← Chapters

အခန်း (၆၈၃)

Vol. 46 Ch. 683

အခန်း (၆၈၃)

Vol. 46 Ch. 683

ခပ်ချောချော ဘုန်းကြီးတစ်ပါးသည် နဂါးနက်မိစ္ဆာဂိုဏ်းတည်ရှိရာ သစ်တောထဲမှ လျှောက်ထွက်လာ၏။ သူသည် နတ်ဆိုးမိစ္ဆာကျင့်ကြံသူတစ်ယောက် ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ တောင်ပိုင်းသဲကန္တာရတစ်ခုလုံးရှိ ဂိုဏ်းများအား မပြောကြားခဲ့ပေ။

ဝှစ်

ခပ်ဝဝ အမွှေးပွကြောင်လေးတစ်ကောင်သည် သူ၏ပခုံးထက်သို့ တက်လာ၏။ ပြီးနောက် မေးလိုက်သည်။ “ဘယ်ကို ဆက်သွားကြမှာလဲ”

၎င်းသည် လူသားစကားအား ပြောဆိုနိုင်နေ၏။ ဤအရာသည် သိုင်းဘုရင်နှင့် နှိုင်းယှဉ်၍ ရနိုင်သည့် စိတ်ဝိညာဉ် သားရဲတစ်ကောင် ဖြစ်နေသည်လား။

တကယ်တမ်းမှာတော့ မဟုတ်ပေ။ ဤကောင်လေး၏ အားအင်အဆင့်သည် အဆင့်နိမ့်သတ္တဝါသာ ဖြစ်၏။ သူသည် မွေးရာပါစွမ်းရည်အရ လူသားစကားကို ပြောဆိုနိုင်ခြင်းသာ ဖြစ်သည်။

လူသားစကား ပြောဆိုနိုင်ခြင်း၏ အဓိပ္ပာယ်သည် စိတ်ဝိညာဉ်သားရဲဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်၏။ သို့ပေမဲ့ သန္ဓေပြောင်းသားရဲများသည် ကြိုတင်၍ အသိဉာဏ်ကို ရရှိနိုင်သည့် သဘာဝလည်း ရှိနေ၏။

ဤကြောင် လေးသည် ထိုသို့သော သတ္တဝါများထဲမှ တစ်ကောင်ပင် ဖြစ်တော့၏။ ဤအိမ်မွေးသတ္တဝါကဲ့သို့သော ကောင်လေး သည် အားကောင်းလှသည်တော့ မဟုတ်ပေ။ အလွန်တရာ အားနည်းသည်ဟုပင် ပြောဆိုရပေမည်။ သို့ပေမဲ့ မွေးဖွားလာပြီးသည့်နောက် မကြာခင်မှာပဲ ပုံမှန်အားဖြင့် ပြောဆိုဆက်သွယ်ခြင်းကို ပြုလုပ်နိုင်နေသည်။

ကောင်းကင်သည် သူ့အား ချစ်စဖွယ်အသွင်အပြင်နှင့် စကားပြောဆိုခွင့်ကို ပေးထားခဲ့၏။ သို့ပေမဲ့ တိုက်ခိုက်ရေး စွမ်းအားများကိုတော့ ယူဆောင်ထားခဲ့သည်။ ဤကြောင်ကလေးသည် အနံ့ခံခြင်းနေရာတွင် အလွန်ကောင်းမွန် သည့် အစွမ်းကိုတော့ ပိုင်ဆိုင်သေး၏။

ဟမ်

ဘုန်းကြီး၏ ပခုံးပေါ်တွင်ရှိနေသော ကြောင်လေးသည် နှာခေါင်းတရှုံ့ရှုံ့လုပ်ကာ အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ခင်ဗျားဆီမှာ နတ်ဆိုးစွမ်းအင်တွေရှိနေတယ်၊ ဒါဆိုရင် ဒီတောထဲမှာ နတ်ဆိုးကျင့်ကြံသူတစ်ယောက် ပေါ်လာ တာလား”

