အခန်း (၇၀၂)
Vol. 47 Ch. 702
ထန်မိသားစု၏ ဒုတိယသခင်လေး ထန်ရမ်ပေးခဲ့သော အိမ်တော်သည် အလွန်တရာ ခံ့ညားလွန်းလှ၏။ ထို့အပြင် လွတ်လပ်သော သိုင်းလေ့ကျင့်ရေးကွင်းပြင်လည်း ပါဝင်နေပြီး လေ့ကျင့်ရေးအခန်းများလည်း ပါဝင်နေ၏။
ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် ဤနေရာသို့ ရွှေ့ပြောင်းပြီးသည့်နောက်မှာတော့ မည်သည့်အရာမှ လုပ်စရာမရှိတော့သည့်အချိန်မျိုးတွင် သိုင်းကျင့်ကြံခြင်းများကို ပြုလုပ်နိုင်စွမ်း ရှိနေ၏။ သို့ပေမဲ့ ဤကဲ့သို့ အဆင့်မြင့်လှသော နေရာမျိုးအား သခင်လေးထန်သည် ကောင်းမွန်လွန်းသည့် နေရာတစ်ခုမဟုတ်ကြောင်း ပြောဆိုခဲ့သည်။ သူသည် အလွန်ပင် ချမ်းသာကြွယ်ဝလွန်းသူ ဖြစ်ရမည်။
“မဆိုးဘူး၊ မဆိုးဘူး”
ကျွင်းချောင်ရှောင်းသည် အိမ်တော်အတွင်း လှည့်လည်ကြည့်ရှုပြီးသည့်နောက် ပြောလိုက်သည်။ “သခင်လေးထန်ကို ဒုက္ခပေးမိသလို ဖြစ်နေပြီ”
“ခင်ဗျားနဲ့ ကျုပ်က စီးပွားရေး လက်တွဲဖော်တွေလေ၊ အခု အင်ပါယာမြို့ကို ရောက်လာပြီးဆိုတော့မှ ကျုပ်အနေနဲ့ ခင်ဗျားကို ဧည့်ဝတ်ပြုရမှာ သဘာဝ မဟုတ်ဘူးလား” ထန်ရမ်က ရယ်ကာ ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သခင်လေးထန်... အင်ပါယာမြို့ထဲမှာ ပျော်စရာကောင်းတဲ့နေရာတွေ ရှိသေးလား”
သူ့အနေနဲ့ နဂါးကျားတိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အချိန်အတော်ကြာ လိုအပ်နေသေး၏။ ထို့ကြောင့် ဤကဲ့သို့ ကြီးမားလှသည့် မြို့ကြီးတစ်မြို့သို့ ရောက်ရှိနေပြီဆိုမှတော့ ပျော်ရွှင်စရာကောင်းသည့် ကိစ္စရပ်များကို ပြုလုပ်ရန် သွားရောက်ကြည့်ရှုမှ ဖြစ်ပေလိမ့်မည်။
ထန်ရမ်သည် ‘ကျုပ်နားလည်ပါတယ်’ဆိုသောအကြည့်ဖြင့် ကြည့်ရှုပြီးနောက် တီးတိုးပြောလိုက်သည်။ “မြို့ရဲ့မြောက်ဘက်ပိုင်းမှာ မွှေးပျံ့နီဈေးကွက်ဆိုတာ ရှိတယ်၊ အဲဒါ ယောက်ျားတွေအတွက် တကယ့်ကို နတ်ဘုံ နတ်နန်းပဲ၊ ကျုပ်က ဂိုဏ်းချုပ်ကျွင်းကို ဒီည အဲဆီခေါ်သွားမယ်”
“ယောက်ျားတွေအတွက် နတ်ဘုံနတ်နန်း ဟုတ်လား”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားသည်။ သူသည် ပြောလိုက်မိ၏။ “သခင်လေးထန်... ခင်ဗျား နားလည်မှု လွဲနေပြီနဲ့တူတယ်၊ ကျုပ်က ဆောင်ကြာမြိုင်ကို ပြောချင်တာ မဟုတ်ပါဘူး”
