အခန်း (၆၈၀)
Vol. 46 Ch. 680
ကျွင်းချောင်ရှောင်းသည် ရှောင်ကျီအား အီတလီအမြှောက်ကြီး လွှဲပေးထား၏။
ဂိုဏ်း၏ အဓိက တင့်ကား တိုက်ခိုက်ရေး သမား ဖြစ်သည်နှင့် အညီ ရှောင်ကျီသည် ဤလက်နက်ကြီးနှင့် ပတ်သက်၍ အလွန်တရာ ကျွမ်းကျင်ပြီဖြစ်သည်။
အမြှောက်ကြီးအား သေသေချာချာ စစ်ဆေးပြီးနောက်မှာတော့ သူ တစ်ခါတည်း ပစ်လွှတ်တိုက်ခိုက်လိုက်သည်။ အလွန်တရာ မြန်ဆန်လွန်းကြ၏။
အဆင့်မြင့် စိတ်ဝိညာဉ် အမြုတေနှင့် ဖွဲ့စည်းထားသော အမြှောက်ဆံကြီးတစ်ခုသည် အအေးနန်းတော်တုန်းက တိုက်ခိုက်ခဲ့သည်ထက် ပိုမို၍ အားကောင်းနေသေးသည်။
လီချင်းယန် ၊ စုရှောင်မို နှင့် ရောင်မုန့်ယဉ် အားလုံးသည် ၎င်းတို့၏ အကြားအာရုံကို တားဆီးထားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ အပေါ်တွင် မသက်ရောက်ပေ။
သို့ပေမဲ့ ပြင်ဆင်ခြင်း မရှိသည့် ဟယ်ဝူတီမှာတော့ နားများ တဝီဝီဖြစ်ကာ ခန္ဓာကိုယ် အတွင်းရှိ သွေးများ သည်လည်း ပြောင်းပြန်လည်သွား၏။
အမြှောက်ဆီမှ အလင်းတန်းကြီးကို မြင်လိုက်ချိန်မှာတော့ တည်နေရာတစ်ခုလုံးသည် တုန်ခါသွားသည်။ လေထုထဲတွင်တော့ အလွန်တရာ ပြင်းထန်သော ဖိအားများ ဖြစ်တည်လာခဲ့သည်။
သူသည် မျက်လုံးတွေ ပြူးထွက်မတတ် ထိတ်လန့် တုန်လှုပ်မိသွား၏။
ဒါ မည်ကဲ့သို့သော ရတနာဖြစ်သနည်း။ ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ခိုက်ရေး အားအင်ကို ထုတ်ဖော်နိုင်သည်။ သူသည် ဂိုဏ်းထဲတွင် အချိန်အတော်ကြာ ကျင့်ကြံနေခဲ့သည် ဆိုသော်လည်း ဤကဲ့သို့ အဆင့်မြင့် ပစ္စည်းများအား တစ်ခါမှ မမြင်ဖူးချေ။
ဘုန်း
လက်နက်ကြီးသည် နဂါးနက်မိစ္ဆာဂိုဏ်း၏ ဆီသို့ အလွန်တရာ အားကောင်းလှသည့် အရှိန်နှုန်းဖြင့် ကျဆင်းသွားတော့သည်။
တည်နေရာကြီးတစ်ခုလုံးပင် တုန်ခါသွားပြီးသည့်နောက် ဂိုဏ်း၏ အကာအကွယ် အစီအရင်သည်လည်း ကွဲအက်သွား၏။
အအေးနန်းတော်ကဲ့သို့သော အဆင့်လေး ဂိုဏ်းတစ်ခု၏ အစီအရင်ပင်လျှင် ဤအမြှောက်ကြီး၏ တိုက်ခိုက်ချက်ကို မတားဆီးနိုင်ခဲ့ပေ။ ဤအဆင့်ငါး မိစ္ဆာဂိုဏ်းဆိုလျှင် ပြောနေစရာပင် မလိုအပ်ချေ။