သူ၏နှာခေါင်းသည် အမှန်ပင် အားကောင်းလွန်းလှ၏။

“မင်း အပြင်ဘက်မှာ နတ်ဆိုးစွမ်းအင်တွေကို အနံ့မခံနိုင်ခဲ့ဘူးလား” ဘုန်းကြီးက ပြန်မေးလိုက်သည်။

“မရခဲ့ဘူး” ကြောင်က ပြန်ပြောလိုက်၏။

“ဒါဆိုရင် ဒီနေရာက မဟုတ်ဘူးပေါ့”

ဘုန်းကြီးသည် သစ်တောတစ်ဝိုက်ကို ပတ်၍ လျှောက်သွားနေ၏။ သို့ပေမဲ့ ဘာမှထူးခြားမှု မရှိချေ။

“ထူးဆန်းလိုက်တာ”

ကြောင်လေးသည် ဇဝေဇဝါဖြစ်မိနေ၏။ “နတ်ဆိုးစွမ်းအင်တော့ရှိတယ်၊ ဒါပေမဲ့ အနားပတ်ဝန်းကျင်မှာ ဘယ်သဲလွန်စမှ ရှာမတွေ့ဘူး”

“ဒါဆိုရင် အဲလူက ပျံပြီးတော့ ပြေးသွားတာလား” ကြောင်ကမေးလိုက်၏။

“တစ်ဖက်လူရဲ့ နတ်ဆိုးစွမ်းအင်တွေက အရမ်းကို အားကောင်းတယ်လေ၊ သူ့ရဲ့ အားအင်အဆင့်က သိုင်းအုပ်စိုးသူ အဆင့်ကိုတောင် ရောက်နေလောက်ပြီ”

ကြောင်ကလေး ပြန်ပြောလိုက်သည်။ “ဒီအဆင့်နဲ့ မိစ္ဆာကျင့်ကြံသူဆိုရင် ခင်ဗျားဖြေရှင်းနိုင်တဲ့လူမျိုးမဟုတ်ဘူး၊ ဘာလို့သူ့ကို အလုပ်ရှုပ်ခံပြီး ရှာနေမှာလဲ”

“ဘာလို့လဲဆိုတော့”

ဘုန်းကြီး၏ မျက်လုံးများတွင် တိကျခိုင်မာသည့် ဆုံးဖြတ်ချက်များနှင့် ပြည့်နှက်လျက်ရှိသည်။ “ငါ့တာဝန်မလို့ပေါ့”

“ကောင်းပြီ”

ကြောင်လေးသည် သူ၏ မျက်နှာကိုကုတ်ကာ ပြောလိုက်၏။ “ခင်ဗျားက တကယ့်ကို အရည်အသွေးပြည့်ဝတဲ့ ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ပဲ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပေးဆပ်ပြီး တခြားသူတွေကို ကယ်တင်ဖို့အတွက် တာဝန်ရှိတယ်လို့လဲ ထင်မှတ်နေတယ်၊ ဒီတော့ မကြာခင်မှာပဲ နတ်ဆိုးကျင့်ကြံသူ တစ်ယောက်ယောက်ရဲ့ လက်ထဲမှာ သေသွားလိမ့်မယ်”

“အော်မီတော်ဖော်”

ဘုန်းတော်ကြီးသည် လက်အုပ်ချီကာ ပြောလိုက်၏။ “တကယ်လို့ ငါမှ ငရဲပြည်ကို ဝင်မသွားရင် ဘယ်သူက ဝင်မှာလဲ”

“...”

