← Chapters

အခန်း (၇၀၄)

Vol. 47 Ch. 704

အခန်း (၇၀၄)

Vol. 47 Ch. 704

အားနည်းနေဟန်ပေါ်သော ရှစ်ကျန်းရွှမ်သည် များပြားလှသောသူများကြားထဲတွင် တောက်ပသည့် ပုလဲလုံးလေး တစ်ခုလို ထင်ရှားစွာဖြင့် ပေါ်လာသည်။

ဖြတ်သွားဖြတ်လာရှိနေကြသော ကျင့်ကြံသူများသည် အမှတ်မထင် သူမ အားမြင်လိုက်ရချိန်မှာတော့ အကြည့်မလွှဲနိုင်ဘဲ စွဲစွဲမြဲမြဲ ဆက်ကြည့်လျက်ရှိနေတော့၏။

သို့ပေမဲ့ သူမ ၏ မျက်သားဖြူဖြူများအား မြင်လိုက်ရချိန်တွင် သူမသည် မျက်စိရောဂါ တစ်ခုခုကို ခံစားနေရပြီး အမြင်အာရုံ ပျောက်ကွယ်နေမှန်း သိရှိသွားကြသည်။

သူမကို ဘေးတစ်ဖက်ရှိ လူတစ်ယောက်က ဖေးမထားရှိသည်မှာ အံံ့အားသင့်စရာ မဟုတ်တော့ပေ။

ဟင်း …။

ဤကဲ့သို့ လှပလွန်းသည့် မိန်းကလေး သည် မျက်စိရောဂါ ခံစားနေရသည်မှာ အသည်းနာစရာ ကောင်းလွန်းလှ၏။

“လီအာ ……”

လမ်းလျှောက်လျက်ရှိနေသော ရှစ်ကျန်းရွှမ်သည် တီးတိုးမေးလိုက်သည် “ဂိုဏ်းချုပ်ကျွင်းကို မြင်လား”

မြောင်ဟွာခန်းမသည် နဂါးကျား တိုက်ပွဲတွင် ပါဝင်ခြင်းမရှိပေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းပါဝင်မည် ဆိုသည်ကို သိရှိရချိန်မှာတော့ သူမသည် ချက်ချင်းပြေးလာခဲ့ခြင်းပင် ဖြစ်တော့၏။

“ခန်းမသခင် …..”

လီအာသည် ဆွံ့အလျက်ရှိသည် “ဒါကို မေးနေတာ အကြိမ်ရှစ်ရာလောက်ရှိနေပြီ”

“အဲလောက်ရှိသွားပြီလား”

ရှစ်ကျန်းရွှမ်သည် သူမ၏ စိတ်ထဲတွင် တွက်ချက်လိုက်သည် “အကြိမ် ရှစ်ဆယ်ပဲ ရှိသေးတယ် ထင်နေတာ”

လီအာ “……..”

ခန်းမသခင်သည် ဤလူနှင့် ဆုံတွေ့ပြီးကတည်းက မမေ့နိုင်ဖြစ်နေခဲ့သည်။ သူမသည် ထူးခြားသော ခံစားချက်များ ရှိနေတာ သေချာလောက်၏။

“လီအာ”

ရှစ်ကျန်းရွှမ်က ထပ်မံ၍ သတိပေးလိုက်သည် “သေချာ သတိထားကြည့်”

လီအာက အလိုမကျသလို ပြောလိုက်မိ၏ “ခန်းမသခင် … ဒီမှာ လူတွေ အများကြီးပဲလေ …”

ပြီးနောက် သူမ ၏ စကားများသည် ရပ်တန့်သွားရသည်။

အဘယ့်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် သူမ တို့ ရှိရာဆီသို့ လှမ်းလျှောက်လာသည်ကို မျက်ဝန်းထောင့်မှ မြင်လိုက်ရသောကြောင့်ပင် ဖြစ်၏။ ထိုသူသည် ကျွင်းချောင်ရှောင်းပင် ဖြစ်တော့၏။

“ခန်းမသခင်ရှစ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “ဒီလို ကြီးမားလွန်းတဲ့ အင်ပါယာမြို့ထဲမှာ လာတွေ့တယ် ဆိုတော့ အရမ်းတိုက်ဆိုင်တာပဲ”

ရင်းနှီးနေသောအသံကို ကြားရချိန်မှာတော့ ရှစ်ကျန်းရွှမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ပေါ်လာတော့သည် “ဂိုဏ်းချုပ်ကျွင်း ….”

