အခန်း (၆၈၉)
Vol. 46 Ch. 689
ထန်ရမ်သည် ငယ်ရွယ်လှသည်ဖြစ်သော်လည်း နှစ်ပေါင်းများစွာ စီးပွားရေးလောကထဲမှ ကျင်လည်လာသူဖြစ်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း ထုတ်ယူခဲ့သော ဆေးလုံးနှင့် လက်နက်များအားလုံးသည် သူ့အား အကြီးအကျယ် ထိတ်လန့် တုန်လှုပ်မိစေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုအရာများကို အရင်တုန်းက မြင်လည်း မမြင်ဘူး၊ ကြားလည်း မကြားခဲ့ဘူးချေ။
စိတ်ဝိညာဉ်စွမ်းအင်များကို ဆယ်ဆပိုမိုစုပ်ယူနိုင်စွမ်းရှိသည့် ဆေးလုံး၊ ထို့အပြင် သိုင်းကျင့်ကြံသူများ၏ ဒဏ်ရာများကို ချက်ချင်း ပြန်လည်ကောင်းမွန်စေသည့်ဆေးလုံး၊ အဆိပ်ပေါင်းရာချီကို ကုသနိုင်စွမ်းရှိသည့် ဆေးလုံး၊ ထို့ပြင် လက်ရာ သေသပ်လှပပြီး အစွမ်းထက်လှသော ဓားကောင်းတစ်လက် ဤပစ္စည်းလေးခုသည် ရောင်းချလိုက်မည်ဆိုလျှင် ကျိန်းသေပေါက် ကြီးမားသည့် အမြတ်အစွန်းကို ရရှိမှာ သေချာ၏။
သူသည် ပြိုင်စံရှားဂိုဏ်းတွင် ခဏလောက်နေထိုင်ရန် စဉ်းစားခဲ့လိုက်သည်။ တစ်ညလုံး အခန်းထဲမှာ စဉ်းစားလျက်ရှိနေသည်။ သူသည် တွေးလေ၊ သူ၏စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ထားရန် ခက်ခဲလာလေဖြစ်သည်။ ဤအရာသည် ငြင်းနိုင်စရာ အကြောင်းမရှိချေ။ ထန်မိသားစုသည် ကြီးမားလှသည့် စီးပွားရေးအင်ပါယာကြီး တစ်ခုကို တည်ဆောက်နိုင်တော့မှာဖြစ်သည်။
လက်ရှိအခြေအနေတွင် ၎င်းတို့သည် စိတ်ဝိညာဉ်ကျောက်တုံးများကိုသာ အမှီပြု၍ စီးပွားရေး ပြုလုပ်နေရသည်။ တခြားသော စီးပွားရေး လုပ်ငန်းများတွင် ပါဝင်နေသည် ဆိုသော်လည်း ကြီးမားလှသည့် ဈေးကွက်ကို ဝင်နိုင်ဖို့ အတွက် ခက်ခဲနေလှ၏။ ထန်မိသားစုသည် စိတ်ဝိညာဉ်ကျောက်တုံးများကို ပြုလုပ်ခဲ့၏။ သို့ပေမဲ့ ဤအရာသည် အကန့်အသတ်ရှိလို့နေ၏။
ဤနှစ်ပိုင်းတွင် မိသားစုရှိ အကြီးအကဲများသည် တခြားသော စီးပွားရေးလုပ်ငန်းများကို မည်ကဲ့သို့ ချဲ့ထွင်ရမည် ဖြစ်ကြောင်းကို ဆွေးနွေးလျက်ရှိနေသည်။ ကံဆိုးစွာဖြင့် ကျော်ကြားလှသော ဆေးလုံးနှင့် လက်နက်များ၏ ဈေးကွက်ဝေစု သည် တခြားသူများ ပိုင်ဆိုင်ပြီးဖြစ်နေ၏။ ထို့ကြောင့် တခြားသော မိသားစုဆီမှ အကျိုးအမြတ်များကို ဝေစုအနေဖြင့် ခွဲဝေရရှိရန်ဆိုသည်မှာ ခက်ခဲလှသည်။
“တကယ်လို့ ဂိုဏ်းချုပ်ကျွင်းရဲ့ ဆေးလုံးနဲ့ လက်နက်တွေကိုသာ များများထုတ်လုပ် ရောင်းချနိုင်မယ်ဆိုရင် စီးပွားရေးလောကအတွက် ကြီးမားတဲ့အခွင့်အလမ်းကြီးတစ်ခု ဖြစ်လာတော့မှာပဲ”
