← Chapters

အခန်း (၆၇၈)

Vol. 46 Ch. 678

အခန်း (၆၇၈)

Vol. 46 Ch. 678

မြောက်ပိုင်းသဲကန္တာရနယ်မြေသည် ပဋိပက္ခများနှင့် ဖြစ်ပွားနေကြခြင်း ဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း သည် တိုက်ခိုက်ရမည့်အစား ကြားဝင်ညှိနှိုင်းခြင်းကိုသာ ပြုလုပ်ခဲ့၏။ ထိုသို့သော ညှိနှိုင်းသည့်အချိန်တွင် သိုင်းအုပ်စိုးသူနှစ်ယောက် တိုက်ခိုက်သည့်နည်းစနစ်များကို ထုတ်ဖော်နေသည့်အချိန်၌ ဝင်ရောက်၍ တားဆီး ခဲ့ရသည်။

ထိုကဲ့သို့သော အဖြစ်အပျက်သည် မြောက်ပိုင်းသဲကန္တာရထဲတွင် ရှိသော ကျွမ်းကျင်သူများ မျက်မြင် တွေ့ရှိခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် သူတို့အနေနှင့် သတ္တိရှိသည်ဆိုလျှင်တောင်မှ ဂိုဏ်းချုပ်ကျွင်းအပေါ်တွင် မျက်နှာသာ ပေးရမည်ဖြစ်သည်။

ထို့အပြင် ဂိုဏ်းချုပ်ကျွင်းလိုအပ်နေသော ကျောက်ရိုင်းတုံးများသည် တခြားသော ပြည်နယ်များတွင် ရှားပါး လှသည်ဆိုသော်လည်း မြောက်ပိုင်းသဲကန္တာရထဲတွင်မှာတော့ အလွန်ပေါများသော ကျောက်ရိုင်းများဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းများအနေနှင့် ဆုံးရှုံးမှုလည်း မဖြစ်ပေါ်ချေ။

ဤကဲ့သို့သော ကျောက်ရိုင်းများကို အသုံးပြု၍ အလားအလာတွင် ထိပ်ဆုံးသုံးခုစာရင်းဝင်သော ဂိုဏ်းတစ်ခု၏ မျက်နှာသာပေးခြင်းကို ပြန်လည်ရရှိခြင်းက ကျိန်းသေပေါက် ထိုက်တန်ပေလိမ့်မည်။

ဟုတ်ပေသည်။ ဂိုဏ်းချုပ်ကျွင်း သည် အရှက်မဲ့လှသည်တော့ မဟုတ်ပေ။

ညသို့ ရောက်ချိန်မှာတော့ သူသည် သဲဝါမြို့ရှိ အကောင်းဆုံးစားသောက်ဆိုင်ကို ရွေးချယ်၍ စားပွဲတစ်ခု ကျင်းပခဲ့သည်။ ထိုပွဲတွင် သူသည် ကျောက်ရိုင်းတုံးများ ပေးခဲ့သော ဂိုဏ်းချုပ်များအားလုံးကို ဖိတ်ခေါ်ခဲ့၏။ ဂိုဏ်းချုပ်တချို့သည် မြို့ထဲတွင် မရှိကြချေ။ သို့ပေမဲ့ သတင်းကို ရရှိပြီးနောက်မှာတော့ လုပ်စရာရှိသည်များကို ပစ်ချကာ စားပွဲဆီသို့ လာရောက်တတ်ကြ၏။

ထိုအချိန် စားသောက်ဆိုင်၏ တတိယထပ်တွင်တော့ လင်းထိန်လျက် ရှိသည်။ အဓိကအားဖြင့် ကျောက်ရိုင်းများ နှင့်ပတ်သက်၍ ကတောက်ကဆ ဖြစ်လျက်ရှိသည့် ထိပ်တန်းဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ဂိုဏ်းချုပ်များသည် ဤနေရာ တွင် စုဝေးရောက်ရှိလျက်နေကြသည်။