လီအာ “……”

အရင်တစ်ကြိမ် လိုင်လီနတ်ဂိုဏ်းဆီသို့ ဂိုဏ်းချုပ်ကျွင်း သွားရောက် စိန်ခေါ်စဉ်ကလည်း ခန်းမသခင်သည် သွားရောက် အားပေးရန် ကြံစည်ခဲ့သေးသည်။ သို့ပေမဲ့ ဂိုဏ်းရှိ အကြီးအကဲ နှင့် လူကြီးသူမ များအားလုံး၏ တားဆီးမှုကြောင့် ခန်းမသခင်သည် အားလုံး၏ အလိုကို လိုက်လျောပြီး ခန်းမထဲ ငြိမ်ငြိမ်သက်သက်သာ နေခဲ့ရသည်။ ထို့ကြောင့် စိတ်အစာကြေပုံမပေါ်ပေ။

ယခု ကျွင်းချောင်ရှောင်းအား မြင်လိုက်သည်နှင့် တပြိုင်နက် အားရပါးရ ပြုံးရယ်နေသည်ကို လီအာ သတိပြုမိလိုက်သည်။ ဤအရာသည် အချစ်စစ်ပင် ဖြစ်ရမည်။

“ခန်းမသခင်ရှစ်”

ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်သည် “သူတော်စင်ကြာပန်းရွက် က အလုပ်မဖြစ်ဘူးလား”

“အင်း” ရှစ်ကျန်းရွှမ် ပြန်ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် သူမ အား နှစ်သိမ့်လိုက်သည် “စိတ်အားမငယ်နဲ့။ ခင်ဗျားရဲ့ ရောဂါက မကြာခင် ပျောက်သွားမှာပါ”

ရှစ်ကျန်းရွှ့မ် က ပြောလိုက်သည် “ကျွန်မ အသားကျနေပါပြီ”

“ဒါနဲ့ …”

သူမသည် တောင်းပန်သလို ပြောလိုက်သည် “နောက်ဆုံးအကြိမ် လိုင်လီနတ်ဂိုဏ်းဆီ သွားစိန်ခေါ်တုန်းက ကျွန်မ လိုက်ပြီး အားပေးချင်ပေမဲ့ ဂိုဏ်းကိစ္စလေးတွေ ရှိနေလို့ မလာဖြစ်လိုက်ရဘူး”

တကယ်ဆိုလျှင် သူမသည် သွားချင်ခဲ့သည်။

သို့ပေမဲ့ ကျန်းစွန်းဖန်းဟွာ နှင့် လန့်ရှင်းရွှဲ့ တို့က အတင်းတားဆီးခဲ့ကြသည်။ ဂိုဏ်းအချင်းချင်း ဖြစ်ပွားသည့် ရန်ငြိုးအကြောင်းအရာများကြားထဲ ဝင်ပါ၍ မဖြစ်ဆိုသော အကြောင်းပြချက်နှင့် ဖြစ်တော့သည်။

မည်သို့ပင်ဆိုစေကာမူ ယခု အလယ်ပိုင်းဒေသဆီသို့ လာရောက်ချိန်မှာတော့ မည်သူမှ တားဆီး၍မရတော့ချေ။ အဘယ်ကြောင့်ဆိုသော် ဤပြိုင်ပွဲသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးနှင့် သက်ဆိုင်နေသောကြောင့် စိတ်လှုပ်ရှားမှုအပြည့်နှင့် လာရောက် ကြည့်ရှုသည် ဆိုခြင်းမှာ သာမာန်သာ ဖြစ်တော့၏။.

ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်သည် “ရပါတယ်”

သူသည် ထိုကဲ့သို့တွေးတောပေးသည်ကိုပင် ကျေးဇူးတင်နှင့်နေပြီဖြစ်သည်။

“ခန်းမသခင်ရှစ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “နဂါးကျားတိုက်ပွဲ က စတော့မယ်။ တပည့်တွေကို တည်နေရာဆီ ခေါ်သွားရမှာဆိုတော့ သွားနှင့်ပါအုံးမယ်။”

ရှစ်ကျန်းရွှမ်သည် ပြုံးကာ ပြောလိုက်သည် “ရှင်တို့ ဂိုဏ်းတပည့်တွေ ရလဒ်ကောင်းစေဖို့ မျှော်လင့်မိတယ်”

“ကျေးဇူးပါပဲ”

ကျွင်းချောင်ရှောင်းသည် တပည့်များအား ခေါ်ကာ ရှေ့မှ ဦးဆောင်သွားလိုက်သည်။

“စီနီယာအစ်ကို”

လမ်းမှာတော့ လီဖေးသည် တီးတိုးပြောလိုက်၏ “ခန်းမသခင်ရှစ် ကို ကြည့်ရတာ ဂိုဏ်းချုပ်ကို ကြိုက်နေသလိုပဲ”

စုရှောင်မိုက ပြောလိုက်သည် “ငါ အစောကတည်းက သိတယ်”

“ခန်းမသခင်ရှစ် နဲ့ ဂိုဏ်းချုပ်က လိုက်ဖက်ညီတယ်” လီဖေး ပြောလိုက်သည်။

ဂွက် ..။

ကျွင်းချောင်ရှောင်းသည် လီဖေး၏ ဦးခေါင်းအား ထုနှက်ကာ ပြောလိုက်၏ “နဂါးကျား တိုက်ပွဲက စတော့မယ်။ အရေးကြီးတာကို အရင်အာရုံစိုက်”

“ဟုတ်ကဲ့ပါ”

လီဖေးသည် ခေါင်းကိုပွတ်ကာ ပြောလိုက်၏။

…….

နဂါးကျားတိုက်ပွဲ ကျင်းပရာ တည်နေရာမှာတော့ ….

ကျွင်းချောင်ရှောင်းသည် ပါဝင်ယှဉ်ပြိုင်ခွင့် ကတ်ပြားအား ထုတ်ယူကာ စစ်ဆေးသူထံ လှမ်းသွားလိုက်သည်။

ချင်းယန်မြို့၏ သိုင်းပြိုင်ပွဲမှာတုန်းကလိုပင် ပါဝင်ယှဉ်ပြိုင်သူများသည် သီးသန့်နေရာတွင် နေထိုင်ရပြီး ပြိုင်ပွဲစတင်မှ သွားရောက်ရလေ၏။

“ဂိုဏ်းချုပ်ကျွင်း”

ရှေ့ဆုံးမှ ဦးဆောင်လာသူသည် ပြောလိုက်သည် “ကျုပ်အရာအားလုံးကို စီစဉ်ပေးပြီးပြီ။ ကျေးဇူးပြုပြီး ပွဲကြည့်စင် ဆီ လိုက်ခဲ့ပါ”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်း မထွက်ခွာခင်မှာ တပည့်များအား လှမ်းကြည့်၍ သတိပေးလိုက်သည် “ဝင်ပြိုင်ပြီ ဆိုမှတော့ လေးလေးနက်နက် တိုက်ခိုက်နော်။ မပေါ့ဆနဲ့”

“ဟုတ်ကဲ့ပါ”

တပည့်များအားလုံးသည် သံပြိုင်အော်ဟစ်လိုက်သည်။

နဂါးကျားတိုက်ပွဲ ဆိုသည်မှာ အစစ်အမှန် ပါရမီရှင်များ စုဝေးရာ နေရာဖြစ်သည်။ ထို့ကြောင့် သေချာ တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။

လုံကျိရန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်၏ “ကျွန်တော် စိတ်လှုပ်ရှားနေတယ်”

“ကျွန်တော်ရောပဲ ….” စုန့်ရွှမ်ကျူး က ပြောလိုက်သည်။

အားလုံး၏ ရှေ့ရှိ များပြားလှသော ဂိုဏ်းများမှ ပါရမီရှင်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမည်ကို သိရချိန်မှာတော့ သူတို့အားလုံးသည် ခံစားချက်ကို မထိန်းသိမ်းနိုင်သလိုပင် ဖြစ်လာ၏။

