှင်းရမည်ကို သူစဉ်းစားနေမိသည်။
“သူ့ကိစ္စကို ထားလိုက်တော့၊ ခင်ဗျားကိစ္စကို အရင်ဆုံးရှင်းရအုံးမယ်” ဖန်းဖေးရှသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ ဤကဲ့သို့သော ဖြစ်ပေါ်လာသည့်အရာအားလုံး၏ အဓိက တရားခံသည် ဆိုင်ရှင်ဟောင်ဖြစ်မှန်း သူသိ၏။
ဆိုင်ရှင်ဟောင်သည် ငိုတော့မလိုပင် ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ကျုပ် ကျုပ်”
ပြောနေတုန်းမှာပဲ ဖန်းဖေးရှ၏ အမူအရာများသည် ပြောင်းလဲသွားသည်။
ဝေါ့
ရုတ်တရက်ဆိုသလိုပဲ အကြီးအကဲစွေ့သည် သွေးတစ်လုတ်အန်ထုတ်လာ၏။ ပြီးနောက် အငမ်းမရ အသက်ကို ရှူကာ ဟောဟဲ ဟောဟဲနှင့် ဖြစ်လျက်ရှိသည်။ သူ၏ ပျောက်ကွယ်နေသော အသက်ဓာတ်များသည်လည်း ပြန်လည်၍ ဖြစ်တည်လာသည်။
ဖန်းဖေးရှသည် တုန်လှုပ်သွား၏။ “ခင်ဗျား အသက်ရှင်နေသေးတာလား”
ဤအရာမှာ အမှန်ပင်ဖြစ်သည်။ အကြီးအကဲစွေ့သည် အသက်ရှင်လျက်ရှိနေသေး၏။
ကျွင်းချောင်ရှောင်းသည် သူ၏အရေးကြီးသော မရီဒန်များကို လက်သီးနှင့် ထိုးနှက်ခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ စွမ်းအင်များ အားလုံးကို စည်းခတ်ခဲ့ခြင်းပင်ဖြစ်၏။ ယခု သီးခြားတာဝန်ပြည့်စုံသွားပြီ ဖြစ်သည့်အပြင် ကျောက်ရိုင်းတုံးများကို ဝယ်ယူရန် ပိုက်ဆံလည်း မသုံးခဲ့ရချေ။ ထို့ကြောင့် ဘာမှသုံးစားလို့မရတော့သည် လူအား ပြန်လည်ကာ အသက် ရှင်သန်ခွင့် ပေးခဲ့ခြင်းသာဖြစ်တော့သည်။
ဟူး
အကြီးအကဲစွေ့သည် သတိပြန်ဝင်လာပြီးသည့်နောက်မှာ အလွန်တရာ နာကျင်လျက်ရှိသည့် ခံစားချက်ကို အောင့်အီးသည်းခံကာ မေးလိုက်သည်။ “ဂိုဏ်းချုပ်ဖန်း... အဲ အဲ့ကောင်က ဘယ်သူလဲ”
သူက သေဆုံးသလိုဖြစ်နေသည်ဆိုလျှင်တောင်မှ အရာအားလုံးကို ကြားနေရ၏။ ထို့ကြောင့် ဤကောင်လေးသည် အလွန်တရာ အားကောင်းလှသည့်ဆိုသည်မှာ ငြင်းပယ်၍ မရနိုင်ချေ။ မဟုတ်ပါက လက်သီးတစ်ချက်တည်းနှင့် သူ ဤကဲ့သို့သောအခြေအနေမျိုး ဖြစ်ပွားလိမ့်မည် မဟုတ်ချေ။
ဖန်းဖေးရှသည် အကြီးအကဲစွေ့၏ မျက်လုံးထဲတွင် ရှိသော အမုန်းတရားများကို မြင်လိုက်ရ၏။ သူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “အကြီးအကဲစွေ့... ခင်ဗျားနဲ့ ခင်ဗျားဂိုဏ်းအနေနဲ့ သူ့ကိုသွားပြီး မရှုပ်ဖို့ ကျုပ်အကြံပြုချင်တယ်၊ မဟုတ်ရင်တော့ ခင်ဗျားတို့က ကြက်သွေးရောင်မီးတောက် နတ်ဂိုဏ်းရဲ့ အထောက်အပံ့ကို ရထားတယ်ဆိုရင်တောင်မှ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး”