သို့ပေမဲ့ အမြှောက်ကြီး၏ ပထမတိုက်ခိုက်ချက်သည် အစီအရင်ကိုသာ ပျက်စီးသွားစေခဲ့၏။
နဂါးနက် မိစ္ဆာဂိုဏ်းအား မသက်ရောက်စေခဲ့ပေ။
ဝှစ် ဝှစ်။
ချက်ချင်းဆိုသလိုပဲ အမဲရောင် အလင်းတန်းများ ထွက်ပေါ်လာပြီးသည့်နောက် နဂါးနတ်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ဦးဆောင်သော သိုင်းဘုရင် ငါးယောက်တို့သည် ပေါ်လာခဲ့တော့သည်။
ကြောက်မက်ဖွယ်ရာ ကောင်းလှသော အားအင်တစ်ခုသည် ရုတ်တရက်ဆိုသလိုပဲ အစီအရင်အား ဖျက်စီးသွားခဲ့၏။ သူတို့ အနေနှင့် ကျိန်းသေပေါက် ထွက်ပေါ်လာရတော့မည် ဖြစ်သည်။
"အားကောင်းလိုက်တဲ့ မိစ္ဆာအော်ရာတွေ"
ရောင်မုန့်ယဉ်၏ မျက်လုံးများသည် လင်းလက်သွားသည်။
သူမသည် တိုက်ခိုက်ရန် စိတ်အား တက်ကြွလာ၏။
ဤအတောအတွင်း သူမသည် သွေးတိမ်နည်းစနစ်ကို ကျင့်ကြံခဲ့ရပြီး ပါရမီရှင် နတ်ဆိုး ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူမနှင့် ဓာတ်သဘာဝချင်း အနည်းငယ် ဆင်တူညီသော မိစ္ဆာစွမ်းအင်များကို မြင်ရသည့် အချိန်မှာတော့ အလွန်တရာ ပျော်ရွင်လာမိ၏။ ပြောရမည်ဆိုလျှင် မိစ္ဆာကျင့်ကြံသူများ ဆိုသည်မှာ နတ်ဆိုး ကျင့်ကြံသူများ၏ ပင်မအခွဲလေးတစ်ခုပင် ဖြစ်သည်။
၎င်းတို့၏ ကျင့်ကြံခြင်း လမ်းစဉ်သည် ဆိုးရွားလွန်းသည်မို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အသက် ရှင် ရပ်တည်နိုင်ရန် သိပ်တော့ မလွယ်ကူလှချေ။
လီချင်းယန်သည် ရောင်မုန့်ယဉ်၏ မျက်လုံးထဲတွင် ရှိသော တိုက်ခိုက်လိုခြင်း စိတ်အားအင်များကို မြင်ပြီးသည့်နောက်မှာတော့ ပြောလိုက်၏။ "ဂျူနီယာညီမလေး ကြည့်ပဲ ကြည့်နေတော့ ဒီလူတွေကို ငါ့တာဝန်ထားလိုက်တော့"
"ကောင်းပါပြီ"
ရောင်မုန့်ယဉ် သည် ခေါင်းညိတ်လိုက်မိ၏။
သူမအနေနှင့် ဤမိစ္ဆာကျင့်ကြံသူများနှင့် တိုက်ခိုက်ချင်သည်ဆိုသော်လည်း စီနီယာ အစ်ကို၏ စကားကို နားထောင်ရမည်။
"သွားရအောင်"
