← Chapters

အခန်း (၆၉၆)

Vol. 47 Ch. 696

အခန်း (၆၉၆)

Vol. 47 Ch. 696

ထန်ရမ်နှင့် ကျွင်းချောင်ရှောင်းတို့သည် ခဏလောက် စကားပြောပြီးသည့်နောက်မှာတော့ ထန်ရမ်မှာ အလျင်စလို နှင့် ပြန်လည်ထွက်ခွာသွားခဲ့တော့သည်။ သူသည် လက်ဗလာနှင့် ပြန်သွားခြင်းတော့ မဟုတ်ပေ။ ချီစုစည်းခြင်း ဆေးလုံးတစ်သိန်း၊ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး တစ်သောင်းနှင့် အဆိပ်ဖြေဆေး တစ်သောင်းတို့ကို ပြန်လည် ရယူသွားခဲ့၏။

အအေးဓားအတွက်တော့ ထန်ရမ်သည် ရောင်းပင် မရောင်းရသေးချေ။ အဘယ်ကြောင့် ဆိုသော် ဤအရာများကို တစ်ခါတည်း ရောင်းရချမည်လား၊ လေလံတင်ရမလား ဆိုသည်ကို သူမစဉ်းစား၊ မဆုံးဖြတ်ရသေးချေ။ သာမန် အဆင့် လက်နက်တစ်ခုသာဆိုပါက သခင်လေးထန်သည် တိုက်ရိုက်ရောင်းချရန် စဉ်းစားလိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ အအေးဓား၏ လက်ရာမှာ အလွန်တရာ သေသပ်လွန်းလှ၏။ ထို့ကြောင့်ပင် စဉ်းစားနေရခြင်း ဖြစ်သည်။

ထန်ရမ်ကို လိုက်ပါပို့ဆောင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လီလိုရှုအား ပိုက်ဆံများပေး၍ ဂိုဏ်း၏ သတင်းကွန်ယက် အဖွဲ့အစည်းအား ဖြစ်နိုင်သမျှ အမြန်ဆုံးနှုန်းဖြင့် ချဲ့ထွင်ရန် ပြောဆိုလိုက်၏။

“ပြဿနာမရှိဘူး”

လုံလောက်သည့် ပိုက်ဆံများကို ရပြီးနောက်မှာတော့ လီလိုရှုသည် မည်သည့် အကန့်အသတ်မှ မရှိပဲ လုပ်ချင်ရာကို လုပ်နိုင်စွမ်းရှိပြီဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲရှိ ထိုင်ခုံပေါ်တွင် အသာမှီထိုင်ကာ ပြောလိုက်သည်။ “ဂိုဏ်းက ဝင်ငွေလည်း ရလာပြီ၊ ဒီတော့ နဂါးကျား တိုက်ပွဲအတွက် အာရုံစိုက်မှ ဖြစ်လိမ့်မယ်”

၎င်းတို့အနေဖြင့် တိုက်ပွဲစတင်ရန် နှစ်လတာ ကျန်ရှိနေသေး၏။ လက်ရှိအချိန်မှာတော့ လီချင်းယန်နှင့် တခြားသူ များအားလုံးသည် သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေကို ကျော်ဖြတ်သွားရင်း အဆင့်ချိုးဖြတ်သွားနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ထပ်မံ၍ အဆင့်ချိုးဖြတ်ရန်မှာ ခက်ခဲပေလိမ့်မည်။

“ငါအရင်ထွက်သွားပြီးတော့ ချောက်နက်ကြီးဆိုတာကို သွားကြည့်ရင် ကောင်းမလား” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိ၏။

