← Chapters

အခန်း (၆၉၃)

Vol. 47 Ch. 693

အခန်း (၆၉၃)

Vol. 47 Ch. 693

အဆင့်ခုနစ် သိုင်းအုပ်စိုးသူနှင့် နှိုင်းယှဉ်၍ ရသော သွေးလင်းနို့ ဘုရင်သည် မြေကမ္ဘာစိတ်ဝိညာဉ် ဝက်ဝံဘုရင်ထက် ပိုမို အားကောင်းသည်မှာ သံသယ ရှိစရာ မလိုပေ။

ဤအရာသည် ပြိုင်စံရှား ဂိုဏ်းတပည့်များ၏ နောက်ထပ် စမ်းသပ်မှုတစ်ခုပင် ဖြစ်တော့သည်။ သူတို့သည် ကြောက်လန့်မနေတော့ပေ။ သူတို့၏ မျက်လုံးထဲတွင်တော့ တိုက်ခိုက်လိုစိတ်များဖြင့် ပိုမို ပြည့်ဝလျက်ရှိနေသည်။

၎င်းတို့သည် ဂိုဏ်းထဲတွင် ကျင့်ကြံနေရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ တာဝန်များကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့ကြသည်ဆိုသော်လည်း ကြီးကြီးကျယ်ကျယ် မတိုက်ခိုက်ရသေးချေ။

ထို့အပြင် လိုင်လီနတ်ဂိုဏ်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်စဉ်ကလည်း ၎င်းတို့သည် အားအင် အစုံအကုန်ကို ထုတ်ဖော်အသုံးမပြုခဲ့ကြချေ။ ထို့ကြောင့် လက်ရှိ အခြေအနေတွင် အားရပါးရ တိုက်ခိုက်ချင်စိတ်များ ဖြစ်ပေါ်နေကြ၏။

သိုင်းကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံကြသော ယောကျာ်းများ အနေနှင့် တိုက်ခိုက်ရခြင်းကို ခုန်မင်သည်မှာ သဘာဝပင်ဖြစ်သည်။

ဟုတ်ပေသည်။ ပို၍ အရေးကြီးသည့် အကြောင်းအရာတစ်ခုကလည်း ရှိနေသေး၏။

မြေကမ္ဘာမီးစိတ်ဝိညာဉ် ဝက်ဝံသားရဲနှင့် လွန်ခဲ့သည့် သုံးလက တိုက်ခိုက်ခဲ့စဉ်က သူတို့သည် လူအယောက် ငါးဆယ်သာ ရှိ၏။ လက်ရှိ အခြေအနေတွင် သူတို့သည် ပိုမို တိုးတက်လာခဲ့သည် ဖြစ်သလို နောက်ထပ် တပည့်ငါးဆယ်ကျော်က‌လည်း ထပ်မံ ပါဝင်လာခဲ့သည်။

ထို့ကြောင့် သိုင်းအုပ်စိုးသူ အဆင့်ခုနစ်နှင့် နှိုင်းယှဉ်၍ ရနိုင်သော စိတ်ဝိညာဉ် သားရဲများကို တိုက်ခိုက်ရန် ဆိုသည်မှာ ပြသနာကြီးတော့ မဟုတ်ပေ။

ဝူး။

သွေးလင်းနို့ဘုရင်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။ ၎င်း၏ ခန္ဓာကိုယ်သည် ပိုမို၍ နီရဲလာပြီးသည့်နောက် မီးသွေး‌လုံးကဲ့သို့ပင် နီတွတ်လာခဲ့တော့သည်။

ဝှစ် ဝှစ်။

လေပွေများတိုက်ခိုက်လာပြီးတော့ တည်နေရာတစ်ခုလုံးသည် တွန့်လိမ့်လာ၏။

"စိတ်ဝိညာဉ် ချပ်ဝတ်ကို အသက်သွင်း"

လီချင်းယန်က အော်လိုက်သည်။

အကြီးဆုံး စီနီယာအစ်မကြီးသည် စကားအနည်းဆုံးသော မိန်းကလေး တစ်ယောက်ဖြစ်၏။ ထို့ကြောင့် စိတ်ဝိညာဉ် သားရဲနှင့် ရင်ဆိုင်တိုက်ခိုက်ရန် သူမသည် အမိန့်ပေးခြင်းကို မပြုလုပ်ပေ။