ကြောင်ကလေးက ပြန်ပြောလိုက်သည်။ “ဒါဆိုရင် ဘာဆက်လုပ်ကြမလဲ”

“ရှာကြတာပေါ့”

“ဘယ်ကိုသွားရှာမှာလဲ”

“ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာလေ”

“ခင်ဗျားရဲ့ ဆံပင်တွေ ခါးထိရောက်တဲ့အထိ ရှာတွေ့နိုင်မှာ မဟုတ်ဘူး”

ဘုန်းကြီးသည် မည်သည့်စကားမှ ပြန်မဆိုချေ။ ဆံပင်တွေ ခါးထိ ရောက်တဲ့အထိ ဆိုသော စကားစု ကို ပြောဆိုရဲသော ကြောင်လေးအား ဘုန်းကြီးသည် အံ့အားတသင့်ဖြင့် ကြည့်လိုက်မိသည်။ ဤစကားသည် စီနီယာအဖြူ ရှေ့တွင်သာ ဆိုလျှင် ပြောဆို၍ ရနိုင်သည့် စကားမျိုးမဟုတ်ချေ။ သူသည် ခေါင်းကို ခါယမ်းပြီး အရှေ့သို့သာ လှမ်းလျှောက်သွား လိုက်၏။

“အမ်... ဟိုမှာ သင်္ကန်းဝတ်ထားတဲ့လူတစ်ယောက်ပါလား၊ သူက ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ထင်တယ်”

“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက လမ်းမှန်ဂိုဏ်းတွေနဲ့ နတ်ဆိုးဂိုဏ်းတွေ တိုက်ခိုက်ကြတဲ့အချိန် ဗုဒ္ဓ ကျင့်ကြံတဲ့ ဂိုဏ်းတွေအကုန်လုံးကလည်း ပျောက်ဆုံးသွားခဲ့တယ်လေ၊ အခု ဒီလမ်းစဉ်ကို လိုက်နေတဲ့ တစ်စုံတစ်ယောက်ကို တွေ့ရှိလိမ့်မယ်လို့ ငါထင်တောင် မထင်ထားခဲ့ဘူး”

“ထူးဆန်းလိုက်တာ၊ ဒီလူ့ခေါင်းပေါ်မှာ ဘာလို့ ဆံပင်တွေ ရှိနေရတာလဲ၊ တကယ်ဆိုရင် ခေါင်းကို ရိတ်ထားသင့် တယ်မဟုတ်ဘူးလား”

“ဒါက အတုဖြစ်နိုင်တယ် မဟုတ်ဘူးလား”

ဘုန်းကြီးသည် ခဏ ရပ်တန့်လိုက်၏။ ပြီးနောက် အဝေးတစ်နေရာတွင်ရှိနေသော ကျင့်ကြံသူများကိုကြည့်ကာ လှမ်း၍ ပြောလိုက်၏။ “ဒီနိမ့်ကျတဲ့ ဘုန်းကြီးက ဆံပင်ရှိရက်နဲ့ ကျင့်ကြံတာပါ၊ ဆံပင်ရှိရက်နဲ့ ကျင့်ကြံတာ သိပြီလား”

ဟူး ဟူး

သူ၏အသံသည် ထူးဆန်းသည့် အစွမ်းသက်ရောက်မှု ရှိနေပြီး တည်နေရာနှင့် အလုံးစုံ ပေါင်းစပ်သွားကာ အဝေးမှာ ရှိနေသော ကျင့်ကြံသူများ၏ ချီနှင့် သွေးများပင်လျှင် တုန်ခါသွားရ၏။

သက်လတ်ပိုင်း လူတစ်ယောက်သည် ထိတ်လန့်တကြားဖြင့် ပြောလိုက်၏။ “ဒါက ခြင်္သေ့အော်သံ နည်းစနစ်ပဲ”

“အော်မီတော်ဖော”

ဘုန်းကြီးသည် သူ၏ခံစားချက်ကို ထိန်းချုပ်ကာ တောင်းပန်သလို ပြောလိုက်၏။ “ဒီနိမ့်ကျတဲ့ ဘုန်းကြီးက ရိုင်းပျသွားမိပါတယ်”

ရွှီး

သူသည် အင်္ကျီလက်ကို ယမ်းခါကာ ထွက်ခွာသွားတော့သည်။

…….....

