← Chapters

အခန်း (၇၀၀)

Vol. 47 Ch. 700

အခန်း (၇၀၀)

Vol. 47 Ch. 700

အလယ်ပိုင်းဒေသ၏ တောင်ဘက်ပိုင်းမှာတော့ တောင်ကြောချောက်တစ်ခု တည်ရှိလို့နေသည်။ တည်နေရာ တစ်ခုလုံးသည် နက်မှောင်နေပြီး မြက်ပင်တစ်ပင်မှ မပေါက်ရောက်ဘဲ ပြောင်ချောကြီးလိုဖြစ်နေသည်။ ဤနေရာ အား ချောက်နက်ဟု ခေါ်ဆိုကြပေသည်။ ချောက်နက်နှင့်ပတ်သက်ပြီး ထူးခြားချက်များ မရှိတော့ပေ။ ထို့ကြောင့် သာမန်ဟုပင် ဆိုရမည်။

လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းတုန်းက နတ်ဆိုးအင်ပါယာသည် လမ်းမှန်ကျွမ်းကျင်သူများနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ဤနေရာသည် ကျော်ကြားလှသည့် တည်နေရာတစ်ခု ဖြစ်လာခဲ့သည်။

လက်ရှိအခြေအနေမှာတော့ များပြားလှသော ကျင့်ကြံသူများသည် ချောက်နက်ကြီးဆီသို့ နှစ်စဉ် နှစ်တိုင်း လာရောက်၍ လည်ပတ်ကြည့်ရှုကြသည်။ ၎င်းတို့သည် လမ်းမှန်ဂိုဏ်းများနှင့် နတ်ဆိုးဂိုဏ်းများ၏ ကြောက်မက်ဖွယ်ရာကောင်းလှသော တိုက်ခိုက်ပွဲများကို မြင်ယောင်ရင်း လမ်းမှန်ဂိုဏ်းများအား ချီးကျူးလျက် ရှိနေကြ၏။

“ဆိုးဝါးတာက အဲခေတ်တုန်းက ငါမမွေးခဲ့လို့ပဲ၊ မဟုတ်ရင် လောကကြီးတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားတဲ့အထိ နတ်ဆိုးတွေနဲ့ တိုက်ခိုက်နေလိမ့်မယ်”

“အဲတိုက်ပွဲမှာ လမ်းမှန်ဂိုဏ်းက ကျွမ်းကျင်သူတော်တော်များများက သေဆုံးခဲ့ရတယ်၊ ဒါပေမဲ့ ကံကောင်းတာက နောက်ဆုံးအချိန်မှာ နတ်ဆိုးတွေကို သတ်ဖြတ်နိုင်ခဲ့တာပဲ”

ကျင့်ကြံသူနှစ်ယောက်တို့သည် ချောက်နက်ပေါ်တွင် မတ်မတ်ရပ်ကာ ပြောဆိုလျက်ရှိနေကြ၏။ ၎င်းတို့ ပြောဆို နေသည့် စကားလုံး အမူအရာများကို ကြည့်မည်ဆိုပါက လမ်းမှန်ဂိုဏ်းများဖြစ်သည့် ၎င်းတို့၏ ဘိုးဘေးများအား အလွန်တရာ ချီးကျူးသည့်စကားလုံးများ ပြောဆိုနေခြင်းပင်သည်။

“ဂိုဏ်းချုပ်”

ရုတ်တရက်ဆိုသလိုပဲ အနောက်ဘက်ဆီမှ အသံတစ်ခုထွက်ပေါ်လာသည်။ “ဒါက ချောက်နက်လား၊ ဘာမှ ထူးခြားတာလည်း မတွေ့ပါ့လား”

