အခန်း (၇၀၁)
Vol. 47 Ch. 701
ကျွင်းချောင်ရှောင်းသည် ချောက်နက်ဆီသို့ ရောက်ရှိလာပြီး နတ်ဆိုးကျမ်းစာအား ရှာဖွေတွေ့ရှိခဲ့သည် ဆိုသော်လည်း နတ်ဆိုးဂိုဏ်း၏ အကြွင်းအကျန်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို ဘာတစ်ခုမှ မရရှိခဲ့ပေ။ ထို့ကြောင့် တပည့်များနှင့်အတူ ထွက်ခွာရန်ပဲ ရှိတော့သည်။
လမ်းတစ်လျှောက်မှာတော့ သူသည် အဘယ်ကြောင့် ချောက်နက်ကြီးအောက်တွင်ရှိသော အတားအဆီး အစီအရင်အား အဘယ့်ကြောင့် သူတစ်ယောက်တည်း ရှာဖွေတွေ့ရှိနိုင်ခဲ့ကြောင်းကို တောက်လျှောက်စဉ်းစားနေ၏။
သို့မဟုတ် အစီအရင်ကို ဖန်တီးခဲ့သောသူသည် သာမန် ကျင့်ကြံသူများ ရှာဖွေမတွေ့ရှိနိုင်စေရန် တားဆီးခဲ့လေသည်လား။ ဤသို့ဆိုရင် အဘယ်ကြောင့် နဂါးနက်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်သည် ချောက်နက်ထဲတွင်ရှိသော အတားအဆီးအစီအရင်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရသနည်း။
စနစ်ကပြောလိုက်သည်။ “ဒါက အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်တာပဲ”
“ဒါကလည်း မှန်တာပဲ” ကျွင်းချောင်ရှောင်းသည် ပြန်လည်ကာ ပြောဆိုလိုက်တော့သည်။ နတ်ဆိုးအင်ပါယာအား သစ္စာဖောက်သွားခဲ့သော နတ်ဆိုးဂိုဏ်း၏ အကြွင်းအကျန်များ အားလုံးနှင့် မျက်နှာဖုံးတပ် အမှောင်ဂိုဏ်းမှ လူများသည် ဆက်စပ်မှု ရှိနေ သည်လားကို သူသေချာ မသိရှိနိုင်ပေ။
အကယ်၍ ဆက်စပ်မှု ရှိနေသည်ဆိုပါက သူ့အနေနှင့် ဆက်လက်ကာ ရှာဖွေ ရပေလိမ့်မည်။ မရှိပါကလည်း ဆက်လက်ကာ ရှာဖွေရပေလိမ့်မည်။ ဘာမှထူးခြားသည်တော့ မဟုတ်ပေ။
စနစ်က ပြောလိုက်သည်။ “သူတို့က ရောင်မုန့်ယဉ်ဆီမှာ သန္ဓေနတ်ဆိုးခန္ဓာကိုယ်ရှိတယ်ဆိုတာကို အစောကြီးကတည်းက ရှာဖွေတွေ့ရှိသွား လို့ ဖြစ်လိမ့်မယ်၊ ဒါကြောင့် လက်ခံသူကို ပစ်မှတ်ထားနေတာလည်း ဖြစ်နိုင်တယ်”
ကျွင်းချောင်ရှောင်းသည် သူ၏နဖူးကို ပွတ်ကာ ပြောလိုက်သည်။ “ဒါက ဖြစ်နိုင်တယ်”
သေသေချာချာ စဉ်းစားကြည့်မည်ဆိုလျှင် ရောင်မုန့်ယဉ်သည် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို နိုးထလာပြီးသည့်နောက် မှာ ဤအမှောင်ဂိုဏ်းဆိုသည်က ပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။
