ဆိုက်ဘော့
Vol. 12 Ch. 14
“ညက ကောင်းကောင်းအိပ်ပျော်ခဲ့ပါရဲ့လား။”
ရေမိုးချိုးသန့်ရှင်းရေးလုပ်ပြီးတဲ့နောက် မက်ဒါနာက အခန်းထဲက ထွက်လာတော့ အနီရောင်မျက်လုံးတွေနဲ့ ညိုချောအလှလေးက သူ့ကိုစီးကြိုပြီး နှုတ်ဆက်တော့တာပါပဲ။
မက်ဒါနာကလည်း ခေါင်းညိတ်ပြလိုက်ပြီး “အင်း၊ ကောင်းကောင်းအိပ်ပျော်ပါတယ်။ နင်ရော....”
“ကျွန်မက အိပ်ဖို့မလိုဘူးလေ။ မမလေးရဲ့။” အေမီက မက်ဒါနာကို ကမ္ဘာပေါ်မှာအရိုးရှင်းဆုံး ကိစ္စတစ်ခုကို ပြောနေတဲ့အလား ပြန်ဖြေလိုက်တယ်။
“ဟုတ်သားပဲ၊ နင်က အန်းဒရိုက်မဟုတ်လား။ ဒီတော့ အိပ်ဖို့ ဘယ်လိုပါ့မလဲ။”
မက်ဒါနာက အေမီရဲ့အင်္ကျီလက်ကို ကိုင်လိုက်ပြီးတော့ ကန့်တန်းဆီကို ဦးဆောင်ပြီးသွားပါတယ်။ သူက ပြုံးနေရင်း “အခုလောက်ဆိုရင် အာကာသစခန်းကလူတွေလည်း မနက်စာစားဖို့ သွားနေကြပြီမဟုတ်လား။ လာ၊ ငါတို့လည်း နောက်မကျခင်သွားရအောင်။”
“အင်း...” အေမီက အသာလေးလိုက်လာပါတယ်။ သူတို့ ကန့်တန်းရှေ့ကိုရောက်တော့ အရင်တစ်ခါကလိုပဲ တူညီတဲ့ ကလေးတစ်သိုက်ကို တွေ့ကြရပြန်တယ်။ သူတို့တွေက သကြားလုံးရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မက်ဒါနာကို ဝိုင်းထားခဲ့ပေမဲ့ ဒီတစ်ခါတော့ မက်ဒါနာက ဘာမှယူမလာဖြစ်ခဲ့တဲ့အတွက် ခေါင်းသာခါပြလိုက်ရတယ်။
“တောင်းပန်ပါတယ်၊ နောက်တစ်ခါကျရင် မုန့်တွေအများကြီး သယ်လာခဲ့ပေးမယ်နော်။”
ကလေးတွေက စိတ်ပျက်သွားပြီး ဟာဆိုပြီး တစ်ပြိုင်နက် ပြောလိုက်ကြတယ်။ ဒါပေမဲ့ သူတို့တွေက မက်ဒါနာကို စိတ်ဆိုးသွားတဲ့ပုံမပေါ်ဘဲ မက်ဒါနာကိုကန့်တင်းထဲကို ဆွဲခေါ်သွားလေရဲ့။
“မမကြီး၊ မနက်စာအတူစားကြမယ်လာ။”
မက်ဒါနာက သူတို့နဲ့လိုက်သွားရင်းနဲ့ အေမီကို လှမ်းပြီး ပြုံးပြတယ်။ အေမီကလည်း နောက်ကနေ တဖြည်းဖြည်းချင်းစီ လိုက်လာရင်းကနေ ပြောလိုက်ပါတယ်။
“မမလေးက ကလေးတွေကြားထဲမှာ အတော်နာမည်ကြီးတာပဲ။”
“ငါအရင်အလုပ်လုပ်တဲ့နေရာမှာ ကလေးတွေအများကြီး ရှိတာမလို့လေ။” မက်ဒါနာက သူ့အလုပ်ကိုသူ ဂုဏ်ယူနေတဲ့ ပုံစံနဲ့ ပြောလိုက်လေရဲ့။
“ဟုတ်ပါပြီ။”
နောက်တော့ အေမီနဲ့မက်ဒါနာက စားပွဲခုံတစ်လုံးမှာ မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်တယ်။ အရင်တစ်ခါကလိုပဲ စက်ရုပ်တွေက လူသားတွေအတွက် စားစရာတွေ ချပေးတယ်။ မက်ဒါနာကလည်း သူ့ရှေ့က စားစရာကို ကြည့်လိုက်တယ်။ ခါတိုင်းလိုပဲ ရိုးရှင်းတဲ့ စားစရာတွေပဲ။ ဘာသားမှန်းမသိရတဲ့အသားလွှာတချို့နဲ့ ကန်စွန်းဥပြုတ်ပါ။
“ဒီအသားတွေက...” မက်ဒါနာက စက်ရုံတစ်ရုံကနေပြီး ထွက်လာသလိုမျိုးပုံစံရှိတဲ့ ညီညာနေတဲ့အသားလွှာကို ခက်ရင်းနဲ့ထိုးကြည့်ရင်း စပ်စုတယ်။ အေမီကတော့ စိတ်လှုပ်ရှားနေတဲ့ပုံစံနဲ့...