အနည်းငယ် ရယ်စရာကောင်းသည်ဟု ပြောရမည်။ လွန်ခဲ့သည့်လဝက် တုန်းက ၎င်းတို့သည် အဖွဲ့နှစ်ဖွဲ့ကွဲကာ အသေအကြေတိုက်ခိုက်ခဲ့ကြ၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အတူတကွ ထိုင်ကာစကားပြောဆိုနေကြသည်။

စားပွဲသည် စတင်ပြီးဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် သူ၏ခွက်အား အသာမြှောက်ကိုင်ကာ တစ်ယောက်ချင်းစီအား ကျေးဇူးတင်စကားဆိုသည်။ တစ်ချိန်တည်းမှာပဲ သူသည် ထိပ်တန်းဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် စီးပွားရေးလက်တွဲ လုပ်ဆောင်ရန် မျှော်မှန်းမိကြောင်း ပြောဆိုခဲ့၏။ ပြိုင်စံရှားဂိုဏ်းသည် မတူညီသည့် ကျောက်ရိုင်းတုံးများကို လိုအပ်နေသည်။ အတူတကွ ပူးပေါင်းလုပ်ဆောင်ရန်လည်း တောင်းဆိုခဲ့၏။

ဂိုဏ်းချုပ်စုန့်သည် အနည်းငယ်တော့ စိတ်ဓာတ်ကျမိသည်။ မူလက သူသည် ပြိုင်စံရှားဂိုဏ်းနှင့် သူ၏ဂိုဏ်း နှစ်ခုတည်း ပူးပေါင်း၍ စီးပွားရေးလုပ်မည်ဟု ထင်မှတ်ထားခဲ့၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် တခြားသော ဂိုဏ်းများကိုပါ စီးပွားရေးတူတူလုပ်ရန် ခေါ်ဆိုလျက်ရှိနေတော့သည်။

“ပြဿနာမရှိဘူး”

ဖန်းဖေးရှသည် တည့်တည့်ပင် ပြောလိုက်တော့၏။ တခြားသောဂိုဏ်းများအားလုံးကလည်း သဘောတူညီကြ သည်။ သူတို့၏မျက်လုံးထဲတွင် ပြိုင်စံရှားဂိုဏ်းနှင့် စီးပွားရေးလုပ်ရခြင်း အကျိုးကျေးဇူးသည် ဒုတိယနေရာသာ ဖြစ်သည်။ အလွန်တရာ ခိုင်မာသည့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားနိုင်ခြင်းကသာ တကယ့် အကျိုး အမြတ် ဖြစ်၏။

အလားအလာတွင် ထိပ်ဆုံးသုံးခုစာရင်းဝင်သော ဂိုဏ်းတစ်ဂိုဏ်း၊ ထို့ပြင် လတ်တလောတွင် အလွန်တရာ ကျော်ကြားလျက်ရှိနေသေး၏။ ဤအရာသည် ကျိန်းသေပေါက် မျက်နှာသာပေးရန် ထိုက်တန်သည့် ဂိုဏ်းတစ်ခုပင် ဖြစ်တော့သည်။

“ဟုတ်တာပေါ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က အားလုံးကို မမျှမတ မဆက်ဆံပါဘူး၊ ကျောက်ရိုင်းတုံးတွေ ဘယ်လောက်များများဖြစ်ဖြစ် ကျုပ်က ဈေးကွက်ပေါက်ဈေးအတိုင်းပဲ ဝယ်မယ်”

