အခန်း (၆၈၅)
Vol. 46 Ch. 685
ကျွင်းချောင်ရှောင်းနှင့် အိုက်ရှန်းရီတို့သည် အချိန်အတော်ကြာ စကားပြောဆိုပြီးသည့်နောက်မှာတော့ ဂိုဏ်းဆီသို့ ပြန်လာခဲ့လိုက်တော့သည်။
လီလိုရှုအား လာရောက်မည့် ထန်မိသားစု ဒုတိယသားနှင့်ပတ်သက်ပြီး စုံစမ်းထား ရန် မှာကြားခဲ့သည်။ အရာအားလုံး အဆင်သင့်ဖြစ်ပြီးနောက်မှာ သူသည် ထန်မိသားစုနှင့် စီးပွားရေးလုပ်ဆောင်ရန် စဉ်းစားပြီးဖြစ်နေလေ၏။ ဤဒုတိယမြောက်သားသည် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် ကောင်းမွန် လွန်းသူဟု နာမည်ထွက်နေသည်။ ထို့ကြောင့် ပူးပေါင်းလုပ်ဆောင်နိုင်လျှင် အကောင်းဆုံးအခွင့်အရေးကို ပိုင်ဆိုင် နိုင်မှာဖြစ်၏။
ဟုတ်ပေသည်။ ဤကဲ့သို့သော စီးပွားရေးလုပ်ငန်းများကို ပိုင်ဆိုင်သည့်မိသားစုသည် ဝံ့ကြွားပြီး မောက်မာလွန်းလှ၏။ သူ့အနေနှင့် ကောင်းမွန်သည် ရွှေ့ကွက်တစ်ခုခုကို မပြုလုပ်နိုင်ဘဲနှင့် ချဉ်းကပ်နိုင်ရန် ဆိုသည်မှာ အလွန်တရာ ခက်ခဲလှသည်။
“ငါ ဘာကိုရောင်းရင်ကောင်းမလဲ”
ကျွင်းချောင်ရှောင်းသည် စတင်ကာ တွေးကြည့်လိုက်တော့သည်။ ဆေးလုံးများနှင့်ပတ်သက်၍ စဉ်းစားရမည် ဆိုလျှင် စဦးအဆင့် စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံးကို ရောင်းချလိုက်၏။ ထို့အပြင် လိုအပ်သည့် ဆေးပင် အရေ အတွက်များလည်း များပြားလွန်းသည် မဟုတ်ပေ။ အရေအတွက် များများလည်း ထုတ်လုပ်နိုင်စွမ်းရှိ၏။
“အလယ်အလတ်အဆင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးနှင့် အဆိပ်ဖြေဆေးက ဖြည့်စွက်ပစ္စည်းတွေ၊ ဒါက သိုင်းကျင့်ကြံခြင်းကို မတိုးတက်နိုင်ဆိုရင်တောင်မှာ ရောင်းလို့ရနိုင်သေးတယ်”
ကျွင်းချောင်ရှောင်းသည် သူ၏ ဆေးလုံးများအားလုံးအား ရောင်းချရန် အစီအစဉ် မရှိပေ။ အထူးသဖြင့် အလယ် အလတ်အဆင့် စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံး၊ ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးနှင့် ဝိညာဉ်ဖြစ်တည်ခြင်း ဆေးလုံး တို့ပင်ဖြစ်သည်။
“စဦးအဆင့် အအေးဓားကိုလည်း ရောင်းလို့ရနိုင်တယ်”
မြောက်ပိုင်းသဲကန္တာရဆီမှ ဂိုဏ်းအတွက် လုံလောက်သည့် ကျောက်ရိုင်းတုံးပမာဏကို ရရှိစြဦးအဆင့် စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံး၊ အလယ်အလတ်အဆင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးနှင့် အဆိပ် ဖြေဆေးလုံးတို့အပြင် စဦးအဆင့် အအေးဓားကိုလည်း ရောင်းချရန် ပြင်ဆင်လိုက်တော့၏။
ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “ထန်မိသားစုရဲ့ ဖြန့်ချီရေး လမ်းကြောင်းအရဆိုရင် ဒီပစ္စည်းလေးမျိုးက ဈေးကွက်ထဲကို ဝင်သွားပြီ ဆိုတာနဲ့ ပိုက်ဆံတွေ သဲ့ပြီး ယူလို့ရပြီ”
“ဂိုဏ်းချုပ်”
လီလိုရှုသည် လျှောက်ဝင်လာကာ ပြောလိုက်၏။ “ထန်မိသားစုရဲ့ ဒုတိယမြောက်သားက ကောင်းကင်ဘုံမြို့ကို မကြာခင်မှာ ရောက်မယ်လို့ သတင်းကြားထားတယ်၊ နှစ်ရက်အတွင်းတဲ့”
“ငါတို့ သူ့ကို သွားတွေ့သင့်လား” ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်လိုက်မိ၏။
စနစ်သည် ဆွံ့အသွားမိသည်။ “ဒီကောင် ပြဿနာထပ်ပြီး ရှာချင်ပြန်ပြီနဲ့တူတယ်”
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် ပုံစံတစ်မျိုးဖြင့် ချဉ်းကပ်ရန် စဉ်းစားနေမိသည်။ သူသည် ထန်မိသားစု၏ ဒုတိယမြောက်သားအား ဤအတိုင်း သွား၍ နှုတ်ဆက်သည်ကို စိတ်မဝင်စားချေ။ ပိုမိုကောင်းမွန်ကာ လှပသည့် တွေ့ဆုံမှုမျိုးကို ဖန်တီးနိုင်ရန် မျှော်လင့်နေမိ၏။
ဥပမာအားဖြင့် တပည့်တစ်ယောက်ယောက်ကို ဓားမြတစ်ယောက် အဖြစ် ဟန်ဆောင်၍ သွားရောက်တိုက်ခိုက်ခိုင်းမည်။ အရေးကြီးသော အချိန်ကာလသို့ ရောက်ရှိနေချိန်တွင် ပြိုင်စံရှားဂိုဏ်း၏ လူစွမ်းကောင်း ဂိုဏ်းချုပ်သည် ရောက်ရှိလာ၍ ကူညီကယ်တင်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် တစ်ဖက်လူသည် သူ့အား ကြီးကြီးမားမား ကျေးဇူးတင် လာပေလိမ့်မည်။ ထန်မိသားစု၏ ဒုတိယသားအနေဖြင့် သူ၏ပေါင်ကိုဖက်ကာ ကျေးဇူးတင်စကားဆိုမှာ သေချာ၏။
ကျွင်းချောင်ရှောင်းသည် သူ၏မျက်နှာကို အုပ်ကာကာ ထူးဆန်းစွာဖြင့် ရယ်လိုက်၏။ “ဟား ဟား ဟား ဟား …. ငါက တကယ့်ကို ပါရမီရှင်ပဲ”
............
စနစ်သည် ဆွံ့အသွားမိသည်။ ဤအရာသည် ပါရမီ မဟုတ်ပေ။ သောက်တလွဲအရာပင်ဖြစ်၏။
အချက်အလက် အားဖြင့် ကျွင်းချောင်ရှောင်းကိုလည်း အပြစ်ဆို၍ မရပေ။ ဤကဲ့သို့သော ကိစ္စများကို သူအချိန်အတော်ကြာ လုပ်ခဲ့ ဖူး၏။ ထန်မိသားစု၏ ဒုတိယသခင်လေးသည် မည်ကဲ့သို့သော လူစားမျိုးဖြစ်သည်ကို သူမသိချေ။ သို့ပေမဲ့ ဤကဲ့သို့ ဓားမြတစ်ယောက်ကို စတေး၍ ဇာတ်လမ်းဖန်တီးရမည် ဆိုသည်ကိုတော့ သူကောင်းကောင်း ပြုလုပ်နိုင်စွမ်း ရှိနေသည်။
သနားစရာ ထန်မိသားစုမှ ဒုတိယသခင်လေးသည်သာ ထိုအကြောင်းကို သိမည်ဆိုပါက ကျိန်းသေပေါက် ပြောဆိုပေလိမ့်မည်။ ချီးတဲ့မှ... ဒီအတိုင်း လာပြီး နှုတ်ဆက်လည်း ရပါတယ်။
...........
