← Chapters

အခန်း (၇၁၄)

Vol. 48 Ch. 714

အခန်း (၇၁၄)

Vol. 48 Ch. 714

နဂါးကျားတိုက်ပွဲ၏ စီမံသူများသည် ကျွင်းချောင်ရှောင်းနှင့်ပတ်သက်ပြီး စောင့်ကြပ်ရန်အတွက် အလွန်တရာ ကောင်းမွန်သော အစီအမံ တစ်ခုကို ဖန်တီးတည်ဆောက်ခဲ့ကြသည်။ ၎င်းတို့သည် ကျွင်းချောင်ရှောင်းအား ကြော်ငြာရန် အခွင့်အရေး လုံးဝမပေးချေ။

ထို့ကြောင့် ဒုတိယနေ့၏ ပြိုင်ပွဲများ ပြီးဆုံးသွားသည့်အချိန် မှာတော့ ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် ကျွင်းချောင်ရှောင်း၏ ချောမောလှပသော မျက်နှာကို မမြင်ရတော့ချေ။ လောကကြီးတစ်ခုလုံးသည် ငြိမ်းချမ်းလျက်ရှိတော့သည်။ တစ်နေ့တာသည် ငြိမ်ငြိမ်သက်သက် နှင့် ပြီးဆုံးသွားခဲ့သည်။

ဟုတ်ပေသည်။ ကြော်ငြာခြင်း၏ သက်ရောက်မှုမှာတော့ ရှိခဲ့သေးသည်။ အထူးသဖြင့် ပြိုင်စံရှားဂိုဏ်းသည် ပထမ အဆင့်နှင့် ဒုတိယအဆင့်ဂိုဏ်းတို့အား အနိုင်ယူတိုက်ခိုက်ခဲ့ပြီး တတိယအဆင့်ကို တက်ရောက်သွားပြီးသည့် နောက်မှာတော့ များပြားလှသော ယောက်ျားလေးနှင့် မိန်းကလေးတို့အားလုံးသည် ထိုဂိုဏ်းထဲသို့ဝင်ရန် စိတ်ပါဝင်စားလျက်ရှိနေကြ၏။

“ပြိုင်ပွဲပြီးသွားတယ်ဆိုတာနဲ့ ငါချင်းယန်နိုင်ငံကိုသွားမယ်”

“ငါတော့မစောင့်နိုင်တော့ဘူး၊ ဒီဂိုဏ်းကို ဝင်ခွင့်ရဖို့က အရမ်းကို တင်းကျပ်တယ်လို့ ကြားဖူးတယ်၊ ဒါပေမဲ့ ရအောင် ကျော်ဖြတ်ရမယ်”

နဂါးကျားတိုက်ပွဲတွင် ကောင်းမွန်သည့် စွမ်းဆောင်ရည်ကို ပြသခဲ့သည်မို့ သံမဏိအရိုးတောင်သည် များပြားသော ကျင့်ကြံသူ လူငယ်လေးများသည် ဆွဲဆောင်နိုင်သည့်နေရာတစ်ခု ဖြစ်လာတော့သည်။ ပြိုင်စံရှားဂိုဏ်းတွင်ရှိနေ သော လက်ရှိလူဦးရေ အရေအတွက်အရ ၎င်းတို့သည် နောက်ထပ်ဂိုဏ်းတပည့်များကို ခေါ်ဆောင်မည်ဆိုပါက ဂိုဏ်းသားနှစ်သောင်းပြည့်ရန် တဖြည်းဖြည်းနှင့် နီးကပ်လာပေလိမ့်မည်။

...........

နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပွဲကြည့်စင်ပေါ်မှာ ထိုင်လျက်ရှိနေ၏။ သိုင်းအုပ်စိုးသူ ဆယ်ယောက်တို့သည် ၎င်း၏ရှေ့နား ပတ်ပတ်လည်တွင် ရောက်လာလျက်ရှိပြီး ပွဲတစ်ခုလုံးတွင် ကျွင်းချောင်ရှောင်းအား လုံးဝအလစ်မပေးကြချေ။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဤကဲ့သို့သော သိုင်းအုပ်စိုးသူများ၏ မျက်စိဒေါက်ထောက် ကြည့်ရှု၍ ကာကွယ်ပေးခြင်းကို ခံနေရသည့်သူမှာ မရှိသလောက်ပင် ရှားပါးလွန်းသည်။ မျက်မှောက်ခေတ်တွင် ကျွင်းချောင်ရှောင်း တစ်ယောက်သာ ရှိပေလိမ့်မည်။

“ပါဝင်ယှဉ်ပြိုင်ကြမယ့်လူတွေကို ကြိုဆိုလိုက်ကြရအောင်”

မြို့တော်ဝန်၏ လေးနက်သည့်အသံ ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။