ထိုအရာကို ကြားတော့ ပထမစကားပြောဆိုနေသည့် လူနှစ်ယောက်သည် လှည့်၍ ကြည့်လာခဲ့သည်။ သပ်ရပ်လှ သည့် အဝတ်အစားများကို ဝတ်ဆင်ထားကြသော သိုင်းကျင့်ကြံသူနှစ်ဆယ်ကျော်တို့သည် တည်နေရာတစ်ခုတွင် မတ်မတ်ရပ်လျက် ရှိနေကြ၏။

ရှေ့ဆုံးမှ ဦးဆောင်လာသော သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက်နှစ်ဆယ်နီးပါးခန့်ရှိကာ ထက်မြက်လှသည့်အော်ရာများကို ထုတ်ဖော်လျက်ရှိသည်။

သူမည်သူ ဖြစ်သနည်း။ ကျွင်းချောင်ရှောင်းပင် ဖြစ်တော့သည်။ လက်ရှိအခြေအနေမှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းချုပ် တစ်ယောက်အဖြစ် နှစ်အတန်ကြာ နေထိုင်ခဲ့ပြီ ဖြစ်သောကြောင့် တခြားသူများနှင့်မတူပဲ ဂိုဏ်းချုပ်တစ်ယောက် တွင် ရှိသင့်သည့် ဟိတ်ဟန်များ တည်ရှိနေပြီဖြစ်၏။

လီချင်းယန်က ပြောလိုက်သည်။ “ချောက်နက်က ပုံမှန်အားဖြင့် သာမန်ပါပဲ၊ ဒီနေရာမှာ လမ်းမှန်ဂိုဏ်းတွေနဲ့ နတ်ဆိုးဂိုဏ်းတွေ တိုက်ပွဲဖြစ်တယ်လို့ လူသိများတဲ့ နေရာပဲ”

သူ့အနေနှင့် လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းတုန်းက ကိစ္စကို အနည်းနှင့်အများ သိရှိပြီးဖြစ်သည်။

စုရှောင်မိုက မေးလိုက်သည်။ “ဒုတိယစီနီယာအစ်ကို... နတ်ဆိုးအင်ပါယာက ဒီနေရာမှာ မတ်မတ်ရပ်ပြီးတော့ အရမ်းအားကောင်းလှတဲ့ ကျွမ်းကျင်သူတွေနဲ့ အနိုင်မခံ အရှုံးမပေးဘဲ အကြီးအကျယ် တိုက်ခိုက်ခဲ့တယ်လို့ ကြားခဲ့ရတယ်”

“ဒါကအမှန်ပဲ”

လီချင်းယန်က ပြန်ပြောလိုက်သည်။

စုရှောင်မိုက မေးလိုက်၏။ “နတ်ဆိုးအင်ပါယာက အရမ်းအားကောင်းတာပေါ့”

ထိုအရာကိုကြားတော့ ကျင့်ကြံသူနှစ်ယောက်တို့သည် မျက်မှောင်ကုတ်သွားကြသည်။ နတ်ဆိုးအင်ပါယာသည် တကယ့်နတ်ဆိုးတစ်ယောက်ဖြစ်ကြောင်း လူအားလုံး သိရှိပြီးဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူများသည် ထိုသူ အား ဂုဏ်ပြုချီးကျူးလျက် ရှိနေကြ၏။

စုရှောင်မိုသည် ချောက်၏ အမြင့်တည်နေရာတွင် မတ်မတ်ရပ်ကာ ခမ်းနား လှသော ရှုခင်းကို လှမ်း၍ ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ “ဆိုးတာက အဲခေတ်တုန်းက ငါမမွေးခဲ့ဘူး၊ မဟုတ်ရင် နတ်ဆိုးအင်ပါယာရဲ့ ကြည့်ကောင်းလှတဲ့ တိုက်ခိုက်မှုတွေ အကုန်လုံးကို ကျိန်းသေပေါက် မြင်ခဲ့တာပေါ့”

“ရောင်းရင်းလေးတို့”