လီချင်းယန်သည် ပြောပြီးပြီး ချင်းမှာပဲ အနောက်ဘက်တွင် နားများအူ၍ ဘာမှ မကြားသော ဟယ်ဝူတီသည် ရုတ်တရက် ရှေ့သို့ ပြေးတက်သွားခဲ့သည်။
ပြိုင်စံရှား ဂိုဏ်းတွင် အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ သူသည် တိုက်ခိုက်ရန် အခွင့် အရေးကို ရှားရှား ပါးပါး ရရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် စိတ်အား တက်ကြွစွာနှင့် တိုက်ခိုက်မှ ဖြစ်တော့မည်။
ရွီ့ ရွီ့။
လီချင်းယန်နှင့် စုရှောင်မိုတို့သည် အနောက်ဘက်ဆီမှ နီးနီးကပ်ကပ် လိုက်ပါသွားကြပြီး ၎င်းတို့၏ အအေးဓားများကို ထုတ်ယူလိုက်ကြ၏။
နဂါးနက်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲတို့သည် တခြားသူများ အမှောင်ထဲမှ ခုန်ထွက်လာသည်ကို မြင်ရသည့် အချိန်မှာတော့ ၎င်းတို့၏ မျက်လုံးထဲတွင် အလွန်တရာ သတ်ဖြတ်လိုခြင်း ဆန္ဒများပြည့်နက်သွားသည်။
တောအုပ်ထဲတွင် အစောတုန်းက ဘယ်သူမှ မရှိပေ။အခု ရောက်ရှိလာသည့် လူများသည် ဂိုဏ်း၏ အကာအကွယ် အစီအရင်များကို တိုက်ခိုက်ခဲ့သော လူများပင် ဖြစ်ပေလိမ့်မည်။
"သတ်ကြ" နဂါးနက်မိစ္ဆာဂိုဏ်းမှ ဂိုဏ်းချုပ်သည် အေးစက်စက် ဖြင့် ပြောလိုက်၏။
ဟူး ဟူး။
ထိုအချိန်မှာပဲ ဟယ်ဝူတီသည် သူ၏ ရှေ့သို့ ရောက်နှင့် နေပြီဖြစ်သည်။ ညာဘက်လက်သည် ရုတ်တရက် ဆန့်တန်းလိုက်ပြီးသည့်နောက်မှာတော့ လေဟာနယ်ထဲသို့ ထိုးဖောက်ကာ တောင်ဖြိုလက်သီးနည်းစနစ်ကို ထုတ်ဖော်လိုက်တော့သည်။
ဤအမြန်နှုန်း ….. ဤစွမ်းအား
လီချင်းယန်နှင့် စုရှောင်မိုတို့ပင်လျှင် အံ့အား သင့်သွား၏။
"မကောင်းတော့ဘူး"
နဂါးနက်မိစ္ဆာဂိုဏ်းချုပ် ၏ အမူအရာသည် ကြီးကြီးကျယ်ကျယ် ပြောင်းလဲသွားတော့သည်။
သူသည် အမှတ်မထင်ဆိုသလိုပဲ သူ၏ ရှေ့တွင် စိတ်ဝိညာဉ် နံရံတစ်ခုကို ဖန်တီးလိုက်၏။ သို့ပေမဲ့ နောက်ကျသွားခဲ့ပြီဖြစ်၏။
အလွန်တရာအားကောင်းလှသော လက်သီးချက်ကြီးသည် စိတ်ဝိညာဉ်စွမ်းအင် နံရံ ကို ဖောက်ထွင်းပြီး သူ၏ မျက်နှာဆီသို့ တည့်တည့် ထိမှန်တော့သည်။
မြန်ဆန်သည်။ ကြမ်းရမ်းသည်။ တိကျသည်။
ဘန်း….
