← Chapters

အခန်း (၆၈၄)

Vol. 46 Ch. 684

အခန်း (၆၈၄)

Vol. 46 Ch. 684

အလယ်ပိုင်းဒေသကြီးတစ်ခုလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် တည်ရှိသော အလယ်ပိုင်းနေရာပင် ဖြစ်၏။ ဤနေရာသည် အားအကောင်းဆုံးသော တည်နေရာဖြစ်သည်။ လောကကြီးရှိ ကောင်းကင်နှင့် မြေကြီး ဓာတ်သဘာဝများသည် အလွန်တရာအားကောင်းလှပြီး ရေတွက်လို့ မရအောင် များပြားသော ကျွမ်းကျင်သူများနှင့် ပါရမီရှင်များကို မွေးထုတ်ပေးနိုင်ခဲ့သည်။ တခြားသော ပြည်နယ်များမှ သိုင်းကျင့်ကြံသူများသည် အမြင့်ဆုံး သိုင်းဘုရင်အဆင့်သို့ ရောက်ကောင်း ရောက်ရှိနိုင်၏။ သို့ပေမဲ့ အလယ်ပိုင်းဒေသတွင်တော့ ဤအရာမှာ သာမန်သာ ဖြစ်သည်။

ဟုတ်ပေသည်။ နေရာတိုင်းတွင် သိုင်းဘုရင်များကို တွေ့ဖို့ မလွယ်ကူလှသော်လည်း ထိုအလယ်ပိုင်း တည်နေရာ ထဲတွင်တော့ သိုင်းအုပ်စိုးသူများကိုပင် လမ်းဘေးခွေးများကဲ့သို့ ပေါပေါများများ ရှာဖွေတွေ့ရှိနိုင်နေသည်။ အလုံးစုံသောအားအင်အရဆိုလျှင် အလယ်ပိုင်းဒေသကြီးတစ်ခုလုံးသည် တခြားသော ဒေသများထက် ခေါင်းတစ်လုံး သာလျက်ရှိ၏။

ရှေးစာအုပ်ထဲတွင် ဖော်ပြထားခဲ့သော ချောက်နက်ကြီးဆိုသည်မှာ အလယ်ပိုင်းဒေသထဲတွင် တည်ရှိပြီး လမ်းမှန်ဂိုဏ်းများနှင့် နတ်ဆိုးဂိုဏ်းများသည် တိုက်ခိုက်ခဲ့သည့် ဒုတိယမြောက် တိုက်ပွဲတည်နေရာပင် ဖြစ်သည်။ ထို့သို့ဆိုလျှင် ပထမဆုံး တိုက်ပွဲနေရာသည် မည်သည့်နေရာဖြစ်သနည်း။ ဤအရာမှာ နတ်ဆိုးအင်ပါယာဂိုဏ်း တည်ရှိရာနေရာဖြစ်ကြောင်း အထွေအထူး ပြောနေစရာပင် မလိုအပ်ချေ။

ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် အစိတ်စိတ်အမွှာမွှာဖြစ်ပြီးသည့်နောက်မှာတော့ အလယ်ပိုင်းဒေသကြီးသည် လောကကြီး၏ အလယ်ဗဟိုတွင် ရှိသလို ဖြစ်တည်သွားခဲ့၏။ နတ်ဆိုးအင်ပါယာသည် ဤနေရာအား ဒုတိယမြောက် တိုက်ပွဲတည်နေရာအဖြစ် ရွေးချယ်တိုက်ခိုက်ခဲ့သည်။ အလွန်တရာ အားကောင်းလွန်းလှ၏။

“အံ့အားသင့်ဖို့ကောင်းလိုက်တာ”

ကျွင်းချောင်ရှောင်းသည် ထိုအရာကို သိရှိပြီးသည့်နောက် အလွန်တရာ အံ့အားသင့်နေမိသည်။ ဤကဲ့သို့ အားအကောင်းဆုံး တည်နေရာတွင်ရှိသော များပြားလှသော ဂိုဏ်းများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရဲသည်ဆိုသော လူတစ်ယောက်၏ သတ္တိသည် နောင်မျိုးဆက်သစ်များ လေ့လာသင်ယူသင့်သည့် စံပြပုဂ္ဂိုလ်ပင် ဖြစ်တော့သည်။

စနစ် “...”