အဝေးတစ်နေရာတွင် ရှိသော သိုင်းကျင့်ကြံသူတစ်ယောက်သည် မည်သို့မှ မနေနိုင်ဘဲ အေးစက်စက် ပြောလိုက်၏။ “နတ်ဆိုးအင်ပါယာက ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဒုက္ခပေးခဲ့တာလေ၊ ဒါက လက်သင့်ခံနိုင်စရာ ကိစ္စ မဟုတ်ဘူး၊ ဒီကုန်းမြေတိုက်ကြီးမှာနေတဲ့ လူတစ်ယောက်အနေနဲ့ မင်းတို့က သူ့ကို ရှုံ့ချရမှာမဟုတ်လား၊ ဘာကြောင့် ချီးကျူးနေရတာလဲ”

ချောက်နက်ဆီသို့ ရောက်ရှိလာကြသော သိုင်းကျင့်ကြံသူများသည် တိုက်ပွဲတွင်သေဆုံးခဲ့ကြသော ၎င်းတို့၏ ဘိုးဘေး ကျင့်ကြံသူများကို သတိရလွမ်းဆွတ်သည့်အနေဖြင့် လာရောက်ကြည့်ရှုကြခြင်းဖြစ်သည်။ သို့ပေမဲ့ တစ်စုံ တစ်ယောက်သည် နတ်ဆိုးအင်ပါယာအား ချီးကျူးလျက်ရှိနေ၏။ ၎င်းတို့သည် ဤအရာအား သည်းမခံနိုင်ခဲ့ပေ။

စုရှောင်မို၏ နှုတ်ခမ်းထောင့်များသည် ကော့တတ်သွားသည်။

ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့သော သိုင်းကျင့်ကြံသူများကို အလေးမထားချေ။ ထို့ကြောင့် အသာလျှောက် ထွက်သွားပြီးသည့်နောက် သူ၏ စိတ်ဝိညာဉ် စွမ်းအင်များကို ဖြန့်ကျက်ကာ ချောက်နက်တစ်ခုလုံးဆီသို့ ဖုံးလွှမ်း ကြည့်ရှုလိုက်တော့သည်။ ရုတ်တရက်ဆိုသလိုပဲ သူ၏စိတ်ဝိညာဉ်စွမ်းအင်များသည် တည်နေရာတစ်ခုဆီသို့ ဖြတ်သန်းကြည့်ရှုလိုက်၏။

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို ပိုမိုအာရုံစိုက်ကာ ကြည့်ရှုပြီးသည့်နောက်မှာတော့ တားဆီး ထားသော အတားအဆီးများကို ဖောက်ထွင်းကာ ကြည့်ရှုလျက်ရှိနေ၏။ အတားအဆီး၏ အခြားတစ်ဖက်တွင် တော့ လှိုဏ်ဂူတစ်ခု ရှိလို့နေသည်။ အထဲတွင် မည်သည့်အရာများမှ မရှိချေ။ ဖုန်များသာ တစ်ထောင်းထောင်းနှင့် ရှိနေသည်။

ဆိုလိုသည့်အဓိပ္ပာယ်မှာ ဤနေရာသည် အရင်တုန်းက တစ်စုံတစ်ခု ရှိခဲ့ပုံပေါ်ပြီး တစ်စုံတစ်ယောက် သည် ယူဆောင်သွားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းက ခန့်မှန်းလိုက်၏။ “ဒါက နဂါးနက်မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရှာဖွေတွေ့ရှိခဲ့တဲ့ နတ်ဆိုးအင်ပါယာရဲ့ လှိုဏ်ဂူဆိုတာ ဖြစ်လိမ့်မယ်၊ ဒီကျောက်ပြားပေါ်မှာ သွေးဆာလောင်နည်းစနစ်ကို တင်ခဲ့တာပဲ ဖြစ်ရမယ်”