ဒွီ … ဒွီ

တပည့်များအားလုံးသည် ၎င်းတို့၏ ရှေ့တွင် စိတ်ဝိညာဉ် ချပ်ဝတ်များကို ဖန်တီးလိုက်ကြသည်။ စိတ်ဝိညာဉ် ချပ်ဝတ်များ၏ အရောင်သည် နီရဲလျက်ရှိနေတော့သည်။

ကောင်းကင်မှ ကြည့်မည်ဆိုလျှင် သွေးလင်းနို့ဘုရင်သည် နေလုံးကြီးကဲ့သို့ပင် တောက်ပလျက်ရှိပြီး ပြိုင်စံရှား ဂိုဏ်း၏ တပည့်များမှာတော့ ကြယ်များကဲ့သို့ပင် အစုအဝေးလိုက် ရှိနေကြ၏။

ယုတ္တိဗေဒအရ ပြောရမည်ဆိုလျှင် နေလုံး၏ တောက်ပမှုသည် ကြယ်၏ တောက်ပမှုနှင့် နှိုင်းယှဉ်၍ မရအောင် တောက်ပနေသည်။ သို့ပေမဲ့ ပြိုင်စံရှား ဂိုဏ်း၏ တပည့်များသည် တိုက်ခိုက်ဖို့ အတွက် အဆင်သင့် ပြင်လိုက်ချိန်မှာတော့ ၎င်းတို့၏ အော်ရာများအားလုံးသည် သိုင်းအုပ်စိုးသူ အဆင့်ခုနစ် သားရဲများထက် မည်သို့မှ အားမနည်းချေ။

ဆွစ်။

အနီရောင် အလင်းတန်းများသည် ရုတ်တရက် ဖြစ်တည်လာပြီးသည့်နောက် သွေးလင်းနို့ ဘုရင်၏ ဦးခေါင်းကို ထိမှန်သွားတော့သည်။

ဤကဲ့သို့ ထုတ်ဖော်တိုက်ခိုက်လိုက်သည်မှာ ရှောင်ကျီပင် ဖြစ်သည်။ သူသည် တစ်ဖက် သားရဲ၏ အမုန်းတရားကို ဆွဲငင်နိုင်ရန် ပြုမူလိုက်ခြင်းပင် ဖြစ်တော့၏။

သေချာပေသည်။

တိုက်ခိုက်ခြင်း ခံလိုက်ရသော သွေးလင်းနို့ ဘုရင်သည် သူ့အား တိုက်ခိုက်လိုက်သော လူ၏ မျက်လုံးထဲသို့ လှမ်း၍ ကြည့်လိုက်တော့သည်။ တစ်ဖက်တွင်တော့ ကြီးမားလှသည့် ဒေါသတရားများ ဖြစ်တည်လာသည်။

ရွှီ …. ရွှီ။

သူ၏ အတောင်ပံကြီးကို ယမ်းခါပြီးသည့်နောက်မှာတော့ အမြှောက်ဆံကဲ့သို့သော မီး‌တောက်လုံးများဖြင့် ပစ်လွှတ်တိုက်ခိုက်တော့၏။

ရှောင်ကျီ၏ လက်တွင် ရှိသော ကြွက်သားများသည် ဖောင်းကြွလာခဲ့သည်။ သူသည် ချက်ချင်းပင် သံမဏိဒိုင်းကာအမဲရောင်အား အသာမြှောက်ကိုင်ပြီး အားရပါးရ ပြောလိုက်၏။ "လာခဲ့စမ်း"

ဘန်း … ဘန်း … ဘန်း။

အမြှောက်ဆံလို မီးတောက် အလုံးများသည် သံမဏိဒိုင်းကာ ဆီသို့ တိတိကျကျ ထိမှန်ခဲ့၏။

ဘုတ် ဘုတ် ဘုတ်

ရှောင်ကျီသည် ဒိုင်းကို ကိုင်ဆောင်၍ နောက်သို့ ဆက်တိုက်ဆုတ်ခွာနေရ၏။ အဆင့်ခုနစ် သိုင်းအုပ်စိုးသူနှင့် နှိုင်းယှဉ်၍ရနိုင်သော စိတ်ဝိညာဉ် သားရဲသည် အလွန်တရာ အားကောင်းလွန်းသည်။

