အခန်း (၆၉၇)
Vol. 47 Ch. 697
နဂါးကျားတိုက်ပွဲဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ ဂိုဏ်းပြိုင်ပွဲတွင် အဆင့်အမြင့်ဆုံး တစ်ခုသာ ဖြစ်၏။ အလွန်တရာလည်း တန်ဖိုးကြီးလှ၏။ ၎င်းတို့၏ လေးစားမှုကို ပြသရန်အတွက် ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ အားအကောင်းဆုံးသော တပည့်နှစ်ဆယ့်ငါးယောက်ကို တစ်ခါတည်း ခေါ်ဆောင် လာခဲ့သည်။
လုချင်းချင်း၊ လီချင်းယန်နှင့် ပထမအသုတ်၏ တခြားသော အတွင်းစည်းတပည့်များလည်း ပါဝင်သည်။ ပြီးနောက် လုံကျိရန်နှင့် စုန့်ရွှမ်ကျုး တို့သည်လည်း လိုက်ပါလာ၏။ နောက်ဆုံးတပည့်ဖြစ်သော်လည်း အမြန်ဆန်ဆုံး အဆင့်တက်နိုင်သူဖြစ်သည့် ဟယ်ဝူတီသည်လည်း လိုက်ပါခဲ့၏။
အားလုံးတို့သည် ပြိုင်စံရှားဂိုဏ်း၏ အထူး လက်ရွေးစင် ဂိုဏ်းသားများပင်ဖြစ်တော့သည်။
၎င်းတို့၏ ကျင့်ကြံခြင်းနှင့်ပင်ကိုယ်စွမ်းရည်များသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် အားအကောင်း ဆုံးသူများ ဖြစ်သည်မှာ သံသယရှိစရာပင် မလိုချေ။ အရိုးသားဆုံး ပြောရလျှင် လူဦးရေသာ ကန့်သတ်ထားသည် မဟုတ်ပါက ကျွင်းချောင်ရှောင်းသည် သိုင်းဘုရင်အဆင့်သို့ ရောက်ရှိနေကြသော တပည့်များအားလုံးကို ခေါ်ယူလာပေလိမ့်မည်။
“စီနီယာအစ်ကိုတို့”
တောင်၏ဂိတ်တံခါးအရောက်မှာတော့ ဂိုဏ်း၏တပည့်များအားလုံး လိုက်ပါပို့ဆောင်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“အောင်ပွဲနဲ့အတူ ပြန်လာတာကို စောင့်နေမယ်”
အစောကြီးကတည်းက တောင်ခြေရင်းဆီသို့ ရောက်ရှိနေသော စုရှောင်မိုသည် အသာလှည့်ကြည့်ပြီးသည့်နောက် လက်ကိုမြှောက်လိုက်သည်။ “ဂျူနီယာညီမလေးလျှို... အစားအသောက် ကောင်းကောင်း ပြင်ဆင်ထား၊ ပြန်လာတာနဲ့ စားပွဲလုပ်ပြီးတော့ အောင်ပွဲခံကြရအောင်”
၎င်းတို့အနေဖြင့် ဂိုဏ်းပြိုင်ပွဲဆီသို့ ဝင်တောင်မပြိုင်ရသေးပေ။ အောင်ပွဲခံရန်ပင် ကြိုတင်စဉ်းစားနေသေး၏။ ဤကိစ္စအား တခြားသောသူများသာ ကြားမည်ဆိုပါက ကျိန်းသေပေါက် ပါးတွေနားတွေ ထရိုက်ကြပေလိမ့်မည်။