သူသည် စီးပွားရေးပြုလုပ်ရာတွင် လေးလေးနက်နက် ပြုလုပ်ခြင်းကိုသာ လိုချင်၏။ ထိုမှသာလျှင် သူသည် အနာဂတ်တွင် သူသည် လက်တွဲလုပ်ဆောင်နိုင်မည်မဟုတ်လား။ သူသည်သာ ဈေးနှိမ်မည်ဆိုပါက လက်ရှိ လက်တွဲလုပ်ဆောင်နေသော ဂိုဏ်းများသည် သူ့ကိုအစဉ်အမြဲထောက်ပံ့ပေးရန် မဖြစ်နိုင်တော့ချေ။

“ကဲ... လုပ်ကြတာပေါ့၊ လာ လာ လာ သောက်ကြရအောင်”

ကျွင်းချောင်ရှောင်းနှင့် မြောက်ပိုင်းသဲကန္တာရရှိ ထိပ်တန်းအကြီးအကဲများ အားလုံးသည် ပျော်ပျော်ပါးပါးဖြင့် သောက်စားပြောဆိုလျက် ရှိနေကြတော့သည်။

အရှေ့မြောက်ဒေသနှင့် အနောက်မြောက်ဒေသမှာရှိသော များပြားလှသည့် ဂိုဏ်းအကြီးအကဲများသည်သာ ထိုမြင်ကွင်းကို မြင်လျှင် ကျိန်းသေပေါက်ထ၍ ငိုချင်ပေလိမ့်မည်။

၎င်းတို့၏ နေရာမှာတုန်းကတော့ ပြဿနာပတ်ရှာလိုက်၊ တခြားလူတွေကို စိန်ခေါ်လိုက် လုပ်ခဲ့ပြီး ဤမြောက်ပိုင်း သဲကန္တာရနယ်မြေကို ရောက်ချိန်မှာတော့ အကြီးအကဲအားလုံးကို ဆင့်ခေါ်ကာ အားရပါးရ သောက်စားလျက် ရှိနေတော့သည်။

“ဒီကောင့်ကို ပြဿနာကောင်လို့ ထင်ထားတာ၊ ငါမှားသွားပြီပဲ” စနစ်သည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းအပေါ်တွင် သူ၏နားလည်မှုအရဆိုလျှင် ငြိမ်းချမ်းရေးကို လိုလားလှသူမဟုတ်ပဲ အဆင်ခြင်မဲ့စွာဖြင့် တိုက်ခိုက်ခြင်းကိုသာ ပြုလုပ်တတ်သူဖြစ်၏။

သို့ပေမဲ့ ဤသို့သာ တိုက်ခိုက်လိုက်မည်ဆိုပါက မြောက်ပိုင်းသဲကန္တာရနယ်မြေ တစ်ခုလုံး၏ ရန်သူဖြစ်သွားပေ လိမ့်မည်။

အရှေ့မြောက်နှင့် အနောက်မြောက်ဘက်ရှိ ဂိုဏ်းများအားလုံးကို ဥပမာထားပြီး ယူရပေလိမ့်မည်။ သူသည် အကုန်လုံးကို ပတ်၍ စိန်ခေါ်တိုက်ခိုက်ခဲ့၏။ ရလဒ်အားဖြင့် နောက်ဆုံးမှာတော့ အကုန်လုံးသည် သူနှင့် ရန်သူများဖြစ်၍ သွားခဲ့သည်။

လက်ရှိအခြေအနေမှာတော့ မြောက်ပိုင်းသဲကန္တာရရှိ ဂိုဏ်းများအားလုံးသည် သူနှင့် ချစ်ခင် ရင်းနှီးရုံတင်မက ချက်ချင်းဆိုသလိုပဲ သွေးသောက်ညီအစ်ကိုများ အဖြစ်ကိုပါ ရောက်ရှိသွားခဲ့၏။

“ဒီကောင်က ခန့်မှန်းဖို့ တကယ်ခက်တာပဲ” စနစ်က ပြောလိုက်သည်။

………….