ထန်ရမ်၏ မျက်လုံးများသည် တောက်ပလာနေ၏။ ဤဆေးလုံးသုံးခုသည် ဈေးကွက်အတွင်းတွင် ဝင်ရောက်သွား မည်ဆိုပါက ဆေးလုံးဈေးကွက်တွင် ၎င်းတို့သည် ပိုင်ပိုင်နိုင်နိုင် ခြေကုပ် ယူနိုင်မှာဖြစ်၏။
လက်နက်များအတွက် တော့ ထန်ရမ်သည် ကြီးကြီးမားမား တွေးမထားချေ။ ထို့ပြင် ဆရာဖန်းသည်တောင်မှ သူ၏ ဘဝတစ်သက်တာတွင် ပြည့်စုံလှသည့် လက်နက်များကို များများစားစား ဖန်တီးခဲ့နိုင်သည် မဟုတ်ချေ။
“တကယ်လို့ ဒီဆေးလုံးသုံးလုံးနဲ့ ဈေးကွက်ကို စပြီးဖွင့်မယ်ဆိုလိုရှိရင် စိတ်ဝိညာဉ်ကျောက်တုံးတွေ ရောင်းချလို့ ရတဲ့ အမြတ်အစွန်းထက် ပိုပြီးတော့ရမယ်လို့ ထင်တယ်၊ ဒါဆိုရင် ငါ့အတွက်လည်း ကြီးမားတဲ့ အခွင့်အရေးပဲ”
မည်သည့်အခွင့်အရေး ဖြစ်နေသနည်း။ ထန်မိသားစု သခင်ကြီး၏ မျက်နှာသာပေးမှုကို ရရှိပြီး နောင်ဖြစ်လာမည့် မိသားစုခေါင်းဆောင် နေရာကို အမွေဆက်ခံနိုင်ရန်ပင် ဖြစ်တော့သည်။ ထန်ရမ်သည် ပါရမီပါပြီး ရည်မှန်းချက် ကြီးမားလှသော လူတစ်ယောက်ဖြစ်သည်။ သူ့အနေနှင့် ထန်မိသားစု၏ တိုက်ရိုက် မျိုးဆက်တစ်ယောက် ဖြစ်သည် ဆိုသော်လည်း ထန်မိသားစု၏ ခေါင်းဆောင်တစ်ယောက်ဖြစ်ရန် ဆိုသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။
ထို့ကြောင့် သူ၏ ကြီးမားသည့်ရည်ရွယ်ချက်ကို ပြည့်စုံစေရန်အတွက် ကြီးမားသည့် ပေးဆပ်မှုကိုလည်း ပြုလုပ်နေရ၏။ ထို့အပြင် မိသားစုတွင် သူသည် စီနီယာမကျသလို အသက်အရွယ်မှာလည်း ငယ်ရွယ်နေသေး၏။ မိသားစု၏ ဆက်ခံရမည့်လူများထဲမှ တစ်ယောက်ဖြစ်သည် ဆိုသော်လည်း သူ့ထက်ပိုမို၍ အဆက်အသွယ်ကောင်းလှသော ဦးလေးနှင့် ဝမ်းကွဲများ ရှိနှင့်နေပြီးဖြစ်၏။
အကယ်၍ ဂိုဏ်းချုပ်ကျွင်း၏ ဆေးလုံးသုံးလုံးကိုသာ အကျိုးအမြတ်များ ပိုမိုရရှိအောင် ဖန်တီးနိုင်မည်ဆိုပါက ထန်မိသားစုတွင် သူသည် ပိုမို၍ နာမည်ကြီးမားလာပေလိမ့်မည်။ ထို့သို့ဆိုလျှင် ထန်မိသားစုအဘိုးကြီး၏ နှလုံးသားထဲတွင် ထန်ရမ်သည် နေရာတစ်ခု ရရှိလာမှာ သေချာ၏။
“ငါ အရှေ့တောင်ရန်ကျူးကိုလာပြီး ဂိုဏ်းချုပ်ကျွင်းနဲ့ မိတ်ဖွဲ့ဖို့ စဉ်းစားခဲ့တာက ကြီးမားတဲ့ အောင်မြင်မှုကို ရဖို့ အခွင့်အလမ်းအစပဲ ဖြစ်လိမ့်မယ်”
ထန်ရမ်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ ပြိုင်စံရှားဂိုဏ်းသည် နတ်စမ်းချောင်းဂိုဏ်းကို စိန်ခေါ်ခဲ့သည့် အချိန်၌ အဆင့်ခုနှစ် သို့မဟုတ် အဆင့်ရှစ်ဂိုဏ်းတစ်ခုသာဖြစ်ခဲ့၏။ သူသည် ထိုသတင်းကို လက်ခံရရှိပြီး သည့်နောက် အလွန်တရာ စိတ်ဝင်စားခဲ့၏။ ထို့ကြောင့် ဤပြိုင်စံရှားဂိုဏ်းနှင့်ပတ်သက်သည့် သတင်းအချက် အလက်များကို သူစတင်ကာ စုစည်းတော့သည်။