လမ်းတစ်လျှောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ၎င်းတို့အား အထပ်ထပ် မှာကြားခဲ့၏။ “နဂါးကျားတိုက်ပွဲက စမ်းသပ်မှုတစ်ခုပဲ၊ မင်းတို့အနေနဲ့ လေးလေးနက်နက်ကို ဝင်ရောက်ယှဉ်ပြိုင်မှဖြစ်မယ်”
“ကောင်းပါပြီ”
တပည့်များအားလုံးသည် သံပြိုင်ပြောဆိုလိုက်ကြ၏။ အနောက်မှ လိုက်ပါလာသော ရီရှင်းချန်၏ စိတ်ထဲမှာတော့ ဇဝေဇဝါနှင့် ဖြစ်မိနေ၏။ သူ၏အရင်ဘဝတုန်းက အမြဲတမ်းတစ်ယောက်တည်း ကျင့်ကြံနေခြင်းဖြစ်ပြီး နဂါးကျား တိုက်ပွဲကို ကြားဖူးခဲ့သည်ဖြစ်သော်လည်း ဘယ်တုန်းကမှ ဝင်ရောက်မယှဉ်ပြိုင်ခဲ့ချေ။ ဤတစ်ကြိမ်မှာတော့ သူသည် ပြိုင်စံရှားဂိုဏ်းအား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်နေရပြီးဖြစ်သည်။ သူ၏ အရင်ဘဝက မလုပ်ခဲ့ ရသောအရာများအား လုပ်ကိုင်ရမည်ဆိုသော စိတ်ဖြင့် တက်ကြွလျက် ရှိနေတော့သည်။
“အစ်ကိုအားညို”
ရုတ်တရက်ဆိုသလိုပဲ ဟွေ့အာ၏အသံသည် သူ၏နားထဲသို့ တိုးဝင်လာ၏။ “ဘေးကင်းကင်းနဲ့ ပြန်လာမယ်လို့ မျှော်လင့်ပါတယ်”
ရီရှင်းချန်၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွားတော့သည်။ ဤမိန်းကလေးသည် အချိန်အတော်ကြာသည်အထိ သူ့အား မနှောက်ယှက်ခဲ့ပေ။ ယခု အဘယ်ကြောင့်ထ၍ ရုတ်တရက်စကားစတင်ကာ ပြောဆိုရသနည်း။
အစ်ကိုအားညိုသည် မှတ်ဉာဏ်များ ပျောက်ဆုံးနေသည့်အကြောင်းကို ဟွေ့အာ ကောင်းကောင်းသိ၏။
ပြိုင်စံရှားဂိုဏ်းဆီသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ သူမသည် မထင်မရှားနှင့် သူမ၏ နေ့စဉ်တာဝန်များ ဖြစ်သည့် သိုင်းကျင့်ကြံခြင်းနှင့် အချက်အပြုတ်များ လေ့လာသင်ယူခြင်းအပေါ်တွင် အာရုံစိုက်ထားခဲ့၏။ တစ်ခါတစ်လေတွင် သူမ၏ ဂိုဏ်းတူရောင်းရင်းများနှင့် သိုင်းပညာများကို ဖလှယ်ရင်း ရီရှင်းချန်ကို တွေ့သည်ဆိုလျှင်တောင်မှ မမြင်ချင်ယောင်ဆောင်ခဲ့သည်။
“သူ့ကို ဘာလို့ကြောက်နေတာလဲ” လီလိုရှုသည် သူမကို တစ်ကြိမ်က မေးခဲ့ဖူး၏။
ဟွေ့အာက ပြန်လည်ပြောဆိုလိုက်သည်။
“အစ်ကိုအားညိုက ကျွန်မကို မုန်းနေတာဖြစ်မယ်၊ ဒါ့ကြောင့် ရှောင်နေတာ ပိုပြီးကောင်းတယ်မဟုတ်လား”
“...” လီလိုရှုသည် ဆွံ့အသွားမိ၏။ ၎င်းတို့နှစ်ယောက်သည် ချစ်သူများဖြစ်ကြသည်။ သို့ပေမဲ့ ရည်ရွယ်ချက်ရှိရှိနှင့် တစ်ယောက်ကိုတစ်ယောက် ရှောင်ရှားနေကြ၏။ ဘာအဓိပ္ပာယ်လဲ ဆိုသည်ကို သူမ နားမလည်နိုင်တော့ချေ။