“နားလည်တယ်၊ နားလည်တယ်”
ထန်ရမ်သည် တီးတိုးပြောလိုက်၏။ “တကယ်လို့ ဂိုဏ်းချုပ်ကျွင်းသာ အပြင်ကို မသွားချင်ဘူးဆိုရင် ဒီကိုခေါ်လာဖို့လည်း ပြဿနာမရှိဘူးလေ”
“...” ကျွင်းချောင်ရှောင်းသည် ထ၍ ကန်ချင်စိတ်ပင် ပေါက်မိသည်။ တစ်ဖက်လူသည် အလွန်တရာ ဉာဏ်ကောင်းလှသူ ဖြစ်သည်ဟု သူတွေးတောထားမိ၏။ သို့ပေမဲ့ ကြည့်ရသည်မှာ အနည်းငယ် ဦးနှောက်ချောင်နေသည့်ပုံပေါ်လာသည်။ သို့မဟုတ် သူ၏ မျက်နှာပေါ်တွင် နှာဘူးဟူသည့် အဓိပ္ပာယ်များ ထင်ဟပ်နေသည်လား။
ထန်ရမ် နားလည်မှု လွဲမှားသွား၍ အပြစ်တင်၍လည်း မရချေ။ ထို့အပြင် ယောက်ျားများသည် ပျော်ရွှင်စရာ ကောင်းသည့် တည်နေရာကို ရှာဖွေချင်သည်ဆိုပါက ဆောင်ကြာမြိုင်ပင် ဖြစ်ပေလိမ့်မည်။ ချမ်းသာသောမိသားစု များ၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်ဖြစ်သည်မို့ ၎င်းသည်လည်း မိတ်ဆွေအပေါင်းအသင်း များရှိ၏။ ၎င်းတို့ စုဝေးသည့်အချိန်တိုင်းတွင် ဆောင်ကြာမြိုင်ဆီသို့ သွား၍ သာယာမှုကို ရှာဖွေတတ်ကြသည်။
ညရောက်ချိန်မှာတော့ ထန်ရမ်သည် ကျွင်းချောင်ရှောင်းအား ဖိတ်ခေါ်၍ စားပွဲတစ်ခု ကျင်းပပေးခဲ့သည်။ ထိုစားပွဲတွင် ပြိုင်စံရှားဂိုဏ်း တပည့်များလည်း ပါဝင်လျက်ရှိသည်။
အရက်သောက်ပြီးနောက် ကျွင်းချောင်ရှောင်း သည် အနားယူရန်အတွက် ၎င်း၏ အခန်းဆီသို့ ပြန်လာခဲ့၏။ ခြံဝန်းအတွင်းသို့ ဝင်ရောက်ရောက်ချင်းမှာပဲ လှပသည့် အမျိုးသမီးနှစ်ယောက်သည် တံခါးဝတွင် ရပ်လျက်ရှိနေသည်ကို မြင်လိုက်ရ၏။
“တောင်းပန်ပါတယ်၊ အခန်းမှားသွားတာကိုး” ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ပြန်လှည့်ရန် ပြင်လိုက်၏။ သို့ပေမဲ့ ခဏလောက် လှမ်းလျှောက်ပြီး သည့်နောက်မှာ သူသည် နဖူးကို ကိုင်ကာ ပြောလိုက်သည်။
“မဟုတ်သေးပါဘူး၊ ဒါက ငါလက်ရှိနေနေတဲ့ အိမ်တော်ပဲ”
သူသည် အထဲသို့ ပြန်လျှောက်လာရင်း ပြောလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက်က နေရာမှားလာတာ ဖြစ်လိမ့်မယ်”
“သခင်လေးကျွင်း”
လှပသော မိန်းကလေးသည် ပြုံးကာ ပြောလိုက်၏။ “ကျွန်မတို့က ရှင့်ကို ပြုစုပေးဖို့ ရောက်လာတာလေ”
သူမ၏ အသံသည် ချွဲပစ်လွန်းပြီး တစ်စုံတစ်ယောက်၏ စိတ်ကူးအာရုံများကို ရိုင်းစိုင်းသွားစေသည်။
“...”