“ဒင်... ဒင်”

သောက်စားနေရင်းမှာပဲ ကျွင်းချောင်ရှောင်းသည် လက်နက်များ သန့်စင်ရရှိသည့် သတိပေးသံအား ရရှိခဲ့သည်။ ကျောက်ရိုင်းဆိုင်များမှ ရရှိခဲ့သည့် ပစ္စည်းများကို အသုံးပြု၍ သူသည် ကျန်းယန်ဓား၊ သံမဏိဒိုင်းကာအမဲနှင့် တခြားသော လက်နက်ပစ္စည်းများကို သန့်စင်လျက်ရှိနေသည်။

ဟူး

ကျွင်းချောင်ရှောင်းသည် သူ၏စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ ခန္ဓာကိုယ်ထဲတွင် ရှိနေသော အရက်ဓာတ် များ ထုတ်ကာ ပြောလိုက်မိ၏။

“ပြန်ဖို့အချိန်ရောက်ပြီ၊ အားလုံးပဲ”

သူသည် အားရပါးရ အော်ကာ ပြောလိုက်၏။ “ကျုပ်က အရင်ထွက်သွားပါတော့မယ်”

သူ၏အသံသည် တိမ်တွေကို ထိုးဖောက်၍ မြောက်ပိုင်းသဲကန္တာရနယ်မြေ၏ တစ်ဝက်လောက်ကိုပင် ပဲ့တင်ထပ် သွားတော့သည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြသော များပြားလှသည့် ကျင့်ကြံသူများသည် ရုတ်တရက် လန့်ကာ နိုးသွားကြ၏။

“ဘယ်သူထွက်သွားတာလဲ။”

“ချီးတဲ့မှ ဘယ်သူပဲ ထွက်သွား၊ ထွက်သွား။ ဘာလို့ ငါတို့ကို အော်နှိုးသွားတာလဲ” အားလုံးသည် နဝေတိမ်တောင်ဖြစ်လျက်ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် ကောင်းကင်ပေါ်၌ ပျံသန်းရင်း သူ၏လက်ထဲ၌ နဂါးလေးရှိနေ၏။ သူ၏မျက်နှာများသည် ပြုံးရွှင်လျက် ရှိသည်။

ဖန်းဖေးရှနှင့် ဂိုဏ်းချုပ်စုန့်တို့သည် ကျွင်းချောင်ရှောင်း ထွက်ခွာသွားသည်ကို ကြည့်ရှုကာ ပြောလိုက်၏။

“သူတကယ် ထွက်ခွာသွားပြီပဲ”

သူတို့သည် ကျွင်းချောင်ရှောင်းနှင့် အလွန်တရာ ရင်းနှီးသွားခဲ့ပြီးဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ ၎င်းတို့သည် စိတ်ကိုဒုန်းဒုန်းချကာ သက်ပြင်းချလိုက်မိကြ၏။ သူတို့ကြားသလောက်ဆိုလျှင် ဂိုဏ်းချုပ်ကျွင်း သွားရာ နေရာတိုင်းသည် ဆိုးရွားသည့်အရာများ ဖြစ်ပွားတတ်သည်။

အရှေ့မြောက်ဘက်တွင်လည်း အအေးနန်းတော် တစ်ခုလုံးကို ပြဿနာသွား၍ ရှာခဲ့၏။ အနောက်အလယ်ပိုင်း ဒေသတွင်လည်း လိုင်လီနတ်ဂိုဏ်းကိုသာမက အခြားသောဂိုဏ်းများအားလုံးကို ပြဿနာရှာ၍ စိန်ခေါ်တိုက်ခိုက် ခဲ့သေးသည်။ ထို့ကြောင့် မြောက်ပိုင်းသဲကန္တာရ ထဲသို့ ရောက်ရှိချိန်တွင် ရှိသမျှဂိုဏ်းအားလုံးကို စိန်ခေါ်မည်ကို သူတို့ စိုးရိမ်နေမိ၏။