“ငါသာဆိုရင်”
လီလိုရှုသည် စားပွဲပေါ်သို့ ခြေတင်ကာ ကန္တာရလင်းယုန်သေနတ်အား ထုတ်ယူလိုက်တော့သည်။ “သူ့ရဲ့ ခေါင်းပေါ်ကို သေနတ်တင်ပြီးတော့ ငါ့ကို လက်ထပ်မလားလို့ မေးလိုက်မယ်၊ တကယ်လို့ လက်မထပ်ဘူး ဆိုရင် သူ့ကို တစ်ခါတည်း ပစ်သတ်လိုက်မယ်”
သူမသည် သတ်ဖြတ်လိုခြင်း ဆန္ဒအပြည့်နှင့် ပြောဆိုခဲ့သည်။
ဝိုး ဝိုး
လျှိုဝမ်ရှစ်သည် ပါးစပ်အဟောင်းသားဖြစ်ကာ ပြောလိုက်၏။ “ခန်းမသခင်လီ... ဒါက ရက်စက်လွန်းအားကြီးတယ်”
“ဟုတ်တယ်”
ရောင်မုန့်ယဉ်ကလည်း ဝင်ပြောလိုက်သည်။ “ဒါက အရမ်းကို ရက်စက်လွန်းတယ်”
လီလိုရှုသည် သူမ၏သေနတ်ကို ပြန်သိမ်းကာ ပြောခဲ့၏။
“နှလုံးသားရေးရာကိစ္စနှင့်ပတ်သက်ရင် တိကျသေချာတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်တာ အကောင်းဆုံးပဲ၊ အောင်မြင်သွားရင်လည်း အောင်မြင်တာပေါ့၊ မအောင်မြင်ဘူးဆိုရင်လည်း တစ်ခါတည်းသတ်လိုက်တော့ ပိုပြီး ကောင်းတယ် မဟုတ်ဘူးလား”
“ဟောခန်းသခင်လီ... အစ်မက တကယ့်ကို အတွေ့အကြုံရှိတာပဲ” လျှိုဝမ်ရှစ်က ပြောလိုက်သည်။
လီလိုရှုက ပြန်ပြောလိုက်၏။
“ငါ လုပ်ကြံသူဖြစ်ခဲ့တုန်းက ဆိုရင် ဒီလိုမျိုး အကြင်နာမဲ့တဲ့လူတွေကို သတ်ဖြတ်ပစ်တဲ့အလုပ် တော်တော်များများ လုပ်ခဲ့ဖူးတယ်”
...........
ဘုန်း … ဘုန်း။
တောကြီးတစ်တောထဲမှာတော့ ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ အားကောင်း လှသည့် စိတ်ဝိညာဉ်စွမ်းအင်များသည် ပျံ့နှံ့သွားပြီး တည်နေရာတစ်ခုလုံးကိုပင် လှုပ်ခါသွားစေ၏။ ခဏလောက် ကြာပြီးသည့်နောက်မှာတော့ အပေါ်ပိုင်းဗလာကျင်းနှင့် ခပ်တောင့်တောင့် လူတစ်ယောက်သည် ပခုံးပေါ်တွင် စိတ်ဝိညာဉ်သားရဲကြီးကိုတင်ကာ လှမ်းလျှောက်လာတော့သည်။ ဤလူသည် အသက်အရွယ် မကြီးမားသေးချေ။ သို့ပေမဲ့ သူ၏ ကြွက်သားများသည် အလွန်တရာ အားကောင်းလွန်းနေ၏။ ခန္ဓာကိုယ်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ကြီးမားသည့်အောင်မြင်မှုကို ရရှိထားပုံပေါ်သည်။
“စီနီယာအစ်ကို”