“အင်း”
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိလိုက်၏။ “ဒီအမှောင်ဂိုဏ်းက ဘယ်ကလာသလဲဆိုတာကို ရှာမတွေ့မချင်း နေ့စဉ်နေ့တိုင်း ငါနေရထိုင်ရ အဆင်ပြေနေမှာ မဟုတ်ဘူး”
စနစ်က ပြောလိုက်သည်။ “တကယ်လို့ သူတို့က ရောင်မုန့်ယဉ်အတွက်သာဆိုရင် ချက်ချင်းကျိန်းသေပေါက် ထပ်ပြီးလှုပ်ရှားမှာပဲ။ လက်ခံသူ အနေနဲ့ စိတ်ပူနေစရာ မလိုပါဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါက သူတို့အနေနဲ့ လှည့်ကွက်တွေ အသုံးပြုပြီး တပည့်တွေ နာကျင်ထိခိုက်အောင်လုပ်မှာကိုပဲ စိုးရိမ်တယ်”
အကယ်၍ သူ့ဆီကိုသာရောက်လာမည်ဆိုလျှင် သူသည် မည်သို့မှ ဂရုစိုက်လိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ ဂိုဏ်းထဲ တွင် များပြားလှသော တပည့်များ တည်ရှိနေသည်။ တစ်ဖက်လူများသည် ယုတ်မာသော လှည့်စားချက်များကို ပြုလုပ်သည်ဆိုပါက တစ်စုံတစ်ခု မကြာခင် ဖြစ်ပေါ်လာပေလိမ့်မည်။
အရှေ့မှ ရောက်ရှိလာသည့် ဓားအား ရှောင်တိမ်းရန် လွယ်ကူလှသည် ဆိုသော်လည်း နောက်ကွယ်မှ ပစ်ခတ်လိုက်သည့်မြားကိုတော့ ရှောင်တိမ်းရန် ခက်ခဲလှ၏။
သူ့အနေနှင့် ရွေးချယ်ရန် အခွင့်အရေးရှိမည်ဆိုပါက သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း၊ နတ်ဆိုးမိစ္ဆာဂိုဏ်းတို့လို တတိယအဆင့် မိစ္ဆာဂိုဏ်းများနှင့် ပွင့်ပွင့်လင်းလင်း ရင်ဆိုင်တိုက်ခိုက်ချင်၏။ သို့ပေမဲ့ မည်သည့်နေရာတွင် ရှိမှန်း မသိသော အမှောင်ဂိုဏ်းဆိုသော ဂိုဏ်းတစ်ခုနှင့်မူ ရင်ဆိုင်ရန် မရွေးချယ်ချင်ပေ။
“ဂိုဏ်းချုပ်”
စုရှောင်မိုက ပြောလိုက်သည်။ “နဂါးကျားတိုက်ပွဲအတွက် တည်နေရာကို သွားနေကြတာလား”
“ဟုတ်တယ်”
“ကောင်းလိုက်တာ” ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် ရုတ်တရက် စိတ်လှုပ်ရှားသွားကြသည်။ သူတို့သည် အလယ်ပိုင်းဒေသသို့ ဝင်ရောက်လာကတည်းက စိတ်ဝိညာဉ်စွမ်းအင်များ များပြားစွာရရှိနေသည်ကို ခံစားမိ၏။ ထို့ပြင် များပြားလှသော ကျင့်ကြံသူများကို တွေ့ဆုံပြီးသည့်နောက် နဂါးကျားတိုက်ပွဲအတွက် စိတ်လိုလက်ရ တိုက်ခိုက်ရန် စိတ်ဆန္ဒ ပြင်းပျ လျက်ရှိနေကြ၏။
........