မိစ္ဆာဂိုဏ်းများကို သုတ်သင်ဖျက်ဆီးပြီး အလားအလာတွင် ထိပ်ဆုံးသုံးခုစာရင်းဝင် ဂိုဏ်းတစ်ခုဖြစ်ပေါ်လာ ပြီးသည့်နောက်မှာတော့ အအေးနန်းတော်ကို သွားရောက်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် တပည့်များကို ဦးဆောင်၍ အရှေ့အလယ်ပိုင်းဒေသကြီးတစ်ခုလုံးကိုပင် သွားရောက်ကာ စိန်ခေါ်ခဲ့သေး၏။
ထန်ရမ်သည် ထိုအကြောင်း အရာကို ကြားသိပြီးနောက်မှာတော့ ပြိုင်စံရှားဂိုဏ်းအနေနှင့် ကြီးမားသည့်အလားအလာကို ပိုင်ဆိုင်သည်ဖြစ် ကြောင်း ပိုမိုကာ နားလည်လာမိသည်။
ဟုတ်ပေသည်။ ထန်မိသားစုသည်လည်း ထိုဂိုဏ်းအကြောင်းကို ကြားဖူးပြီး ဖြစ်၏။ သို့ပေမဲ့ ၎င်းတို့အားလုံး ဆွေးနွေး၍ မေးခွန်းထုတ်နေတုန်းမှာပဲ ထန်ရမ်သည် လုပ်ငန်းကိစ္စများကို စစ်ဆေးရန်ဆိုကာ အရင်ဦးဆုံးထွက်၍ လာရောက်လည်ပတ်ခဲ့ခြင်းပင်ဖြစ်သည်။ ထိုမှသာလျှင် သူ၏ လုပ်ငန်းကွန်ရက်ကို ပိုမို၍ ဖြန့်ကျက်နိုင်မှာ ဖြစ်၏။
အဆုံးသတ်မှာတော့ ထန်ရမ်သည် ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိလာပြီး ၎င်း၏ မိသားစုခေါင်းဆောင် ဖြစ်ရန် ရည်ရွယ်ချက်အား စီမံအကွက်ချ ကြိုးစားခဲ့တော့သည်။ သူ့အနေနှင့် ဂိုဏ်းချုပ်ကျွင်း၏ အကူအညီဖြင့် နေရာ တစ်နေရာ ရမလား၊ မရဘူးလားဆိုသည်ကတော့ မသေချာပေ။ သို့ပေမဲ့ သူ၏ ဦးလေးနှင့် ဝမ်းကွဲအကိုများ သူ့အား ကျော်တက်သွားခြင်းကိုတော့ ကာကွယ်နိုင်စွမ်းရှိသွားတော့မည်။
သို့ပေမဲ့ ပေါင်းသင်းဆက်ဆံရေး၊ ဈေးကွက်ချဲ့ထွင်ရေးတွင်တော့ သူသည် သူ၏ ဝမ်းကွဲအစ်ကိုများ၏နောက်၌ ခပ်ဝေးဝေးတွင် လိုက်နေရ၏။ အဘယ်ကြောင့်ဆိုသော် အလယ်ပိုင်းဒေသကြီး တစ်ခုလုံး၏ ကြီးမားလှသော ဂိုဏ်းများအားလုံးသည် သူတို့၏ အဖွဲ့နှင့်သူတို့ ဖွဲ့စည်းပြီးသား ဖြစ်နေကြ၏။ တခြားသောစီရင်စုများဆီမှ အသစ် ဖြစ်တည်လာသော ဂိုဏ်းများသည် နာမည်ကျော်ကြားလှသည်ဆိုသော်လည်း ထိုသူတို့၏ မျက်လုံးထဲတွင်တော့ ဘာမှ မဟုတ်ချေ။
ပြိုင်စံရှားဂိုဏ်းသည်လည်း ထိုအဖွဲ့များထဲမှ တစ်ခုပင် ဖြစ်တော့သည်။ ထန်ရမ်သည် အလားအလာရှိသော ဂိုဏ်းပေါင်းများစွာကို တစ်ခုပြီးတစ်ခု သွားရောက်လည်ပတ်ခဲ့ပြီးဖြစ်၏။ ၎င်းတို့နှင့် ကောင်းမွန်သည့်ဆက်ဆံရေး ကို တည်ဆောက်ပြီး ၎င်း၏ ကြီးမားသည့်ကွန်ယက်ကြီးကို တည်ထောင်နိုင်ရန်ဖြစ်သည်။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်း သည် သူနှင့်စီးပွားရေးလုပ်ရန် ရည်ရွယ်ချက်ရှိလို့နေပြီး ဤစီးပွားရေးမှာလည်း ဆေးလုံးဈေးကွက်ပင် ဖြစ်လို့နေတော့သည်။ ဤအရာသည် ကျိန်းသေပေါက် ကြီးမားသည့်အခွင့်အရေးပင် ဖြစ်သည်။