သူသည် မူလအားဖြင့် တစ်လကြိုတင်သွားရန် စီစဉ်ထားမိ၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် အဓိကတပည့်များအားလုံးသည် အဆင့်ချိုးဖြတ်ခဲ့ပြီးပြီဖြစ်သောကြောင့် ဒီထက် တစ်လစောသွားလျှင်လည်း ပြဿနာ မရှိနိုင်ပေ။ ထို့ပြင် သူသည်လည်း အဆင့်ကျော်ဖြတ်ထားသည်မှာ မကြာသေးပေ။ တစ်လလောက် ထပ်မံ၍ ကျင့်ကြံနိုင်လျှင်ပင် တိုးတက်စရာ အကြောင်းမရှိပေ။ ထို့ကြောင့် ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ အသိပညာ ဗဟုသုတများကို ပိုမိုရရှိရန်အတွက် စောစောစီးစီး သွားခြင်းကသာ ပို၍ ကောင်းပေလိမ့်မည်။

“ငါဆုံးဖြတ်လိုက်ပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “သုံးရက်ကြာရင် ထွက်ခွာသွားမယ်”

“ဂိုဏ်းချုပ်”

ထိုအချိန်မှာတော့ လျှိုဝမ်ရှစ်သည် လျှောက်ဝင်လာပြီး နှုတ်ခမ်းကို စူကာ ပြောလိုက်၏။ “စားသောက်ခန်းက လူအင်အားတဖြည်းဖြည်းနဲ့ နည်းလာတော့မယ်၊ စားဖိုမှူးအနည်းငယ်ကို ဘယ်အချိန်မှာ ထပ်ရှာပေးမှာလဲ”

သူမ၏အဖေ အိုးရန်ကျွင်းသည် လာရောက်ပြီး အလုပ်များ ကြိုးကြိုးစားစားနှင့် သူမအား ကူညီခဲ့သည်။ သို့ပေမဲ့ လစဉ် လစဉ် တပည့်အရေအတွက်သည် တိုးတက်လာသည်ဖြစ်သောကြောင့် သူ၏အလုပ်ဖိအားများသည် ပိုပို၍ တိုးပွားလာခဲ့သည်။ အစားအစာများကို တောက်လျှောက်ချက်ပြုတ်နေရသည်ဖြစ်သောကြောင့် သိုင်းကျင့်ကြံခြင်း နည်းစနစ်များကို တိုးတက်အောင်ပင် လုပ်ကိုင်နိုင်ခြင်း မရှိခဲ့ချေ။

“ကောင်မလေး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အားလုံးက မင်းနဲ့ မင်းအဖေရဲ့ အချက်အပြုတ်လက်ရာအောက်မှာ အသားကျနေကြတာ၊ တခြားစားဖိုမှူး တစ်ယောက်ကို ရှာလိုက်ရင် သူတို့ ထမင်းတောင် ကောင်းကောင်းစားဝင်ကြမှာ မဟုတ်ဘူး”

“ဒါက ပြဿနာမရှိဘူး၊ ရောက်လာတဲ့လူတွေကို ကျွန်မသင်ပေးနိုင်တယ်” လျှိုဝမ်ရှစ်က ပြောလိုက်သည်။

လီလိုရှုသည် အပြင်ဘက်မှ လျှောက်ဝင်လာပြီး ပြုံးကာပြောလိုက်သည်။ “ဂိုဏ်းချုပ်... ကျွန်မတို့အနေနဲ့ စားသောက်ခြင်းဟောခန်းဆိုတာကို တည်ထောင်မှဖြစ်မယ်၊ ပြီးတော့ ဒီမိန်းကလေး ကို အစားအသောက်တွေနဲ့ ပတ်သက်ပြီး စီမံခိုင်းရင်ကော”

“ဒါက အဓိပ္ပာယ်ရှိတယ်”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။

အမ်

လျှိုဝမ်ရှစ်သည် မျက်လုံးပြူးသွား၏။ “ဒါဆိုရင် ကျွန်မက ဟောခန်းသခင် ဖြစ်တော့မှာပေါ့”

“မကျေနပ်ဘူးလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

လျှိုဝမ်ရှစ်သည် လျင်လျင်မြန်မြန်ပဲ ပြန်ပြောလိုက်၏။ “ကျေနပ်ပါတယ်၊ ကျေနပ်ပါတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မနက်ဖြန်ကျရင် အစားအသောက်ဟောခန်းကို တည်ထောင်တယ်ဆိုတဲ့အကြောင်းကို ငါကြေညာမယ်၊ မင်းကတော့ ဒုတိယဟောခန်းသခင်ဖြစ်ပြီးတော့ မင်းအဖေက ဟောခန်းသခင်ဖြစ်လာလိမ့်မယ်”