အင်ပါယာမြို့
တခြားသော ပြည်နယ်မြို့များနှင့် နှိုင်းယှဉ်၍ မရအောင် ကြီးမားပြီး ခန့်ညားဝံ့ထည်လွန်းလှသော အင်ပါယာ မြို့ကြီးပင်ဖြစ်သည်။ ကုန်းမြေတိုက်ကြီး၏ တည်နေရာအနှံ့တွင် တော်ဝင်မြို့များရှိသည်ဆိုသော်လည်း အလယ်ပိုင်းဒေသရှိ မြို့မှာတော့ ရိုးရိုးတော်ဝင်မြို့ပင်မဟုတ်တော့ဘဲ အင်ပါယာမြို့ဟုပင် သတ်မှတ်ထားကြသည်။
ယခုနှစ် နဂါးကျားတိုက်ပွဲသည် အင်ပါယာမြို့တွင် ကျင်းပမည်ဖြစ်သည်။ သမိုင်းဝင်မှတ်တမ်းများအရဆိုလျှင် ဤမြို့သည် တည်ဆောက်ထားခဲ့သည်မှာ ရှေးယခင်တည်းကပင်ဖြစ်ပြီး ရှည်လျားသည့် သမိုင်းကြောင်းကို ပိုင်ဆိုင်၏။
ကျွင်းချောင်ရှောင်းသည် ချောက်နက်ကြီးဆီမှ မည်သည့်သဲလွန်စကိုမှ ရှာဖွေ မတွေ့ရှိရပြီးသည့်နောက် တပည့်များ အား ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
အင်ပါယာမြို့သည့် လုံခြုံစွာဖြင့် စောင့်ကြပ်လျက်ရှိနေ၏။ အကယ်၍ အထဲသို့ဝင်ရောက်ချင်သည်ဆိုပါက တိကျသေချာသော အသိအမှတ်ပြုမှုကတ်ပြားများကို ပြသရန် လိုအပ်နေ၏။
“ခင်ဗျားက ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား” စစ်ဆေးကြည့်ရှုသူသည် အထောက်အထား အချက်အလက်များကို ကြည့်ရှုပြီးသည့်နောက် သေသေချာချာ စစ်ဆေးလိုက်သည်။
ကျွင်းချောင်ရှောင်း၏ နှလုံးခုန်သံများသည် မြန်ဆန်သွားသည်။ သူသည် တွေးလိုက်မိ၏။ “ဒီအင်ပါယာမြို့ထဲမှာတောင် ငါ့အယောင်ဆောင်တဲ့ တစ်ယောက်ယောက် ရောက်နေပြန်ပြီလား”
အယောင်ဆောင်ဆိုသည့်လူအကြောင်းကို တွေးမိလိုက်ချိန်မှာတော့ သူသည် ကျိုးဒူဒူ အကြောင်းကို စဉ်းစား လိုက်မိ၏။ ဤလူသည် ငယ်ရွယ်စဉ်ကတည်းက လှည့်စားလိမ်ညာတတ်သည့်လူတစ်ယောက်ဖြစ်ပြီး လက်ရှိ အခြေအနေတွင် ဂိုဏ်း၌ ချုပ်နှောင်ခြင်း ခံထားရသည်။
တပည့်များသည် မည်သည့်လုပ်စရာများ မရှိသည့် အခြေအနေမျိုးတွင် ၎င်းအား သဲအိတ်ကဲ့သို့ အသုံးပြုကာ သွားရောက်ထိုးကြိတ်ကန်ကြောက်တတ်သည့် အလေ့ အထပင် ဂိုဏ်းထဲတွင် ဖြစ်ပေါ်လျက်ရှိ၏။
အအေးနန်းတော်မှ ဘိုးဘေးအကြီးအကဲကြီးသည် သနားစရာကောင်းလှသည်ဆိုသော်လည်း အနိမ့်ဆုံးအားဖြင့် သူသည် တံမြက်စည်းလှဲသည့်အလုပ်ကို လုပ်ကိုင်ရ၏။ သို့ပေမဲ့ ကျိုးဒူဒူ မှာတော့ ဂိုဏ်း၏ သက်ရှိသဲအိတ်ကြီး လိုပင် ဖြစ်နေတော့သည်။ ၎င်းသည် အဘယ်ကြောင့် ကျွင်းချောင်ရှောင်းအစား အယောင်ဆောင်ရသနည်း။ ဤကဲ့သို့ ခံရသည်မှာလည်း သနားစရာဟု သတ်မှတ်၍မရချေ။
“ဝင်ကြတော့” စစ်ဆေးသူအစောင့်သည် လက်ကိုယမ်းခါကာ ပြောလိုက်သည်။
အထဲသို့ဝင်ရောက်ခွင့် ရရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တပည့်များကို ဦးဆောင်ကာ မြို့၏ဂိတ်တံခါးပေါက်မှတဆင့် အင်ပါယာမြို့ထဲသို့ လှမ်းဝင် လိုက်တော့၏။
သို့ပေမဲ့ စစ်ဆေးသည့်သူများ၏ မျက်လုံးထဲတွင် ထူးဆန်းသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။ ဤထူးဆန်းစွာ ဝတ်ဆင်ထားကြသော သိုင်းကျင့်ကြံသူများအားလုံးသည် ပြိုင်စံရှားဂိုဏ်းမှ တပည့်များ ဖြစ်နေမည်ဟု သူတို့ မထင်မှတ်မိခဲ့ပေ။ ရှေ့ဆုံးမှ ဦးဆောင်နေသည့် လူငယ်သည် ကျွင်းချောင်ရှောင်းပင် ဖြစ်နေတော့၏။