ညရောက်ချိန်မှာတော့ ဘုန်းကြီးသည် လှိုဏ်ဂူတစ်ခုထဲတွင် ခြေချိတ်ကာထိုင်၍ လက်ထဲတွင် ပုတီးကိုစိပ်ကာ ကျမ်းစာများ ရွတ်ဖတ်လျက်ရှိနေသည်။

လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းတုန်းက နတ်ဆိုးသတ်ဖြတ်ခြင်း အမိန့် ထွက်ပေါ်လာပြီးသည့်နောက် ဗုဒ္ဓကျင့်ကြံသူများသည် ရှေ့ဆုံးမှဦးဆောင်ကာ တိုက်ခိုက်ခဲ့ကြသည်။ ဤတိုက်ပွဲ ပြီးဆုံးသည့်အချိန်မှာတော့ နတ်ဆိုးအင်ပါယာသည် သေဆုံးသွားခဲ့ပြီဆိုသော်လည်း ဗုဒ္ဓကျင့်ကြံသည့် စွမ်းအားမြင့် ကျင့်ကြံသူများ၏ အသက်ဓာတ်များအားလုံး ထိခိုက်သွားကြ၏။

လက်ရှိအခြေအနေမှာတော့ ဗုဒ္ဓကျင့်ကြံသူဟူ၍ အနည်းငယ်သာ ရှိတော့၏။ ဗုဒ္ဓကျင့်ကြံသူ တစ်ယောက်ဖြစ်လာဖို့ ဆိုသည်မှာ အလွန်တရာ ရှားပါးပြီးတော့ မဖြစ်နိုင်သလိုပင်။

ဝှါး

ကြောင်ကလေးသည် သူ၏ဘေးနားတွင်လှဲရင်း အသာသမ်းဝေလိုက်၏။ သူသည် ဤဘုန်းကြီးနှင့် သိခဲ့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ နေ့စဉ်နေ့တိုင်း မအိပ်ခင်တွင် ဤကဲ့သို့ ကျမ်းစာများကို ရွတ်ဖတ်တတ်လေ့ ရှိ၏။ ထို့ကြောင့် သူ့အနေနှင့် အသားကျနေပြီဟုပင် ဆိုရမည်။

ဤဘုန်းကြီး၏ နာမည်သည် တုနန် ဖြစ်သည်။ ဤနာမည်အား ပေးခဲ့သည်မှာ ဘုန်းကြီးအိုကြီတစ်ပါးဖြစ်ပြီး သက်ရှိအားလုံး၏ ကပ်ဘေးဆီမှ အသက်ရှင်ကာ ကူညီနိုင်ရမည် ဆိုသည့်အဓိပ္ပာယ်ပင် ဖြစ်တော့သည်။

တုနန်သည် မည်သည့်ဂိုဏ်းကမှ ပိုင်ဆိုင်သူ့လူတစ်ယောက် မဟုတ်ပဲ လွတ်လပ်သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူသည် ဗုဒ္ဓကျင့်ကြံသူဖြစ်ပြီးသည့်နောက်မှာတော့ ဗုဒ္ဓ၏ ဓမ္မအကြောင်းအရာများအား နေ့စဉ်နေတိုင်း ရွတ်ဖတ်ခြင်းကို ပြုလုပ်၏။ မိစ္ဆာကျင့်ကြံသူများအား လမ်းမှန်ရောက်အောင် ပြုပြင်ပေးခဲ့သည်။ ၎င်းတို့အား လမ်းမှန်ပေါ်သို့ ရောက်ရှိစေပြီး လောကကြီးအား မထိခိုက် မနာကျင်ရစေအောင် ဆွဲဆောင်ရန် ကြိုးစားခဲ့၏။

ဤစိတ်ဝိညာဉ်ကြောင်ကလေးသည် တုနန်၏နောက်သို့ အဖော်လိုက်ခဲ့၏။ ထို့ကြောင့် ညစာဟူသောအရာသည် မည်သည့်အရာမှန်း သူမသိတော့ချေ။ ၎င်း၏ ဘဝသည် ဆိုးရွားလွန်းလှ၏။ သို့ပေမဲ့ ၎င်းတို့၏ ဆက်ဆံရေးသည် ပိုမို၍ မြင့်မားလာကြသည်။ ထို့ကြောင့်ပင် တစ်ယောက်ကို တစ်ယောက် မှီခိုရင်း အသက်ရှင်နေထိုင်လာကြခြင်းပင် ဖြစ်တော့သည်။