မူလအားဖြင့် ပျော်ရွှင်လျက်ရှိနေသော လျှိုဝမ်ရှစ်သည် ရုတ်တရက် အေးခဲသွား၏။ သူမသည် ရာထူးဆိုသည်ကို ဂရုမစိုက်ချေ။ သို့ပေမဲ့ သူမအဖေသည် သူမထက်ပိုမိုမြင့်မားသည့်နေရာတစ်ခုကို ရောက်ရှိသွားမည်ဆိုသည်ကို တော့ ဂရုစိုက်၏။

စားဖိုမှူးပြိုင်ပွဲပြီးဆုံးပြီးနောက် ကျွင်းချောင်ရှောင်းသည် အဖေနဲ့ သမီးတို့၏ ပြန်လည် ပေါင်းစည်းနိုင်မည့် အခွင့်အရေးတစ်ခုကို ဖန်တီးပေးလျက်ရှိသည်။ ထိုအရာမျိုးသည် တစ်နေ့တည်း တည်ဆောက်၍ မရပေ။ နှစ်ယောက်သား အတူတူ တည်ရှိပြီးသည့် နောက်မှာတော့ အေးစက်မှုများအားလုံးကို ဖယ်ချနိုင်ရန်အတွက် အချိန်သည် လိုအပ်လျက်ရှိနေသေးသည်။ ထို့ပြင် ချက်ပြုတ်ခြင်းနေရင်းမှတဆင့် အိုးရန်ကျွင်းသည် သူ၏သမီးကို သေသေချာချာ ဂရုစိုက်လျက်ပဲ ရှိနေသေးသည်။

“ငြင်းချင်လို့လား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

“ကျွန်မ”

လျှိုဝမ်ရှစ်သည် ခဏလောက်ရပ်ကာ ပြောလိုက်၏။ “မငြင်းပါဘူး”

“ဒါဆိုလည်း ကောင်းပြီ”

လျှိုဝမ်ရှစ်သည် အလွန်တရာ ငယ်ရွယ်လွန်းလှ၏။ ထို့ကြောင့် ဟောခန်းသခင်ဆိုသည့်ရာထူးနှင့် လိုက်ဖက်မညီ လှချေ။ ထို့ကြောင့် အရင်ဆုံး ဤရာထူးအား အိုးရန်ကျွင်းအား ပေးအပ်ထားခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့် မည်။

..........

နောက်တစ်ရက် မနက်ခင်းလေ့ကျင့်ခန်းများ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အစားအသောက် ဟောခန်းကို တည်ထောင်ခြင်းအကြောင်း ကြေညာခဲ့လိုက်၏။ ဤဌာနသည် အစားအသောက်များနှင့်ပတ်သက်၍ တာဝန်ယူရမည်ဖြစ်ပြီး ဟောခန်းသခင်သည် အိုးရန်ကျွင်းဖြစ်၏။ ဒုတိယဟောခန်းသခင်သည် လျှိုဝမ်ရှစ်ပင် ဖြစ်တော့သည်။ တခြားသော အဖွဲ့ဝင်များမှာတော့ မာယုံနင်၊ အားဟိုင်နှင့် ရိဟိုင်တို့ပင်ဖြစ်သည်။

နောက်တစ်လ တပည့်များခေါ်ယူသည့်အချိန်တွင် ချက်ပြုတ်ခြင်းစွမ်းရည်များကို ကျွမ်းကျင်လှသောသူများကို လည်း မပျက်မကွက် ထည့်သွင်းခေါ်ဆိုရန် ကျွင်းချောင်ရှောင်းသည် နင်ညီအစ်ကိုများအား အထူးမှာကြားခဲ့ လိုက်၏။

လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်းတွင် ဟောခန်းတစ်ခု ထပ်မံ၍ ဖြစ်တည်လာခဲ့တော့သည်။