အရှေ့တောင်ရန်ကျူးရှိ ကျင့်ကြံသူများမှာ ၎င်းတို့ထက် ပိုမို၍ စိတ်လှုပ်ရှားနေသည်။

၎င်းတို့၏ ရှေ့ရှိ ပုံရိပ်ယောင်အစီအရင်သည် အသက်မဝင်သေးဘဲ အဖြူရောင် ဗြောင်ကြီးအဖြစ် ရှိနေသေးသည် ဆိုပေမဲ့ ပြိုင်ပွဲတွင် လူတွေ အများကြီး ရောက်ရှိနေလောက်ပြီ ဆိုသည်ကို သူတို့ သိရှိခံစားမိပြီး ဖြစ်၏။

သူတို့သည် နဂါးကျားတိုက်ပွဲ ယှဉ်ပြိုင်ချိန်တိုင်း ဤကဲ့သို့ မပျက်မကွက် အားပေးနေကျဖြစ်သည်။ ယုံကြည်မှုမရှိလျှင်တောင်မှ အားပေးရမှာ သဘာဝပင်ဖြစ်တော့သည်။

သို့ပေမဲ့ လက်ရှိအချိန်တွင်တော့ ယခင်တုန်းကထက် ပိုမို၍ စိတ်အားတက်ကြွစွာ အားပေးနေမိကြ၏။ အဘယ့်ကြောင့် ဆိုသော် လက်ရှိ ဝင်ရောက်ယှဉ်ပြိုင်သူများမှာ ပြိုင်စံရှားဂိုဏ်းမှ ဖြစ်နေသောကြောင့်ပင်။

ထိုဂိုဏ်းသည် အံ့အားသင့်စရာများကို ပြုလုပ်တတ်သော ဂိုဏ်းတစ်ခုြုဖစ်သည်။ ထို့ကြောင့် ဒုတိယအကျော့ သို့ တက်ရောက်ပြီး သူတို့အတွက် စံချိန်သစ်ကို လက်ခံရယူရန် အားလုံးက မျှော်လင့်မိနေကြ၏။

ထို့ကြောင့် ….

ပြိုင်စံရှားဂိုဏ်းသည် သူတို့အတွက် သူတို့ တိုက်ခိုက်ယှဉ်ပြိုင်နေရခြင်းမျိုး မဟုတ်တော့ပေ။ အရှေ့တောင်ရန်ကျူးတစ်ခုလုံးရှိ လူများ၏ မျှော်လင့်ချက် အတွက် ဖြစ်နေတော့သည်။

…….

လုံရန်မြို့ ….။

လုံမိသားစု ……။

လုံပိုထျန်းသည် ခြံဝန်းထဲတွင် မတ်တပ်ရပ်ပြီး တိုက်ရိုက်ထုတ်လွှင့်ပြသမည့် အစီအရင်ကြီးကို ကြည့်လျက်ရှိနေသည်။ သူ၏ လက်များသည် တဆတ်ဆတ် နှင့် တုန်ယင်လျက်ရှိသည်။

“မိသားစု ခေါင်းဆောင် ….”

အကြီးအကဲ က ပြောလိုက်သည် “စိတ်မလှုပ်ရှားနဲ့”

လုံပိုထျန်းသည် သူ၏ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဟန်ဖြင့် ကျယ်လောင်စွာ ပြောလိုက်သည် “ကျိရန် က နဂါးကျားတိုက်ပွဲမှာ ပြိုင်စံရှားဂိုဏ်းကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်နေတယ်။ ဒါက ကျုပ်တို့ မိသားစု ရဲ့ ဂုဏ်သိက္ခာလေ။ ဘယ်လိုလုပ် စိတ်မလှုပ်ဘဲ နေနိုင်မှာလဲ”

“……” အကြီးအကဲသည် ငြိမ်သက်သွား၏။

လုံမိသားစု ခေါင်းဆောင်တင် မဟုတ်ပေ။ လီမိသားစု ခေါင်းဆောင်နှင့် သခင်ကြီးစုန့်တို့သည်လည်း ထပ်တူ ခံစားမိနေကြသည်။

အဖေ တစ်ယောက် အနေနှင့် သူတို့၏ ကလေးကို တောက်ပသည့် အနာဂတ်တစ်ခု မပိုင်ဆိုင်စေချင်သူ ဟူ၍ မည်သူ ရှိနေမည်နည်း။

ယနေ့တွင် လုံကျိရန် နှင့် စုန့်ရွှမ်ကျူး တို့သည် အရှေ့တောင်ရန်ကျူးကို ကိုယ်စားပြု၍ နဂါးကျား တိုက်ပွဲ အတွက် သွားရောက် ယှဉ်ပြိုင်နေကြသည်။ ကြီးမားသည့် ဂုဏ်သိက္ခာတရားကို ရရှိနေသည်ဟု ဆိုရမည်။

လက်ရှိ အခြေအနေသည် သူတို့အတွက် အသက်ရှင်သန်ရခြင်း၏ အရသာကို အပြည့်အဝ ခံစားနေရသည်ကို ဆိုရပေမည်။

……..