ကျမ်းစာများကို ရွတ်ဖတ်ပြီးသည့်နောက် တုနန်သည် မျက်စိကို ဖွင့်ကာ ပြောလိုက်၏။ “ဟွာရန်နိုင်ငံမှာ မိစ္ဆာဂိုဏ်းတွေ တော်တော်များများ ရှိတယ်လို့ ငါကြားခဲ့တယ်၊ မနက်ဖြန် အဲ့ကို သွားကြည့်ရအောင်”

သူ့အနေနှင့် နတ်ဆိုးကျင့်ကြံသူများနှင့် ပတ်သက်၍ ဖြေရှင်းစရာရှိသည်များကို ဖြေရှင်းလေ့ရှိသည့်အပြင် မိစ္ဆာ ကျင့်ကြံသူများကိုလည်း လက်မလွှတ်ချေ။ လွန်ခဲ့သည့်နှစ် အနည်းငယ်အတွင်း ရေတွက်လို့မရအောင် များပြားသော မိစ္ဆာကျင့်ကြံသူများသည် သူ၏လက်ထဲတွင် သေဆုံးသွားခဲ့ကြ၏။

ဟုတ်ပေသည်။ သူ့အနေနှင့် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သောကြောင့် အခြားသောသူများက သူ့အား အမဲလိုက်သလို လိုက်လံ သတ်ဖြတ် နေကြ၏။ ထို့ကြောင့်ပင် တုနန်သည် တောင်ပိုင်းသဲကန္တာရ နယ်မြေထဲသို့ ရောက်ရှိလာရခြင်းဖြစ်သည်။ သူ့အနေနှင့် ရန်များကို ရှောင်ရှားချင်၍ ဤနေရာသို့ ရောက်လာခြင်းဟု ဆိုရပေမည်။

“ကောင်းပြီ”

စိတ်ဝိညာဉ်ကြောင်လေးက ပြောလိုက်သည်။ “ဟွာရန်နိုင်ငံမှာတော့ ကျွမ်းကျင်သူတွေ များများစားစား မရှိဖို့ မျှော်လင့်မိတယ်၊ မဟုတ်ရင် ကျုပ်တို့ ထပ်ပြီး ပြေးနေရအုံးမယ်”

“ကောင်းပြီ”

တုနန် ကပြောလိုက်၏။ “ဟွာရန်နိုင်ငံက အဆင့်ရှစ်နိုင်ငံလေးတစ်ခုလေ၊ အဲမှာရှိတဲ့ မိစ္ဆာကျင့်ကြံသူတွေက ကျိန်းသေပေါက် အားကောင်း မှာ မဟုတ်ဘူး”

“ဒီလိုပဲ မျှော်လင့်ပါတယ်”

စိတ်ဝိညာဉ်ကြောင်လေးက ပြောလိုက်သည်။ သို့ပေမဲ့ သူသည် စိတ်ထဲမှာတော့ ရေရွတ်လိုက်မိ၏။ “ပထမတစ်ကြိမ် နိုင်ငံရဲ့အဆင့်က နိမ့်ပါးတယ်လို့ ပြောခဲ့ဖူးတယ်၊ ဒါပေမဲ့ လဝက်လောက် ကျွမ်းကျင်သူတွေရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံရလို့ မနည်းအသက်လု ပြေးခဲ့ရတယ်၊ ဒီတစ်ခါကော ဘာဖြစ်အုံးမလဲ မသိဘူး”

နောက်တစ်ရက်မှာတော့ ရာသီဥတုသည် သာယာလျက်ရှိနေသည်။ တုနန်သည် စိတ်ဝိညာဉ်ကြောင်လေးအား ခေါ်ဆောင်၍ တောင်လမ်းအတိုင်းလျှောက်ကာ အရှေ့တောင်ရန်ကျူးရှိ ဟွာရန်နိုင်ငံဆီသို့ ဦးတည်ကာ လာခဲ့တော့သည်။

.............