နဂါးနက် မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်သည် အမြှောက်ဆံကဲ့သို့ အနောက်ဘက်သို့ လွှင့်စင်သွားပြီး ခပ်ဝေးဝေးတွင် ရှိနေသော ကျောက်တုံး သစ်ပင်များနှင့် သွားရောက် ရိုက်မိကာ ဂိုဏ်း၏ လှေကားထစ်ဆီသို့ ပြုတ်ကျလာခဲ့၏။
"သေစမ်း"
ထိုအချိန်မှာတော့ အကြီးအကဲတစ်ယောက်သည် သူ၏ လက်ထဲတွင် အမဲရောင် ဓာတ်သဘာဝများကို စုဖွဲ့လာပြီးနောက်မှာတော့ အမဲရောင် သုံးမြှောင့် ပုံသဏ္ဍာန် အရာဝတ္ထုတစ်ခုကို ဖန်တီးလိုက်၏။
ရွီ့
ဟယ်ဝူတီသည် အသာလှည့်ကာဖြင့် လက်သီးအား ထိုးလိုက်သည်။
သူ၏ လက်များသည် အမဲရောင် သုံးမြှောင့်ပုံသဏ္ဍာန်၏ ထိပ်တည့်တည့်နှင့် ထိမှန်သွားပြီးသည့်နောက် ထိုအရာသည် ချက်ချင်းပဲ ပျက်စီးသွားခဲ့၏။
"ဘာ"
အကြီးအကဲ၏ မျက်နှာသည် ထိတ်လန့် ကြောက်ရွံ့စွာဖြင့် ဖြူလျော့သွားခဲ့၏။ ၎င်း အသုံးပြုလိုက်သည့် မိစ္ဆာနည်းစနစ်သည် ထက်ရှမှုကို ဦးစားပေးသည်။ သို့ပေမဲ့ တစ်ဖက်လူ၏ လက်သီးချက်ဖြင့် ပျက်စီးခဲ့၏။ မည်မျှ အားကောင်းလိုက်သနည်း။
ဘန်း။
ထိုနောက် ဟယ်ဝူတီ၏ လက်သီးသည် သူ၏ ရင်ဘတ်ပေါ်သို့ ကျဆင်းလာခဲ့တော့သည်။
အလွန်တရာအားကောင်းလှသော လက်သီးချက်ကြီးသည် သူ၏ ရင်ဘတ်ပေါ်သို့ ကျဆင်းပြီး သည့်နောက်မှာတော့ သူသည် မီတာ ရာဂဏာန်းတော်တော်ဝေးဝေးဆီသို့ လွင့်စင်ထွက်သွားခဲ့၏။
တိုက်ခိုက်ချက် နှစ်ကွက်တည်းနှင့် သိုင်းဘုရင်နှစ်ယောက်အား လွင့်စင်အောင် လုပ်ခဲ့ခြင်း။ အလွန်တရာ အားကောင်းလှချေသည်။
လီချင်းယန်နှင့် စုရှောင်မိုတို့ နှစ်ယောက်၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။
ဂိုဏ်းနောက်ဆုံးတပည့်၏ အားအင်အဆင့်သည် ဤမျှအားကောင်း၍ ကြမ်းတမ်းလွန်းလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ချေ။ ၎င်းသည် ဂျူနီယာညီလေးရီနှင့် သိပ်မကွာချေ။
ဘန်း …ဘန်း
နောက်တစ်ကြိမ် အဆင်သင့်ဖြစ်ပြီးသည့်နောက်မှာတော့ ရှောင်ကျီသည် ၎င်း၏ အမြှောက်ကြီးကို ထပ်မံ၍ ပစ်ခတ်တိုက်ခိုက်တော့သည်။
ကျယ်လောင်လှသည့် အသံကြီးနှင့် အတူ အမြှောက်ဆံကြီးသည် နဂါးနက် မိစ္ဆာဂိုဏ်း၏ အပြင်ဘက်ခြံဝန်းဆီသို့ အတိအကျပင် ကျဆင်းလာ၏။
နဂါးနက်မိစ္ဆာဂိုဏ်းအတွင်းမှ တပည့်များအားလုံးသည် ထိုအလင်းတန်းကြီး ကျရောက်လာချိန်မှာတော့ မျက်လုံးထဲတွင် အသက်ရှင်သန်ချင်သည့် စိတ်များ ပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။ သူတို့သည် သေဆုံးတော့မည်ဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်ကြသည်။