ပွဲကြည့်စင်၏ အထူးတည်နေရာမှာတော့ ကျွင်းချောင်ရှောင်းသည် ရှေ့မှ လမ်းပြသူ၏ နောက်သို့ လိုက်ပါရင်း ပြိုင်စံရှားဂိုဏ်းအတွက် ပြင်ဆင်ထားသော ထိုင်ခုံသို့ ရောက်ရှိလာသည်။

ဤနေရာသည် ပွဲကြည့်ရှုရန်အတွက် အကောင်းဆုံး တည်နေရာဖြစ်ပြီး မြင်ကွင်းတစ်ခုလုံးသည် ရှင်းလင်းနေ၏။

များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည်လည်း ဤတည်နေရာထဲတွင် ရောက်ရှိနေကြသည်။

၎င်းတို့သည် ကျွင်းချောင်ရှောင်းအားး လှမ်းကြည့်ပြီး တွေးလိုက်မိကြ၏ “ဒါက ပြိုင်စံရှားဂိုဏ်းချုပ် လား”

သူသည် အသက်ငယ်ငယ်ရွယ်ရွယ် နှင့် ဓားဘုရင်တစ်ယောက် ဖြစ်နေသူဖြစ်သည်။ ထို့ကြောင့် ရှားပါးလှသော ပါရမီရှင်ဟု သတ်မှတ်ရပေမည်။

တောက်ပရွှေနတ်ဂိုဏ်း၏ သွမ့်ကျိရှိုး သည်လည်း ဤနေရာတွင် ရှိနေသည်။ သူသည် အေးစက်စက် ရယ်ကာ တွေးလိုက်မိသည်။ ငါတို့ဂိုဏ်းက ပြိုင်စံရှားဂိုဏ်း နဲ့ အရင်တွေ့ရင် ကောင်းမယ်။

တခြားသော အကြီးအကဲများသည်လည်း ထိုသို့ တွေးမိနေကြသည်။

လက်ရှိယှဉ်ပြိုင်နေသော ဂိုဏ်းများထဲတွင် အားအနည်းဆုံး အဆင့်ငါးဂိုဏ်း တစ်ခုသာ ပါပြီး ထိုဂိုဏ်းသည် ပြိုင်စံရှားဂိုဏ်းဖြစ်နေသည် မဟုတ်လား။ ထိုသို့သော ဂိုဏ်းနှင့် ရင်ဆိုင်ရမည် ဆိုလျှင် သူတို့ နောက်တစ်ဆင့်သို့ ကျိန်းသေ တက်ရောက်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီပြီး မျက်လုံးကို မှိတ်ကာ အနားယူလျက်ရှိသည်။

ရှိနေကြသော အကြီးအကဲများသည် သူ၏ ဂိုဏ်းနှင့် ရင်ဆိုင်တွေ့ဆုံရန် ဆုတောင်းနေကြသည်ကိုသာ သိရှိပါက ကျိန်းသေပေါက် ရယ်မောမိပေလိမ့်မည်။

သူ့အနေနှင့် ပထမ ၊ ဒုတိယ အဆင့် ဂိုဏ်းများအား မသေချာပေမဲ့ တတိယ နှင့် စတုတ္ထအဆင့် ဂိုဏ်းများနှင့် ရင်ဆိုင်ရမည် ဆိုလျှင်တော့ တပည့်များသည် တစ်ဖက်လူများအား ပြာနှမ်းနေအောင် ရိုက်နှက်နိုင်မှာ သေချာနေသည်။

“ဝမ် ….”

ရုတ်တရက် လေထုတစ်ခုလုံး တုန်ခါသွားပြီး ပုံရိပ်ယောင်အစီအရင်သည် အသက်ဝင်သွားသည်။ ပုံရိပ်ယောင် အစီအရင်၏ မျက်နှာပြင်မှာတော့ ပြိုင်ပွဲတည်နေရာကြီး၏ မြင်ကွင်းသည် တဖြည်းဖြည်း ပေါ်လာ၏။

တစ်ချိန်တည်းမှာပဲ …..