ဝှစ်။

သွေးလင်းနို့ဘုရင်သည် သူ၏ တောင်ပံများကို ယမ်းခါပြီးသည့်နောက် ဒုတိယအကြိမ် မီးတောက်များကို ထပ်မံ ထုတ်ဖော်ပြန်သည်။

လီယုဟွာ သည် ရှေ့သို့ လှမ်းတက်လိုက်ပြီးသည့်နောက် မှာတော့ ရှေ့တည့်တည့်တွင် ဒိုင်းကြီးကို ကာကာဖြင့် ဒုတိယမြောက် တိုက်ခိုက်ချက်ကို ခံယူပြန်၏။

ကျယ်လောင်လှသည့် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ သူသည်လည်း နောက်ဘက်သို့ လွင့်စင်သွားသည်။ ၎င်း၏ မျက်နှာပေါ်မှ တိုက်ခိုက်လိုစိတ်များကို ကြည့်ရှုမည်ဆိုလျှင်ပင် မည်သည့် ပြဿနာမှ ရှိပုံ မပေါ်သေးချေ။

လီယုဟွာ သည် သူ၏ စီနီယာ အစ်ကို ရှောင်ကျီနှင့် နှိုင်းယှဉ်၍ မရနိုင်သေးဘူးဆိုသော်လည်း ခုခံနိုင်မှု အားအင်မှာတော့ အလွန်တရာ ကောင်းမွန်နေသေး၏။

ဘုန်း ဘုန်း …..။

အခြားသော တစ်ဖက်ဆီမှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ပထမဦးဆုံး တိုက်ခိုက်လိုက်သူသည် ဂိုဏ်းချုပ်ကျွင်းဖြစ်၏။

သူ၏ လက်သီးချက်က အလွန်တရာ ကြမ်းတမ်းလှသော စိတ်ဝိညာဉ်စွမ်းအင် တို့ဖြင့် ပြည့်နက်နေပြီး သွေးလင်းနို့ဘုရင်၏ ဦးခေါင်းကို တည့်တည့် ထိမှန်သည်။

သူ၏ လက်သီးချက်သည် ပြင်းထန်လွန်းလှပြီး တစ်ဖက်သားရဲမှာ ပေအနည်းငယ် အဝေးဆီသို့ လွင့်စင်သွား၏။

ဝုန်း။

ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက်မှာတော့ သွေးလင်းယုန်ဘုရင်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ပြီးသည့်နောက် အတောင်ပံများကို ယမ်းခါကာ ကြောက်မက်ဖွယ်ရာ ကောင်းသော မီးဘောလုံးများနှင့် ပစ်လွှတ်တိုက်ခိုက်ပြန်၏။

ကျွင်းချောင်ရှောင်းသည် ထိုအရှေ့သို့ အသာပျံသန်းသွားပြီးသည့်နောက် လေထဲတွင် လက်သီးချက်များကို အသာထုတ်ဖော်ပြီး မီးဘောလုံးများအား ထိုးနှက်ကာ ဖယ်ရှားတော့သည်။

ပြီးသည့်နောက် ဤကြီးမားလှသော ငှက်ကြီးရှေ့သို့ ရောက်ရှိလာပြီး ရိုးရှင်းလှသည့် လက်သီးချက်တစ်ခုကို ထုတ်ဖော်လိုက်၏။

ဘန်း။

သူ၏ လက်သီးချက်သည် ရေကန်ထဲသို့ ကျောက်တုံးတစ်တုံး ကျဆင်းသွားခဲ့သလိုပဲ တည်နေရာတစ်ခုလုံးတွင် လှိုင်းများ ဖြစ်တည်လာခဲ့သည်။

မီးအပူချိန်များနှင့် ဖြစ်တည်နေသော တည်နေရာကြီးတစ်ခုလုံးသည် ဖြစ်တည်လှသော အားလှိုင်းများကို မခံစားနိုင်သလို တည်နေရာတစ်ခုလုံးတွင် အက်ကွဲကြောင်းများ ဖြစ်တည်လာသည်။ အထိုးခံလိုက်ရသော သွေးလင်းနို့ ဘုရင်သည် အဝေးဆီသို့ လွင့်စင်သွားခဲ့၏။

သူ၏ မျက်နှာပေါ်တွင် လက်သီးရာကြီး ထင်ပေါ်နေပြီး မျက်လုံးထဲတွင်တော့ နာကျင်နေသည့် အမူအရာများ ဖြစ်တည်လာသည်။