“ဒီနေ့က သောကြာနေ့လေ။ လူသားတွေလိုအပ်တဲ့ ပရိုတင်းနဲ့အဆီဓာတ်ကိုဖြည့်ဖို့အတွက် ဓာတ်ခွဲခန်းထုတ် အသားတွေကို ကျွေးတဲ့နေ့ပဲ။ မမလေး ဒီလိုအချိန်မျိုးနဲ့ ကြုံရတာ သိပ်ကံကောင်းတယ်။ တစ်လလုံးမှ လေးခါပဲ ဂိုင်ယာအာကာသစခန်းမှာ အသားရနိုင်တာမလို့လေ။”
“ဓာတ်ခွဲခန်းထုတ်အသား။” မက်ဒါနာက အတော်လေး အံ့ဩသွားတယ်။ ဂိုင်ယာအာကာသစခန်းက သီးနှံတွေကို မြေမဲ့စိုက်ပျိုးနည်းနဲ့စိုက်ပျိုးနိုင်တဲ့အပြင် အသားတွေကိုပါ ထုတ်လုပ်နိုင်ပုံပဲ။
“အရသာကို စိတ်ပူနေရင်တော့ မစိုးရိမ်ပါနဲ့။ မမလေး အရင်က စားဖူးတဲ့ ဝက်သားဘာဘီကျူ့အရသာမျိုးနဲ့ အတူတူပဲ။”
အေမီက အတင်းတိုက်တွန်းနေတဲ့အတွက်ကြောင့် မက်ဒါနာက ပန်းကန်ထဲမှာတွဲလျက်ပါလာတဲ့ ကြက်သွန်နီ အချဥ်ထဲ အသားကိုနှစ်လိုက်ပြီး အရသာခံစားကြည့်တယ်။ နောက်တော့ သူ့ပါးပြင်ပေါ်ကို မျက်ရည်တွေ ကျဆင်းလာခဲ့ပါတယ်။
“မမလေး... အဆင်ပြေရဲ့လား။” အေမီရဲ့မျက်လုံးတွေက မှေးဆင်းသွားပြီး မေးလိုက်တယ်။ မက်ဒါနာကတော့ အဆင်ပြေပါတယ်ဆိုတဲ့သဘောနဲ့ ခေါင်းကိုခါပြရင်း။
“ရပါတယ်... ဒီနှစ်တွေထဲ အသားမပါတဲ့ဟင်းမစားရတာ ကြာပြီမလို့ပါ။”
“အဲဒီလိုလား... မမလေးက ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရတာပဲ။”
အေမီက စာနာတဲ့ပုံစံနဲ့ပြောလိုက်ပြီး မက်ဒါနာရဲ့ခေါင်းကို နှစ်သိမ့်တဲ့အနေနဲ့ ပုတ်ပေးလိုက်ပါတယ်။ ပြီးတဲ့နောက် နားနားကပ်ပြီးတော့ တီးတိုးလေးပြောလိုက်လေရဲ့။
“မမလေးရဲ့ခက်ခဲတဲ့အချိန်တွေက ပြီးဆုံးသွားခဲ့ပါပြီ။ ကျွန်မတို့နှစ်ယောက်အတူရှိနေသမျှ ပျော်စရာအချိန်တွေ အများကြီးရှိလာတော့မှာ။”
...