ရွှီး … ရွှီး။
အရှေ့တောင်ရန်ကျူး၏ အဓိကလမ်းမပေါ်မှာတော့ အမဲရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသော သိုင်းကျင့်ကြံသူ များသည် ခုန်လွှားရောက်ရှိလာပြီးသည့်နောက် အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိသည်။
“ဒုတိယစီနီယာအစ်ကို”
စုရှောင်မိုသည် အသံပို့လွှတ်လိုက်၏။ “တကယ့်ကို ကိစ္စကြီး လုပ်ရတော့မှာလား”
ဂိုဏ်းချုပ်သည် အားလုံးကို ရုတ်တရက် စုစည်းစေခဲ့၏။ ပြီးနောက် အမဲရောင်ဝတ်စုံများကို ပေး၍ ဝတ်ဆင်စေကာ အရှေ့တောင်ရန်ကျူး၏ အဓိကလမ်းမဆီသို့ အလျင်အမြန် ထွက်ခွာလာခဲ့ကြသည်။ ထို့ကြောင့် အလွန်တရာ ကြီးမားလှသည့် ကိစ္စကြီးတစ်ခုကို ပြုလုပ်တော့မည်ဟု သူတို့ ထင်မှတ်နေကြသည်။ စိတ်လှုပ်ရှားစရာ ကောင်းသော လုပ်ကြံသတ်ဖြတ်မှုမျိုးကို ပြုလုပ်ရတာ ဖြစ်နိုင်၏။
လီချင်းယန်က ပြောလိုက်သည်။ “ငါလည်း သေချာ မသိဘူး”
လီဖေးသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ဂိုဏ်းထဲမှာ တစ်ချိန်လုံး ကျင့်ကြံနေရတာ ပျင်းလာပြီ၊ တကယ့်ကို တိုက်ခိုက်မှုတွေ လုပ်ရမယ့် အချိန်ကောင်းပဲ”
“သေသေချာချာ နားထောင်ကြ”
အမှောင်ထဲတွင် ပုန်းအောင်းနေသော ကျွင်းချောင်ရှောင်းသည် သူ၏အဖွဲ့သားများဆီသို့ အသံပို့လွှတ်လိုက်၏။ “မကြာခင်မှာ တန်ဖိုးကြီးမားတဲ့ ဇိမ်ခံ ရထားလုံးတွေ ဖြတ်လာလိမ့်မယ်၊ မင်းတို့ရဲ့ တာဝန်က ဓားပြယောင် ဆောင်ပြီး အဲလူတွေကို တားလိုက်ဖို့ပဲ”
ထိုသို့ပြောပြီးပြီးချင်းမှာပဲ လီချင်းယန်နှင့် တခြားသူများအားလုံးသည် ဆွံ့အသွားကြသည်။ သူတို့က ဓားပြအဖြစ် ဟန်ဆောင်ကြရမည် ဟုတ်လား။
“ဂိုဏ်းချုပ်”
စုရှောင်မိုသည် ဆွံ့အသွား၏။ “တကယ်လား၊ နောက်နေတာလား”
“တကယ်ပြောတာပေါ့”
“...”
အမဲရောင်ဝတ်စုံထားပြီး မျက်နှာဖုံးများလည်း ဝတ်ဆင်ထားကြရသည်မို့ သူတို့သည် လုပ်ကြံသတ်ဖြတ်ခြင်းကို ပြုလုပ်ရမည် ဟု ထင်မှတ်နေကြသည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ဓားပြပြုလုပ်ရတော့မည်ဖြစ်၏။ ရှက်ရွံ့စရာ ကောင်းလွန်း လှချေသည်။
ဟင်း...
ဂိုဏ်းချုပ်သည် အမိန့်ပေးသည်ဆိုမှတော့ သူတို့သည် ဓားမြတင်မက သူခိုးလုပ်ရမည် ဆိုလျှင်လည်း လုပ်ရပေလိမ့်မည်။
……....