ချီးတဲ့မှ... ကုန်းမြေတိုက်ကြီးတစ်ခုလုံးရဲ့ ရန်သူဖြစ်ဖို့အတွက် ဘာကိစ္စ သင်ယူရမှာလဲ။ လက်ခံသူရဲ့ ဦးနှောက် အလုပ်လုပ်ပုံက ထူးဆန်းလွန်းတယ်။

နဂါးနက်မိစ္ဆာဂိုဏ်း၏ ပထမဦးဆုံးဂိုဏ်းချုပ် ချန်ထားခဲ့သော မှတ်တမ်းများအရဆိုလျှင် သွေးဆာလောင် နည်းစနစ် သည် နတ်ဆိုးဂိုဏ်း၏ အကြွင်းအကျန်များနှင့် ပတ်သက်လျက်ရှိနေသည်။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ချောက်နက်ကြီးဆီသို့ သွားရန် အစီအစဉ်ရှိနေသည်။ သို့ပေမဲ့ ယခုအချိန်တွင်တော့ မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် နဂါးကျား တိုက်ပွဲသည် မကြာခင်စတင်တော့မှာဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် အာရုံစိုက်ထားရမည်။

ထို့အပြင် ဤအရာသည် လောကကြီး၏ အကျော်ကြားဆုံးတိုက်ပွဲဖြစ်သည်မို့ အလယ်ပိုင်းဒေသတွင် ကျင်းပခြင်း လည်းဖြစ်သည်။ အချိန်ရောက်လာမည်ဆိုလျှင် သူသည် ချောက်နက်ကြီးဆီသို့ပါ တစ်ခါတည်း သွားရောက် ကြည့်ရှုနိုင်၏။ အရာအားလုံး စီစဉ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တခြားသော ပြည်နယ်များ ဆီသို့ ပြေးကာ သေလမ်းရှာချင်သည့်စိတ်ကို မနည်းပင် ထိန်းထားရ၏။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “အကြီးအကဲကျိုး ရောက်လာပါတယ်”

“သူ့ကို အထဲကို ဖိတ်ခေါ်လိုက်လေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဂိုဏ်းအသိအမှတ်ပြုဗဟိုက ဒီအချိန်မှာ လူတစ်ယောက်ကို လွှတ်လိုက်တယ်ဆိုတော့ နောက်လာမယ့် နဂါးကျား တိုက်ပွဲအတွက်ပဲ ဖြစ်ရမယ်”

ထင်မှတ်ထားသည့်အတိုင်းပင် အကြီးအကဲကျိုးသည် အဓိကဟောခန်းထဲသို့ ဝင်ရောက်လာပြီးသည့်နောက် ထိုင်ပြီးပြီးချင်းပဲ လိုရင်းအကြောင်းအရာအား ပြောဆိုလိုက်တော့သည်။ “ဂိုဏ်းချုပ်ကျွင်း.... နဂါးကျားတိုက်ပွဲက မကြာခင်လာတော့မယ်၊ ခင်ဗျားရဲ့ဂိုဏ်းက အဆင်သင့်ဖြစ်ပြီလား”

“အဆင်သင့်ပါပဲ”

ကျွင်းချောင်ရှောင်းက ပြန်ဖြေလိုက်သည်။

အကြီးအကဲကျိုးက ပြန်ပြောလိုက်၏။ “ဘယ်အချိန်လောက်စပြီး ထွက်ကြမလဲလို့ ဟောခန်းသခင်က ကျုပ်ကို မေးခိုင်းလိုက်တယ်”

“နောက်လဝက်လောက်ပေါ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူ့အနေနှင့် အစောကြီး မသွားချင်ပေ။ ထို့အပြင် သူ၏တပည့်များအား လက်ကျန်အချိန်ကာလကို အသုံးပြု၍ ကျင့်ကြံခြင်းအဆင့်များ ပိုမိုတိုးတက်လာစေရန် မျှော်လင့်နေမိသည်။ ထိုမှသာ နဂါးကျားတိုက်ပွဲတွင် သူသည် ပထမနေရာကို ရရှိမှာဖြစ်သည်။

ဂိုဏ်း၏ အဓိက ဂိုဏ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကြမည့် များပြားလှသော ဂိုဏ်းများအားလုံးသည် ကောင်းမွန်လှသည့် ရလဒ်များကို ရရှိချင်နေလိမ့်မည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တကယ့်ကိုပဲ ဗိုလ်စွဲရန် အလိုရှိနေ၏။