ဤထန်ရမ်သည် သူ့အား တကယ့်ကို နှာဘူး ဟုထင်နေသည်လား မသိပေ။ လှပသော မိန်းကလေးနှစ်ယောက်အား အိပ်ရာထဲတွင် ပြုစုပေးရန် စေလွှတ်ပေးခဲ့သည်။ ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ “ကျုပ် မလိုဘူး၊ ခင်ဗျားတို့ ပြန်သွားလို့ရပြီ”
ချွဲပစ်ပစ်နှင့် အမျိုးသမီးသည် ကြည့်ကောင်းလှစွာဖြင့် ရှေ့သို့ ရောက်လာပြီး ပြုံးကာ ပြောလိုက်သည်။ “သခင်လေးကျွင်းကို ပြုစုပေးဖို့အတွက် သခင်လေးထန်က သေသေချာချာ မှာကြားထားတယ်လေ”
ကျွင်းချောင်ရှောင်းသည် အစောကြီးကတည်းက မူးယစ်နေပြီးသားဖြစ်သည်။ ဤချွဲပစ်ပစ်အသံကို ကြားလိုက်ရချိန် မှာတော့ သူ၏ စိတ်အခြေအနေ တစ်ခုလုံးသည် လှုပ်ခါသွားခဲ့၏။
မဖြစ်ဘူး၊ မဖြစ်ဘူး၊ ငါက အင်ပါယာမြို့ကို ရောက်လာတယ်ဆိုတာ နဂါးကျားတိုက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပဲ၊ ဘယ်လိုလုပ်ပြီး ဒီမိန်းကလေးတွေရဲ့ လှပမှုအောက်မှာ ကျရှုံးစေလို့ ဖြစ်မှာလဲ။
ကျွင်းချောင်ရှောင်း၏ စိတ်တစ်ခုလုံးသည် ရုတ်တရက် ရှင်းလင်းသွားသည်။ သူသည် လေးလေးနက်နက် ပြောလိုက်သည်။ “အခု ထွက်သွားတော့၊ ပြီးမှ ကျုပ်ကို ရိုင်းတယ်ဆိုပြီး အပြစ်မတင်ကြနဲ့”
သူ၏အသံသည် ကြမ်းတမ်းလွန်းသည့် အရှိန်အဝါများ ပါဝင်နေ၏။ ထို့ကြောင့် ကပိုကရိုနှင့် ဝတ်ဆင်ထားကြသော လှပသည့် မိန်းကလေးနှစ်ယောက်၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သူမတို့သည် အလျင်အမြန်ပဲ ဦးညွတ်ကာ ထွက်ခွာသွားခဲ့၏။
၎င်းတို့၏ အသွင်အပြင်များသည် မလှပလွန်းသောကြောင့် သခင်လေးထန်၏ သူငယ်ချင်းအား မဆွဲဆောင်နိုင်ခြင်း ဖြစ်မည်ဟု သူမ တို့ ထင်မှတ်သွားခဲ့ကြသည်။
မဟုတ်ပေ။ တကယ့် တကယ်တမ်းမှာတော့ ထိုနှစ်ယောက်သည် အလွန်တရာ လှပလွန်းလှ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်း... သူသည်...
“ဟူး”
မိန်းကလေးများ ထွက်ခွာသွားပြီးနောက် ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ လှပသော မိန်းကလေးများအား ငြင်းဆန်ရသည်ဆိုသည်မှာ ခက်ခဲလွန်းလှ၏။ သူ့အနေနှင့် စိတ်တစ်ခုလုံး မတည်မငြိမ်ပင် ဖြစ်လျက်ရှိသည်။
“တော်ပြီ၊ တော်ပြီ လှည့်မကြည့်နဲ့”
ကျွင်းချောင်ရှောင်းသည် သူ၏စိတ်ဆန္ဒဆိုးများကို ထိန်းချုပ်ကာ ပြောလိုက်သည်။ “အခုချက်ချင်း ငါ့ခေါင်းထဲက ထွက်သွားစမ်း”
ဝှစ် …. ဝှစ်
ချက်ချင်းဆိုသလိုပဲ စုရှောင်မို၊ လီဖေးနှင့် တခြားသောသူများသည် ၎င်းတို့၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက် ထားရာမှ ပြန်လည် ရုတ်သိမ်းလိုက်ကြ၏။
“အကြီးဆုံး စီနီယာအစ်မကြီး”
လင်းယွမ်ရွှယ်က ပြုံးကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်က တကယ့်ကို လူကြီးလူကောင်းလို့ ကျွန်မပြောသားပဲ”
လုချင်းချင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ငါတို့ စောင့်ကြည့်နေတယ်ဆိုတာ သူသိတယ်လေ၊ မဟုတ်လို့ကတော့ အခုချိန် ကောင်မလေးတွေကို ဖက်ပြီး အခန်းထဲ ဝင်သွားလောက်ပြီ”
.........