အရှေ့တောင်ရန်ကျူး၏ အဓိကလမ်းမပေါ်တွင်တော့ သိုင်းကျင့်ကြံသူများနှင့် ကုန်သည်များသည် တစ်ယောက်ပြီး တစ်ယောက် ဖြတ်သွားဖြတ်လာ ရှိနေကြသည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတပည့်များအား မည်သူကမှ သတိမပြုမိ ကြချေ။
“ဘာလို့ မရောက်လာသေးတာလဲ”
အချိန်အတော်ကြာ စောင့်စားပြီးသည့်နောက်မှာတော့ ပစ်မှတ် ပေါ်လာသည်ကို မတွေ့ရချေ။ ကျွင်းချောင်ရှောင်း သည် မနေနိုင်ဘဲ စဉ်းစားကြည့်မိ၏။ “ရတဲ့သတင်းကပဲ မှားနေတာလား၊ ထန်မိသားစုရဲ့ ဒုတိယသခင်လေးက လမ်းကြောင်းပြောင်းသွားတာလဲ ဖြစ်နိုင် တယ်”
ထိုအချိန်မှာတော့ များပြားလှသည့် ရထားလုံးများသည် မိုင်အနည်းငယ်အတွင်း အရှိန်နှင့် ပြေးလာခဲ့သည်ကို သူ၏ စိတ်ဝိညာဉ်စွမ်းအင်များ အာရုံဖြန့်ကျက်မှုမှ သိလိုက်ရ၏။
ရထားလုံးအား ဆွဲထားသော မြင်းများအားလုံးသည် အလွန်တရာ ကြည့်ကောင်းလှပြီး မိုင်တစ်ထောင် လေအဟုန်မြင်းများပင် ဖြစ်၏။ ရှစ်ကျန်းရွမ်သည် တောင်ပိုင်း သဲကန္တာဆီသို့ သွားရောက်စဉ်က ထိုမြင်းများကို ဝယ်ယူခဲ့သေးသည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် သူမအား နတ်ဆိုးလင်းယုန်နက်ကြီးနှင့် ခေါ်ဆောင်လာခဲ့သည်။
ရထားလုံးလေးခုသည် ထန်ဆိုသည့် စာလုံးအား ရေးထိုးထားသော အလံတိုင်အား စိုက်ထူထား၏။
“သူတို့လာပြီ၊ သူတို့လာပြီ”
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် အမိန့်ပေးလိုက်သည်။ “ဒီရထားလုံးလေးခုကို တားဖို့အတွက် သေချာလုပ်ကြတော့”
“ကောင်းပါပြီ”
တပည့်များသည် အမိန့်များကို လက်ခံရရှိလိုက်ကြ၏။ သို့ပေမဲ့ သူတို့သည် ပထမဦးဆုံး အကြိမ် ဓားပြတိုက်ဖူးခြင်း ဖြစ်သည်။ ထို့ပြင် ဟန်ဆောင်ခြင်းကိုလည်း ပြုလုပ်ရပေဦးမည်။ ထို့ကြောင့် အနည်းငယ် မရင်းနှီးသည့်အပြင် ကြောက်လန့်နေမိကြ၏။
မကြာခင်မှာပဲ ရထားလုံး လေးခုသည် ၎င်းတို့ပုန်းကွယ်နေရာ တည်နေရာဝင်းထဲသို့ ဝင်ရောက်လာတော့သည်။
“ဒါက ထန်မိသားစုရဲ့ ရထားလုံးတွေပဲ”
ဖြတ်သွားဖြတ်လာကြသော လူများအားလုံးသည် အလံတိုင်တွင် ရေးသားထားသော စာလုံးကြီးများကို မြင်ရ ချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ ဘေးတစ်ဖက်သို့ရှောင်ကာ လမ်းဖယ်ပေးလိုက်ကြတော့၏။ ထန်မိသားစုသည် အဓိကအားဖြင့် စီးပွားရေးလုပ်ငန်းကို ပြုလုပ်ကြသည်ဆိုသော်လည်း ၎င်းတို့၏ အချိတ်အဆက်များသည် ကြီးမား လွန်းလှပြီး များပြားလှသည့် ကျွမ်းကျင်သူများကို ငှားရမ်းထားနိုင်၏။ ထို့အပြင် ၎င်းတို့၏ အားအင်အဆင့်သည် ပထမနှင့် ဒုတိယအဆင့် ဂိုဏ်းများနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်၏။