သစ်ရွက်ပေါ်တွင် ထိုင်လျက်ရှိသော မိန်းကလေးငယ်သည် လက်ထဲတွင်ရှိသော ပန်းသီးတစ်လုံးအား ကိုက်စားရင်း ပြောလိုက်၏။ “ဆရာက တစ်ယောက်ကိုလွှတ်ပြီး စာပေးခိုင်းလိုက်တယ်၊ နောင်လာမယ့် နဂါးကျားတိုက်ပွဲအတွက် မြန်မြန် ဆန်ဆန် ပြင်ဆင်စေချင်နေတယ်”
ဘုတ်
ထိုသူသည် ပခုံးထက်တွင်ရှိသော စိတ်ဝိညာဉ်သားရဲအား အောက်သို့ပစ်ချပြီး ထိုင်ချလိုက်၏။ ပြီးနောက် ခေါင်းကို ခါယမ်းကာ စိတ်မရှည်သလို ပြောလိုက်သည်။
“သိပြီ”
သူ့အနေနှင့် နဂါးကျားတိုက်ပွဲကို ဝင်ရောက် မယှဉ်ပြိုင်ချင်ပေ။ တောတောင်ထဲတွင်သာ ဆက်လက်ကျင့်ကြံချင်မိ ၏။
“ပြီးတော့ ဆရာက ပြောလိုက်သေးတယ်”
မိန်းကလေးက ပြုံး၍ ပြောလိုက်သည်။ “အသစ်ထွန်းတောက်လာတဲ့ ပြိုင်စံရှားဂိုဏ်းဆိုတဲ့ထဲမှာ ရှောင်ကျီလို့ခေါ်တဲ့ တပည့်တစ်ယောက်ရှိတယ်၊ သူ့ရဲ့ ခန္ဓာကိုယ်အားအင်က အရမ်းကို အားကောင်းတယ်တဲ့၊ အစ်ကို့ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်တယ်”
“တကယ်လား”
ခပ်တောင့်တောင့်လူ၏ မျက်လုံးများသည် ရုတ်တရက် လင်းလက်သွားသည်။
..............
ဝါးတောတစ်ခုထဲမှာတော့ မျက်နှာကို အဝတ်စည်းထားသော လူတစ်ယောက်သည် ဝံ့ကြွားစွာဖြင့် မတ်မတ် ရပ်လျက်ရှိသည်။
ချလွမ်
ရုတ်တရက်ဆိုသလိုပဲ သူသည် ဓားအား ဓားအိမ်ထဲမှ ထုတ်ယူလိုက်၏။
ရွှီ … ရွှီ … ရွှီ။
ဓားအလင်းများ ပြန့်နှံ့သွားပြီးသည့်နောက် ဝါးရွက်များသည် ညီညာစွာဖြင့် ပြတ်တောက်သွားခဲ့သည်။ “စီနီယာအစ်ကိုရဲ့ ဓားတာအိုက အရမ်းကို တိုးတက်လာတယ်၊ ဒီတစ်ကြိမ်မှာတော့ ငါ့တို့စိတ်ဝိညာဉ်ဓားဂိုဏ်းရဲ့ ကိုယ်စားပြုသူတစ်ယောက်အနေနဲ့ နဂါးကျား တိုက်ပွဲမှာ အရမ်းအားကောင်းတဲ့ ရလဒ်တွေ ရယူနိုင်မယ်လို့ ထင်တယ်”
“သူက ပထမနေရာကို ရနိုင်တယ်လေ”
“ဟုတ်တယ်၊ ဟုတ်တယ်”
အဝေးတစ်နေရာတွင် ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများသည် တီးတိုးဆွေးနွေးလျက်ရှိနေကြသည်။
ဓားကို ဓားအိမ်ထဲပြန်လည်ထည့်ပြီးသော ထိုသူသည် မျက်နှာပေါ်ရှိ အဝတ်ကို အသာချွတ်ယူကာ တီးတိုး ပြောလိုက်သည်။ “နဂါးကျားတိုက်ပွဲမှာ ငါ့အနေနဲ့ လက်ရည်ညီတဲ့ ဓားပါရမီရှင်တစ်ယောက်နဲ့ ရင်ဆိုင်တွေ့ရရင် ဘယ်လောက် ကောင်းမလဲ”
.........