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ထန်ရမ်အား လေးလေးနက်နက် ပြောလိုက်သည်။
“သခင်လေးထန်... ကျုပ်က အမြဲတမ်း သန့်သန့်ရှင်းရှင်းနဲ့ ရိုးရိုးသားသား နေတတ်တာ၊ ဒီတော့ ကျုပ်ကို ပြုစုပေးဖို့ တခြားသူတွေ မလိုအပ်ပါဘူး”
“နားလည်ပါပြီ၊ နားလည်ပါပြီ”
ထန်ရမ်သည် အသံပို့လွှတ်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ဒီနေရာမှာ တပည့်တွေ အများကြီး ရှိတယ်၊ ဒါက ကျုပ်အမှားပါ၊ ဒါကို မတွေးလိုက်မိဘူးလေ၊ နောက်တစ်ကြိမ် ဘယ်သူမှမသိအောင် ခေါ်လာခဲ့ပါ့မယ်”
“...” ကျွင်းချောင်ရှောင်းသည် သွေးအန်လုမတတ် ဖြစ်သွားသည်။
ဤအရာအားလုံးသည် သူ၏အပြစ်ပင် ဖြစ်သည်။ သူ့အနေနှင့် အစောကြီး ကတည်းက ရိုးရိုးသားသား ပျော်စရာကောင်းသည့်အရာကို တစ်ခါတည်း ကြိုပြောထား သင့်သည်။ ယခု ပျော်စရာကောင်းသည့်အရာဟုသာ ပြောဆိုခဲ့ခြင်းအားဖြင့် တစ်ဖက်လူသည် သူ့အား နှာဘူးဟု ထင်မှတ်နေသည်လား မသိတော့ချေ။
“...”
များပြားလှသော တည်နေရာများမှာရှိသည့် ဂိုဏ်းများအားလုံးသည် အင်ပါယာမြို့ထဲသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိ လာကြသည်။ မြို့ထဲရှိ လူအရေအတွက်သည်လည်း တစ်ဖြည်းဖြည်း တိုးတိုးလာခဲ့သည်။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည်လည်း အပြင်ဘက် ထွက်ခဲလှသည်။ ၎င်းတို့သည် အချိန်ရှိသရွေ့ ကျင့်ကြံခြင်းအပေါ်သာ အာရုံစိုက်နေကြပြီး နဂါးကျားတိုက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် အကောင်းဆုံးအခြေအနေတစ်ခုဖြစ်ရန် ကြိုးစားနေကြသည်။
ဂိုဏ်းချုပ်ကျွင်းသည် ရံဖန်ရံခါ အပြင်ဘက်သို့ထွက်၍ လည်ပတ်တတ်သည်။ သို့သော်လည်း အချိန်တော်တော် များများတွင် များပြားလှသော ဂိုဏ်းများ၏ အသေးစိတ် အချက်အလက်များကို စုံစမ်းလျက်ရှိနေသည်။ ထို့အပြင် တစ်ဖက်လူ၏အကြောင်းကို သိရှိခြင်းသည် တိုက်ပွဲပေါင်းတစ်ရာကို အနိုင်ယူရန်အတွက် အဆင်သင့် ဖြစ်ခြင်းပင် ဖြစ်တော့၏။
"ဂိုဏ်းချုပ်ကျွင်း"
ထန်ရမ်သည် သတင်းအချက်အလက် ရေးမှတ်ထားသော စာအုပ်ပုံကြီးကို ထုတ်ယူကာ ပြောလိုက်သည်။ "ဒါတွေအကုန်လုံးက အလယ်ပိုင်းဒေသမှာရှိတဲ့ အင်အားစုတွေရဲ့ သတင်းအချက်အလက်တွေပဲ"
"အင်း"
ကျွင်းချောင်ရှောင်းသည် စာရွက်များကို အသာလှန်ကာ ဖတ်ရှုလိုက်သည်။
ထန်ရမ်သည် ဘေးတစ်ဖက်တွင် ထိုင်ကာ လဖက်ရည်သောက်ရင်း ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း... ဒီနှစ်ရဲ့ နဂါးကျားပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂိုဏ်းတွေက ပထမအဆင့်ဂိုဏ်းတွေ ပါတယ်ဆိုပေမဲ့ တကယ်တမ်း သတိထားသင့်တာက ဒုတိယနဲ့ တတိယအဆင့်ဂိုဏ်းတွေပဲ"