ဤစကားစုသည် မထွက်ခွာသေးဘဲ ကျန်ရှိနေကြသည့် သိုင်းကျင့်ကြံသူများအားလုံးကို အံ့အားသင့်သွားစေသည်။ ဒုတိယအဆင့် ဂိုဏ်းတစ်ခုပင်လျှင် ယခုထွက်ခွာသွားသော လူငယ်လေးအား ဘာမှမလုပ်နိုင်ဘူးလား။ ဂိုဏ်းချုပ် ကျွင်းဟုခေါ်သော ဤလူငယ်သည် အလွန်တရာ အားကောင်းလှသည့် ကျောထောက်နောက်ခံ ကို ပိုင်ဆိုင်နေသည်လား။
“ဂိုဏ်းချုပ်ဖန်း”
အကြီးအကဲစွေ့သည် ကြောင်သွား၏။ “သူက ဘယ်သူလဲ”
“ပြိုင်စံရှားဂိုဏ်းခေါင်းဆောင်”
ဖန်းဖေးရှသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်သည်။ “ကျွင်းချောင်ရှောင်းပဲ”
“ဘာ”
အကြီးအကဲစွေ့သည် လေးနက်တုန်လှုပ်စွာဖြင့် ထခုန်လုမတတ် ဖြစ်သွားသည်။ “သူက အလားအလာမှာ ထိပ်ဆုံးသုံးခုစာရင်းဝင်တဲ့ ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်လား”
“ကောင်းကင်ဘုံ... ခုနတုန်းက လူငယ်လေးက ကျွင်းချောင်ရှောင်း၊ ဂိုဏ်းချုပ်ဖန်းတစ်ယောက် သူ့ကိုမြင်တာနဲ့ ယဉ်ကျေးနေတာ အံ့အားသင့်စရာတော့ မဟုတ်တော့ဘူး”
လမ်းပေါ်တွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် မျက်လုံးပြူးသွားကြ၏။ မြောက်ပိုင်းသဲကန္တာရနယ်မြေ ထဲတွင် ကျွင်းချောင်ရှောင်းနာမည်ကို မကြားဘူးတဲ့လူ မည်သူရှိသနည်း။ အထူးသဖြင့် မကြာသေးခင်ကပင် ၎င်းတို့သည် လိုင်လီနတ်ဂိုဏ်းဆီသို့ သွားရောက်၍ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြသေးသည် မဟုတ်လား။
အကြီးအကဲစွေ့၏ မျက်နှာပေါ်တွင်ရှိသော ဒေါသတရားများသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။ ဒုတိယအဆင့် ဂိုဏ်းတစ်ခုကိုပင် အနိုင်ယူနိုင်ခဲ့သည်ဆိုသော် သူတို့၏ ကြက်သွေးရောင်မီးတောက်ဂိုဏ်းလို အဆင့်လေးဂိုဏ်းတစ်ခုသည် ပြိုင်စံရှားဂိုဏ်းကို ရင်ဆိုင်ရန် သတ္တိမရှိချေ။ ထို့အပြင် လက်သီးတစ်ချက်တည်းနှင့် သူသည် သေမလို ဖြစ်ခဲ့ရသည်။ စဉ်းစားတတ်သော ဦးနှောက်ရှိသူဆိုလျှင် ဘာမှဆက်မလုပ်ခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု လူတိုင်းသိပေလိမ့်မည်။