“သခင်လေး... နဂါးကျားတိုက်ပွဲက နှစ်လကြာရင် စတော့မယ်၊ အခုထိ ဘာလို့ မကျင့်ကြံသေးတာလဲ”
တောင်တစ်ခု၏ ထိပ်ပိုင်းမှာတော့ တပည့်တစ်ယောက်သည် အားပြတ်သလို မေးလိုက်မိ၏။
ဟမ့်
ကျောက်တုံးပေါ်မှာ လဲလျောင်းပြီးသည့်နောက်မှာတော့ အဝတ်အစား ဖိုသီဖတ်သီနှင့် လူငယ်လေးတစ်ယောက် နှုတ်ခမ်းထောင့်များကို ကော့ကာ ပြောလိုက်တော့သည်။ “ငါ့ရဲ့ လက်ရှိအားအင်အရ ကျင့်ကြံဖို့ လိုသေးလို့လား”
“နဂါးကျား တိုက်ပွဲမှာ ပထမအဆင့်ဂိုဏ်းတွေ တော်တော် များများ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြားတယ်၊ သခင်လေးအနေနဲ့ ဂရုမစိုက် ပြုမူနေလို့ မဖြစ်ဘူးလေ” တပည့်က ပြောလိုက်၏။
လူငယ်သည် အလိုမကျသလို ပြန်ပြောလိုက်သည်။ “ဒီလိုသာမန် သေမျိုးလူတွေကို ငါ့အနေနဲ့ အားအင်အဆင့် ခြောက်ဆယ်ရာခိုင်နှုန်းကို ထုတ်သုံးရင်တောင် သူတို့ အတွက် တော်တော် ကံကောင်းနေပြီ”
“...” တပည့်သည် ငြိမ်သက်သွားသည်။ သခင်လေး၏ ပင်ကိုယ်စွမ်းရည်သည် သံသယရှိစရာပင်မလိုပဲ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတွင် အကောင်းဆုံးဆိုသည်မှာ သေချာ၏။ သို့ပေမဲ့ သူ၏ စိတ်နေစိတ်ထားမှာတော့ အလွန်တရာ မောက်မာလွန်းနေသည်။
ဟင်း
လူငယ်သည် လက်ကိုဆန့်တန်းကာ ပြောလိုက်၏။ “နဂါးကျားတိုက်ပွဲမှာ တကယ့်ကို ကောင်းမွန်တဲ့ ပြိုင်ဘက်တစ်ယောက် ရှာဖွေမတွေ့မိဘူးဆိုရင်တော့ ပျင်းစရာ ကောင်းလိမ့်မယ်”
............
နဂါးကျားတိုက်ပွဲ စတင်မည့်အချိန် နီးကပ်လာသည်နှင့်အမျှ များပြားလှသော ဂိုဏ်းများမှ ပါရမီရှင်များသည်လည်း ဝင်ရောက်ယှဉ်ပြိုင် စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်လျက်ရှိနေကြသည်။ ဤကဲ့သို့သော အဆင့်မြင့်ပြိုင်ပွဲများသည် ဂိုဏ်း၏ ဂုဏ်ကျက်သရေကို ပိုမိုတိုးပွားစေပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် အနည်းငယ်လောက်တောင်မှ ကပြက်ကချော် ပြုလုပ်၍ မရချေ။
ဟုတ်ပေသည်။ အဓိကဂိုဏ်းများအားလုံးသည်လည်း အလယ်ပိုင်းဒေသကြီးဆီသို့ ဦးတည်ကာ တစ်ဂိုဏ်းပြီး တစ်ဂိုဏ်း ထွက်ခွာလာခဲ့ကြတော့သည်။ လက်ရှိအခြေအနေမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ အားအကောင်းဆုံးသော ကျင့်ကြံသူများသည် စုဝေးရောက်ရှိလာသည်ဟု ဆိုရမည်ဖြစ်၏။