“မမလေး၊ ဒီတစ်ခေါက်သွားမယ့်ကမ္ဘာက မှော်ပညာကမ္ဘာလို့ ပြောပါတယ်။ အဲဒီကမ္ဘာမှာက ရှေးဟောင်းနတ်ဆိုးဂိုဏ်းလို့ နာမည်ရတဲ့ အဖွဲ့တစ်ဖွဲ့က သောင်းကျန်းနေပြီး သူတို့တွေကို မှော်ဆရာတွေက လိုက်လံနှိမ်နင်းနေရတယ်။ မမလေးရဲ့ မူကွဲကလည်း အဲဒီနေရာမှာ သေချာပေါက်အရေးပါတဲ့ နေရာမျိုးမှာ ရှိနေမှာပါ။”
အေမီက သူ့ရဲ့သေနတ်ကိုချိန်ညှိလိုက်ရင်း မက်ဒါနာကို ကမ္ဘာသစ်အကြောင်း မိတ်ဆက်ပေးတယ်။ ဒီတစ်ခါက မက်ဒါနာမေးတောင် မေးစရာမလိုဘူး။ အေမီက မက်ဒါနာရဲ့ စိတ်ကိုသိနေတဲ့အလား ရှင်းပြပေးခဲ့တာ။
ချိန်ညှိတာ ပြီးသွားတဲ့နောက် အေမီက သေနတ်မောင်းကို ဆွဲလိုက်တယ်။ အလင်းဒြပ်စင်ကျည်က သေနတ်ကနေ ထွက်သွားပြီး ပေါ်တယ်တစ်ခုအဖြစ် ကျယ်ပြန့်လာတယ်။ အေမီနဲ့မက်ဒါနာက တစ်ယောက်လက်ကိုတစ်ယောက် ဆွဲထားလိုက်ရင်း ပေါ်တယ်ထဲကို အတူဝင်လိုက်ကြတယ်။ ဒါပေမဲ့ သူတို့ဝင်နေရင်းတန်းလန်းမှာပဲ ပေါ်တယ်ရဲ့ တည်ငြိမ်မှုက အနည်းငယ်ပျက်ယွင်းသွားပြီး လှုပ်ခါလာတဲ့ အတွက်ကြောင့် အေမီမျက်နှာက ပြောင်းလဲသွားတယ်။
“မကောင်းတော့ဘူး၊ အပြင်ပြန်ထွက်ကြစို့။” အေမီက မက်ဒါနာရဲ့လက်ကိုကိုင်ပြီး အပြင်ကိုပြန်ခုန်ထွက်ဖို့ ကြိုးစားပေမဲ့ နောက်ကျသွားပြီဖြစ်ပြီး ပေါ်တယ်က သူတို့နှစ်ယောက်လုံးကို စုပ်ယူသွားပါတော့တယ်။
....
ဘုတ်...