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
"ဘာလို့လဲ"
ထန်ရမ်က ပြောလိုက်သည်။ "ပထမအဆင့်ဂိုဏ်းတွေက အတော်ဆုံးလူတွေကို လွှတ်လိုက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒုတိယနဲ့ တတိယအဆင့် ဂိုဏ်းတွေကတော့ ရှိသမျှ အားအကောင်းဆုံးဆိုတဲ့ တပည့်တွေကို ထုတ်ပြီးတော့ ယှဉ်ပြိုင်ကြမှာပဲလေ"
"ဥပမာတစ်ခုလောက် ပြောပြပါလား" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ထန်ရမ်သည် သတင်းအချက်စာအုပ်ကို ထုတ်ယူကာ ပြောလိုက်သည်။
"ဥပမာအားဖြင့် ဒီဒုတိယအဆင့်ဂိုဏ်းတစ်ခုဖြစ်တဲ့ လောကပုန်ကန်ဂိုဏ်းကို ကြည့်လေ၊ သူတို့က သူတို့ရဲ့ သခင်လေးကို လွှတ်လိုက်တယ်၊ သခင်လေးရဲ့နာမည်က အောင်းဝူရှန်တဲ့၊ ဒီလူက လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတည်းက သိုင်းဘုရင်အဆင့်ကို ချိုးဖြတ်ရောက်ရှိလာတာ၊ သူ့ရဲ့အားအင်အဆင့်က အရမ်းကို အားကောင်းတယ်"
"အောင်းဝူရှန် ဟုတ်လား" ကျွင်းချောင်ရှောင်းသည် သေသေချာချာမှတ်သားထားလိုက်၏။
ထန်ရမ်သည် နောက်ထပ် သတင်းအချက်အလက် စာအုပ်အား ထုတ်ယူကာ ပြောလိုက်သည်။
"ဒီလူ ကျောင်းတာ့ကျွမ့်"
"ကျောင်းတာ့ကျွမ့် ဟုတ်လား"
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားသည်။ နဂါးကျားတိုက်ပွဲအတွက် ရွေးချယ်လိုက်သော တပည့်သည် အလွန်တရာ ထူးချွန်လှသော ပါရမီရှင်များပင် ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့ ကြောင်တောင်တောင် နာမည်ကို ပိုင်ဆိုင်သည့်လူတစ်ယောက် အမှန်တကယ်ပင် ရှိလို့နေ၏။
ထန်ရမ်က ပြောလိုက်သည်။ "ကျောင်းတာ့ကျွမ့်ရဲ့ နာမည်က သာမန်ဆိုပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်က လုံးဝဖျက်ဆီးလို့မရတဲ့ စိန်ခန္ဓာကိုယ်ပဲ၊ ခန္ဓာကိုယ်အားအင်နဲ့ ပတ်သက်ရင် အရမ်းကို အားကောင်းတယ်"
"ဖျက်ဆီးလို့မရတဲ့ စိန်ခန္ဓာကိုယ် ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွားသည်။
"ပြီးတော့ ကျန့်ဖေးယွမ် လည်း ရှိသေးတယ်"
ထန်ရမ်က ပြောလိုက်သည်။ "တတိယအဆင့် ဓားဂိုဏ်းရဲ့ တပည့်တစ်ယောက်လေ၊ ဓားလမ်းစဉ်တစ်ခုကို ပိုင်ဆိုင်တယ်၊ သူနားလည်ထားတဲ့ ဓားရဲ့ နည်းစနစ်က အမြန်နှုန်းပဲ၊ လူငယ်မျိုးဆက်တွေ အားလုံးထဲမှာ သူက အမြန်ဆန်ဆုံး ဓားကျင့်ကြံသူ တစ်ယောက်လို့ ဆိုရမယ်၊ ပြီးတော့ ကောင်းကင်နတ်ဂိုဏ်းမှာရှိတဲ့ တပည့်တစ်ယောက်လည်း ရှိသေးတယ်၊ သူက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သိုင်းဘုရင်အဆင့်ကို ရောက်နေပြီ၊ ပြီးတော့ ဂိုဏ်းရဲ့ သိုင်းနည်းစနစ်ကို အဆုံးစွန်အထိ နားလည် တက်ကျွမ်းနေတယ်၊ သူက သူတော်စင်အဆင့် သိုင်းနည်းစနစ်တစ်ခုကို အမှတ်တမဲ့ ထုတ်ဖော် အသုံးပြု နိုင်စွမ်းတောင် ရှိနေပြီ"