ကျွင်းချောင်ရှောင်း၏ ဆိုလိုရင်း အဓိပ္ပာယ်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ပထမ အဆင့်ကို ရကိုရမှ ဖြစ်မည်။ မဟုတ်လျှင် သူ့အနေဖြင့် သွား၍ ယှဉ်ပြိုင်နေလျှင်လည်း ဘာထူးမည်နည်း။

အကြီးအကဲကျိုးက ပြောလိုက်သည်။ “နဂါးကျားတိုက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်ကြမယ့် ဂိုဏ်းတွေက အများကြီးပဲလေ၊ ဒီတော့ ဂိုဏ်းချုပ်ကျွင်း အနေနဲ့ တပည့်တွေကို ခေါ်ပြီးတော့ အခွင့်အရေးကို လက်မလွှတ်စေဖို့ မြန်မြန်သွားစေဖို့ ဟောခန်းသခင်က မျှော်လင့်နေတယ်”

ကျွင်းချောင်ရှောင်း ဆွံ့အသွားမိသည်။

ဟောခန်းသခင်ရီသည် သူ လက်လျော့လိုက်မည်ကို စိုးရိမ်နေသည်လား။

“ဒီလိုလုပ်ရအောင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က တပည့်တွေကို ခေါ်ပြီးတော့ တစ်လကြိုသွားလိုက်မယ်”

“ဒါဆိုရင်လည်း ကောင်းတာပဲ”

အကြီးအကဲကျိုးသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ဒီကျိုးက အရင်ထွက်သွားပါအုံးမယ်”

“အကြီးအကဲကျိုး... လာတဲ့လမ်းက အဝေးကြီးပဲလေ။ မထွက်သွားခင် တစ်ခုခုတော့ စားသွားပါအုံး”

“ကောင်းတာပေါ့”

ကျွင်းချောင်ရှောင်း ဆွံ့အသွားသည်။

ကျုပ်က စကားလုပ်ပြီးတော့ ခေါ်တာလေ၊ ခင်ဗျားက ဒီလောက်ကြီး လိုက်လျောညီထွေ လုပ်နေဖို့ မလိုပါဘူး။

..........

စားသောက်ပြီးသည့်နောက်မှာတော့ အကြီးအကဲကျိုးသည် တစ်ခါတည်း ထွက်ခွာသွားတော့သည်။ ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲတွင် ထိုင်ရင်း သူ၏နောက်ထပ်ခြေလှမ်းအတွက် မည်ကဲ့သို့ စီစဉ်ရ မည်ကို စဉ်းစားလျက်ရှိသည်။ သူ့အနေနှင့် နဂါးကျားတိုက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမှာ ဟောခန်းသခင်ရီ ကြောင့်ဖြစ်သည်။ ထို့အပြင် သူ့အနေနှင့် အနာဂတ်တွင် ဂိုဏ်း၏ ဖွံ့ဖြိုးမှုများကို ဆက်လက်ကာ စဉ်းစားရန် လိုနေသေး၏။

“သတင်းအချက်အလက်အဖွဲ့တွေက ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်သေးတယ်”

ဌာနခွဲတည်ဆောက်ခြင်းနှင့်ပတ်သက်၍ အစပျိုးနေတုန်းပင် ရှိနေသေး၏။ ထို့ကြောင့် သူ့အနေနှင့် သွားရန် ခရီးဝေး အရှည်ကြီး လိုအပ်နေသေးသည်။ ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ ဌာနခွဲများနှင့် တိရစ္ဆာန်အစားအစာ အရောင်းဆိုင်များသည် မြောက်ပိုင်းသဲကန္တာရနယ်မြေ နေရာအနှံ့တွင် ရောက်ရှိနေခဲ့သည်။

လူအစည်ကားဆုံးနေရာသည် သဲဝါမြို့ပင် ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် မြောက်ပိုင်းသဲကန္တာရနယ်မြေထဲသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ဖွင့်ပွဲကို ကျင်းပခဲ့သည်။ အသူရာသဲဂိုဏ်း၊ လေဟုန်စီးဂိုဏ်းတို့မှ ဂိုဏ်းချုပ်များ အားလုံးသည် ရောက်ရှိလာပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြတော့၏။

“တကယ့်ကို ဆရာကြီးတွေပဲ၊ ပြိုင်စံရှားဂိုဏ်းက တကယ့်ကို အားကောင်းသွားပြီ”