ကျွင်းချောင်ရှောင်းသည် ပျံသန်းသွားပြီးသည့်နောက်မှာတော့ လက်သီးထက်တွင် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်သည်။ ပြီးနောက် သူသည် တောင်ဖြိုလက်သီးကို ထုတ်ဖော်ကာ အသုံးပြုလိုက်၏။

ဘုန်း ဘုန်း ဘုန်း။

လက်သီးချက်များ ထုတ်လွှတ်ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များ သည် ပျံ့နှံ့သွားသည်။ တည်နေရာတစ်ခုလုံးတွင် ပေါက်ကွဲမှု အားအင်များနှင့် ပြည့်နက်သွားပြီးသည့်နောက်မှာတော့ သူသည် မည်သို့ မှ မခံနိုင်တော့ဘဲ ပြိုလဲလာတော့သည်။

ဘုန်း

ပေါက်ကွဲမှု အသံများ ဆက်တိုက်ဖြစ်တည်လာပြီးသည့်နောက်မှာတော့ သွေးလင်းနို့ဘုရင်သည် အလွန်ဆိုးရွားလှသည့် ပုံပန်းသွင်ပြင်ဖြင့် မြေပေါ်သို့ ပြုတ်ကျသွားတော့၏။

"အားနည်းလွန်းတယ်" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

“....” တပည့်များ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။

သူတို့၏ မျက်လုံးထဲတွင် အလွန်တရာ ချီးကျူးသည် အရိပ်အယောင်များ ပြည့်နှက်လျက် ရှိနေတော့သည်။

အဆင့်ခုနစ် သိုင်းအုပ်စိုးသူနှင့် နှိုင်းယှဉ်၍ ရနိုင်သော စိတ်ဝိညာဉ် သားရဲကြီးသည် ဂိုဏ်းချုပ်၏ ဤကဲ့သို့ ထိုးနှက်တိုက်ခိုက်ခြင်းအောက်တွင် အညံ့ခံနေရ၏။

ဂိုဏ်းချုပ်၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

လိုင်လီနတ်ဂိုဏ်းနှင့် တိုက်ပွဲပြီးစဉ်ကတည်းက ကျွင်းချောင်ရှောင်းသည် အဆင့်တက်ခဲ့သည်။ သို့ပေမဲ့ သူ၏ အားအင်အဆင့်သည် လက်ရှိတွင် တတိယအဆင့် ဓားနှင့် သိုင်းအုပ်စိုးသူ တစ်ယောက် ဖြစ်နေပြီဖြစ်သောကြောင့် တိုက်ခိုက်နိုင်စွမ်း သည်လည်း အလွန်များပြားလာ၏။

"လာခဲ့ကြ"

ထိုအချိန်မှာပဲ ရှောင်ကျီသည် အားရပါးရ အော်ဟစ်လိုက်တော့သည်။

ဂိုဏ်းချုပ် တိုက်ခိုက်လိုက်သည့် အချိန်တွင် သူနှင့် လီယုဟွာ တို့နှစ်ယောက်သည် တစ်ဖက် သားရဲဆီမှ ပစ်လွှတ်တိုက်ခိုက်လိုက်သော မီးတောက် များနှင့် ထိပ်တိုက်ရင်ဆိုင်နေခဲ့၏။

"သွားကြ"

လီချင်းယန်က အော်လိုက်သည်။

သူ့အနေနှင့် တစ်ယောက်ချင်းတိုက်ခိုက်ရန် မလွယ်ကူလှပေ။ ထို့အပြင် သူ့တွင် ဂိုဏ်းချုပ်ကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အားအင်မျိုးကိုလည်း မပိုင်ဆိုင်ပေ။ ထို့ကြောင့် အနီးကပ် တိုက်ခိုက်သည်ဆိုပါက ကျိန်းသေပေါက် သတ်ဖြတ်ခံရလိမ့်မည်။

"ကောင်းကင်နီ ဓားကွက်"

"သက်တန့်ရောင်စဉ်"

ရွှစ် … ရွှစ်။

အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသော အားအင်အပြည့် စိတ်ဝိညာဉ် အမျိုးအစား တိုက်ခိုက်ခြင်းကို တပည့် ကိုးဆယ်ကျော်တို့သည် ထုတ်လွှတ် တိုက်ခိုက်နေသည်။