မြို့၏ဂိတ်တံခါးဆီမှ လျှောက်ဝင်လာပြီးသည့်နောက်မှာတော့ အလွန်တရာ ကျယ်ဝန်းလှသော လမ်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤနေရာရှိ ကျောက်ချပ်များအားလုံးသည် သပ်ရပ်လှပလှပြီး ဟိုးတုန်းကတည်းက တည်ရှိ ခဲ့သည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။
ကျွင်းချောင်ရှောင်းတို့သည် ထိုလမ်းပေါ်သို့ လှမ်းတက်လိုက်ပြီးသည့် နောက်မှာတော့ စိတ်တစ်ခုလုံးသည် သက်ရောက်မှုကို ခံစားလိုက်ရသည်။ တည်နေရာမှာပင် ချက်ချင်း ရပ်တန့် သွား၏။
လီချင်းယန်နှင့် တခြားသူများမှာလည်း ထိုကဲ့သို့ ခံစားလိုက်ရ၏။ သူတို့သည့် ခဏလောက် တွေဝေသွားကြ၏။ မျက်လုံးထဲတွင်တော့ များပြားလှသည့် ပုံရိပ်များ ဖြစ်တည်လာခဲ့သည်။ ဤရှေးဟောင်းမြို့ကြီးသည် အတိတ်ဖြစ်စဉ်များအား ၎င်းတို့အား ပြောဆိုနေခြင်းပင်ဖြစ်သည်။
“ဒီလူတွေက အင်ပါယာမြို့ကို ပထမဦးဆုံးအကြိမ် ရောက်လာတာ ဖြစ်လိမ့်မယ်”
လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေကြသော လူများအားလုံးသည် သူတို့အား လှမ်းကြည့်ကာ ပြုံးလိုက်မိကြ၏။ အင်ပါယာမြို့တွင် ထူးခြားချက်တစ်ခုရှိသည်။ ဤအင်ပါယာမြို့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သက်တမ်း အရင့်ဆုံး မြို့ကြီးတစ်မြို့ဖြစ်ပြီး ပထမဆုံးအကြိမ် ဝင်ရောက်သော သူများအားလုံးသည် သမိုင်းမှတ်တမ်း ပုံရိပ် ယောင်များကို မြင်တွေ့ခံစားတက်ကြရ၏။
ဤကဲ့သို့သော အော်ရာများသည် တစ်စုံတစ်ယောက်၏ အတွေးကို သက်ရောက်နေပြီး မြို့ထဲသို့ ဝင်ရောက်လာပြီး ဤလမ်းပေါ်မှ ဖြတ်လျှောက် သွားမည်ဆိုပါက အတိတ်၏ ပုံရိပ်များသည် စိတ်နှလုံးထဲသို့ ဝင်ရောက်ပြီး တွေဝေငေးငိုင်ခြင်းဖြင့် ငူငူကြီး ရပ်နေလျက်ပင် ရှိတော့မည် ဖြစ်သည်။ သိုင်းဘုရင်၊ သိုင်းအုပ်စိုးသူ မည်သူပင်ဖြစ်စေ အင်ပါယာမြို့ထဲသို့ ဝင်ရောက်မည်ဆိုပါက ဤသို့သော ခံစားမှုမျိုးကို ချက်ချင်းပင် ကြုံတွေ့ရမှာ ဖြစ်သည်။
“သွားကြစို့”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ချက်ချင်းဆိုသလိုပဲ အသိဝင်ပြီးနောက် သူသည် အရှေ့သို့ လှမ်းတက် သွား၏။
တပည့်များသည်လည်း ချက်ချင်းဆိုသလိုပဲ အသိဝင်သွားပြီး ၎င်းတို့၏ ဂိုဏ်းချုပ်နောက်သို့ လိုက်ပါသွား ကြသည်။
မြို့ထဲတွင် ရှိနေကြသော သိုင်းကျင့်ကြံသူများ အားလုံးသည် ဆွံ့အသွားကြ၏။ အချိန်ခဏလေးပဲ သက်ရောက်မှုကို ခံလိုက်ရသည်။ ဤအရာမှာ အလွန်ပင် မြန်ဆန်လွန်းနေသည်။ သို့မဟုတ် ၎င်းတို့သည် အင်ပါယာမြို့ကို အစောကြီးကတည်းက ရောက်ဖူးကြသည်လား။ ဂိုဏ်းချုပ်ကျွင်းနှင့် ၎င်း၏ တပည့်များသည် အင်ပါယာမြို့တွင် နေထိုင်ကြသူများကို အံ့အားသင့်စေခဲ့၏။
.............