ကျွင်းချောင်ရှောင်းအနေဖြင့် ထန်မိသားစုနှင့် စီးပွားရေးလုပ်ရန် ဆုံးဖြတ်လိုက် ခြင်းသည် ဤအချက်ကြောင့်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ အဆင့်မြင့်မားသော အရာများကို ရောင်းချနိုင်ဖို့ဆိုသည်မှာ အလွန်တရာ အားကောင်းသော မိသားစုကြီးများသာ ပြုလုပ်နိုင်စွမ်းရှိသည်။
ဘုတ် ဘုတ် ဘုတ် ဘုတ် ဘုတ်
မိုင်တစ်ထောင် လေအဟုန်မြင်းများသည် အဓိက လမ်းမကြီးမှ အသော့နှင်ကာ ပြေးလာကြ၏။
“ဟင်”
စူးရှလှသော အကြည့်နှင့် အဘိုးအိုသည် ရထားလုံး၏ရှေ့တွင် ထိုင်လျက်ရှိ၏။ သူသည် ချက်ချင်းပဲ မျက်မှောင် ကုတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် အဓိကလမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် အမဲရောင် ဝတ်စုံနှင့် မျက်နှာဖုံးများကို ဝတ်ဆင်ထားသော လူများသည် လမ်းအား ပိတ်ဆို့ထားလိုက်ကြသည် မဟုတ်လား
“တစ်ခုခုမှားနေပြီ” သူသည် ထအော်လိုက်မိ၏။
ဝှစ် ဝှစ်
အဆင့်မြင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်သည့် များပြားလှသည့် ကျွမ်းကျင်သူများသည် ရထားလုံးမှ လျှောက်ထွက် လာပြီးသည့်နောက် အမဲရောင်ဝတ်စုံနှင့်လူများအား စူးစိုက်ကြည့်လိုက်ကြသည်။ အတွေ့အကြုံရှိသောလူများ ဖြစ်သည်မို့ တစ်စုံတစ်ယောက်သည် သူတို့၏လမ်းအား တားဆီးကာ လုယက်ရန်ကြံစည်နေသည်ဖြစ်ကြောင်း သိရှိ လိုက်ကြ၏။
“ထန်မိသားစုရဲ့ ရထားလုံးကို ဘယ်သူတားရဲတာလဲ”
ရှေ့ဆုံးတွင်ရှိသော အဘိုးအိုသည် အေးစက်စက်နှင့်မေးလိုက်၏။ “မင်းတို့က သေချင်နေတာပဲ”
ဟူး ဟူး
သူသည် လေထဲသို့ ခုန်တက်လိုက်တော့၏။ သူ၏ သိုင်းဘုရင်အော်ရာများသည် အလုံးစုံထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပဲ စိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖြစ်တည်လာသော ကြီးမားလှသည့် လက်ကြီးတစ်ခုသည် အမဲရောင်ဝတ်စုံနှင့်လူဆီသို့ ကျဆင်းလာသည်။
ရှောင်ကျီသည် ရှေ့သို့ လှမ်းတက်လိုက်ပြီးသည့်နောက် သူ၏ ညာဘက်လက်သီးဖြင့် ထိုးချလိုက်တော့၏။
ဒွီ ဒွီ
မြေဓာတ်သဘာဝစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက် လက်သီးကြီးတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။
ဘန်း …….။
လက်သီးရာကြီးသည် အလွန်တရာ အားကောင်းစွာ ဖြစ်တည်လာပြီးသည့်နောက် လက်ဝါးရိုက်ချက်အား ချိုးဖြတ်သွား၏။ တိုက်ခိုက်ချက်ကို အသုံးပြုလိုက်သော အဘိုးအိုသည် အနောက်ဘက်သို့ ပြန်လည်လွှင့်စင်သွားပြီး အဓိက လမ်းမကြီးပေါ်၌ လဲလျက်ရှိ၏။ သူ၏ မျက်နှာတွင်တော့ ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွား၏။