“ဒါက ဟုတ်နိုင်တယ်” စနစ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ဆက်လက်ကာ ကြည့်ရှုနေလိုက်သည်။ သို့ပေမဲ့ သူသည် မည်သည့်အရာကိုမှ ရှာဖွေမတွေ့ရှိခဲ့ပေ။ သူသည် ချောက်နက်ဆီသို့လာ၍ လှိုဏ်ဂူကို လာရောက်ရှာဖွေခြင်း ဖြစ်သည်။ သို့ပေမဲ့ မည်သည့်သဲလွန်စကိုမှ မတွေ့ရချေ။ ရလဒ်အားဖြင့် စိတ်ပျက်စရာ ကောင်းလှသည်။

“အင်း”

ကျွင်းချောင်ရှောင်းသည် သက်ပြင်းကို ချလိုက်မိ၏။ “ဘာသဲလွန်စမှ မရှိပါလား၊ ဟမ်”

သူ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ထပ်မံကာ ဖြန့်ကျက်ကြည့်ရှုလိုက်ပြီးသည့်နောက်မှာတော့ အခြားသော အတားအဆီး အစီအရင်တစ်ခုအား ရုတ်တရက် တွေ့လိုက်ရသည်။ ပြီးနောက် သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒီမှာ လှိုဏ်ဂူတစ်ခုထက်ပိုပြီး ရှိနေတာလား”

သူဆက်လက်ကာ ကြည့်ရှုလိုက်၏။

ဝှစ်

စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်ကာ ထွင်းဖောက်ကြည့်ရှုလိုက်ပြီးမိသည်။ ထိုအချိန်မှာပဲ ဒုတိယ အတားအဆီးသည် ကျိုးပြတ်သွားပြီး သေးငယ်လှသည့် လှိုဏ်ဂူလေးတစ်ခုသည် ပေါ်ပေါက်လာသည်။ ထိုလှိုဏ်ဂူလေးထဲတွင်တော့ ကျောက်စင်မြင့်လေးတစ်ခု တည်ရှိနေသည်။ ကျောက်စင်မြင့်ပေါ်မှာတော့ အမဲရောင်သေတ္တာ လေးတစ်လုံး ရှိနေ၏။ သမိုင်းဝင် တန်ဖိုးရှိသည့်အရာတစ်ခု တည်ရှိနေခြင်း ဖြစ်ပုံပေါ်သည်။

ဝှစ်

ကျွင်းချောင်ရှောင်းသည် ချောက်အောက်ထဲသို့ ရုတ်တရက် ခုန်ချလိုက်တော့သည်။ ဤကဲ့သို့ ရုတ်တရက်ပြုမူ လိုက်သော အပြုအမူသည် တခြားသော ကျင့်ကြံသူများကို ရုတ်တရက် ဆွံ့အသွားစေ၏။ အဘယ်ကြောင့် နေရင်း ထိုင်ရင်း ချောက်ထဲသို့ ခုန်ချရသနည်း။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးမှာတော့ ဂရုမစိုက်ကြချေ။ ဂိုဏ်းချုပ်သည် အလွန်တရာ အားကောင်းလွန်းလှ၏။ ထို့ကြောင့် ချောက်ထဲသို့ ပြုတ်ကျသွားမည်ဆိုလျှင်ပင် သေဆုံးနိုင်မည် မဟုတ်ချေ။

.............

ဘုတ်

ချောက်၏ အောက်ခြေသို့ရောက်ရှိချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဒုတိယလှိုဏ်ဂူရှိရာဆီသို့ အသာ လျှောက်သွားလိုက်၏။ မကြာခင်မှာပဲ သူသည် လှိုဏ်ဂူထဲသို့ ရောက်ရှိသွားပြီးနောက် ကျောက်စင်မြင့်တွင် မတ်မတ်ရပ်လိုက်သည်။ ပြီးနောက် သူသည် ကျောက်စင်မြင့်ပေါ်တွင်ရှိသော သေတ္တာလေးအား အသာဖွင့်ကြည့် လိုက်၏။ သေတ္တာဆီမှ အမဲရောင်ဓာတ်သဘာဝတစ်ခုသည် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ လေထုထဲတွင် ပျောက်ကွယ်သွား၏။ “ဒါက အန္တရာယ်မရှိဘူးပဲ”

ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသွားမိ၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဖြစ်တည်လာသော စိတ်ဝိညာဉ် ချပ်ဝတ်သည် အလိုအလျောက် ဖယ်ရှားသွား၏။ ဖွင့်လိုက်သော အမဲရောင်သေတ္တာထဲမှာတော့ နတ်ဆိုးကျမ်းစာဟု ရေးသားထားသော စာအုပ်တစ်အုပ် တည်ရှိနေသည်။

“ဒါက ကျင့်ကြံခြင်းနည်းစနစ်တစ်ခုလား”

ကျွင်းချောင်ရှောင်းသည် လျှို့ဝှက်စာအုပ်ကို စိတ်ဝိညာဉ်စွမ်းအင်များဖြင့် အသာလှမ်းကာ ယူလိုက်၏။ ထိုစာအုပ် ထဲတွင် သေးငယ်သောစာလုံးများ အများအပြားရေးထားသည်ကို မြင်ရ၏။

ပါဝင်ထားသည့် အကြောင်းအရာမှာ “နတ်ဆိုးအင်ပါယာဂိုဏ်းက နှစ်ခြမ်းကွဲသွားခဲ့တယ်။ သစ္စာဖောက်တွေက ဒီကျမ်းစာကို လုယူဖို့ ကြိုးစားခဲ့ကြတယ်၊ ဒါကြောင့် နတ်ဆိုးအင်ပါယာက ချောက်နက်ထဲမှာ အတားအဆီး အစီအရင်တစ်ခုကို လုပ်ပြီးတော့ ကျင့်ကြံခြင်း နည်းစနစ်ကို သိမ်းဆည်းထားခဲ့တာပဲ”

လက်ရေးသည် ရှုပ်ပွလျက်ရှိ၏။

ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူမှာ အလောတကြီးနှင့် ရေးသားထားခဲ့ရခြင်း ဖြစ်ကြောင်း နားလည်လိုက်မိသည်။

“သစ္စာဖောက်တွေ ဟုတ်လား၊ ဒါက နတ်ဆိုးဂိုဏ်းရဲ့ အကြွင်းအကျန်တွေပဲလား”

ကျွင်းချောင်ရှောင်းသည် နတ်ဆိုးကျမ်းစာအား အသာကြည့်၍ တီးတိုးရေရွတ်လိုက်၏။ “ဒီကျင့်ကြံခြင်းနည်းစနစ်က နတ်ဆိုးအင်ပါယာရဲ့ သိုင်းနည်းစနစ် ဖြစ်လိမ့်မယ်”

ကုန်းမြေတိုက်ကြီးတစ်ခုလုံးနှင့် ရင်ဆိုင်ယှဉ်ပြိုင်တိုက်ခိုက်ရဲနေသည့် ကျွမ်းကျင်သူကြီးတစ်ယောက်အနေနှင့် နတ်ဆိုးအင်ပါယာ အသုံးပြုခဲ့သော သိုင်းနည်းစနစ်များသည် သာမန်ထက်ပိုပေလိမ့်မည်။ သူသည် အဘယ်ကြောင့် လွယ်လွယ်ကူကူနှင့်ရရှိနေသနည်း။ ဤအရာမှာ ကြောင်တောင်တောင်နိုင်လွန်း၏။

“မဟုတ်သေးဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အစီအရင်အတားအဆီးရှိတာကို ဒီမှာရှိတဲ့လူတိုင်းက လွယ်လွယ်ကူကူ ရှာတွေ့နိုင်တာပဲ၊ ဘယ်လိုဖြစ်ပြီး ငါလာတဲ့ အထိ စောင့်နေရတာလဲ”