အင်ပါယာမြို့မှာ အလွန်တရာကြီးမားလွန်းလှ၏။ ခရိုင်သေးသေးလေးထဲတွင်တောင်မှ များပြားလှသော လမ်းများ တည်ရှိနေသည်။ ဖြတ်သန်းဖြတ်လာသူများနှင့် တရစပ်သွားလာကာ စည်ကားလျက်ရှိနေသည်။ နဂါးကျားတိုက်ပွဲ ကျင်းပရန် တစ်လကြာ လိုအပ်နေသေး၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အရင်ဆုံး ရောက်ရှိလာသည် ဖြစ်သောကြောင့် စားသောက်ခန်းတစ်ခုကို ရှာဖွေကာ နေထိုင်မှ ဖြစ်ပေလိမ့်မည်။
“ဂိုဏ်းချုပ်”
လမ်းတစ်လျှောက်မှာတော့ လီချင်းယန်က ပြောလိုက်သည်။ “အရှေ့မှာ ထန်မိသားစုရဲ့ ဆေးလုံးအရောင်းဆိုင် ရှိနေတယ်”
“ဟင်”
ကျွင်းချောင်ရှောင်းသည် လှမ်းကြည့်လိုက်သည့်နောက်မှာတော့ လူစည်ကားရာလမ်းထဲတွင် ဖွင့်လှစ်ထားသော ထန်မိသားစု၏ ဆေးလုံးအရောင်းဆိုင်အား မြင်လိုက်ရ၏။ ဆေးလုံးအရောင်းဆိုင်အပေါက်မှာတော့ များပြားလှ သည့်ကျင့်ကြံသူများ စုဝေးလျက်ရှိပြီး ချီစုစည်းခြင်းဆေးလုံးအား ဝယ်ယူရန် စောင့်ဆိုင်းလျက်ရှိသည်။
“စီးပွားရေးက ကောင်းတာပဲ”
စုရှောင်မိုက ပြုံးကာပြောလိုက်သည်။ “ဂိုဏ်းချုပ်... ကျွန်တော်တို့သွားပြီးတော့ ကြည့်ကြမလား”
“အရင်ဆုံး စားသောက်ဆိုင်တစ်ခုကိုပဲ ရှာကြရအောင်”
ကျွင်းချောင်ရှောင်းသည် ထိုသို့ပြောဆိုကာ ထွက်ခွာသွားရန်ပြင်ဆင်နေစဉ်မှာပဲ အစေခံကဲ့သို့ အဝတ်အစားများကို ဝတ်ဆင်ထားသောလူတစ်ယောက်သည် ရှေ့သို့လှမ်းတက်လာပြီး လက်သီးကိုဆုပ်ကာ ပြောဆို၏။ “ဂိုဏ်းချုပ်ကျွင်း... ကျုပ်တို့သခင်လေးက နေထိုင်ဖို့နေရာ စီစဉ်ပြီးပါပြီ၊ ကျေးဇူးပြုပြီး လိုက်ခဲ့ပါ”
“ခင်ဗျားတို့သခင်လေးက”
ထိုသူသည် တီးတိုးပြောလိုက်၏။ “ထန်မိသားစုရဲ့ ဒုတိယသခင်လေး”
သူ၏စီးပွားဘက်သည် သတင်းအချက်အလက် စုံစမ်းရာတွင် အလွန်တရာ ကောင်းမွန်လွန်းလှ၏။ သူတို့ လာရောက်မည်ဆိုသည်နှင့် တပြိုင်တည်း အရာအားလုံးကို စီစဉ်ပေးထားတော့သည်။
“ကျေးဇူးပြုပြီး လမ်းပြပါအုံး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
အစေခံ၏ လမ်းညွှန်ပြသမှုအောက်မှာပဲ ၎င်းတို့သည် များပြားလှသော လမ်းများကို ဟိုကွေ့ ဒီချိုးဖြင့် သွားလာရင်း ကြီးမားလှသည့် အိမ်တော်တစ်ခုရှေ့တွင် ရပ်တန့်လိုက်သည်။ သူတို့ အထဲသို့ လျှောက်ဝင်သွားပြီးသည့်နောက်မှာတော့ ဟောခန်းထဲတွင်ရှိသော ထန်ရမ်သည် လျှောက်ထွက်လာခဲ့သည်။ သူသည် လက်သီးကို ဆုပ်ကာဖြင့် ပြုံးကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ရောက်လာပြီလား”