များပြားလှသော ဂိုဏ်းများ၏ အချက်အလက်များကို ထုတ်ယူပြီးသည့်နောက်မှာတော့ ပါဝင်ယှဉ်ပြိုင်ကြမည့် တပည့်များသည် လျှမ်းလျှမ်းတောက် ကျော်ကြားကြသူများ ဖြစ်လို့နေသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "နဂါးကျား တိုက်ပွဲက တကယ့်ကို နဂါးတွေ၊ ကျားတွေ စုဝေးထားတဲ့ တိုက်ပွဲတစ်ခုပဲ"
ထန်ရမ်က ပြောလိုက်သည်။ "ဒါက သာမန်ထူးချွန်ပါတယ်ဆိုတဲ့ တပည့်တွေထက် ပိုတယ်လေ၊ ဂိုဏ်းတိုင်းရဲ့ တပည့်တွေက အရမ်းကို အားကောင်းတယ်၊ ဂိုဏ်းချုပ်ကျွင်းအနေနဲ့ တပည့်တွေကို ပါဝင်ယှဉ်ပြိုင်ဖို့ ခေါ်လာတယ်ဆိုရင်တော့ သတိ လက်လွှတ်နေလို့မရဘူး"
"ကောင်းပြီ"
ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပို၍ လေးနက်လာခဲ့သည်။
...........
နဂါးကျားတိုက်ပွဲသည် စတင်တော့မှာဖြစ်သည်။ အင်ပါယာမြို့၏ အလယ်ဗဟို တည်နေရာမှာတော့ ဂိုဏ်း၏ ပြိုင်ပွဲအတွက် ပြိုင်ပွဲရုံကြီးတစ်ခုကိုပင် စတင်တည်ဆောက်နေပြီဖြစ်သည်။ ကြီးမားလှသည့် ပြိုင်ပွဲရုံကြီးတစ်ခု ဖြစ်ပြီး ကြည့်ရှုသူ ငါးသိန်းနီးပါးလောက် ဝင်ရောက်ကြည့်ရှုနိုင်သည်။
ပို၍ အံ့အားသင့်စရာကောင်းသည်မှာ ထိုပြိုင်ပွဲရုံကြီးအထက်တွင် မှန်ကဲ့သို့သော အစီအရင်တစ်ခု ရှိလို့နေသည်။ ထန်ရမ်၏ ပြောဆိုချက်အရဆိုလျှင် ဤအရာမှာ ပုံရိပ်ယောင်အစီအရင်တစ်ခုဖြစ်ကြောင်း ကျွင်းချောင်ရှောင်း သိရှိလိုက်မိ၏။
ပြိုင်ပွဲထဲတွင် ဖြစ်ပေါ် နေသော တိုက်ပွဲများအားလုံးကို ဖမ်းယူ၍ မြို့တိုင်းမြို့တိုင်းတွင်ရှိသော သိုင်းကျင့်ကြံသူများ ကြည့်ရှုနိုင်ရန် တိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်သည်။
"ချီးတဲ့မှ... ဒါက တိုက်ရိုက်ထုတ်လွှင့်မှုပဲဟ"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီမှာရှိတဲ့ တိုက်ပွဲတွေကို အခြားစီရင်စုမှာရှိတဲ့လူတွေ မြင်ရအောင် ပြသတာမျိုးလား"
"ဟုတ်တယ်"
ထန်ရမ်က ပြောလိုက်သည်။ "နဂါးကျားတိုက်ပွဲက တကယ့်ကို ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အဆင့်မြင့်တဲ့ ဂိုဏ်းပြိုင်ပွဲတစ်ခုလေ၊ ဒီတော့ စီရင်စုတွေနဲ့ မြို့တွေတော်တော်များများမှာ ပုံရိပ်ယောင်အစီအရင်ကို တည်ဆောက်ကြတယ်၊ ပြီးတော့ ပြိုင်ပွဲကို ကိုယ်တိုင်ကြည့်ရှုရသလို ခံစားရစေတာပေါ့"
"အံ့အားသင့်စရာပဲ"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ တခြားသော သိုင်းကျင့်ကြံခြင်းကမ္ဘာဆီသို့ ဝိညာဉ်ကူးပြောင်း ရောက်ရှိ လာပြီးသည့်နောက် သူ ဤကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်မှုမျိုးကို မြင်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။