ကျွင်းချောင်ရှောင်း သည် တပည့်များနှင့်အတူ အစောဆုံး ထွက်ခွာလာခဲ့သည်ဖြစ်သော်လည်း သူတို့သည် ဖြည်းဖြည်းနှင့် မှန်မှန်သာ လာခဲ့ကြခြင်းဖြစ်တော့သည်။ အချိန်လည်း ပိုနေသည်မို့ အလျင်လည်း မလိုကြချေ။ ထို့အပြင် တော်ဝင်မြို့ဆီသို့ဝင်၍ မြို့တော်ဝန်မူ၊ ကောင်းကင်ဘုံကျောင်းနှင့် ဂိုဏ်းအသိအမှတ်ပြုဗဟို တို့ဆီသို့ပင် ဝင်ရောက်၍ နှုတ်ဆက်လိုက်သေး၏။
ဤတစ်ကြိမ်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် အရှေ့တောင်ရန်ကျူး တစ်ခုလုံးကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင် ပေလိမ့်မည်။ ထို့ကြောင့် မူချန်းဟုန်အနေဖြင့် လေးလေးစားစား လာရောက်ကြိုဆို၍ ကြီးမားသည့် မျှော်လင့်ချက် ရှိကြောင်း ထပ်လောင်းပြောဆိုခဲ့တော့သည်။
ပြီးသည့်နောက်မှာတော့ ဟောခန်းသခင်ရီသည်လည်း သူ့အား တောင်းဆိုမှုတစ်ခု ပြုလုပ်လိုက်တော့သည်။
နဂါးကျားတိုက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ဂိုဏ်းများမှာ ပထမအဆင့် ငါးဂိုဏ်း၊ ဒုတိယအဆင့် ဆယ်ဂိုဏ်း နှင့် ကျန်သည့်ဂိုဏ်းများအားလုံးသည် အဆင့်သုံးနှင့် အဆင့်လေးဂိုဏ်းများသာဖြစ်ကြောင်း ထပ်လောင်း ပြောဆို ခဲ့၏။ ထို့အပြင် သုံးဆယ်ရာခိုင်နှုန်းသည် အလယ်ပိုင်းဒေသရှိ ဂိုဏ်းများဖြစ်ကြောင်း ပြောဆိုခဲ့၏။ တချို့သည် တတိယနှင့် စတုတ္ထအဆင့် ဂိုဏ်းများဖြစ်သည်ဆိုသော်လည်း ၎င်းတို့၏ အစစ်အမှန်အားအင်သည် တခြားသော ပြည်နယ်များတွင်ရှိသည် ဒုတိယနှင့် တတိယအဆင့် ဂိုဏ်းများထက် မည်သို့မှ အားမနည်းနိုင်ချေ။
“အဆင့်ငါးဂိုဏ်း တစ်ခုမှမရှိဘူးပေါ့” ကျွင်းချောင်ရှောင်းသည် တုန်လှုပ်စွာဖြင့် မေးလိုက်မိ၏။
ဟောခန်းသခင်ရီက ပြောလိုက်သည်။ “နဂါးကျားတိုက်ပွဲမှာ အဆင့်ငါးဂိုဏ်း ဝင်ပြီးယှဉ်ပြိုင်တယ်ဆိုတာ နှစ်တစ်ရာမှတ်တမ်းအတွင်း တစ်ခုမှ မရှိဘူး”
ကျွင်းချောင်ရှောင်းသည် ဝိုင်တစ်ခွက်ကို အလျင်အမြန်မော့သောက်ကာ ပြောလိုက်သည်။ “အခုယှဉ်ပြိုင်နေတဲ့ ဂိုဏ်းတွေအကုန်လုံးက ပြိုင်စံရှားဂိုဏ်းထက် ပိုပြီးအားကောင်းတယ်လို့ ဆိုလိုတာပေါ့”
“ဂိုဏ်းချုပ်ကျွင်း”
ဟောခန်းသခင်ရီသည် လေးလေးနက်နက် ပြောလိုက်သည်။ “ပြိုင်ပွဲယှဉ်ပြိုင်လို့ ဒုတိယအဆင့်လောက် ရောက်ပြီဆိုရင် အောင်မြင်ပြီလို့ သတ်မှတ်ရမယ်”