အားလုံးထိတ်လန့်တုန်လှုပ်နေစဉ်မှာပဲ ကျွင်းချောင်ရှောင်းသည် လေဟုန်စီးဂိုဏ်း၏ ကျောက်ရိုင်းဆိုင် အထူး တည်နေရာထဲတွင် ထိုင်လျက်ရှိနေတော့သည်။ လှပလွန်းေဖော်ရွေပျူငှာသော အပြုံးနှင့် ပြုံးကာ လက်ဖက်ရည်ခွက်ကို အသာကမ်းပေးလိုက်၏။
“ဂိုဏ်းချုပ်ကျွင်း”
လေဟုန်စီးဂိုဏ်း၏ ဂိုဏ်းချုပ်က ပြုံးကာ မေးလိုက်သည်။ “ခင်ဗျား ဘယ်ကျောက်ရိုင်းတွေ လိုအပ်နေလဲ၊ ကျုပ်တို့ဆီမှာ ရှိတယ်ဆိုရင် အရင်ဆုံး ရောင်းပေးမယ်လေ”
သူသည် သဲဝါမြို့တွင် ရှိနေ၏။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် မြို့ထဲတွင်ရှိသော ကျောက်ရိုင်းဆိုင်ထဲတွင် ပြစ်မှုကျူးလွန်ခဲ့သည်ဆိုသည်ကို ကြားသိပြီးဖြစ်သည်။ ထို့ကြောင့် သူသည် အားရပါးရ ကြည့်ရှုရန် လာခဲ့ခြင်း ဖြစ်သည်။
အစစ်အမှန်ပြောရမည်ဆိုလျှင် အသူရာသဲဂိုဏ်းအား လှောင်ပြောင်လို၍ လာခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ပဲ ပြဿနာရှာခဲ့သူမှာ ဂိုဏ်းချုပ်ကျွင်းတစ်ယောက် ဖြစ်လို့နေ၏။
ထို့အပြင် သူ၏ဆိုင် ဘယ်နားတွင်ရှိမှန်း မေးမြန်း၍ ထွက်ခွာလာခြင်းဖြစ်သည်ကို သိပြီးနောက်မှာတော့ အလျင် အမြန်ပဲ သူပိုင်ဆိုင်ရာဆိုင်ဆီသို့ ပြန်လာခဲ့လိုက်သည်။ မဟုတ်ပါက သူ၏ဆိုင်ဝန်ထမ်းများသည် အထင်သေး နှိမ့်ချစွာဖြင့် သွား၍ဆက်ဆံနေလျှင် ပြဿနာ အကြီးအကျယ် တက်ပေဦးမည်။
“ဂိုဏ်းချုပ်စုန့်”
ကျွင်းချောင်ရှောင်းသည် စာရင်းစာရွက်ကို ကမ်းပေးကာ ပြောလိုက်သည်။ “ဒီကျောက်ရိုင်းတုံးတွေ ရှိလား”
ဂိုဏ်းချုပ်စုန့်သည် စာရင်းစာရွက်အားယူ၍ သေသေချာချာ ကြည့်ရှုလိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ကျုပ်ဆီမှာ ဒီကျောက်ရိုင်းတွေ အကုန်လုံးရှိတယ်၊ ဒါပေမဲ့ အများကြီးတော့ မရှိဘူး”
“ကျုပ် အကုန်လုံးကိုယူမယ်” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ဂိုဏ်းချုပ်စုန့်က ပြောလိုက်၏
“ကျေးဇူးပြုပြီး စောင့်ပါဦး၊ ကျုပ်ရဲ့လူတွေကို စီစဉ်ခိုင်းလိုက်မယ်”
ဖန်းဖေးရှအား ဥပမာယူပြီးသည့်နောက်မှာတော့ သူသည် ကျောက်ရိုင်းများအားလုံးကို ပြင်ဆင်နေစဉ်မှာပဲ သူသည် စတင်ကာ ကမ်းလှမ်း ပြောဆိုလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကြီးမားတဲ့ ဂိုဏ်းကြီးတစ်ခုကို တာဝန်ယူထားတာ ကျုပ်ချီးကျူး မိတယ်၊ ဒီတော့ ဒီကျောက်ရိုင်းတုံးတွေ အကုန်လုံးကို ခင်ဗျားကို အလကားပေးချင်ပါတယ်၊ စိတ်မရှိပါနဲ့”