ရွှီ ….. ရွှီ

ပြိုင်စံရှားဂိုဏ်းတပည့်များသည် တိုက်ခိုက်ရေးတည်နေရာဆီသို့ လှမ်းလျှောက်လာခဲ့ကြသည့် အချိန်မှာတော့ များပြားလှသော ပွဲကြည့်ပရိသတ်များသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာဖြင့် ချီးကျူး အားပေးလျက်ရှိကြ၏။

သိုင်းပညာရှင်များကိုသာ လေးစားလျက်ရှိသော ဤလောကကြီးတွင် အားကောင်းကြသူများသည် လူအများတို့၏ ကိုးကွယ်အားထားခြင်းကို ခံရ၏။ လီချင်းယန်နှင့် တခြားသူများသည် နှစ်ကျော့တိုက်ခိုက်ပြီးသည့် အချိန်မှာတော့ ရေတွက်လို့မရအောင် များပြား သော ပရိသတ်များကို ရရှိနေမည်မှာ သံသယဝင်စရာတော့ မရှိပေ။

“ရီရှင်းချန်... ရီရှင်းချန်”

မိန်းကလေးအဖွဲ့တစ်ခုသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လျက်ရှိကြသည်။ အမျိုးသားကျင့်ကြံသူများ၏ နှုတ်ခမ်း များသည် တုန်ယင်လျက်ရှိသည်။

ဤလူသည် မနေ့က ရက်ရက်စက်စက် တိုက်ခိုက်ခဲ့သောသူဖြစ်သည်။ အဘယ်ကြောင့် မိန်းကလေးများသည် သူ့အား နှစ်သက်လျက်ရှိနေသနည်း။ ၎င်းတို့၏ ဦးခေါင်းအား မြည်းကန် သွားခဲ့လေသလား။

ယခုကဲ့သို့ အဘယ်ကြောင့် ဖြစ်နေသနည်းဆိုသော် ညအင်ပါယာ၏ အားကောင်းလွန်းသော အော်ရာများကြောင့်ပင် ဖြစ်သည်။ အထူးသဖြင့် ၎င်းသည် လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်တန့်လိုက်ချိန်မှာ တော့ မိန်းကလေးများ၏ အသဲစွဲ နှင်းဆီခိုင်တစ်ခုကဲ့သို့ပင် ဖြစ်တည်လာခဲ့တော့သည်။

ရှောင်ကျီ၏ စွမ်းဆောင်ရည်သည် ပထမအဆင့်ဂိုဏ်းနှင့် တိုက်ခိုက်ခဲ့သည့် ပထမဦးဆုံးအကျော့ တိုက်ခိုက်ပွဲတွင် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သည်ဆိုသော်လည်း များပြားလှသော ကျင့်ကြံသူများသည် ၎င်းအားလျစ်လျှူရှု ထားခဲ့ကြ၏။

တစ်စုံတစ်ယောက်သည် သူ၏နာမည်အား ခေါ်ဆိုနေသည်ကို ကြားရချိန်မှာတော့ ရီရှင်းချန်သည် အသာမျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “ကြောင်တောင်တောင် လူတွေကတော့”

“အမ်... ရီရှင်းချန်က ငါ့ကို ကြည့်နေတာပဲ၊ သူ့ရဲ့ အေးစက်စက်အကြည့်က တကယ့်ကို ချောလိုက်တာ၊ ငါမတတ် နိုင်တော့ဘူး၊ ဘယ်လိုမှ မခံစားနိုင်တော့ဘူး”

“...”

ဂိုဏ်းငါးဆယ်ဆီမှ တပည့်များအားလုံးသည် တည်နေရာထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။ စည်းမျဉ်းဟောင်းကြီးအတိုင်းပင် မိမိနှင့် တိုက်ခိုက်ရမည့်လူအား မဲနှိုက်၍ ရွေးချယ်ရပြန်သည်။

လီချင်းယန်သည် မည်သည့်စကားမှ မဆိုတော့ချေ။ သူသည် စင်မြင့်ပေါ်သို့ လှမ်းတက်ပြီးသည့်နောက်မှာတော့ မဲကတ်ပြားအား နှိုက်ယူလိုက်တော့သည်။ နှစ်ကြိမ်စာ ဆိုးရွားလှသည့် ပြိုင်ဘက်များကို ရွေးချယ်ပြီး ဤတစ်ကြိမ်မှာတော့ သူသည် ကံကောင်းခဲ့သည်ဟု ဆိုရမည်။ ပြိုင်စံရှားဂိုဏ်းသည် တတိယအကျော့တွင် ၎င်းတို့၏ ပြိုင်ဘက်အား တတိယ အဆင့် ဂိုဏ်းတစ်ခုအဖြစ် နှိုက်ယူခဲ့သည်။

“သွားပြီ၊ သွားပြီ”