“ဂျူနီယာညီမလေးလျှို... ဒုတိယဟောခန်းသခင်ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်”

“အွန်း မနာလိုစရာပဲ၊ ငါတို့ကော ဘယ်တော့မှ ဟောခန်းသခင် ဖြစ်လာမှာလဲ”

အစားအသောက် ဟောခန်းထဲမှာတော့ လီဖေး၊ ထျန်းချီနှင့် တခြားသောသူများအားလုံးသည် လျှိုဝမ်ရှစ်အား ဝိုင်းပတ်ကာ ဂုဏ်ပြုစကားဆိုနေကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ မနာလိုမှုများနှင့် ပြည့်နှက်လျက်ရှိ၏။

“မင်းတို့က ရည်မှန်းချက်ကို မရှိဘူး”

စုရှောင်မိုသည် ဘေးတစ်ဖက်တွင် ထိုင်ရင်းမှ လှမ်းပြောလိုက်သည်။ “ဖြစ်ချင်ရင် အကြီးအကဲတစ်ယောက်ဖြစ် အောင်လုပ်ကြလေ။”

“ဒါကလည်း ဟုတ်တာပဲ”

လီဖေးနှင့် ထျန်းချီ၏ မျက်လုံးများသည် လင်းလက်သွား၏။ ပြိုင်စံရှားဂိုဏ်းတွင် မည်သည့်အရာမှ သိပ်ပြီး မလိုအပ်ချေ။ လိုအပ်နေသည်မှာ အကြီးအကဲများပင်ဖြစ်သည်။ လက်ရှိအခြေအနေတွင် အကြီးအကဲသည် လေးယောက်သာရှိ၏။ ထို့အပြင် အဆင့်အတန်းအရဆိုလျှင် အကြီးအကဲသည် ဟောခန်းသခင်ထက် ပိုမို၍ မြင့်မား သည်။

“ဒါပေမဲ့”

လီဖေးက ပြောလိုက်သည်။ “စီနီယာအစ်ကိုစု... ဘယ်လိုလုပ်မှ အကြီးအကဲ ဖြစ်လာမှာလဲ”

“စိတ်မပူနဲ့”

ကျွင်းချောင်ရှောင်းသည် လျှောက်ဝင်လာပြီး ရယ်ကာ ပြောလိုက်တော့သည်။ “ဂိုဏ်းက ပိုပြီးအားကောင်းလာရင် မင်းတို့တွေအားလုံးက အကြီးအကဲဖြစ်ဖို့အခွင့်အရေး ရလာလိမ့်မယ်”

အားလုံးသည် မတ်တပ်ထရပ်ကာပင် နှုတ်ဆက်လိုက်၏။ “နှုတ်ဆက်ပါတယ် ဂိုဏ်းချုပ်”

“ထိုင်ကြ၊ ထိုင်ကြ” ကျွင်းချောင်ရှောင်းသည် လက်အမူအရာကို ပြသလိုက်သည်။

“ဂိုဏ်းချုပ်”

စုရှောင်မိုသည် ကိုယ်ကို အနည်းငယ် ရှေ့သို့တိုးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “အနာဂတ်မှာ အကြီးအကဲဖြစ်လာဖို့အခွင့်အရေး ကျွန်တော်တို့မှာ တကယ် ရှိတာလား”

“အင်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ရှိတာပေါ့၊ ဒါပေမဲ့ မင်းတို့ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်သေးတယ်လေ”

အချက်အလက်အားဖြင့် လီချင်းယန်နှင့် တခြားသောသူများ၏ ကျင့်ကြံခြင်းသည် အကြီးအကဲတစ်ယောက် ဖြစ်လာရန်အတွက် ပြဿနာတစ်ခု မဟုတ်ပေ။ ၎င်းတို့အနေနှင့် အချိန်အတိုင်းအတာတစ်ခုအထိ ပိုမိုအားကောင်းအောင် ပြုလုပ်ရန် လိုအပ်နေသေးသလို အကြီးအကဲတစ်ယောက် ဖြစ်လာသည်နှင့်အမျှ မိမိကိုယ်တိုင်၏ ကျင့်ကြံခြင်းသည်သာမဟုတ် တပည့်များ၏ ကျင့်ကြံခြင်းအရာတွင်လည်း အာရုံစိုက်ရမည်ဖြစ်ကြောင်းကို သိရှိ နားလည်ထားရန် လိုအပ်နေသေး၏။

...........

