အခန်း (၆၉၁)
Vol. 47 Ch. 691
ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ …..
ဆေးအရောင်းဆိုင် ငါးဆယ့်ခြောက်ဆိုင်သည် ဖွင့်လှစ်ခဲ့ပြီ ဖြစ်သည်။
မိသားစုကလန် တော်တော်များများသည် လာရောက်၍ ဂုဏ်ပြုစကားဆိုကြသည်။ ထို့အပြင် ထန်မိသားစု မှ ဖွင့်လှစ်သည့် ဆေးအရောင်းဆိုင် ဖြစ်သည်မို့ ၎င်းတို့ လာရောက် ထောက်ပံ့ပေးရသည်မှာ သဘာဝပင် ဖြစ်တော့၏.
ဟုတ်ပေသည်။
မှော်အစွမ်းသတ္တိရှိသော ဆေးလုံးသုံးခု၏ အစွမ်းအာနိသင်အား ကြေညာပြီးဖြစ်သည်။
“အားလုံးပဲ …”
ဆေးဆိုင်အပြင်ဘက်တွင် ရပ်နေရင်းမှ ထန်ရမ်သည် ကြည်လင်ရှင်းလင်းသော အသံဖြင့် ပြောလိုက်၏ “ဒီကို လာပြီး အားပေးကြလို့ ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ရဲ့ ကျေးဇူးတင်မှုကို ပြသတဲ့အနေနဲ့ ဒီနေ့မှာ ချီစုစည်းခြင်း ဆေးလုံး တစ်ထောင်ကို ရောင်းချဖို့ ပြင်ဆင်ထားတယ်။ ဆေးတစ်လုံးကို ငွေတေးလ် ငါးထောင်နဲ့ပါ။ အများကြီး မရှိတာမို့ အရင်ဝယ်တဲ့သူ အရင်ရပါလိမ့်မယ်”
“သခင်လေးထန် .. ဒီဆေးလုံးက တကယ်ပဲ မှော်အစွမ်းအာနိသင်မျိုး ရှိနေတာလား” တစ်စုံတစ်ယောက်က မေးလိုက်သည်။
ထန်ရမ် က ပြောလိုက်၏ “ကျုပ်တို့ ထန်မိသားစု က မျိုးရိုးစဉ်ဆက် စီးပွားရေး လုပ်လာတာလေ။ ဘယ်လိုလုပ် ဂုဏ်သိက္ခာအကျခံပြီး မဟုတ်တမ်းတရားတွေ ပြောဆို ရောင်းချနေမှာလဲ။ ဂုဏ်သိက္ခာဆိုတာ ဟာသလုပ်လို့ ရတဲ့ အရာမဟုတ်ဘူး”
အားလုံးသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်ကြသည်။
တကယ်လည်း ဤသို့ပင် ဖြစ်သည်။ ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ ထိပ်တန်း စီးပွားရေးသမားများဖြစ်သည်မို့ ဂုဏ်သိက္ခာတရားကို အလေးထားသည်မှာ သာမာန်ပင် ဖြစ်၏။
မဟုတ်တမ်းတရားများ လျှောက်၍ကြေညာကာ ပစ္စည်းများရောင်းချမည် ဆိုပါက သိက္ခာကျနိုင်သည် မဟုတ်လား။
“သခင်လေးထန် ….”
မိသားစုကြီးတစ်ခုမှ အကြီးအကဲ က ပြောလိုက်သည် “ဒီအဘိုးကြီးက နှစ်ခု ဝယ်ပြီး စမ်းကြည့်မယ်”
“ကျေးဇူးပြုပြီး လာခဲ့ပါ” ထန်ရမ်သည် လက်သီးကို ဆုပ်ကာ ဖိတ်ခေါ်လိုက်၏။
ထို့ကြောင့် များပြားလှသော ကျင့်ကြံသူများသည် တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြသည်။
ငွေတေးလ် ထောင်ဂဏန်းလောက်သည် များပြားလှသည် မဟုတ်ချေ။ ဤချီစုစည်းခြင်း ဆေးလုံးသည်သာ တကယ်တမ်း အစွမ်းထက်သည် ဆိုပါက ယခုထက် ပိုမိုများပြားသော ဈေးနှုန်းဖြစ်လျှင်ပင် ကိစ္စမရှိချေ။ သူတို့ ဝယ်ယူနိုင်ကြ၏။
ချီစုစည်းခြင်းဆေးလုံး နှစ်လုံးကို အရင်ဦးဆုံး ဝယ်ယူခဲ့သော မိသားစု အကြီးအကဲသည် တစ်ခုကို ထုတ်ယူကာ တစ်ခါတည်း သောက်ချလိုက်သည်။ ဆေး၏ အာနိသင် အသက်ဝင်လာချိန်မှာတော့ သူသည် နေရာမှာတင် ကြက်သေ သေသွားမိသည်။
“အကြီးအကဲထျန် .. ဘယ်လိုလဲ” တစ်စုံတစ်ယောက်က မေးလိုက်၏။
“ရွှီး ..”