လက်ရှိ အခြေအနေမှာတော့ ကြည့်လိုကောင်းလှသော မီးတောက် အလင်းငယ်များသည် မီးပန်းများအားလုံး ကဲ့သို့ တည်နေရာတစ်ခုလုံးတွင် ပေါက်ကွဲ ထွက်သွား၏။

ဘုန်း …. ဘုန်း

တည်နေရာအနှံ့တွင် များပြားလှသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး သွေး‌လင်းနို့ ဘုရင်ဆီသို့ ဦးတည်ကာ ရောက်ရှိသွားသည်။

ထင်းချောင်းတစ်ချောင်းကို ချိုးဖြတ်၍ရသည်ဆိုသော်လည်း ထင်းချောင်းတစ်ရာ စုစည်းထားခြင်းကိုတော့ ချိုးဖြတ်၍ မရနိုင်ပေ။ ထို့အတူ ထင်းချောင်းတစ်ချောင်းသည် နာကျင် အောင် မလုပ်နိုင်ဘူးဆိုသော်လည်း ထင်းချောင်းတစ်ရာသည် တစ်ဖက်လူအား သတ်ဖြတ်ရန် လုံလောက်သည့် အရာ တစ်ခု ဖြစ်၍ လာပေမည်။

တူညီသည့် ဂိုဏ်းအတွင်းမှ တပည့်များအားလုံးသည် အတူတကွ စုစည်း၍ တိုက်ခိုက်လာလိုက်ချိန်မှာတော့ သတ္တုကိုပင် ထွင်းဖောက်နိုင်သည့် ထက်ရှမှုများကို ထုတ်ဖော်ပြသလာသည်။

ဘုန်း ဘုန်း။

တည်နေရာအနှံ့ဆီမှ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခဲ့သည်။

ဖျက်စီးနိုင်စွမ်းအားများအားလုံးသည် ဖြစ်တည်လာပြီးသည့်နောက် အလွန်တရာအားကောင်းလှပါသည်ဆိုသော သွေးလင်းနို့ဘုရင်သည် နောက်ဘက်အနည်းငယ်ဆီသို့ လွင့်စင်သွားခဲ့၏။

ဝူး

ဝုန်း။

ဤငှက်ကြီးသည် အလွန်တရာ ဒေါသထွက်သွားခဲ့၏။ သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီးသည့်နောက်မှာတော့ အတောင်ပံကြီးကို ရုတ်တရက် ယမ်းခါကာ မီး‌တောက် ဘောလုံးများနှင့် ပစ်လွှတ်တိုက်ခိုက်ပြန်သည်။

"အနီးကပ်မယ်"

လီချင်းယန်က အော်လိုက်၏။

ရွှီ … ရွှီ

တစ်ဖက်လင်းနိုကြီးဆီမှ ထုတ်ဖော်တိုက်ခိုက်ချက်များသည် အဝေးရောက် တိုက်ခိုက်ချက်များ ဖြစ်နေချိန်မှာတော့ လီချင်းယန်နှင့် တစ်ခြားသော သူများသည် သူတို့၏ ခုခံမှု စွမ်းရည်ကို ပိုမိုတိုးတက်အောင် ပြုလုပ်၍ တစ်ဖြည်းဖြည်းဆီသို့ တိုးလာကြတော့သည်။

"ဂျူနီယာညီလေးလီ"

ရှောင်ကျီက အော်လိုက်သည်။

ရွှီ

လီယုဟွာ သည် ရှေ့ဆီသို့ လှမ်းတက်လိုက်ပြီးသည့်နောက် အရှေ့တွင် စီနီယာအစ်ကို၏ အရှေ့၌ သံမဏိဒိုင်းကာ အမဲရောင်ကို မြေကြီးထဲသို့ စိုက်ထည့်လိုက်တော့၏။

ဘန်း

ရှောင်ကျီသည်လည်း အတူတကွ ပြုမူလုပ်ဆောင်လိုက်ပြီးသည့်နောက်မှာတော့ သူ၏ လက်တစ်ခုလုံးတွင် အားကောင်းလှသော မြေဓာတ်သဘာဝနည်းစနစ်များ ဖြစ်တည်လာခဲ့၏။ သူသည် လက်ဝါးကို ရုတ်တရက် မြှောက်လိုက်ပြီးသည့်နောက် ဒိုင်းကြီးကို အသာရိုက်ချလိုက်သည်။