ညရောက်ချိန်မှာတော့ လုချင်းချင်းသည် တောင်၏ထိပ်တစ်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ သူမ၏ အဖြူရောင်ဝတ်စုံများသည် လေထဲတွင်လွင့်လျက်ရှိပြီး ဘုံကိုးပါးမှ ဆင်းသက်လာသည့် နတ်မိမယ်တစ်ပါးလို့ပင် ထင်မှတ်မှားရပေသည်။

“မင်းဘာတွေစဉ်းစားနေတာလဲ” ကျွင်းချောင်ရှောင်းသည် အနောက်ဘက်မှ ပေါ်လာ၏။

လုချင်းချင်းသည် လှည့်၍ မကြည့်ပေ။ သူမသည် အသာ ပြောလိုက်၏။ “ဂိုဏ်းချုပ်... တကယ်ပဲ နဂါးကျားပြိုင်ပွဲကို သွားပြီးတော့ ယှဉ်ပြိုင်မှာလား”

“ဟောခန်းသခင်ရီကို ကတိပေးခဲ့ပြီးပြီ၊ ငါ့စကားကို ပြန်ဖျက်လို့ မဖြစ်ဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

လုချင်းချင်းက ပြောလိုက်သည်။ “နဂါးကျားတိုက်ပွဲဆိုတာ ကုန်းမြေတိုက်ကြီးရဲ့ အဆင့်အတန်းအမြင့်ဆုံး ဂိုဏ်းပြိုင်ပွဲပဲ၊ အဲဒီမှာ ဝင်ရောက်ယှဉ်ပြိုင် နေတဲ့ ဂိုဏ်းတွေက အရမ်းကို အားကောင်းလွန်းတယ်”

“သူတို့က အားကောင်းလေ၊ စိန်ခေါ်မှုတွေ ပိုပြီးဖြစ်လာလေမဟုတ်ဘူးလား” ကျွင်းချောင်ရှောင်းက ပြောလိုက်မိသည်။

အစတုန်းက သူသည် ဟောခန်းသခင်ရီပေးသော စိတ်ဝိညာဉ် ကျောက်တုံးများ၏ မျက်နှာဖြင့် တပည့်များအား နဂါးကျားတိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ နဂါးကျားတိုက်ပွဲနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပိုမို၍ ရရှိချိန်မှာတော့ သူသည် ဤပြိုင်ပွဲကို မည်သို့ပင်ဖြစ်စေကာမူ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု စိတ်ဆုံးဖြတ်ချက် ချလိုက်ပြီးဖြစ်၏။

တခြားသော စီရင်စု ပြည်နယ်များဆီသို့ သွားရောက်၍ ပြဿနာရှာရခြင်းဖြင့် ကျွင်းချောင်ရှောင်းသည် စိတ်မကျေနပ်နိုင်ခဲ့တော့ချေ။ သူသည် တပည့်များကိုခေါ်ဆောင်၍ ကြီးမားလှသော စင်မြင့်ကြီးပေါ်သို့တက်ကာ ဟန်ထုတ်ပြရန် ရည်ရွယ်မိတော့သည်။

“နဂါးကျားတိုက်ပွဲ... ဒါကအရမ်းကို ဟန်ထုတ်ဖို့ သင့်တော်တဲ့ ပြိုင်ပွဲတစ်ခုပဲ”

ထို့အပြင် သူ၏တွက်ချက်မှုအရဆိုလျှင် ဤဂိုဏ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ဂိုဏ်းများသည် အလွန် တရာ အားကောင်းလှ၏။ ထို့အပြင် ဤသို့သော တိုက်ခိုက်မှုများကို ကျော်လွှားရမည်ဆိုလျှင် စနစ်သည် သီးခြား တာဝန်များကို ပေးစွမ်းတော့မှာဖြစ်ပြီး သူသည်လည်း ဂိုဏ်းစုဆောင်းမှတ်များကို လုံလောက်အောင် ရရှိပေလိမ့် မည်။