များပြားလှသော ကျင့်ကြံသူများသည် အပူတပြင်း ဆွေးနွေးလျက်ရှိနေကြသည်။ အရင်တုန်းက နာမည်မရှိသည့် ဂိုဏ်းလေးတစ်ခုသည် လက်ရှိအချိန်တွင် ကြီးမားလှသော လူ့ဘီလူးကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်ကို အားလုံး က နားလည်မိလိုက်၏။

ဂိုဏ်းခွဲတစ်ခုဖွင့်လှစ်ခြင်းနှင့် တိရစ္ဆာန်အစားအစာ အရောင်းဆိုင် ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ပြိုင်စံရှားဂိုဏ်းနှင့် မြောက်ပိုင်းသဲကန္တာရနယ်မြေရှိ ဂိုဏ်းများကြားတွင် စီးပွားရေးကိစ္စ သဘော တူညီမှုများလည်း တည်ဆောက်ခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ ပူးပေါင်းခြင်း သဘောတူညီမှုအရဆိုလျှင် ဂိုဏ်းကြီး ဆယ်ဂိုဏ်းသည် ချင်းယန်နိုင်ငံဆီသို့ များပြားလှသည့် ကျောက်ရိုင်းတုံးများကို လစဉ်လတိုင်း ပေးပို့ပေးရန်ပင် ဖြစ်သည်။

တခြားတစ်ဖက်မှာမူ အိုက်မိသားစုသည်လည်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်လျက်ရှိသည်။ ၎င်းတို့၏ အဓိက စီးပွားရေးသည် ဆေးပင်အရောင်းဆိုင်ပင်ဖြစ်သည်။ ၎င်းတို့သည် ကျွင်းချောင်ရှောင်း ပံ့ပိုးပေးသော ဆေးလုံးများကို ရောင်းချရင်း ကျွင်းချောင်ရှောင်းကို ဆေးပင်နှင့် မျိုးစေ့များ ပြန်လည်ပံ့ပိုးပေးလျက်ရှိသည်။

ကျောက်ရိုင်းတုံးများသည် လက်နက်များ သန့်စင်ရာတွင် အသုံးပြုနိုင်၏။ ဆေးပင်များမှာတော့ ဆေးလုံးများ သန့်စင်ရာတွင် အသုံးပြုနိုင်သည်။ ထိုနှစ်ခုသည် ပြိုင်စံရှားဂိုဏ်း ပိုမိုအားကောင်းလာစေရန်အတွက် အရေးကြီး သည့် အခန်းကဏ္ဍတွင် တည်ရှိနေ၏။

ဟုတ်ပေသည်။ လိုအပ်ချက်သည် များပြားလွန်းသောကြောင့် ကုန်ကျစရိတ်သည် ပိုမို များပြားလာခဲ့သည်။ တိရစ္ဆာန် အစားအစာအရောင်းဆိုင်သည် အချိန်ကာလတို တစ်ခုအတွက်သာ ထောက်ပံ့ပေးနိုင်သည်။ တပည့်များ များပြားလာသည့်နှင့်အမျှ လိုအပ်ချက်က ပိုမိုတိုးတက်လာခဲ့သည်။ ထို့ကြောင့် ရေရှည်ဆက်လက်ဖွံ့ဖြိုးတိုးတက် လာစေရန် မထိန်းသိမ်းနိုင်ခဲ့တော့ချေ။

“ငါ့အနေနဲ့ သီးခြားစီးပွားရေးတစ်ခုခုကို လုပ်မှဖြစ်တော့မယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ အဆင့်မြင့်ဆေးလုံးတွေကို အိုက်မိသားစုကို ရောင်းခိုင်းလိုက်မယ်ဆိုရင် ပိုက်ဆံလိုအပ်တာ တစ်ခါတည်း ပြီးသွားမှာပေါ့”

ကျွင်းချောင်ရှောင်း ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “အိုက်မိသားစုက အရမ်းကို အားနည်းလွန်းတယ်၊ အဆင့်မြင့်ဆေးလုံးတွေသာ သူ့ကို ရောင်းခိုင်းလိုက်ရင် သူတို့ အသတ်ခံရနိုင်တယ်၊ ငါ ပိုပြီး အင်အားကောင်းတဲ့ စီးပွားဖက်ကို ရှာမှဖြစ်မယ်”

သူသည် ခဏလောက် ရပ်တန့်ပြီးသည့်နောက် ပြောလိုက်သည်။ “ပိုပြီး အားကောင်းတဲ့ စီးပွားရေးလက်တွဲဖော်ကို ရှာဖို့ လိုအပ်နေပြီ”