ကုန်းမြေတိုက်ကြီးရှိ မြို့အသီးသီးတွင် စီရင်ထားသော ပုံရိပ်ယောင် အစီအရင်သည် အသက်ဝင်လာခဲ့သည်။

“လာပြီ … အသက်ဝင်လာပြီ”

“ငါတို့ နောက်ဆုံးတော့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရတော့မယ်”

နိုင်ငံအသီးသီးတွင် ရှိနေကြသော ကျင့်ကြံသူများသာမက လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် အားလုံးသော သူများသည် စိတ်လှုပ်ရှားမှုကြောင့် ထိုင်နေရာမှပင် ထရပ်လိုက်မိကြသည်။

သို့ပေမဲ့ ပုံရိပ်ယောင်အစီအရင်၏ မြင်ကွင်းသည် ကြည်လင်ရှင်းလင်းသွားချိန်မှာတော့ ကြီးမားပြီး ချောမောသော မျက်နှာတစ်ခုသည် အားလုံး၏ မျက်စိရှေ့၌ ပေါ်လာတော့၏။ ထိုသူသည် မျက်နှာပေါ်သို့ ဝဲကျနေသော ဆံနွယ်များအား အသာသပ်တင်ရင်း ဟန်ပါပါ နှင့် ပြောလိုက်သည် “ပြိုင်စံရှားဂိုဏ်းက အမြဲတန်း ဂိုဏ်းသားသစ် ခေါ်ယူမှုကို ပြုလုပ်နေတယ်။ စိတ်ဝင်စားသူ မည်သူ မဆိုသည် ချင်းယန်နိုင်ငံဆီ လှမ်းလာပြီး အရည်အချင်းစစ် စာမေးပွဲကို ဝင်ဖြေလို့ရပါပြီ။”

ဝှစ် …

ဝှစ် ….။

သိုင်းအုပ်စိုးသူ နှစ်ယောက်တို့သည် ပံျသန်းရောက်ရှိလာပြီး ကျွင်းချောင်ရှောင်း၏ လက်မောင်း တစ်ဖက်တစ်ချက် အား ဆွဲချုပ်ကာ အောက်သို့ ပြန်လည် ခေါ်ဆောင်လာကြသည်။

“လာခဲ့ကြ လူငယ်လေးတို့”

တပါးသောသူနှစ်ယောက်၏ ဆွဲခေါ်ခြင်းကို ခံနေရစဉ်မှာပဲ ဂိုဏ်းချုပ်ကျွင်းသည် ခေါင်းကိုမော့၍ အစီအရင်ကြီးအား ကြည့်ကာ အော်လိုက်သည် “ကျုပ်ဂိုဏ်းကို ဝင်ပြီး အိမ်မက်တွေကို ပျံသန်းစေရအောင်”

ပွဲကြည့်စင်ပေါ်မှ သူများ “……..”

ကုန်းမြေတိုက်ကြီးတစ်ခုလုံးရှိ လူများ “……..”

ရီထျန်းချန် ၊ စစ်တုဟောင်ယွင် ၊ မာယွင်တန် နှင့် တခြားသောသူများသည် သိုင်းအုပ်စိုးသူနှစ်ယောက် ၏ ဆွဲခေါ်သွားခြင်းကို ခံနေရသော ဂိုဏ်းချုပ်ကျွင်းကို ကြည့်၍ နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်လျက် ရှိနေကြသည်။

ဤကဲ့သို့သော လုပ်ရပ်မျိုးကို တွေးတောရဲပြီး လက်တွေ့ပြုလုပ်ရဲသူဆို၍ ဂိုဏ်းချုပ်ကျွင်း တစ်ယောက်သာ ရှိပေလိမ့်မည်။ တလောကလုံးမှ လူများ စောင့်ကြည့်နေချိန်တွင် ရုတ်တရက် ထွက်လာပြီး သူ၏ ဂိုဏ်းအား ကြော်ငြာခြင်း ပြုလုပ်ခဲ့သည်။ သောက်ကျိုးနည်းလှချေသည်တကား။

All Chapters