သို့ပေမဲ့ ဤအရာသည် သူတို့အတွေးလွန်ခဲ့ခြင်းသာ ဖြစ်တော့သည်။ ကံဆိုးလှသော ကြက်သွေးရောင်မီးတောက်ဂိုဏ်း၏ အကြီးအကဲစွေ့မှာတော့ သေမလိုနီးပါး ဖြစ်ခဲ့ရသေးသည်။ ဘာပဲပြောပြော ကျွင်းချောင်ရှောင်းဆိုသည်မှာ ပြဿနာရှာ၍ ရနိုင်သောလူမျိုးမဟုတ်ဟု အားလုံးက ယုံကြည်နေမိကြသည်။

...........

ပြိုင်စံရှားဂိုဏ်း …

ဤအချိန်တွင် အလွန်တရာ စိတ်ဓာတ်ကျလျက်ရှိသောသူမှာ ရီရှင်းချန်ပင် ဖြစ်သည်။ လွန်ခဲ့တဲ့ လဝက်ထဲက ဟွေ့အာသည် သူ့အနားသို့ မကပ်ဘဲ သီးခြားနေထိုင်လျက်ရှိသည်။ အဓိကအားဖြင့် ညအင်ပါယာသည် သူ့တွင် စေ့စပ်ထားသည့် မိန်းကလေးတစ်ယောက်ရှိသည်ဆိုသည့်အကြောင်းအား စဉ်းစားရင်း မပျော်မရွှင် ဖြစ်နေခြင်းပင် ဖြစ်သည်။ သူ၏အရင်ဘဝတွင် မိန်းကလေးတစ်ယောက်ကြောင့် နာကျင်ခံစားပြီး သေဆုံးခဲ့ရသူဖြစ်သည်။ ထို့ကြောင့် လက်ရှိဘဝတွင် သူသည် တူညီသည့်အမှားအယွင်းကို မပြုလုပ်ချင်ပေ။

ဟူး ဟူး ဟူး

စမ်းသပ်မှုမျှော်စင်၏ ပဉ္စမထပ်တွင်ရှိနေသော ရီရှင်းချန်သည် သူ၏ ဝိညာဉ်များကို သန့်စင်ရင်း အလုံးစုံသော နာကျင်မှုကို တည်တည်ငြိမ်ငြိမ်နှင့် ခံယူလျက်ရှိနေ၏။

“သိုင်းကျင့်ကြံမှုတွေကိုလည်း အာရုံမစိုက်နဲ့၊ အရမ်းကြီလည်း တွေးတောမနေနဲ့၊ လူဆိုတာ ခံစားမှုနဲ့ အသက်ရှင်နေထိုင်ရတာလေ၊ တကယ့်ကို ပျော်ရွှင်တဲ့ဘဝမှာ နေထိုင်ခြင်းကလည်း ကျင့်ကြံခြင်းတစ်မျိုးပဲ”

ဂိုဏ်းချုပ်ကျွင်း၏ စကားများသည် သူ၏နားထဲသို့ တိုးဝင်လာသည်။

“ခံစားချက်နဲ့ နေထိုင်ရမှာလား” ရီရှင်းချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အေးစက်စက် အကြည့်ဖြင့် ကြည့်လိုက်၏။ “ကျုပ် ဒါတွေမလိုဘူး”

အား

သူ၏ဝိညာဉ်ဆီမှ နာကျင်လှသည့်ဒဏ်ကို နောက်ဆုံးမှာ မခံနိုင်တော့ဘဲ ဆိုးရွားစွာ အော်ဟစ်လိုက်မိသည်။

“…....”

နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းဆီသို့ ပြန်လည်ရောက်ရှိလာသည်။

ရီရှင်းချန်နှင့် ဟွေ့အာ အကြားဖြစ်သည့် ပြဿနာများကို သူသည် ငြိမ်ငြိမ်သက်သက်နှင့် စောင့်ကြည့်ရန်သာ ရွေးချယ်လိုက်တော့သည်။ ဤတပည့်သည် ကျွမ်းကျင်သူတစ်ယောက်ယောက်၏ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာခြင်းဟု ခန့်မှန်းပြီးသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အဘယ်ကြောင့် ဤလှပလှသော မိန်းကလေးအား လက်မခံနိုင် ဆိုသည်ကို နားလည်သွားမိ၏။

ရီရှင်းချန်သည် ရီရှင်းချန်ဖြစ်ပြီး ဖေးအားညို မဟုတ်ပေ။ နှစ်ယောက်ကြားတွင် မည်သည့်ခံစားချက်မှ မရှိ ဆိုပါက သူသည် ဤအတိုင်း ထားလိုက်ရန်ပင် ကျန်တော့သည်။

“ချင်းယန်”

ကျွင်းချောင်ရှောင်းသည် ဟောခန်းထဲတွင် ထိုင်ကာ ပြောလိုက်၏။ “ငါမရှိတုန်း တစ်ခုခုဖြစ်သေးလား”

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်၏။ “အရာအားလုံးက ပုံမှန်ပါပဲ”

“ဪ”

ကျွင်းချောင်ရှောင်းသည် ပြန်လည်တုန့်ပြန်လိုက်၏။ “ဟုတ်ပြီ၊ မင်းဆီမှာလည်း ကောင်မလေးရှိတယ် ဆိုတာ ငါမှတ်မိပြီ”

“ဟုတ်ပါတယ်”

လီချင်းယန်က ပြောလိုက်သည်။ သူ၏ကောင်မလေးသည် သာမန်မိန်းကလေးတစ်ယောက်သာ ဖြစ်၏။ သူ၏ အဖေနှင့် မိသားစုများသည် သူမအား လက်မခံကြချေ။ ထို့ကြောင့် တားဆီးရန် ကြိုးစားခဲ့ကြ၏။

“အခု မင်းက သိုင်းဘုရင်ဖြစ်နေပြီ၊ ဘာလို့သွားမရှာသေးတာလဲ”

ကျွင်းချောင်ရှောင်းက မေးလိုက်မိသည်။ “ကျွန်တော် လုံလောက်အောင် အားမကောင်းသေးပါဘူး”

လီချင်းယန်က ပြောလိုက်သည်။ “ဒီထက်မြင့်မားတဲ့အဆင့်ကို ချိုးဖြတ်နိုင်မယ်လို့ မျှော်လင့်မိတယ်”

ကျွင်းချောင်ရှောင်းသည် အသာလျှောက်လာပြီးသည့်နောက် သူ၏ပခုံးကို ပုတ်ကာ အားပေးလိုက်သည်။ “ကြိုးစားထား”

……...

ဂိုဏ်းဆီသို့ပြန်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လီလိုရှုအား ခေါ်ကာ ဂိုဏ်းခွဲများ ဖွင့်လှစ်မည့် အကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးတော့သည်။ အထူးသဖြင့် မြောက်ပိုင်းသဲကန္တာရနယ်မြေတွင်ဖြစ်၏။

“မြောက်ပိုင်းသဲကန္တာရနယ်မြေက အရှေ့တောင်ရန်ကျူးနဲ့ဆို တော်တော်ကြီးဝေးတယ်လေ၊ အချိန်တော်တော် ယူရလိမ့်မယ်” လီလိုရှုက ပြောလိုက်သည်။

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “တိရစ္ဆာန်အစားအစာ ရောင်းချတဲ့ဆိုင်ကလည်း ချဲ့ထွင်ဖို့ လိုအပ်နေပြီ၊ ဂိုဏ်းက ပိုက်ဆံတော်တော် လိုလာတယ်”