ဘုန်း
အမြှောက်ဆံကြီး ကျဆင်းလာပြီးနောက်မှာတော့ တည်နေရာတစ်ခုလုံးသည် ချက်ချင်းပဲ ကွဲထွက်သွားသည်။
ကျန်းတယ်ကျွင်းသည်သာ ဤနေရာတွင် ရှိမည်ဆိုလျှင် အလွန်ပင် စိတ်အား တက်ကြွနေမိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ဖောက်ကွဲတိုက်ခိုက်ရခြင်းကို အကြီးအကဲကျန်း သည် အလွန်ပင် နှစ်သက် သဘောကျလွန်းသည် မဟုတ်လား။
ဝှစ် ဝှစ်။
ပေါက်ကွဲမှု စွမ်းအင်များသည် လေထုထဲတွင်ဖြစ်တည်လာပြီးသည့်နောက်မှာတော့ အလင်းတန်းများဖြင့် ဖြတ်ပြေးသွားတော့သည်။ တောအုပ်၏ မှောင်မဲနေသော တည်နေရာတစ်ခုလုံးသည် ချက်ချင်းပဲ လင်းထိန်သွား၏။
သို့ပေမဲ့ အရာအားလုံး ငြိမ်သက်သွားပြီးသည့်နောက် မြေပြင်ပေါ်တွင် ကြီးမားလှသော တွင်းကြီးတစ်ခု ဖြစ်နေပြီး ထိုအနီးတစ်ဝှိက်မှာတော့ ခြေပျက်လက်ပျက်များ ၊ သွေးများဖြင့် ကြောက်လန့်ဖွယ်ရာ မြင်ကွင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။
ဂိုဏ်း၏ အကာအကွယ် အစီအရင် မရှိတော့သည်မို့ နဂါးနက် မိစ္ဆာဂိုဏ်းမှ အပြင်ဘက် ခြံဝန်းတစ်ခုလုံးသည် မွစာကျဲလျက်ရှိနေတော့သည်။ တပည့်တစ်ထောင်ကျော်တို့သည်လည်း နေရာမှာတင် တစ်ခါတည်း သေဆုံးခဲ့ကြ၏။
အတွင်းခြံဝန်းထဲတွင်ရှိသော အသက်ရှင်လျက် ကျန်ရစ်ခဲ့သည့် လူများ၏ စိတ်ထဲတွင်လည်း ကြောက်လန့်စိုးရွံ့မှုများ ဖုံးလွှမ်းသွားသည်။ မည်မျှ ကြေက်မက်ဖွယ်ရာ ကောင်းသော အားအင်မျိုး ဖြစ်သည်မို့ သူတို့၏ အပြင်ခြံဝန်းတစ်ခုလုံးသည် ပျက်စီးသွားခဲ့ရသနည်း။
"မဟုတ်ဘူး"
နတ်ဂါးနက် မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်သည် အလွန်တရာ ဒေါသထွက်သွားခဲ့၏။ သူ၏ မျက်လုံးများသည် နီတွတ်လျက် ရှိနေတော့သည်။
သူ၏ တပည့်များ သေဆုံးသွားခဲ့သည်ကို သူ ဂရုမစိုက်ပေ။ သူ အဓိက ဂရုစိုက်သည်မှာ ဂိုဏ်း၏ အမှတ်သင်္ကေတဖြစ်သော အဓိက ဟောခန်းမကြီး ပျက်စီးသွားခြင်းပင် ဖြစ်တော့သည်။
"မင်း ငါ့ရဲ့ ဂိုဏ်းကို ဖျက်စီးခဲ့တာပဲ။သေရင်တောင်မှ ကောင်းကောင်း မသေစေရဘူး"
နဂါးနက် မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဒေါသတကြီးဖြင့် ကြုံးဝါးလိုက်၏။
သူ၏ ခန္ဓာကိုယ်ထဲမှ အရိုးများ ကျိုးကြေသည့် အသံများထွက်လာပြီး သူ၏ အသားအရေ တစ်ခုလုံးသည်လည်း အမဲရောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဟမ်