မြေဓာတ်သဘာဝဆိုသည်မှာ ခုခံခြင်းကိုသာ ဦးစားပေးသည့်အရာဖြစ်သည်။ သို့ပေမဲ့ အမဲရောင်ဝတ်စုံနှင့် လူမှာတော့ ဤသို့သောအရာကို အသုံးပြုကာ အားကောင်းလှသည့် တိုက်ခိုက်ချက်များကို ထုတ်ဖော်နိုင်သည် ၎င်း၏ ခန္ဓာကိုယ်အားအင်သည် သာမန်ထက်ပိုရမည်။
ထိုအချိန်မှာတော့ မြင်းဟီသံများ ကြားလိုက်ရသည်။ မိုင်တစ်ထောင် လေအဟုန်မြင်း တစ်ဒါဇင်ကျော်တို့သည် မြေဓာတ်သဘာဝနွယ်ကြိုးများနှင့် ရစ်ပတ်ခြင်း ခံထားလိုက်ရပြီး တစ်ကောင်လေးကမှ မလှုပ်ရှားနိုင်တော့ပေ။
ဝှစ် ဝှစ်
လီချင်းယန်နှင့် တခြားသောသူများသည် လျှောက်ထွက်လာကြသည်။ ၎င်းတို့သည် သရုပ်ဆောင်ခြင်းဖြစ်သည် ဆိုသော်လည်း ဟန်အမူအရာမှာ အသက်ဝင်လွန်းလှ၏။ ထို့ကြောင့် ၎င်းတို့သည် သတ်ဖြတ်လိုခြင်း ဆန္ဒများကို ထုတ်လွှတ်ကာ ချက်ချင်းဆိုသလိုပဲ အဓိကလမ်းမကြီး တစ်ခုလုံးကို ဝိုင်းရံထားလိုက်၏။
ထန်မိသားစု၏ သိုင်းဘုရင်လေးယောက်တို့သည် သေဖို့ ထိုင်မစောင့်နိုင်ကြချေ။ ထို့ကြောင့် ရှေ့သို့ ပြေးတက်လာကြသည်။
ဘုန်း ဘုန်း
ပြိုင်စံရှားဂိုဏ်း တပည့်များနှင့် ၎င်းတို့သည် တိုက်ခိုက်လိုက်ကြသည်။ အားအင်အဆင့်အရဆိုလျှင် ထန်မိသားစု၏ သိုင်းဘုရင်များသည် မဆိုးရွားလှချေ။ သို့ပေမဲ့ လီချင်းယန်နှင့် တခြားသောသူများအတွက်တော့ ဘာမှမဟုတ် လှချေ။ ထို့အပြင် ၎င်းတို့သည် အရေအတွက်အားဖြင့် သာလျက်ရှိ၏။
ထို့ကြောင့်ပင် ထန်မိသားစုမှ သိုင်းဘုရင် များအား မြေပေါ်သို့ကျဆင်းသွားသည်အထိ ရိုက်နှက်ခံနေရတော့ သည်။
ဟီး ဟီး ဟီး ဟီး …..။
စုရှောင်မိုသည် ထူးဆန်းစွာရယ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ထန်မိသားစုရဲ့ ဒုတိယသခင်လေး၊ …. တစ်ခုခု မဖြစ်ချင်ဘူးဆိုရင် ကျေးဇူးပြုပြီး ထွက်လာပေးပါအုံး”
ဝှစ်
အလယ်ရှိရထားလုံးထဲမှ လိုက်ကာသည် မ တက်သွား၏။ ချောမောလှသော လူငယ်လေးတစ်ယောက်သည် ထွက်လျှောက်လာသည်။ ပြီးနောက် သူသည် ယဉ်ကျေးဟန်ဖြင့် လက်သီးကိုဆုပ်ကာ ပြုံး၍ ပြောလိုက်သည်။ “ဒီနိမ့်ကျတဲ့လူက ထန်ရမ်လို့ ခေါ်ပါတယ်၊ ဘာလုပ်ပေးရမလဲ”
“အဓိပ္ပာယ်မရှိတာ”
စုရှောင်မိုက အော်လိုက်သည်။ “ဓားပြ တိုက်နေပါတယ်ဆို ဘာလုပ်ပေးရမလဲ ဆိုတော့..။”
ဝှစ်
စုရှောင်မိုသည် အချိန်မဖြုန်းတော့ချေ။ စိတ်ဝိညာဉ်စွမ်းအင်များကို လက်ဝါးတွင် စုစည်းကာ တိမ်ခြေလှမ်းကို အသုံးပြု၍ ရှေ့သို့တိုးလာ၏။
“သခင်လေး... သတိထား”
ထန်မိသားစုမှ ဒဏ်ရာရရှိထားသော သိုင်းဘုရင်များသည် အလန့်တကြားဖြင့် ထ၍ အော်လိုက်ကြသည်။