မြောက်ပိုင်းသဲကန္တာရထဲမှ ဂိုဏ်းများနှင့် စီစဉ်စရာရှိသည်ကို စီစဉ်ပြီးသည့်နောက်မှာတော့ သူသည် ကျောက်ရိုင်း များကို ဝယ်ယူရန်အတွက် ငွေပမာဏတော်တော်လိုအပ်နေပြီးဖြစ်ကြောင်း သိရှိနေမိ၏။

“ကောင်းပါပြီ” လီလိုရှုသည် ခေါင်းညိတ်လိုက်သည်။

လီချင်းယန်သည် ဂိုဏ်း၏အတွင်းပိုင်းကိစ္စရပ်များကို တာဝန်ယူထားသူဖြစ်ပြီး သူမမှာတော့ ဂိုဏ်း၏အပြင်ပိုင်းကိစ္စများကို တာဝန်ယူထားသည်။ ကျန့်ရာ၊ နင်ညီအစ်ကိုနှင့် တခြားသော အကြီးအကဲများအားလုံးသည် တပည့်များကို သင်ပြပေးရာတွင် အာရုံစိုက်နေကြ၏။

သင်ကြားပြသမှုအရ ပြောရမည်ဆိုလျှင် သူတို့သည် ရှန့်ကွမ်းရှင်းရောင်အား သတိထားနေထိုင်နေရ၏။ ရှန့်ကွမ်းရှင်းရောင်ဆီမှ ထွက်ပေါ်လာသော ဘာကြောင့်လဲ တစ်ရာနှင့် အဘယ်ကြောင့်နည်း တစ်ထောင်တို့အား သူတို့သည် ရှောင်ရှား၍ နေကြရတော့သည်။

သို့ပေမဲ့ သူမသည် အစီအရင်များကို လေ့လာနေရင်း သိုင်းနည်းစနစ် များကိုလည်း လေ့လာလျက်ရှိနေသည်။ ဤအတောအတွင်းတွင်လည်း များပြားလှသည့် သိုင်းနည်းစနစ်များကို လည်း ဖန်တီးခဲ့သေး၏။

ကျွင်းချောင်ရှောင်းသည် သူမဆီမှ လုံလောက်သော သိုင်းနည်းစနစ်များ ရရှိသည်နှင့် တပြိုင်နက် ကျင့်ကြံခြင်း ခန်းမဆောင်ထဲတွင်ရှိသော သိုင်းနည်းစနစ်များကို လဲလှယ်ရန်စဉ်းစားထားသည်။

“ဒင်... ဒင်”

ပန်းပဲခန်းမဆောင်ထဲမှာတော့ သန့်စင်ပြီးဖြစ်သော ကျန်းယန်ဓား၊ တိမ်ဖောက်ဓားမော့နှင့် သံမဏိဒိုင်းကာအမဲ အားလုံးသည် စီစီရီရီ ရှိနေကြသည်။ အရေအတွက် တော်တော်များများရှိပြီး အနည်းဆုံးတစ်ထောင်လောက်ပင် ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် ထိုအရာများကို ဈေးနှုန်းများတပ်ကာ တပည့်များအနေဖြင့် လိုချင်သည်ဆိုပါက ဂိုဏ်းစုဆောင်းမှတ်များနှင့် လဲလှယ်နိုင်ရန် စီစဉ်ပေးထားခဲ့သည်။ ဤသို့နှင့်ပဲ အားလုံးသည် တက်တက်ကြွကြွနှင့် ဂိုဏ်း၏တာဝန်များကို လုပ်ဆောင်ကြတော့သည်။

“အင်း”

အရာအားလုံးပြီးစီးပြီးနောက် ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းရှိ ထိုင်ခုံတွင် အသာထိုင်ကာ အပျင်းကြော ဆန့်လိုက်၏။ “နဂါးကျားတိုက်ပွဲကို သွားပြီးပြိုင်ဖို့အတွက် အချိန်နည်းနည်း လိုသေးတာပဲ၊ ဒီတိုင်းပဲ ထိုင်စောင့်နေရမှာလား”

All Chapters