ပေါ်တယ်က မြေပြင်နဲ့ပြင်ညီတဲ့နေရာမှာ ပွင့်မလာဘဲ လေထု အတော်မြင့်တဲ့နေရာမှာ ပွင့်လာတဲ့အတွက် နှစ်ယောက်လုံး မြေပြင်ပေါ်ကို ခပ်ကြမ်းကြမ်းပြုတ်ကျသွားတယ်။
အေမီက အရင်ဆုံး မြေပြင်ပေါ်ကို ပြုတ်ကျတဲ့သူဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်ထဲက စက်ပစ္စည်းတွေရဲ့အလေးချိန်ကြောင့် အသံကျယ်ကြီးထွက်လာတယ်။ ပြီးနောက်ချက်ချင်း ခုန်ထလိုက်ပြီး နောက်ဆက်တွဲပြုတ်ကျလာတဲ့ မက်ဒါနာကို လက်နှစ်ဖက်နဲ့ လေထဲမှာတင် ဖမ်းထားလိုက်ပြီးတဲ့နောက် အေမီက မက်ဒါနာကို ငုံကြည့်ပြီး ပြောလိုက်တယ်။
“စိတ်မရှိပါနဲ့ မမလေး။ ပေါ်တယ်ဖွင့်နေတုန်း အပြိုင်ကမ္ဘာ မြေပုံမှာ ပြဿနာတစ်ခုခုဖြစ်သွားတယ်တဲ့တူတယ်။”
အခုထိမင်းသမီးလေးလိုမျိုး အေမီရဲ့ရင်ခွင်ထဲမှာ အချီခံထားရတဲ့ မက်ဒါနာကတော့ မျက်နှာတစ်ခုလုံး နီရဲသွားပြီး
“ငါ့.... ငါ့ကိုအရင်ချပေးဦး။”လို့ ရှက်ရှက်နဲ့ပြောတယ်။ အေမီက မက်ဒါနာကို မြေပြင်ပေါ် ညင်ညင်သာသာ ပြန်ချ ပေးပြီးတဲ့နောက် သေနတ်နဲ့သူ့ကွန်ပျူတာစနစ်ကို ချိတ်ပြီး အမှားရှာဖို့လုပ်တယ်။ မက်ဒါနာက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်းနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ပြောလိုက်ပါတယ်။
“နှင်းတွေကျနေတာလား... ပြီးတော့ နှင်းကျနေတာတောင် အေးတယ်လို့ မခံစားရဘူး။”
မက်ဒါနာရဲ့စကားကြောင့် အေမီက စမ်းသပ်နေတာကို ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ အရပ် ရှစ်မျက်နှာလုံးက ရှေ့ပေငါးဆယ်လောက်ကိုတောင် မမြင်ရလောက်အောင် နှင်းတွေကျဆင်းနေပေမဲ့ အပူချိန်က အေးမနေဘူး။ အဲဒီအစား သာမန်ထက်တောင် ပူနွေးနေတယ်လို့ ခံစားရတယ်။
မက်ဒါနာက နှင်းပွင့်လေးတစ်ပွင့်ကို လက်နဲ့ထိကိုင်ရင်း “ နွေးနေတာပဲ”လို့ ပြောလိုက်ချိန်မှာတော့ အေမီက သေနတ်ကို မိုးပေါ်ထောင်ပစ်လိုက်တယ်။ အလင်းဒြပ်စင် တွေက သေနတ်ကနေဖြာထွက်လာပြီး စွမ်းအင်ဒိုင်း တစ်ခုအနေနဲ့ နှင်းတွေကိုပိတ်ဆို့ တားဆီးလိုက်တယ်။ နောက်တော့ မက်ဒါနာရဲ့လက်ပေါ်က နှင်းမှုန်တွေကို သူ့လက်နဲ့ ဖယ်ရှားလိုက်ပြီး...
“မမလေး၊ အဲဒါက နှင်းတွေမဟုတ်ဘူး။ ပြာမှုန်တွေပဲ။”
“ဟမ်....” မက်ဒါနာလည်း မျက်လုံးပြူးသွားပြီး သူ့ခြေထောက်ကို ပြန်ငုံ့ကြည့်လိုက်တယ်။ တကယ်ပဲ အဲဒါက နှင်းတွေမဟုတ်တဲ့ ပြာမှုန်တွေပါ။ အေမီရဲ့မျက်လုံးတွေက ရုတ်တရက် လင်းလဲ့လာပြီး ပတ်ဝန်းကျင်ကို အသေးစိတ် လေ့လာလိုက်တယ်။