ပြိုင်စံရှားဂိုဏ်း

ကျွင်းချောင်ရှောင်းသည် နဂါးနက်မိစ္ဆာဂိုဏ်း၏ ရတနာသိုက်ထဲမှ လီချင်းယန် စုဆောင်းသိမ်းဆည်းလာခဲ့သော အဝါရောင် ရှေးစာအုပ်များကို လှန်လှောကြည့်မိနေ၏။ ထိုအထဲတွင် သွေးဆာလောင်နည်းစနစ်ဟုခေါ်သော လျှို့ဝှက်နည်းစနစ်တစ်ခုလည်း ပါဝင်နေသည်။

“ခင်ဗျား ဘယ်လိုထင်လဲ”

ကျွင်းချောင်ရှောင်းသည် မိစ္ဆာသူတော်စင် ဝူကျူးဆီသို့ စာအုပ်အား လှမ်းပစ်ပေးလိုက်သည်။

၎င်းသည် ခဏလောက် သေချာဖတ်ရှုပြီးနောက် ပြန်ပြောလိုက်သည်။ “ဒါက နတ်ဆိုးကျင့်ကြံခြင်း နည်းစနစ်တစ်ခုပဲ”

“တခြားလူတွေရဲ့ သွေးအနှစ်တွေကို စုပ်ယူတယ်ဆိုတာက နားလည် လက်ခံပေးလို့ရတဲ့အရာမဟုတ်ဘူး၊ အတိတ်တုန်းက နတ်ဆိုးကျင့်ကြံသူတွေက အရမ်းကို အားကောင်းလွန်းတယ်၊ သူတို့ ဒီလိုပုံစံမျိုးကြောင့် ဖျက်ဆီးခံရတယ်ဆိုတာ အံ့အားသင့်စရာတော့ မဟုတ်တော့ဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

မိစ္ဆာသူတော်စင် ဝူကျူးက ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒီလိုမျိုးလုပ်တတ်တဲ့လူက အရေအတွက် နည်းနည်းလေးပဲ ရှိတာပါ၊ ကျုပ်သိသလောက်ဆိုရင် နတ်ဆိုး အင်ပါယာက နတ်ဆိုးနည်းစနစ်တွေကို ကျင့်ကြံတယ်ဆိုပေမဲ့ ဖြောင့်မတ်တည်ကြည်တဲ့ လူမျိုးပဲ”

“အဲလိုလား”

ကျွင်းချောင်ရှောင်းသည် အနည်းငယ်တော့ အံ့အားသင့်မိသွား၏။ နတ်ဆိုးကျင့်ကြံသူသည် ဖြောင့်မတ်တည်ကြည် သူတစ်ယောက်လည်း ဖြစ်နိုင်သေးသည်။

သူ့အနေနှင့် သွေးဆာလောင်နည်းစနစ်အား ပြန်လည်ကာ သိမ်းယူလိုက် သည်။ သူ့တွင် တပည့်များအား ကျင့်ကြံစေရန် ရည်ရွယ်ချက်မရှိချေ။ ထို့ပြင် တခြားသူများ၏ သွေးအား စုပ်ယူ၍ ကျင့်ကြံရသည်ဆိုသည်မှာ ရက်စက်လွန်းလှ၏။

သူသည် တခြားသောရှေးဟောင်းစာအုပ်များကို လှန်လျော ကြည့်ရှုလိုက်၏။ တော်တော်များများသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်ကျော်က ဖြစ်ပျက်ခဲ့သည့်အရာများကို မှတ်သားထားသည့် အကြောင်းအရာများပင် ဖြစ်တော့သည်။ ကျွင်းချောင်ရှောင်းသည် သေသေချာချာ လေ့လာ ဖတ်ရှုပြီးသည့်နောက်မှာတော့ နတ်ဆိုး အင်ပါယာဂိုဏ်းဆီမှ ခွဲထွက်ခဲ့သော နတ်ဆိုးဂိုဏ်း အကြွင်းအကျန်များနှင့် ပတ်သက်၍ ရှာဖွေတွေ့ရှိရန် မျှော်လင့် နေမိသည်။