ဘုန်း
ပေါက်ကွဲသံကြီးတစ်ခုဖြစ်ပေါ်လာပြီးသည့်နောက် ရှေ့သို့ပြေးတက်လာသော စုရှောင်မိုသည် အနောက်ဘက်သို့ ရုတ်တရက် လွှင့်စင်သွား၏။ သူသည် လမ်းတွင်ရှိသော သစ်ပင်ဆယ်ပင်အား တိုက်မိပြီးသည့်နောက် မြေပေါ်သို့ ပြုတ်ကျပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်လျက်ရှိသည်။
“...” လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် သုံးစက္ကန့်လောက် ဆွံ့အလျက်ရှိ၏။
ထန်မိသားစုမှ သိုင်းဘုရင် အနည်းငယ်သည်လည်း ဆွံ့အနေကြသည်။ ခေါင်းမော့ကြည့်လိုက်ချိန်မှာတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား သော လူငယ်လေးတစ်ယောက်သည် ၎င်းတို့၏ သခင်လေးရှေ့တွင် ရပ်လျက်ရှိသည်။ ထိုသူ၏ မျက်နှာပေါ် တွင်တော့ အပြုံးတစ်ခု ရှိနေ၏။
ဝှစ်
ကျွင်းချောင်ရှောင်းသည် အမှတ်တမဲ့ အင်္ကျီလက်ကို ယမ်းခါကာ ပြောလိုက်သည်။ “ဒီစကြဝဠာကြီးက တောက်ပပြီး ကြည်လင်ရှင်းလင်းလွန်းတယ်၊ ဒီလိုအချိန်ကြီးမှာတောင် မင်းတို့က လုယက်ရဲ တယ်ပေါ့၊ ဒီမှာ တရားဥပဒေဆိုတာကော ရှိသေးရဲ့လား”
ဤသရုပ်ဆောင်ချက်သည် အလွန်တရာ ကြည့်ကောင်းလွန်းလှ၏။
“ကျေးဇူးပါပဲ ဂိုဏ်းချုပ်ကျွင်း၊ ကျုပ်တို့ကို ကယ်တင်တဲ့အတွက်” ထန်မိသားစု၏ ဒုတိယသခင်လေးသည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။
“လမ်းပေါ်မှာတွေ့တဲ့ မမျှတမှုကို မြင်တော့ ဓားဆွဲပြီး ကူညီရတာ သိုင်းပညာရှင်ရဲ့ လောကမှာ …. ဟမ် ….”
ကျွင်းချောင်ရှောင်းသည် ကြောင်သွား၏။ ပြီးနောက် ပြောလိုက်သည်။ “ခင်ဗျား ကျုပ်ကို သိတာလား”
“သိတာထက် ပိုတာပေါ့”
ထန်မိသားစု၏ ဒုတိယသခင်လေးသည် လီချင်းယန်ကိုကြည့်ကာ ပြောလိုက်၏။ “ကျုပ်သာ မမှားဘူးဆိုရင် ဒီမျက်နှာဖုံးနဲ့ ညီငယ်လေးက ခင်ဗျားတို့ဂိုဏ်းရဲ့ ဒုတိယတပည့်ဖြစ်လိမ့်မယ်၊ ဟုတ်တယ် မဟုတ်လား၊ ပြီးတော့ ဒီလူငယ်လေးက အရမ်းအားကောင်းတဲ့ အော်ရာတွေ ထုတ်ဖော်နေတယ်၊ သူက ရှောင်ကျီ ဖြစ်လိမ့်မယ်”
“...”
“စောနက လွင့်စင်သွားတဲ့လူကတော့ ခြေလှမ်းကွက်တွေမှာ အရမ်းကို ကျွမ်းကျင်တယ်၊ သူ့ကြည့်ရတာ စုရှောင်မို ပဲ” “...”
ထန်မိသားစု၏ ဒုတိယသခင်လေးသည် ပြိုင်စံရှားဂိုဏ်းမှ တပည့်များအား တစ်ယောက်ချင်းစီ နာမည်ကို ရွတ်ပြ လျက်ရှိသည်။
ကျွင်းချောင်ရှောင်း၏ အမူအရာသည် ဆွံ့အလျက် ရှိနေသည်။ သူသည် တပည့်များအား ဓားပြများ အဖြစ် ဟန်ဆောင်စေကာ ဇာတ်လမ်းဆင်ထားဖြစ်သည်။ အဆုံးသတ်မှာတော့ တစ်ဖက်လူသည် သူတို့အား အလုံးစုံ သိရှိနေ၏။ ဤအရာသည် အလွန်တရာ ရှက်ရွံစရာ ကောင်းလွန်းလှပေသည်။
သောက်ကျိုးနည်းလှချေသည်တကား။