လုချင်းချင်းက ပြောလိုက်သည်။

“အဲဒီမှာ ပထမအဆင့် ဂိုဏ်းတွေ တော်တော်များများ ဝင်ပြိုင်ကြတယ်”

“ပိုတောင်ကောင်းသေးတာပေါ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ ဒုတိယအဆင့် လိုင်လီနတ်ဂိုဏ်းနှင့် တိုက်ခိုက်ပြီးသည့်နောက် သူသည် ပထမ အဆင့်ဂိုဏ်းများမှ တပည့်များသည် သူ၏တပည့်များထက် မည်မျှပို၍ သာလွန်သည်ဆိုသည်ကို မျက်ဝါးထင်ထင် သိချင်နေမိ၏။

လုချင်းချင်းက ပြောလိုက်သည်။ “ပထမအဆင့်ဂိုဏ်းတွေက အရမ်းကို အားကောင်းလွန်းတဲ့ အခြေခံတွေ ရှိတယ်လေ၊ ကျွန်မတို့ဂိုဏ်းက တိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် အဆိုးဆုံးကို ကြိုတင်ပြင်ဆင်ထားတာ ကောင်းလိမ့်မယ်”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းလိုက်သည်။ “အကြီးဆုံးတပည့်ကြီးတစ်ယောက်အနေနဲ့ မင်းက စိတ်ဓာတ်ကျနေလို့မဖြစ်ဘူး၊ တခြားသူတွေ စိတ်ဓာတ် တက်ကြွလာအောင်တောင် လုပ်ပေးရမှာ မဟုတ်လား”

“...” လုချင်းချင်းသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ သူမသည် ထိုက်ရွမ်အအေးဂိုဏ်းမှ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူး၏။ ထို့ကြောင့် ပထမအဆင့် ဂိုဏ်းများနှင့်ပတ်သက်၍ နက်နဲလှသည့် နားလည်မှုမျိုး သူမတွင် ရှိတော့သည်။ သူမပြောချင်သည့်အဓိပ္ပာယ်မှာ သူမ၏ ဂျူနီယာမောင်လေးများအား အထင်အမြင်သေးခြင်းတော့ မဟုတ်ပေ။ တစ်ဖက်လူများအားလုံးကို သတိထားရန် ပြောဆိုခဲ့ခြင်းပင်ဖြစ်တော့သည်။

“ဂိုဏ်းချုပ်က နဂါးကျားတိုက်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုမှတော့ ဒီတပည့်က အကောင်းဆုံး ကြိုးစားပါ့မယ်” လုချင်းချင်းက ပြောလိုက်သည်။ ပြီးနောက် သူမသည် လှည့်ကာ ထွက်ခွာသွားတော့သည်။

ကျက်သရေရှိလှသော ပုံရိပ်တစ်ခုသည် ညအမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်ကို မြင်ရချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒီမိန်းကလေးက ပထမအဆင့်ဂိုဏ်းတွေရဲ့အကြောင်းကို တော်တော်များများ သိပုံပေါ်တယ်”

စနစ်က ပြောလိုက်၏။ “ဒါကြောင့် ပြောတာပေါ့၊ လက်ခံသူရဲ့ ဂိုဏ်းထဲဝင်လာတဲ့ တပည့်တွေအကုန်လုံးက သာမန်လူတွေတော့ မဟုတ် ဘူး”

............

နောက်တစ်ရက်မှာတော့ လျှိုဝမ်ရှစ်သည် မနက်အစောကြီးထ၍ အစားအသောက်များကို ကြိုတင်ပြင်ဆင် ပေးနေရ၏။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်သည် ယနေ့တွင် သူမ၏စီနီယာအစ်ကိုများအား အလယ်ပိုင်းဒေသ ကြီးတစ်ခုလုံးဆီသို့ ခေါ်ဆောင်သွားတော့မည် ဖြစ်တော့၏။

All Chapters