လက်ရှိအခြေအနေတွင် မျက်နှာဖုံးဝတ်ဆင်ထားသည့် ကျင့်ကြံသူများအားလုံးသည် ပေါ်မလာခဲ့ကြချေ။ သို့ပေမဲ့ သူသည် ထိုလူများအား မေ့လျော့သွားလိမ့်မည် မဟုတ်ချေ။ သဲလွန်စများကိုရှာတွေ့၍ တည်နေရာကို ဆုံးဖြတ်နိုင်မည်ဆိုပါက ချက်ချင်းပဲ လက်တုန့်ပြန်ပစ်မှာ သေချာ၏။

တခြားသူများ ပြဿနာ လာရှာမည်ကို စောင့်စားနေရခြင်းသည် ကျွင်းချောင်ရှောင်း၏ ပုံစံမျိုးမဟုတ်ချေ။ သူသည် အခွင့်အရေး ရသည်ဆိုသည်နှင့် စဦးသွား၍ တိုက်ခိုက်ရပေလိမ့်မည်။

“နတ်ဆိုးကျင့်ကြံခြင်းကို လေ့ကျင့်တဲ့ ဒီမိစ္ဆာဂိုဏ်းက မှတ်တမ်းမှတ်ရာတွေ ရှိနေလောက်သေးတယ်၊ ငါတကယ့်ကို ရှာရမယ်”

ပြောနေရင်းမှာပဲ သူသည် နဂါးနက်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ် ရေးသားထားသော ပထမဦးဆုံးစာမျက်နှာကို ဖတ်ရှု လိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်လောက်က ချောက်နက်ထဲက လှိုဏ်ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်၊ အဲဒီမှာ သွေးဆာလောင်နည်းစနစ်ကို ရရှိခဲ့တယ်၊ ဒါက နတ်ဆိုးအင်ပါယာဂိုဏ်းဆီက ခွဲထွက်ခဲ့တဲ့ နတ်ဆိုးကျင့်ကြံသူ တွေနဲ့ ပတ်သတ်နေနိုင်တယ်”

စာသားမှာ အနည်းငယ် ရှုပ်ထွေးပြီး ဖတ်ရခက်ခဲလှသည် ဆိုသော်လည်း နတ်ဆိုးကျင့်ကြံသူများရှိနေသည့် တည်နေရာနှင့် ပတ်သက်၍ သဲလွန်စများ ရရှိခဲ့ပြီဖြစ်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ချောက်နက်ကြီးဆိုတာကို သိလား”

“ချောက်နက်ကြီး ဟုတ်လား”

မိစ္ဆာသူတော်စင် ဝူကျူးသည် လေးလေးနက်နက် ပြောလိုက်သည်။ “ဒါက လမ်းမှန်ဂိုဏ်းနဲ့ နတ်ဆိုးကျင့်ကြံသူတွေ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက်က တိုက်ခိုက်ခဲ့တဲ့ ဒုတိယ တိုက်ပွဲတည်နေရာပဲ၊ အခု အဲနေရာကို စည်းခတ်ထားပြီးတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ တားမြစ်ထားတဲ့ တည်နေရာတစ်ခု ဖြစ်လာခဲ့တယ်”

“ခင်ဗျား အဲထဲကို မဝင်နိုင်ဘူးလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

မိစ္ဆာသူတော်စင် ဝူကျူးက ပြန်ပြောလိုက်၏။ “ဝင်လို့ရတယ်လေ၊ ဒါပေမဲ့ အထဲမှာရှိတဲ့ နတ်ဆိုးချီတွေက အရမ်းအားကောင်းလွန်းတယ်၊ လွယ်လွယ်ကူကူနဲ့ ရူးသွပ်သွားနိုင်တယ်”

“အဲတာက ဘယ်မှာရှိတာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

မိစ္ဆာသူတော်စင် ဝူကျူးသည် ခဏလောက် ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ “အလယ်ပိုင်းဒေသထဲမှာပါ”

All Chapters