မိသားစု၏ အဘိုးကြီး နှလုံးသားထဲတွင် သူ၏ရပ်တည်မှုသည် ပိုမိုကြီးမားလာရန်အတွက် ဆိုသည်မှာ ပြိုင်စံရှားဂိုဏ်း၏ ဆေးလုံး စီးပွားရေးဈေးကွက်တွင် မူတည်လျက်ရှိနေတော့သည်။
..........
“သခင်လေးထန်”
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ “ဒီမှာနေရတာကော အသားကျရဲ့လား”
ထန်ရမ်က ပြုံးကာပြောလိုက်သည်။ “ခင်ဗျားတို့ဂိုဏ်းက စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ပြည့်ဝတယ်၊ တစ်ညလုံး နားနေပြီးတဲ့နောက်မှာတော့ အရမ်းကို လူက လန်းဆန်းနေတယ်”
ကျွင်းချောင်ရှောင်းသည် များပြားလှသည့် သိုလှောင်လက်စွပ်များကို ထုတ်ယူကာ ပြောလိုက်၏။ “ဒီထဲမှာ ချီစုစည်းခြင်းဆေးလုံး တစ်သိန်းနဲ့ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးတစ်သောင်း၊ အဆိပ်ဖြေဆေး တစ်သောင်း ရှိတယ်”
သူ့အနေနှင့် ဆေးလုံးများ ဒီထက်မက ရှိသေးသည်ဆိုသော်လည်း တစ်ခါတည်း ထုတ်ပေးလိုက်ရန် ရည်ရွယ်ချက် မရှိချေ။ အဓိကအားဖြင့် တစ်ဖက်လူများအနေဖြင့် အမြတ်အစွန်းကို ပိုမိုများပြားစွာ ရရှိရန် ရောင်းချနိုင်ဖို့ သူမျှော်လင့်ထားမိသည်။
ထန်ရမ်သည် ပြုံးကာ ပြောလိုက်မိသည်။ “ဒီဆေးလုံးတွေကို တစ်လအတွင်း ရောင်းမယ်လို့ ကျုပ်က ကတိပေးပါတယ်၊ ဂိုဏ်းချုပ်ကျွင်းကိုလည်း ကြီးမားတဲ့ အကျိုးအမြတ်တွေ ရစေရမယ်”
ကျွင်းချောင်ရှောင်းသည် နောက်ထပ်သိုလှောင်လက်စွပ်ကို ထုတ်ကာ ပြောလိုက်၏။ “ဒါကတော့ အအေးဓားတစ်ထောင်ပဲ”
ထန်ရမ်၏ အမူအရာတစ်ခုလုံးသည် အေးခဲသွားသည်။ သူသည် အလျင်အမြန်ပဲ ယူကာ ကြည့်လိုက်၏။ သိုလှောင် လက်စွပ်ထဲမှာတော့ စီစီရီရီနှင့် ချထားသော အအေးဓားတစ်ထောင်ကျော် ရှိနေသည်ကို သူမြင်လိုက်ရတော့သည်။
သူသည် ခန္ဓာကိုယ်ပင် ယိုင်ခနဲ ဖြစ်သွားရ၏။ ဓားပေါင်းတစ်ထောင်ကို တစ်ပြိုင်နက်တည်း ထုတ်ပေးလျက် ရှိနေ၏။ ပို၍ ကြောက်မက်ဖွယ်ရာကောင်းလှသည်မှာ အပြင်ဘက်တွင်ရှိသော ဓားကဲ့သို့ပင် ၎င်းအအေးဓား တစ်ထောင်တို့၏ လက်ရာများသည် အလွန်တရာသေသပ်လှပနေ၏။ ဆရာဖန်းသည်ပင်လျှင် သူ၏ ဘဝတစ်သက်တာလုံး ဤမျှများပြားသည့် လက်နက်များကို ဖန်တီးသွန်းလုပ်နိုင် လိမ့်မည် မဟုတ်ချေ။
ပန်းပဲခန်းမဆောင်မှ ထုတ်လုပ်လိုက်သော ပစ္စည်းများအားလုံးသည် မြင့်မားသည့် အရည်အသွေးကို ပိုင်ဆိုင်ကြသည်။ ပြောနေစရာပင် မလိုချေ။ ဤအအေးဓားတစ်ထောင်ကျော်တို့သည် ပစ္စည်း ကောင်းများသာဖြစ်သည်။
သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် ဤအအေးဓားများအား အသုံးမပြုကြတော့ ချေ။ ပို၍အဆင့်မြင့်မားလှသော ကျန်းယန်ဓားများကိုပင် ထုတ်သုံးနေကြပြီ ဖြစ်တော့၏။
“ဂိုဏ်းချုပ်ကျွင်း”
ထန်ရမ်သည် လေးလေးနက်နက် ပြောလိုက်၏။ “ခင်ဗျားတို့ ဂိုဏ်းရဲ့ ပန်းပဲအတတ်ပညာကလည်း ဆရာဖန်းတောင် ရှက်ရွံ့ရလောက်တယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဆေးလုံးနဲ့ လက်နက်ကိစ္စကို သခင်လေးထန်ဆီ ဝကွက်အပ်လိုက်ပြီ၊ ကျုပ်က သတင်းကောင်းကို စောင့်မျှော် နေပါ့မယ်”
“အင်း”
ထန်ရမ်သည် ကျောက်စိမ်းပြားကို ထုတ်ယူကာ ပြောလိုက်၏။ “ဒါက ထန်မိသားစုရဲ့ အထူး ဖောက်သည် ကတ်လေ၊ အနာဂတ်မှာ ဂိုဏ်းချုပ်ကျွင်းအနေနဲ့ စိတ်ဝိညာဉ်ကျောက်တုံး လိုအပ်တာပဲဖြစ်ဖြစ်၊ ဒီကတ်ကိုပြပြီး ဝယ်ယူလို့ရမယ်”
ကျွင်းချောင်ရှောင်းသည် ကတ်ကိုယူ၍ သိုလှောင်လက်စွပ်ထဲသို့ ထည့်ထားလိုက်သည်။
၎င်းတို့နှစ်ယောက်သည် အချိန်အတော်ကြာ စကားပြောပြီးသည့်နောက်မှာတော့ ထန်ရမ်သည် မတ်တပ်ရပ်ကာ ထွက်ခွာသွားခဲ့၏။ ဆေးလုံး နှင့် လက်နက်များကို ရရှိပြီးသည့်နောက်မှာတော့ သူ၏နောက်ထပ်ခြေလှမ်းသည် ဖြစ်နိုင်သမျှ ဤအရာများအား မြန်မြန်ဆန်ဆန် ရောင်းချရန်ပင်ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် တောင်၏ဂိတ်တံခါးဆီသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့လိုက်ပြီးသည့်နောက် သခင်လေး ထန်အား ကာကွယ်ရန် မိစ္ဆာသူတော်စင် ဝူကျူးအား နောက်ကွယ်မှ လိုက်၍ စောင့်ရှောက်ခိုင်းလိုက်တော့သည်။
“ဂိုဏ်းချုပ်”
လီလိုရှုက ပြောလိုက်သည်။ “ထန်မိသားစုရဲ့ ဆက်ခံသူတွေထဲမှ ဒုတိယသခင်လေးထန်ရဲ့ ဂုဏ်ရှိန်ဂုဏ်ဝါက သိပ်ပြီးမြင့်မားလှတာ မဟုတ်ဘူးလို့ ကျွန်မကြားခဲ့တယ်”
“ဒီတော့”
ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒါကြောင့် သူက ပြိုင်စံရှားဂိုဏ်းကို အရင်ဆုံးလာပြီး လည်ရတာလား”
သူ့အနေနှင့် အရာကိစ္စတစ်ခုနှစ်ခုလောက်နှင့် ပတ်သက်၍ စဉ်းစားနိုင်စွမ်းရှိသည်။ တစ်စုံတစ်ယောက်သည် ပိုက်ဆံ ရှာဖွေရန် စီးပွားရေးလုပ်သင့်သည်ဆိုပါက တခြားသောလူများနှင့် သိကျွမ်းရင်းနှီးစေရန် လိုအပ်နေ၏။ ထို့အတူပဲ ၎င်းတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် လိုအပ်ချက်များ ကိုက်ညီနေပြီး ပြည့်စုံလှသည့် စီးပွားဘက် များပင် ဖြစ်နေတော့၏။
..........