စနစ်က ပြောလိုက်၏။ “ငါသိသလောက်ဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ အားအကောင်းဆုံး စီးပွားရေးလုပ်ငန်းရှင်က ထန်မိသားစု ပဲ”

“ငါလည်း အဲတာကို ကြားတယ်” ကျွင်းချောင်ရှောင်းသည် လူသစ်လေးတစ်ယောက် မဟုတ်တော့ပေ။ ထို့ကြောင့် ကုန်းမြေတိုက်ကြီးနှင့်ပတ်သက်၍ သင့်တော်သည့် နားလည်မှုများနှင့် ဗဟုသုတများလည်း ရရှိနေပြီဖြစ်သည်။

ထန်မိသားစု - ဤမိသားစုသည် မျိုးရိုးစဉ်ဆက် စီးပွားရေးလုပ်ငန်းကိုသာ ပြုလုပ်ပြီး အလွန်တရာ ချမ်းသာ ကြွယ်ဝသည့် မိသားစုတစ်ခုဖြစ်သည်။ ချင်းယန်နိုင်ငံတွင်လည်း ထန်မိသားစုမှ ဖွင့်လှစ်ထားသည့် စိတ်ဝိညာဉ် ကျောက်တုံးအရောင်းဆိုင် တည်ရှိနေသည်။ ဤမိသားစု၏ အဓိက လုပ်ငန်းသည် စိတ်ဝိညာဉ်ကျောက်တုံးများ ရောင်းချခြင်းဖြစ်သည်။ သို့ပေမဲ့ တခြားသော စီးပွားရေးလုပ်ငန်းများလည်း လက်ဝယ်ပိုင်ဆိုင်ထား၏။ အလွန်တရာ ဖွံ့ဖြိုးတိုးတက်ပြီး ကြီးမားလှသည့် စီးပွားရေးအင်ပါယာတစ်ခုကို တည်ဆောက်ထားနိုင်သည်ဟု ဆိုရမည်။

ကျွင်းချောင်ရှောင်းသည် စီးပွားရေးလက်တွဲဖော် တစ်ယောက်ကို ရှာဖွေချင်သည်ဆိုပါက ထန်မိသားစုသည် အသင့်တော်ဆုံးဖြစ်ကြောင်း သံသယဝင်စရာပင် မရှိချေ။ တစ်စုံတစ်ယောက်က မေးစရာရှိသည်မှာ အဘယ်ကြောင့် သူ့အနေနှင့် သူ့ဘာသူ ရောင်းချခြင်း မပြုလုပ်ရသနည်း။ ဂိုဏ်းတစ်ခုကို စီမံခန့်ခွဲခြင်းကပင် လုံလောက်အောင် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။

သူ့အနေနှင့် သီးခြားစီးပွားရေး လုပ်ငန်းများကိုပါ ဆက်လက်၍ လုပ်ကိုင်ရမည် ဆိုလျှင် အနာဂတ်တွင် မိန်းမရရန် အချိန်ပင် ရှိလိမ့်မည် မဟုတ်ချေ။ ဤကဲ့သို့ အားကောင်းလှသော စီးပွားရေး မိသားစုကို ရှာဖွေပြီးသည့်နောက် ၎င်းတို့၏ နာမည်ကို အသုံးပြုကာ ပစ္စည်းများ ဖြန့်ဝေမည် ဆိုပါက ချွင်းချက်မရှိ ပိုမိုမြန်ဆန်စွာ ချမ်းသာလာပေ လိမ့်မည်။

“ကံဆိုးတာက”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ထန်မိသားစုက လူတွေ တစ်ယောက်မှ ငါမသိဘူး၊ သူတို့ကို ဘယ်လို ဆက်သွယ်ရမလဲ”

သူ့အနေနှင့် ပြဿနာတစ်ခုခုရှိသည်ဆိုပါက လီလိုရှုကို ရှာဖွေရပေမည်။

“ထန်မိသားစု ဟုတ်လား”

ဟောခန်းသခင်လီသည် မေးထောက်ကာ ပြောလိုက်၏။ “မကြာသေးခင်က ဒီမိသားစုနဲ့ပတ်သက်တဲ့ သတင်းတစ်ခုရခဲ့တယ်၊ ဒါကြောင့် သတင်းကို စုံစမ်းခိုင်းထားတယ်”