အကြီးအကဲထျန် သည် သူ၏ ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ချေ။ လူကြားထဲမှာပဲ ခြေချိတ်ထိုင်ချကာ သူ၏ ကျင့်ကြံခြင်းနည်းစနစ်ကို လှည့်ပတ်၍ လောကရှိ ဓာတ်သဘာဝ များကို စုပ်ယူတော့သည်။
“ဟူး …ဟူး…။”
ချက်ချင်းပဲ လောကရှိ ဓာတ်သဘာဝများ စုစည်းလာပြီးနောက် ခန္ဓာကိုယ်ထဲသို့ မုန်တိုင်းတစ်ခုလို တိုးဝင် ရောက်ရှိလာ၏။
ဤအကြီးအကဲ အကျိုးကျေးဇူးရရှိနေသည်လား ဆိုသည်ကို ဆိုင်ထဲရှိ ကျင့်ကြံသူများသည် အနားပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များ လှုပ်ခါမှုမှ တဆင့် သိရှိနေရသည်။ ထို့ကြောင့် သူတို့ ကြိတ်ကာ တွေးနေမိသည်။ “တကယ် အစွမ်းသက်ရောက်မှုရှိတာလား”
“ကျုပ် စမ်းကြည့်မယ်။”
အခြားသော ကျင့်ကြံသူတစ်ယောက်သည် ယခုလေးတင်မှ ဝယ်ယူထားသော ချီစုစည်းခြင်းဆေးလုံးများအား ကောက်ကာ သောက်ချလိုက်သည်။ ပြီးနောက် တခြားသူများအား ရှင်းပြမနေတော့ဘဲ နေရာမှာတင် ခြေချိတ်ထိုင်ကာ ကျင့်ကြံခြင်းနည်းစနစ်ကို လှည့်ပတ်တော့၏။
ဤဆေး၏ အာနိသင်သည် အနည်းဆုံး လေးနာရီ ကြာမြင့်သည်ဟု သခင်လေးထန်က ပြောခဲ့သည်။ ထို့ကြောင့် ဆေးလုံးအား သောက်သုံးသောသူများသည် တစ်စက္ကန့်လောက်ကိုပင် အလေအလွင့်မရှိအောင် စကားတစ်ခွန်းတောင် မဆိုဘဲ ကျင့်ကြံကြတော့သည်။
တခြားသောသူများသည် အရူးမဟုတ်ကြချေ။
ထို့ကြောင့် ငွေတေလ်း ငါးထောင်ကို အသုံးပြုကာ ဆေးလုံးများ ဝယ်ယူတော့၏။
နောက်ဆုံးရလဒ်အဖြစ် ….
ဆေးဆိုင်ထဲတွင်တော့ များပြားလှသော ကျင့်ကြံသူများသည် ခြေချိတ်ထိုင်လျက် ရှိနေပြီး စိတ်ဝိညာဉ်စွမ်းအင် များကို စုပ်ယူလျက် ရှိနေကြသည်။
ထန်ရမ်သည် မည်သည့်စကားမှ မဆိုဘဲ ပြုံးရုံသာ ပြုံးနေ၏။
အရာအားလုံးသည် သူ ထင်မှတ်ထားသော အတိုင်းပင် ဖြစ်သည်။
လေးနာရီလောက်ကြာမြင့်ပြီးသည့်နောက် …
ဆေးလုံး၏ အစွမ်းသည် ကုန်ဆုံးသွား၏။ အကြီးအကဲထျန် သည် အလျှင်အမြန် ပြောလိုက်၏ “သခင်လေးထန် .. ဒီအဘိုးကြီးက လက်ကျန် ဆေးလုံးတွေ အားလုံးကို ဝယ်မယ်”
“တောင်းပန်ပါတယ်”
ထန်ရမ်သည် ခေါင်းကို ခါယမ်းလိုက်သည် “ဆိုင်သစ်ဖွင့်ပွဲအတွက် ဝယ်သူတွေက တစ်ယောက်ကို ချီစုစည်းခြင်းဆေးလုံး နှစ်လုံးစီပဲ အကန့်အသတ်နဲ့ ဝယ်နိုင်ပါတယ်။ တကယ်လို့ အကြီးအကဲထျန် လိုချင်ရင် နက်ဖြန်စောစော ပြန်လာခဲ့ပါ”
ချီစုစည်းခြင်းဆေးလုံး တစ်လုံးကို ငွေတေလ်းငါးထောင်ဖြစ်သည်။ သို့ပေမဲ့ ဆေးစွမ်းကို လူတိုင်းသိရှိပြီးဖြစ်နေမှတော့ ဈေးနှုန်းကို တိုးမြင့်ပေးရမှာ သဘာဝပင် ဖြစ်တော့၏။
ဟင်း …။
အကြီးအကဲထျန် သည် သက်ပြင်းချလိုက်သည်။
ချီစုစည်းခြင်းဆေးလုံးကို သောက်သုံးပြီးသည့်နောက် တစ်စုံတစ်ယောက်သည် စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်မှုနှုန်း ဆယ်ဆတိုးမြင့်သွားသည်။ အကယ်၍ တစ်နေ့ကို ဆေးလုံးခြောက်လုံး သောက်သုံးလျှင် တစ်နှစ်စာ ကျင့်ကြံခြင်းသည် ဆယ်နှစ်စာ ကျင့်ကြံခြင်းနှင့် ဆင်တူပေလိမ့်မည်။