ထန်ရမ်သည် ပြိုင်စံရှားဂိုဏ်းထဲမှ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ အရှေ့တောင်ရန်ကျူး၏ စိတ်ဝိညာဉ် ကျောက်တုံးအရောင်းဆိုင်များဆီသို့ မသွားခဲ့ပေ။ တိုက်ရိုက်ဆိုသလိုပဲ အလယ်ပိုင်းဒေသဆီသို့ ပြန်ရောက်လာပြီး ဆေးလုံးများကို ရောင်းချရန် ပြင်ဆင်တော့သည်။
ဤလူငယ်သည် အလွန်ပင် ရဲရင့်လွန်းလှ၏။ ပြန်ရောက်ပြီးသည့် နောက်မှာတော့ သေချာဆုံးဖြတ်ခဲ့သည်။ ပြီးနောက် သူ၏ ကိုယ်ပိုင်ပိုက်ဆံများနှင့် အလယ်ပိုင်းဒေသ၏ များပြား လှသော နိုင်ငံများတွင် ဆေးလုံးဆိုင်များ စတင်ကာ ဖွင့်လှစ်တော့၏။
ထန်မိသားစုတွင် ဆေးလုံးစီးပွားရေး ရှိသည်ဆိုသော်လည်း ပြည့်စုံလှသည်တော့ မဟုတ်ပေ။ ထန်ရမ်သည် ဆေးလုံးဆိုင်များကို နေရာအနှံ့တွင် စတင်၍ ဖွင့်လှစ်လိုက်ပြီး မကြာခင်မှာပဲ ဆိုင်ထဲတွင် ဆေးလုံးအရေအတွက် သုံးမျိုးကို ရောင်းချမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဟုတ်ပေသည်။ သူ့အနေနှင့် အရာအားလုံးကို ရောင်းချရန် စိတ်ကူးမရှိပေ။ ရရှိသည့် ဆေးလုံးအရေအတွက်ကိုလည်း ကန့်သတ်ထားချင်မိ၏။ ဤနည်းလမ်းသည် လစဉ် လေလံဆွဲ၍ ဆေးလုံးဝယ်ယူရသော ပုံစံမျိုးနှင့် ဆင်တူနေ၏။
အချိန်တိုအတွင်း အမြတ်အစွန်းများကို လုံလောက်အောင် မရှာဖွေနိုင်သော်လည်း ကျန်ရှိသည့် ဆေးလုံး၏ ဈေးနှုန်းမှာ အလွန်တရာ မြင့်မားလာပေလိမ့်မည်။ အလယ်ပိုင်းဒေသတွင် များပြားလှသော နိုင်ငံများ တည်ရှိနေ၏။ ထိုသို့သာ ချဲ့ထွင်ထားနိုင်မည်ဆိုပါက ပိုက်ဆံအလွန်အမင်း ရရှိပေလိမ့်မည်။
ထန်ရမ်သည် ဂရုမစိုက်ပေ။ လက်ရှိအခြေအနေမှာ သူသည် သူ၏ရှိသမျှ အကုန်လုံးကိုရင်းနှီး၍ လောင်းကြေး စားကြေး ပြုလုပ်ခဲ့ခြင်းပင် ဖြစ်တော့သည်။