ဒွီ

တည်နေရာတစ်ခုလုံး တုန်ယင်သွားပြီး ခေါင်းလောင်းထိုးသံကဲ့သို့ အသံကျယ်ကြီး ထွက်ပေါ်လာ၏။

တစ်ချိန်တည်းမှာပဲ ရှောင်ကျီဖန်တီးထားသော အကာအကွယ်တစ်ခုလုံးသည် အားလုံး ကာကွယ်ပြီး ဖြစ်နေတော့သည်။

အလယ်အလတ်အဆင့် သံမဏိဒိုင်းကာ၏ အထူးစွမ်းရည်ကို ထုတ်‌ဖော် အသုံးပြုနေပြီဖြစ်၏။

ထို့အပြင် များပြားလှသည့် ဒိုင်းကာများသည် တစ်ချိန်တည်းတွင် အသုံးပြုလိုက်ခြင်းကြောင့် ခုခံတားဆီးမှု အစီအရင်သည် တစ်ဖြည်းဖြည်းနှင့် အားကောင်းလာခဲ့သည်။

ဘန်း ဘန်း။

စည်းနှစ်ခုဆီမှ အထူးစွမ်းအင်များ အသက်ဝင်လာပြီးသည့်နောက်မှာတော့ ကောင်းကင်ပေါ်မှ ကျဆင်းလာသော မီးတောက်များအားလုံးသည် ၎င်းတို့၏ အတားအဆီးကို မချိုးဖောက်နိုင်တော့ချေ။

တစ်ဖက်၏ တိုက်ခိုက်မှု ပြီးဆုံးသွားပြီးသည့်နောက်မှာတော့ ၎င်းတို့၏ စည်း အကာအကွယ်သည်လည်း ပျောက်ကွယ်သွားရ၏။

ရှောင်ကျီ၏ လက်များအားလုံးသည် သံမဏိဒိုင်းကာများကို ထောက်ကူထားရသည်ဖြစ်သောကြောင့် တဆတ်ဆတ် နှင့် တုန်ယင်လျက်ရှိသည်။

သူသည် မတ်မတ်ရပ်နိုင်စွမ်းရှိနေသေးသည်။ သို့ပေမဲ့ အလွန်တရာ အားကောင်းလှသည့် မီးတောက်လုံးများကို ရင်ဆိုင်ရသည့် အချိန်မှာတော့ မသက်မသာ ခံစားရနေ၏။

"သွားကြ"

တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးသည့်နောက်မှာတော့ လီချင်းယန်နှင့် တစ်ခြားသော သူများသည်ရှေ့သို့ လှမ်းတက်လိုက်ပြီး နည်းလမ်းမျိုးစုံတိုက်ခိုက်ချက်များကို သုံးကြတော့သည်။

ဖြောင်း ……. ဖြောင်း။

ရုတ်တရက်ဆိုသလိုပဲ အသံကျယ်ကြီး တစ်ခု ထွက်ပေါ်လာသည်။

အားလုံးသည် ခဏလောက် တွေဝေသွားလိုက်သည်။ လှည့်၍ ကြည့်လိုက်သည့် အချိန်မှာတော့ ဂိုဏ်းချုပ်သည် စိတ်ဝိညာဉ် စွမ်းအင်များနှင့် ဖွဲ့စည်းထားသော ကြီးမားလှသည့် လက်ကြီးနှစ်ဖက်ကို အသုံးပြုကာ သွေးလင်းနို့ ဘုရင်၏ အတောင်ပံများကို ချိုးချေလျက်ရှိနေ၏။

ဖြစ်စဉ်တစ်ခုလုံးသည် ရှင်းရှင်းလင်းလင်း မြင်နေရပြီး အလွန်တရာလည်း ရက်စက်လွန်း၏။ လီချင်းယန်နှင့် တစ်ခြားသူများအားလုံးသည် ပုခုံးတွေပင် ကျုံ့သွားမိသည်။ ၎င်းတို့သည် ထိုမြင်ကွင်းကို ကြည့်၍ ကိုယ်တိုင်ပင် နာကျင်လာသလို ခံစားမိတော့သည်။

All Chapters