သူ့အနေနှင့် နတ်ဆိုးဂိုဏ်းမှာ အကြွင်းအကျန်များကို စုံစမ်းချင်နေ၍ ဖြစ်သည်။ အမှတ်မထင်ဆိုသလိုပဲ နတ်ဆိုး အင်ပါယာကျင့်ကြံခဲ့သည့် ကျမ်းစာအား ရရှိခဲ့သည်။

ဤဖြစ်စဉ်တစ်ခုလုံးသည် ရိုးရှင်းလွန်းနေ၏။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် သံသယပင် ဝင်နေမိ၏။

ထို့အပြင် နဂါးနက်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်သည် ပထမလှိုဏ်ဂူကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ဤနေရာတွင် လှိုဏ်ဂူတစ်ခုရှိနေသည်ကို ထပ်မံ၍ မရှာဖွေခဲ့သနည်း။ ပထမလှိုဏ်ဂူအတွင်းမှ ရရှိခဲ့သော သွေးဆာလောင်နည်းစနစ်ကိုသာ ယူ၍ ပြန်သွားခဲ့သည်မှာတော့ မဖြစ်နိုင်ခဲ့ချေ။

ပို၍ စဉ်းစားလေ၊ ဤနေရာ၌ ဇဝေဇဝါ ဖြစ်လေပင်။

ကျွင်းချောင်ရှောင်းသည် ခေါင်းကို အသာခါယမ်းလိုက်ပြီးသည့်နောက် နတ်ဆိုးကျမ်းစာအား သိုလှောင် လက်စွပ်ထဲသို့ ပစ်ထည့်ကာ လှိုဏ်ဂူအပြင်ဘက်ဆီသို့ လျှောက်ထွက်သွား၏။ သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို ထပ်၍ အာရုံဖြန့်ကျက်ပြီး ချောက်နက်အတွင်း ရှာဖွေလိုက်၏။ သို့ပေမဲ့ မည်သည့် အစီအရင်တစ်ခုကိုမှ ရှာဖွေ မတွေ့ရှိခဲ့ပေ။ ထို့ကြောင့် သူ၏ တပည့်များရှိရာဆီသို့ ပြန်လာလိုက်သည်။

“ချင်းယန်”

ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။ “ဒီချောက်အောက်မှာ အစီအရင်တစ်ခု ရှိနေတယ်၊ မင်းတို့ ဒါကိုရှာတွေ့လား”

“အစီအရင် ဟုတ်လား”

လီချင်းယန်သည် ကြောင်အအဖြင့် ပြန်ပြောလိုက်၏။ “မရှိပါဘူး”

“မရှိဘူး ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။

သူ့အနေနှင့် အစီအစဉ်တစ်ခုလုံးတည်ရှိနေသည်ကို သိရှိခဲ့ရုံမက ထိုအစီ အရင်ကိုပင် ဖောက်ထွင်းကာ ဝင်ခဲ့သေး၏။ အဘယ်ကြောင့် တခြားသူများသည် ရှာဖွေမတွေ့ရှိရသနည်း။ လီချင်းယန်ပင်မကပေ။ ပြိုင်စံရှားဂိုဏ်းတွင် ရှိနေသော တခြားသောတပည့်များသည် စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ကာ တစ်ယောက်ပြီးတစ်ယောက် ကြည့်ရှုလိုက်ကြ၏။ သို့ပေမဲ့ သူတို့သည် မည်သည့်အရာကိုမှ ရှာဖွေ မတွေ့ရှိပေ။

ကျွင်းချောင်ရှောင်းက မေးစေ့ကိုပွတ်သပ်ကာ ပြောလိုက်၏။ “ကြည့်ရတာ ဒီချောက်နက်အောက်မှာ အစီအရင်တစ်ခု ရှိနေတယ်ဆိုတာ ငါပဲ ရှာဖွေတွေ့ရှိနိုင်တာလား”

All Chapters