“အကြီးအကဲထျန်”
ထန်ရမ်သည် ပြုံးကာ ပြောလိုက်၏ “ကျုပ်တို့ ဆိုင်က ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး နဲ့ အဆိပ်ဖြေဆေး ရောင်းပါသေးတယ်။ ဒါတွေကို ဝယ်ဖို့ စိတ်ဝင်စားလား”
“ဈေးဘယ်လောက်လဲ” အကြီးအကဲထျန်းက မေးလိုက်၏။
ချီစုစည်းခြင်းဆေးလုံး၏ အစွမ်းသက်ရောက်မှုကို လက်တွေ့သိမြင်ပြီးသည့်နောက် တခြားသော ဆေးလုံး နှစ်မျိုးသည်လည်း ကြောက်မက်ဖွယ်ရာ စွမ်းရည်မျိုး ရှိနေမည်ဖြစ်ကြောင်း သူ သံသယ မဝင်မိချေ။
ထန်ရမ်က ပြောလိုက်သည် “ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး အတွက် ငွေနှစ်သန်း ၊ အဆိပ်ဖြေဆေးအတွက် ငွေ ငါးသောင်းပါ”
အကြီးအကဲထျန် သည် ထိတ်လန့်သွားမိစည် “အဲလောက် ဈေးကြီးလား”
“ကျုပ်တို့ ဆိုင်ရဲ့ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးက ဒဏ်ရာတွေကို ချက်ချင်း ကောင်းမွန်စေတယ်လေ။ ဒီတော့ သိုင်းကျင့်ကြံသူတွေကို ဘဝအသစ် ပေးလိုက်တာနဲ့ တူတူပဲ။ ငွေနှစ်သန်းက ဈေးမကြီးပါဘူး” ထန်ရမ်းက ပြောလိုက်သည်။
အရိုးသားဆုံး ပြောရမည် ဆိုလျှင် ဈေးမကြီးချေ။
အိုက်မိသားစု မှ ရောင်းချသော စဦးအဆင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး သည် ငွေတစ်သန်း ကျသင့်၏။ ထို့ကြောင့် ပို၍ အဆင့်မြင့်သော ဆေးလုံးအား နှစ်သန်းနှင့် ရရှိသည် ဆိုခြင်းမှာ တန်သည်ဟု သတ်မှတ်ရမည်။
“ဒီအဘိုးကြီးက စဉ်းစားလိုက်အုံးမယ်”
အကြီးအကဲထျန် သည် ဝယ်ယူရန် မစဉ်းစားသေးချေ။ သူ့အနေနှင့် ဝေခွဲမရဖြစ်မိနေသည်။
တစ်ဖက်လူများသည် ဆေးစွမ်းကို သေချာမသိသေးဘဲနှင့် ဝယ်လိမ့်မည် မဟုတ်ကြောင်း ထန်ရမ် ကောင်းကောင်းသိသည်။ ထို့ကြောင့်ပင် သူသည် ဆေးစွမ်းကို သက်သေပြနိုင်ရန် ဒဏ်ရာ ပြင်းထန်သည်ဟု သတင်းထွက်နေသော မိသားစုကြီးများဆီသို့ သွားရောက်ကာ စမ်းသပ်ပြတော့၏။
စုန့်ရွှမ်ကျူးသည် အပြင်ဘက်သို့ ထွက်ကာ လေ့ကျင့်ရင်း သားရဲများကြောင့် နှစ်ပေါင်းများစွာ ဒုက္ခိတ ဖြစ်ခဲ့ရသည်။
ဤသို့သော ကိစ္စသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သာမာန်ပင်ဖြစ်သည်။ ထို့အပြင် သိုင်းကျင့်ကြံသူများ၏ လောကတွင် ဒဏ်ရာမရသူဟူ၍ မည်သို့ ရှိနိုင်မည်နည်း။
ထန်ရမ်သည် ဒဏ်ရာ ရရှိသော သူများဆီ သွားရောက်၍ အနည်းဆုံးသော ဈေးနှုန်းဖြင့် ဆေးလုံးများအား ရောင်းချခဲ့သည်။
“ကျွန်တော် .. ကျွန်တော် မတ်တပ်ရပ်နိုင်ပြီ”
မိသားစုကြီးများထဲမှ တစ်နှစ်ပတ်လုံး အိပ်ရာထဲ လှဲနေရသော မျိုးဆက်သစ်တစ်ယောက်သည် ဝမ်းသာလွန်းသောကြောင့် မျက်ရည်များပင် စို့တက်လာ၏။
တခြားသော ဒဏ်ရာရထားသူများသည်လည်း တစ်ယောက်ပြီး တစ်ယောက် ပြန်လည် ကောင်းမွန်လာသည်။
နေ့တစ်ဝက် အတွင်းမှာပဲ ….
ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး အစွမ်းသည် အလယ်ပိုင်းဒေသကြီးတစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့ပြီဖြစ်သည်။ ထိုအရာသည် အားလုံးသော သူများအား အံ့အားသင့် ထိတ်လန့်မိနေ၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးအတွင်း ထန်မိသားစု၏ သြဇာသက်ရောက်မှုကို အိုက်မိသားစု ယှဉ်ပြိုင်၍ မရချေ။ ထို့ကြောင့် ဆေးလုံး၏ အစွမ်းကောင်းမွန်လွန်းသည် ဆိုသော်လည်း မည်သူကမှ မကောင်းသည့် ရည်မှန်းချက် မထားရဲကြချေ။
ဟုတ်ပေသည်။ ထန်ရမ်သည် အဆိပ်ဖြေဆေးအစွမ်းအားလည်း ထပ်မံ၍ စမ်းသပ်ပြခဲ့ပြန်သည်။
ဆေးလုံးသုံးလုံးအား တရားဝင် ရောင်းချသော နေ့မှာပဲ အလယ်ပိုင်း ဒေသရှိ ဆေးဆိုင် ငါးဆယ့်ခြောက်ဆိုင်လုံးတွင် တန်းစီ၍ ဝယ်ယူကြသော ကျင့်ကြံသူများနှင့် စည်ကားလျက် ရှိနေတော့၏။
မိသားစုကြီးများသည် ချီစုစည်းခြင်း ဆေးလုံးကို ကျိန်းသေပေါက် ဝယ်ယူကြတော့သည်။
လွတ်လပ်သော ကျင့်ကြံသူများသည် တစ်နှစ်ပတ်လုံး ခရီးထွက်ကာ သွားလာနေကြသောကြောင့် ပြန်လည် ကောင်းမွန်ခြင်း ဆေးလုံး နှင့် အဆိပ်ဖြေဆေးများအား ဝယ်ယူကြ၏။ ထိုမှသာ သူတို့၏ အသက်သည် အာမခံချက် ရှိမည် ဖြစ်၏။
ထန်မိသားစု၏ ဆေးလုံးဈေးကွက်သည် ကောင်းမွန်သည်ဟု ဆိုရမည်။ ချီစုစည်းခြင်း ဆေးလုံးဆိုလျှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၏ ဈေးှနှင့် တူညီသော ငွေတေလ်း တစ်သောင်းထိပင် ရောက်ရှိသွားခဲ့သည်။
လူတစ်ချို့ က မေးစရာ ရှိသည်မှာ အဘယ့်ကြောင့် စိတ်ဝိညာဉ်ကျောက်တုံးများအား မဝယ်ဘဲ တန်ဖိုးတူညီသည့် ချီစုစည်းခြင်းဆေးလုံးကို ဝယ်ယူရသနည်း ဆိုသည်ပင်။
အဘယ့်ကြောင့်ဆိုသော် ပိုက်ဆံရှိသော သူများသည် စိတ်ဝိညာဉ်ကျောက်တုံးများအား သုံးစွဲရင်း ချီစုစည်းခြင်း ဆေးလုံးကိုပါ ပြိုင်တူ သုံးစွဲရန် ရည်မှန်းထားသောကြောင့် ဖြစ်၏။
ထန်မိသားစု၏ ဆေးလုံးအရောင်းဆိုင်များ လူစည်ကား နေချိန်မှာတော့ အရင်ကတည်းက ဆေးလုံးဈေးကွက်ကို ပိုင်ဆိုင်ထားသော စွန်းမိသားစုသည် အံ့အားသင့်မိနေကြသည်။
၎င်းတို့ မိသားစု၏ လဝက်အတွင်း ရောင်းအားကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် သူတို့သည် အံ့အားသင့်မိနေကြ၏။ သူတို့၏ လက်ထဲတွင် ရှိနေသော ဝယ်သူများအား ထန်မိသားစုများမှ လုယူသွားသည်ဟုပင် ခံစားနေမိကြတော့၏။