“တိတိကျကျပြောရရင် နျူကလီးယားအညစ်အကြေး ပြာမှုန်တွေပဲ။ ဒီနေရာမှာ မမလေးဆက်နေလို့မဖြစ်ဘူး။ ကျွန်မအတွက်က အဆင်ပြေပေမဲ့ အချိန်ကြာလေလေ မမလေးအတွက် အသက်အန္တရာယ်စိုးရိမ်ရလေပဲ။”
အေမီက မက်ဒါနာရဲ့ခါးပတ်က စက်ရုပ်မန်မိုရီကတ်ကို ဆွဲထုတ်လိုက်ပြီး ခါးပတ်ထဲထည့်ပေးလိုက်တယ်။ စက်ရုပ် နည်းပညာဝတ်စုံက မက်ဒါနာကို ဖုံးလွှမ်းသွားပြီးနောက်မှာ အေမီက ပြောလိုက်တယ်။
“အဲဒီဧရာမစက်ရုပ်ကြီးက နျူကလီးယားစွမ်းအားနဲ့ လည်ပတ်တာမလို့ ပိုင်းလော့ဝတ်စုံတွေက ဓာတ်ရောင်ခြည် သင့်မှုကို အဆင့်တစ်ခုအထိ ထိန်းထားနိုင်တဲ့ဒီဇိုင်းနဲ့ တည်ဆောက်ထားတာ။ ဒါကိုအသုံးပြုပြီး ဒီကနေ အမြန်ဆုံး ထွက်ကြတာပေါ့။”
မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး အေမီဦးဆောင်ရာနောက် စလိုက်ပါတယ်။ နာရီဝက်ကြာအောင် အသံမြန်နှုန်းကို ကျော်လွန်တဲ့အမြန်နှုန်းမျိုးနဲ့ ခရီးနှင်ပြီးချိန်မှာတော့ နှင်းတွေကျနေတဲ့နေရာကို ကျော်လွန်လာနိုင်ခဲ့တယ်။
“ဘုရားရေ၊ ဒီကမ္ဘာကြီးမှာ ဘာတွေများဖြစ်ခဲ့တာလဲ။”
အခုသူတို့နှစ်ယောက်က မြို့ပျက်ကြီးတစ်ခုရဲ့အစွန်မှာ ရှိနေတာဖြစ်ပြီး မြို့ကြီးထဲက အဆောက်အဦတွေဟာ ရစရာမရှိအောင် ပြိုကျလို့နေပါတယ်။ တိုက်တာကြီးတွေ လမ်းပေါ်မှာ တုံးလုံးလဲကျနေပြီး စွန့်ပစ်ခံထားရတဲ့ ကားတွေကလည်း ထောင်သောင်းများစွာ။ တင့်ကားနဲ့ အခြားတိုက်ခိုက်ရေးသုံး ကိရိယာတွေကိုလည်း တွေ့နိုင်ပြီး တချို့နေရာတွေမှာတော့ လူထက်သုံးလေးဆလောက် ကြီးတဲ့ အရွယ်အစားရှိတဲ့ ဧရာမ အင်းဆက် ကျိုင်းကောင်းကြီးတွေရဲ့ ရုပ်ကြွင်းတွေကို တွေ့နိုင်ပါတယ်။
တချို့နေမှာတော့ လူသားစစ်သည်တွေရဲ့အလောင်းတွေ၊ တချို့နေရာမှာတော့ လူပုံတူတိုက်ပွဲဝင်စက်ရုပ်အပျက်တွေ ရှိနေတာကိုတွေ့နိုင်တယ်။
“ဒီကမ္ဘာက ဧရာမအင်းဆက်ကြီးတွေ တိုက်ခိုက်တာ ခံခဲ့ရတာလား။”
မက်ဒါနာက ကောက်ချက်ချလိုက်ရင်း ပြောလိုက်ပါတယ်။ အေမီက စက်ရုပ်အပျက်တွေထဲကတစ်ခုကို ဆွဲယူပြီးတော့ သူ့စနစ်နဲ့ချိတ်ဆက်လိုက်တယ်။
“မဟုတ်ဘူး... ဒီစက်ရုပ်က ဒေတာတွေအရ ပိုးကောင်နဲ့ လူသားတွေက အချိန်တစ်ခုအထိစစ်ဖြစ်ခဲ့တာ မှန်ပေမဲ့ ဒီမြို့မှာတော့ ပိုးကောင်နဲ့လူသားတွေက ပိုပြီးတော့ ကြောက်စရာကောင်းတဲ့ ဘေးအန္တရာယ်တစ်ခုကို ပူးပေါင်း ခုခံနေခဲ့ကြတာ။”