“သခင်လေးထန်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်ကို ဒီလိုဖိတ်ခေါ်ထားတာကိုး”
ထန်ရမ်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက ထင်ထင်ပေါ်ပေါ် နေရတာကို မကြိုက်ဘူးလေ၊ ဒါကြောင့် ကျုပ်က ကြီးကြီးကျယ်ကျယ် ကြိုဆိုပွဲတွေ မလုပ်ရဲတာပေါ့”
ပြိုင်စံရှားဂိုဏ်းသည် နဂါးကျားတိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့်အကြောင်း သူအစောကြီးကတည်းက သိရှိပြီး ဖြစ်သည်။ ထို့ကြောင့် အင်ပါယာမြို့တွင်ရှိသော ထန်မိသားစုအနေဖြင့် ထန်ရမ်သည် အိမ်ရှင်တစ်ယောက်လို ဆက်ဆံ ရတော့မှာဖြစ်သည်။
ထို့အပြင် သူ့အနေနှင့် ဂိုဏ်းချုပ်ကျွင်းနှင့်အတူတူ စီးပွားရေးပြုလုပ်နေသည်ဖြစ်ကြောင်းကို တခြားသူများအား သိရှိမခံနိုင်ပေ။ ထို့ကြောင့် ရိုးရှင်းစွာဖြင့် ဧည့်ခံရန်သာ ဆုံးဖြတ်လိုက်တော့သည်။ မဟုတ်ပါက မြို့၏ ဂိတ်တံခါးတွင်ပင် စည်စည်ကားကားနှင့် သွားရောက်ကြိုဆိုနေမိမှာ သေချာ၏။
ဤကဲ့သို့ တစ်စုံ တစ်ယောက်ကို လျှို့ဝှက်စွာ ပို့ဆောင်ပြီး ကျွင်းချောင်ရှောင်းကို ဖိတ်ခေါ်လိုက်မှုသည် ကျွင်းချောင်ရှောင်းအား အလွန်ပင် စိတ်ချမ်းသာစေ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ဆောင်ပုဒ်သည် သိုသိုသိပ်သိပ်နေထိုင်ရန်ပင်ဖြစ်သည်။
“ဂိုဏ်းချုပ်ကျွင်း”
ထန်ရမ်က ပြောလိုက်သည်။ “ဒီအိမ်တော်က ကျုပ်ရဲ့အိမ်တော်ပဲလေ၊ ပတ်ဝန်းကျင်က အရမ်းကြီးအကောင်းကြီး မဟုတ်ပေမယ့် စားသောက်ခန်းမှာ နေရတာထက်တော့ ပိုပြီးသန့်ရှင်းတယ်၊ စိတ်မရှိဘူးဆိုရင် ခင်ဗျားရဲ့တပည့်တွေကို ဒီမှာ အရင်ဆုံးနေထိုင်ဖို့ အကြံပြုချင်တယ်”
“ဒါဆိုရင်တော့ ခင်ဗျားကို ကျုပ်က ဒုက္ခပေးနေသလို ဖြစ်နေပြီ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
သူသည် မူလအားဖြင့် စားသောက်ခန်းတွင် နေထိုင်ရန် စဉ်းစားထားပြီးသား ဖြစ်သည်။ သို့ပေမဲ့ သခင်လေးထန်သည် သူ့အား ဤနေရာတွင် အလကားနေထိုင်ရန် ဖန်တီးပေးထားသည် ဆိုမှတော့ သူသည် ကျိန်းသေပေါက် သဘောထားကြီးကာ သဘောတူရပေတော့မည်။ အိမ်တော်သည်လည်း အနည်းငယ်ကြီးမားလွန်းနေ၏။ ထိုကဲ့သို့သော အခွင့်အရေးကို မယူပါက ကောင်းကင်ကြီး အနေနှင့် သူ့အား သည်းခံနေမည် မဟုတ်တော့ချေ။