သူသည် မည်ကဲ့သို့ပြုလုပ်ရမည်ကို ကောင်းကောင်းနားလည်၏။
“ကျေးဇူးပါပဲ”
ကျွင်းချောင်ရှောင်းသည် အားနာမနေချေ။ အရှက်မဲ့စွာဖြင့် ပစ္စည်းအားလုံးကို ယူဆောင်ကာ သိုလှောင်လက်စွပ် ထဲကို ထည့်သွင်းလိုက်၏။ ပြီးနောက် လက်သီးဆုပ်ကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်စုန့်... ကျွင်းက ဒီထက်များပြားတဲ့ ကျောက်ရိုင်းတုံးတွေကို လိုအပ်နေသေးတယ်လေ၊ ဒီတော့ ကျုပ်တို့ ဂိုဏ်းနှစ်ခုက စီးပွားရေး လက်တွဲဖော်တွေအဖြစ် တည်ထောင်ကြရင် မကောင်းဘူးလား”
သူ့အနေနှင့် အနာဂတ်တွင် ကျောက်ရိုင်းတုံးများကို ပိုမိုလိုအပ်လာပေလိမ့်မည်။ ထို့အပြင် နေ့စဉ်နေ့တိုင်း မြောက်ပိုင်းသဲကန္တာရဆီ လာ၍ ဝယ်ယူရန်လည်း မဖြစ်နိုင်ချေ။ ထို့ကြောင့် ကျောက်ရိုင်းတုံးများကို ထောက်ပံ့ ပေးနိုင်ရန်အတွက် အိုက်မိသားစုကဲ့သို့ စီးပွားရေးလက်တွဲဖော်များကို ရှာဖွေရန် လိုချင်မိ၏။
“ကောင်းပြီ” ဂိုဏ်းချုပ်စုန့်က ပြောလိုက်သည်။ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းကို လွယ်လွယ်ကူကူ ထုတ်ပေး နိုင်သူတစ်ယောက် ဖြစ်သည့်အတွက် ဂိုဏ်းချုပ်ကျွင်းသည် ငွေကြေးလစ်ဟင်းနေမည် မဟုတ်ချေ။ ၎င်းတို့ အနေနှင့် စီးပွားရေးလက်တွဲဖော်များအဖြစ် ဖန်တီးနိုင်မည်ဆိုပါက ကျိန်းသေပေါက် အကျိုးအမြတ် ရရှိမှာ သေချာသည်။
ကျွင်းချောင်ရှောင်းသည် စာရင်းစာရွက်အား လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “မကြာခင်မှာ ကျုပ်တို့ပြိုင်စံရှားဂိုဏ်းက မြောက်ပိုင်းသဲကန္တာရ နယ်မြေထဲမှာ ဂိုဏ်းခွဲလာပြီး ဖွင့်လိမ့်မယ်၊ အဲအချိန်ကြရင် စီးပွားရေးကိစ္စတွေ ပြုလုပ်ဖို့အတွက် ကျုပ် သူတို့ကို အရင်ဆုံးဆက်သွယ်ခိုင်းလိုက်မယ်”
“အချိန်မရွေး အဆင်သင့်ပါပဲ”
ဂိုဏ်းချုပ်စုန့်သည် ပြောလိုက်၏။ သို့ပေမဲ့ သူ၏စိတ်ထဲမှာတော့ အံ့အားသင့်လျက်ရှိ၏။
သူက တစ်ကယ်ပဲ မြောက်ပိုင်းသဲကန္တာရမှာ ဂိုဏ်းခွဲလာပြီး ဖွင့်ချင်တာလား၊ ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ ကွန်ယက်ဖွဲ့စည်းဖို့ စဉ်းစားထားပုံပေါ်တယ်။