နောက်တော့ အေမီက အဲဒီစက်ရုပ်ကနေပြီး ရနိုင်တဲ့ အချက်အလက်ကုန်သွားပုံနဲ့ စက်ရုပ်ကိုပြန်ပြီးတော့ ဘေးဖယ်ထားလိုက်တယ်။
“မမလေး၊ မမလေး ခွင့်ပြုမယ်ဆိုရင် ဒီမြို့မှာရှိတဲ့ စက်ရုပ်တွေကို လိုက်စစ်ကြည့်ချင်ပါတယ်။ ဒါမှ ကျွန်မတို့ ဘယ်ရောက်နေလဲ သိနိုင်မယ်ထင်တယ်။”
မက်ဒါနာက မငြင်းဘဲ ခေါင်းသာညိတ်ပြလိုက်တယ်။ နောက်တော့ အေမီနဲ့မက်ဒါနာက မြို့ပျက်ထဲမှာ လျင်မြန်စွာ လှုပ်ရှားရင်း စက်ရုပ်အပျက်တွေဆီက ရနိုင်သမျှဒေတာတွေ ရယူဖို့ကြိုးစားတယ်။
ခဏလောက်ကြာတော့ အေမီက စက်ရုပ်တစ်ရုပ်ဆီကနေ ဒေတာယူနေရင်းက ရပ်လိုက်ပြီး လေးနက်သွားတဲ့ မျက်နှာနဲ့ ပြောလိုက်တယ်။
“အံ့ဩစရာကောင်းလိုက်တာ။ ကမ္ဘာ့ရန်ဘက်တွေ ဖြစ်ခဲ့ကြတဲ့ လူသားတွေနဲ့ပိုးကောင်တွေက လူတစ်ယောက်တည်းကို ခုခံဖို့အတွက် မဟာမိတ်ဖွဲ့ခဲ့ရတာ။ ပြီးတော့ စစ်ပွဲရဲ့အဆုံးမှာ အနိုင်ရခဲ့တာက အဲဒီလူတဲ့လား။ ဆံပင်အဖြူရောင်နဲ့ဆိုတော့ မမလေးရဲ့ မူကွဲများဖြစ်နေမလားပဲ။”
အေမီက ကောက်ချက်ချလိုက်ပြီးတဲ့နောက် မက်ဒါနာကို လှည့်ကြည့်ပြီး သူရခဲ့တဲ့သတင်းကို ပြောဖို့အတွက် ဆုံးဖြတ်လိုက်တယ်။ တစ်ဖက်မှာတော့ မက်ဒါနာက စွန့်ပစ်ခံထားရတဲ့ ကားတစ်စီးကို မှီရပ်နေတယ်။
“မမလေး... ကျွန်မတို့တွေ သဲလွန်စတော့ရပြီထင်တယ်။ ဒီကမ္ဘာကလူတွေက မမလေးရဲ့မူကွဲကိုတားဖို့အတွက် ရှိသမျှနျူလက်နက်တွေကိုထုတ်သုံးခဲ့လို့ အခုလိုမျိုး ဖြစ်သွားခဲ့....”
ရုတ်တရက် အေမီရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။ မက်ဒါနာက မားမားမတ်မတ်မရပ်နိုင်တော့ဘဲ ပုံလျက်သား လဲကျသွားလို့ပါ။
“မမလေး...” အေမီက မက်ဒါနာနားကို ပြေးသွားပြီးတော့ ခါးပတ်က မန်မိုရီစတစ်ကို ဖြုတ်လိုက်တယ်။ နည်းပညာ ဝတ်စုံ မရှိတော့တဲ့နောက် မက်ဒါနာရဲ့ရှိရင်းစွဲ အခြေအနေကို အေမီအတိုင်းသား မြင်လိုက်ရတယ်။
မက်ဒါနာရဲ့မျက်နှာနဲ့ပခုံးအသားအရေတွေမှာ အနီရောင် အစက်အပျောက်တွေရှိနေပြီး အက်စစ်နဲ့အစားခံထားရ သလိုပါပဲ။ ပြီးတော့ နှင်းကိုထိခဲ့တဲ့လက် ရောင်ကိုင်းနေပြီး သွေးတွေထွက်နေတယ်။
“ဘုရားရေ၊ ဓာတ်ရောင်ခြည်သင့်ရာကနေ ဖြစ်လာတဲ့ ဒဏ်ရာတွေလား။ ခဏလေးပဲထိသွားတာတောင်မှ...”
အေမီတစ်ယောက် ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတယ်။ မက်ဒါနာကတော့ စိတ်လျှော့ထားတဲ့ မျက်နှာနဲ့...