ဟယ်ဝူတီသည် မျက်မှောင် ကုတ်လိုက်မိ၏။
ဝှစ်
နဂါးနက် မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်သည် ရုတ်တရက် ဆိုသလိုပဲ သူ၏ ရှေ့တွင် ပေါ်လာသည်။
လက်ထဲ၌ တောက်ပလွန်းသည့် အလင်းတန်းများ ပေါ်လာပြီး သူ၏မဲနက်နေသော လက်ကြီး နှစ်ဖက်ဖြင့် ရုတ်တရက် တိုက်ခိုက်လာတော့သည်။ ဤအရာမှာ အလွန်တရာ လျှင်မြန်လွန်း၏။
အလစ်ငိုက်ဖြစ်နေသော ဟယ်ဝူတီသည် ရုတ်တရက် ဆိုသလိုပဲ အနောက်ဘက်သို့ လွင့်စင် ထွက်သွားရသည်။
"ဂျူနီယာညီလေးဟယ်"
လီချင်းယန်နှင့် စုရှောင်မိုတို့သည် ရုတ်တရက်ဆိုသလိုပဲ ရှေ့တိုးလိုက်ကြသည်။
ဝှစ်။
ဤအချိန်မှာပဲ နဂါးနက်မိစ္ဆာဂိုဏ်းမှ အကြီးအကဲ လေးယောက်တို့သည် သူတို့၏ နှစ်ယောက်ရှေ့တွင် ပေါ်လာသည်။ ၎င်းတို့၏ အသားအရေများသည် မဲနက်လျက်ရှိပြီး မျက်လုံးများသည်လည်း နီရဲလျက်ရှိနေတော့သည်။ ငရဲပြည်မှ မိစ္ဆာကောင်ကြီး လေးကောင်နှင့်ပင် ဆင်တူနေ၏။
"မကောင်းတော့ဘူး"
စုရှောင်မိုနှင့် လီချင်းယန်တို့သည် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်းကို နားလည်လိုက်မိ၏။ ၎င်းတို့စိတ်ဝိညာဉ် ချပ်ဝတ်များကို မြန်မြန်ဖွဲ့တည်လိုက်ကြသည်။
ဘုန်း ဘုန်း
ဤအချိန်မှာတော့ အကြီးအကဲ လေးယောက်တို့သည် အလွန်အားကောင်းလှသော စွမ်းအင်များကို ထုတ်ဖော်ကာ တိုက်ခိုက်ကြတော့၏။
စုရှောင်မို နှင့် လီချင်းယန် တို့ နှစ်ယောက်သည် အနောက်ဘက်သို့ လွင့်စင်သွား၏။
ရှောင်ကျီသည် တိမ်ခြေလှမ်းနည်းစနစ်ကို အသုံးပြု၍ ရှေ့သို့ တိုးလိုက်သည်။ သူ၏ လက်များအား ဆန့်တန်းပြီး အလွန်တရာ အားကောင်းလှသော စိတ်ဝိညာဉ် စွမ်းအင်များကို ထုတ်ယူကာ နောက်ဘက်သို့ လွင့်စင်လျက်ရှိသော သူ၏ စီနီယာ အစ်ကို နှစ်ယောက်အား ဖမ်းဆီးလိုက်သည်။
"သေစမ်း"
အကြီးအကဲ လေးယောက်တို့သည် ရှေ့သို့ လှမ်းတက်လာပြီးနောက် အမဲရောင် လက်ဝါးကြီးများဖြင့် ရိုက်ချလိုက်တော့သည်။
လေဟာနယ်တစ်ခုလုံးသည် လက်ဝါးရိုက်ချက်များနှင့် ပြည့်နက်သွားခဲ့၏။
ရှောင်ကျီသည် မြေပေါ်သို့ ခြေချချခြင်းမှာပဲ သူ၏ လက်များကို ဆန့်တန်းလိုက်ပြန်သည်။ အလွန်တရာ ထူထဲပြီး အားကောင်းလှသော မြေဓာတ် ဓာတ်သဘာဝများသည် မြေကြီးထဲတွင် ဖြစ်တည်လာပြီး သူ၏ ရှေ့တွင် ကြီးမားလှသော နံရံကြီးတစ်ခု ဖြစ်တည်လာသည်။
သူသည် သူ့ကိုယ်သူ ကာကွယ်ရုံသာမက အနောက်ဘက်တွင် ရှိသော လီချင်းယန် နှင့် တခြားသော သူများကိုလည်း ကာကွယ်ပေးလိုက်ခြင်းပင် ဖြစ်၏။