ကျွင်းချောင်ရှောင်းသည် များပြားလှသော တည်နေရာများတွင် လုံလောက်သည့် ဌာနခွဲများကို မဖွင့်လှစ်နိုင်ဘူး ဆိုလျှင်တောင်မှ သူ့အနေနှင့် နေရာတိုင်းတွင် တိရစ္ဆာန်အစားအစာ ရောင်းချသည့်ဆိုင်များကို ဖွင့်လှစ်ချင်မိ၏။
တကယ်တမ်းမှာတော့ တိရစ္ဆာန်အစားအစာ ရောင်းချခြင်းဆိုင်များသည် သူ၏သတင်းအချက်အလက် ကွန်ယက်ကို ဖန်တီးနိုင်ခြင်း ဖြစ်သလို များပြားလှသည့် လွတ်လပ်သော ကျင့်ကြံသူများကိုလည်း ဆင့်ခေါ် ခန့်ထားနိုင်ခဲ့၏။ ထို့ကြောင့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် သူသည် ဤကဲ့သို့အရာများကို ပြုလုပ်နေခြင်းပင်ဖြစ်တော့၏။ သတင်း အချက်အလက်များကို ရရှိသည့်အပြင် ပိုက်ဆံလည်း ရနိုင်သေး၏။ နှစ်ခုလုံးအဆင်ပြေသည့် ကိစ္စဟုပင် ဆိုရမည်။
“ဒါဆိုရင် အရင်ဆုံး ထွက်သွားပါတော့မယ်”
ကျွင်းချောင်ရှောင်းသည် ကျောက်ရိုင်းဆိုင်ထဲမှ ထွက်ခွာသွားပြီးနောက် တခြားသောဆိုင်များဆီသို့ ဆက်လက်ကာ သွားလိုက်သည်။ တခြားသော ကျောက်ရိုင်းဆိုင်များမှာလည်း အသူရာသဲဂိုဏ်းနဲ့ လေဟုန်စီးဂိုဏ်းတို့ အဖြစ်အပျက်ကို သိရှိပြီးဖြစ်သောကြောင့် သူရောက်ရှိသွားခဲ့သည့် နေရာတိုင်းတွင် အထူးဖောက်သည်တစ်ဦးကဲ့သို့ ဆက်ဆံကြတော့သည်။
“ဂိုဏ်းချုပ်ကျွင်း... ပိုက်ဆံအကြောင်း ပြောမနေပါနဲ့”
“ဂိုဏ်းချုပ်ကျွင်း... ဒီကျောက်ရိုင်းတုံးတွေက ရောင်းရတာမဟုတ်ဘူး၊ ခင်ဗျား ဒါကိုလိုမှတော့ အကုန်လုံးပေး လိုက်မယ်”
“ဂိုဏ်းချုပ်ကျွင်း... ကျေးဇူးပြုပြီး ပိုက်ဆံကိုတော့ ပြန်ယူသွားပါ”
“ဂိုဏ်းချုပ်ကျွင်း”
..........
ကျွင်းချောင်ရှောင်းသည် များပြားလှသည့် ကျောက်ရိုင်းဆိုင်များတွင် လှည့်လည်သွားလာပြီး သည့်နောက်မှာတော့ လက်နက်နှင့် ပစ္စည်းပစ္စယများကို သန့်စင်ရန်အတွက် လိုအပ်သည့် ပစ္စည်းတော်တော်များများ ကို စုဆောင်း ရယူခဲ့ပြီးဖြစ်သည်။ မည်မျှ ကောင်းမွန်လိုက်သနည်း။
“အင်း”
လမ်းပေါ်တွင် လျှောက်နေရင်းမှ ကျွင်းချောင်ရှောင်းသည် ကြောင်အအနှင့် ပြောလိုက်သည်။ “မြောက်ပိုင်းသဲကန္တာရနယ်မြေထဲက ဂိုဏ်းတွေအကုန်လုံးက တော်တော် ယဉ်ကျေးတာပဲ၊ ကျောက်ရိုင်းတွေ ပေးလိုက်တာတောင်မှ ပိုက်ဆံမယူဘူး၊ ဒါက ငါ့ကိုနည်းနည်း ရှက်ရွံ့စေတယ်”
“နည်းနည်းပဲ ရှက်သေးတာလား” စနစ်သည် မနေနိုင်တော့ဘဲ ထ၍ ပြောလိုက်မိသည်။