“အင်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

လီလိုရှုသည် သူ၏တပည့်များ ပေးပို့လိုက်သော စာရွက်စာတမ်းများအား လှန်လျောကာ ရှာဖွေနေသည်။ မကြာခင်မှာပဲ ထန်မိသားစုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ရှာဖွေတွေ့ရှိခဲ့၏။ မိုးဆွေဟောခန်းမှ နေ့စဉ်နေ့တိုင်း ပမာဏများပြားသော သတင်းအချက်အလက်များ စုစည်း လျက်ရှိ၏။ အသုံးဝင်သည့် အရာများကို သိမ်းဆည်းထားပြီး အသုံးမဝင်သည့်အရာများကို ခွဲခြားထားခဲ့၏။

“ဂိုဏ်းချုပ်”

လီလိုရှုက ပြောလိုက်သည်။ “သတင်းအချက်အလက်တွေအရဆိုရင် ထန်မိသားစုရဲ့ ဒုတိယသခင်လေးက အရှေ့တောင်ရန်ကျူးကို လာလိမ့်မယ်၊ ဒီလ အလယ်ပိုင်းလောက်ပေါ့”

“ဒီလ အလယ်ပိုင်း ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒါဆို အခု သူရောက်တော့မှာပေါ့”

“အင်း”

လီလိုရှုက ပြောလိုက်သည်။ “လမ်းမှာဖြစ်လောက်တယ်”

“သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေရှိသေးလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

လီလိုရှုသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကျွန်မတို့ မိုးဆွေဟောခန်းက လုံလောက်အောင် မဖွံ့ဖြိုးသေးဘူးလေ၊ ဒီတော့ သေသေချာချာ သိပ်မသိသေးဘူး”

“ဒါဆိုရင် အိုက်မိသားစုက သိလိမ့်မယ်”

ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ကိစ္စရပ်များကို စီစဉ်ပေးပြီးသည့်နောက်မှာတော့ ဟူရန်မြို့ဆီသို့ ကိုယ်တိုင် သွားလိုက်တော့သည်။

“ထန်မိသားစုရဲ့ ဒုတိယသခင်လေးလား”

ဆေးဆိုင်ထဲမှာတော့ အိုက်ရှန်းရီသည် ခေါင်းကို ပွတ်ကာ ပြောလိုက်၏။ “ဒီလူအကြောင်းကို ကြားဖူးတယ်၊ သူက စီပွားရေးနဲ့ ပတ်သက်ပြီး တော်တော်ကျွမ်းကျင်လို့ ထန်မိသားစု ခေါင်းဆောင်တွေရဲ့ တန်ဖိုးထားခြင်းကို ခံရတယ်တဲ့၊ သူ့အနေနဲ့ မိသားစုဆက်ခံသူတွေထဲက တစ်ယောက် ဖြစ်လာ ဖို့တောင် ရည်ရွယ်ထားတယ်”

“ဆက်ခံသူတွေထဲက တစ်ယောက် ဟုတ်လား”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဒါဆိုရင် ဆက်ခံသူတွေက ဘယ်လောက်တောင်များတာလဲ”

“အင်း”

အိုက်မိသားစုခေါင်းဆောင်က ပြောလိုက်၏။ “ထန်မိသားစုမှာ ဌာနခွဲတွေ အများကြီးရှိတယ်၊ ပြီးတော့ သူတို့ရဲ့ ဒုတိယမျိုးဆက်နဲ့ တတိယမျိုးဆက်တွေလည်း ရှိနေသေးတယ်လေ၊ ကျုပ်သိသလောက်ဆိုရင် အနာဂတ်ဆက်ခံသူ အဖြစ် သတင်းကြီး ဆယ်ယောက်ကျော်လောက် ရှိမယ်ထင်တယ်”

“ဆယ်ယောက်ကျော် ဟုတ်လား”

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်။ “တကယ်လို့ ထန်မိသားစုရဲ့ ခေါင်းဆောင်သာ ရုတ်တရက် သေဆုံးသွားမယ်ဆိုရင် မိသားစုရဲ့ အနာဂတ် ခေါင်းဆောင်နေရာအတွက် ဒီဆက်ခံသူတွေက တိုက်ခိုက်ကြတော့မှာ မဟုတ်လား”

အိုက်ရှန်းရီသည် နှုတ်ခမ်းများ တုန်ယင်သွားရသည်။ ချစ်လှစွာသော ဂိုဏ်းချုပ်ကျွင်း... ခင်ဗျား ဒီလိုစကားမျိုးကို တကယ်ပြောရဲတယ်ပေါ့ ဟုတ်လား။

All Chapters