“အေမီ၊ ကြည့်ရတာ ငါက နင်တို့ကမ္ဘာကြီးကို မကယ်နိုင်တော့ဘူးနဲ့တူတယ်။”
“အဲဒီလိုမဟုတ်ပါဘူး။ ဂိုင်ယာအာကာစခန်းမှာသာဆိုရင် မမလေးအသက်ကို ကယ်တင်ဖို့အတွက် နည်းလမ်းတွေ အများကြီးရှိတာသေချာတယ်။ အခုချက်ချင်းပဲ မမလေးကို ခေါ်သွားပေးပါ့မယ်။”
အေမီက သေနတ်ကိုထုတ်ပြီး ပေါ်တယ်ပွင့်ဖို့လုပ်ပေမဲ့ သေနတ်က ကျည်ဆန်ထွက်မလာတော့ဘူး။ “မဖြစ်နိုင်တာ၊ သေနတ်က အားအပြည့်ရှိနေတာကို။”
အေမီက မက်ဒါနာရဲ့သေနတ်ကိုယူပြီး စမ်းကြည့်တော့လဲ အတူတူပဲဖြစ်နေတာ တွေ့လိုက်ရတယ်။ “ရေဒီယိုသတ္တုကြွ လှိုင်းတွေက ဒီကမ္ဘာမှာ သိပ်များနေလို့ သေနတ်ထဲက နျူကလီးယားပေါင်းစည်းစွမ်းအင်စနစ်ကို နှောင့်ယှက် နေတာများလား။”
အေမီက ထိတ်လန့်လာတယ်။ “မမလေး၊ ရှင့်ရဲ့တာဝန်တွေ မပြီးသေးဘဲ သေခွင့်မပေးနိုင်ဘူး။”
အေမီက မက်ဒါနာကိုကယ်တင်ဖို့ နည်းလမ်းမရှိလုနီးပါး ဖြစ်နေပြီဆိုတာသိပေမဲ့ အဖြစ်မှန်ကိုငြင်းဆန်ဖို့ ကြိုးစား နေဆဲပါ။ အဲဒီအချိန်မှာပဲ ဝတ်ရုံနက်ကြီးခြုံပြီး ဧရာမဓားကြီး ကျောပိုးထားတဲ့ လူတစ်ယောက်က သူတို့ရှေ့ရောက် ရောက်လာတယ်။
“အို့.... ဒီကမ္ဘာမှာ နောက်ထပ်အသက်ရှင်ကျန်ရစ်သူတွေ မရှိတော့ဘူးလို့ထင်နေတာ။”
အေမီက အဲဒီလူရဲ့မျက်နှာကို ကြည့်လိုက်တယ်။ သူ့မျက်လုံး တစ်လုံးက စက်ရုပ်မျက်လုံးဖြစ်ပြီး တစ်လုံးကတော့ သာမန် လူမျက်လုံးပါ။ မျက်နှာတစ်ခြမ်းက လူရုပ်ပေါ်တဲ့အထိ မီးလောင်ပျက်စီးနေပြီး သိပ်ကိုကြောက်ဖို့ကောင်းနေတယ်။ ခန္ဓာကိုယ်တစ်ခြမ်းက စက်ပစ္စည်းတွေနဲ့ပြည့်နှက်နေပြီး တစ်ခြမ်းကတော့ လူသားခန္ဓာကိုယ်ပါ။ ပြီးတော့ သူ့ဆံပင်တွေက အဖြူရောင်ဖြစ်နေတယ်။
“.....” အဲဒီလူက ဓားကိုကျောပေါ်ကနေ ဆွဲထုတ်တယ်။ အေမီက မက်ဒါနာကိုကာကွယ်ဖို့အသင့်ရှိနေပေမဲ့ သေနတ်တွေက အလုပ်မလုပ်ပါဘူး။ ခဏနေတော့ အဲဒီဆိုက်ဘော့လူရဲ့အကြည့်တွေက လမ်းမပေါ်မှာ လဲကျနေတဲ့ မက်ဒါနာဆီကိုရောက်သွားပြီး...
“မဖြစ်နိုင်တာ.... သူက... ဘယ်လိုလုပ်ပြီးတော့....” ဆိုက်ဘော့က အလွန်တရာတုန်လှုပ်သွားဟန်နဲ့ ပြောလိုက်လေတော့တယ်။