တစ်ဖက်ဂိုဏ်းသားများ၏ မျက်လုံးထဲတွင်တော့ စိတ်ပျက်ခြင်းအငွေ့အသက်များ ပေါ်ပေါက်လာခဲ့ကြသည်။ အထူးသဖြင့် သူတို့သည် မနေ့တုန်းက တိုက်ခိုက်ခဲ့သည့် ရီရှင်းချန်၏ တိုက်ကွက်များကို သတိပြန်လည်ရရှိပြီး သည့်နောက်မှာတော့ ကျောရိုးထဲတွင် စိမ့်တက်လျက်ရှိနေကြ၏။

“တတိယအဆင့်ဂိုဏ်းကတော့ သနားစရာပဲ၊ သူတို့အတွက် ခဏလောက် ငြိမ်သက်ပေးလိုက်ကြရအောင်”

လက်ရှိကြည့်ရှုနေကြသော ပွဲကြည့်ပရိသတ်များအားလုံးသည် ပြိုင်စံရှားဂိုဏ်းအပေါ်တွင် ကြီးမားသည့် မျှော်လင့်ချက်များ ထားရှိခဲ့ကြ၏။ ၎င်းတို့အားလုံးသည် ပထမအဆင့်ဂိုဏ်းနှင့် မတွေ့ဆုံမချင်း သို့မဟုတ် ထိပ်တန်း ပါရမီပိုင်ဆိုင်သော ဂိုဏ်းများနှင့် မတွေ့ဆုံမချင်း ကျိန်းသေပေါက် နောက်ထပ်တစ်ဆင့်သို့ တက်ရောက်သွား ပေလိမ့်မည်။

မဲများနှိုက်ပြီးသည့်နောက်မှာတော့ တိုက်ပွဲသည် တရားဝင်စတင်ခဲ့ပြီး ဖြစ်တော့၏။ ပြိုင်စံရှားဂိုဏ်းသည် တတိယအဆင့်ဂိုဏ်းအား လွယ်လွယ်ကူကူဖြင့် အနိုင်ယူခဲ့တော့သည်။

“ဒါက ရိုးရှင်းလွန်းတယ်”

စုရှောင်မိုသည် ခေါင်းကို ခါယမ်းလိုက်၏။ “ဂိုဏ်းမှာ လက်ရည်စမ်းပွဲ လုပ်သလောက်တောင် စိတ်ကျေနပ်စရာ မကောင်းဘူး”

လီချင်းယန်က ပြောလိုက်သည်။ “ဒါက တတိယအကျော့ပဲ ရှိသေးတယ်လေ၊ နောက်ပိုင်းကြုံလာမယ့် ပြိုင်ဘက်တွေက ပိုပြီးအားကောင်းလာနိုင် တယ်၊ ဒီတော့ စိတ်ဓာတ်မကျပါနဲ့”

..............

တစ်နာရီလောက် ကြာပြီးသည့်နောက်မှာတော့ တတိယအကျော့၏ တိုက်ပွဲများအားလုံးသည် ပြီးဆုံးသွားခဲ့သည်။ စုစုပေါင်း နှစ်ဆယ့်ငါးဂိုဏ်းသည် နောက်တစ်ဆင့်ဆီသို့ တက်ရောက်သွားခဲ့ပြီလည်းဖြစ်သည်။ ယနေ့တိုက်ပွဲသည် ထင်မှတ်ထားသည်ထက် ကြမ်းတမ်းတော့မည်။

သံမဏိလက်သီးဂိုဏ်းသည် အလယ်ပိုင်းဒေသရှိ ဒုတိယအဆင့် ဂိုဏ်းတစ်ခုအား အနိုင်ယူကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။ အစပိုင်းတွင် ဒုတိယအဆင့်ဂိုဏ်းသည် သံမဏိလက်သီးဂိုဏ်းအား အနိုင်ယူ ဖိနှိပ်ထားနိုင်ခဲ့၏။ သို့ပေမဲ့ ကျောင်းတာ့ကျွမ့်သည့် သူ၏ အားကောင်းလှသော ခန္ဓာကိုယ်စွမ်းရည်အား အသုံးပြု၍ တစ်ဖက်ဂိုဏ်းသားများအား တစ်ယောက်ပြီး တစ်ယောက် လွှင့်စင်အောင် ပြုလုပ်ကာ အနိုင်ရလဒ်ကို ဖော်ဆောင်ပေးခဲ့၏။

တစ်စုံတစ်ယောက်၏ အားအင် အဆင့်သည် ကြီးမားသည့် တိုက်ခိုက်ရေးစွမ်းအင်ကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ ၎င်း၏ဂိုဏ်းတစ်ခုလုံးကို နောက်တစ်ဆင့်ရောက်အောင် ပေးပို့ပေးနိုင်ခဲ့တော့သည်။

“ဒီလူက တော်တော် အားကောင်းတာပဲ၊ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း သံမဏိ အတိုင်းပဲ”

“ဒီလောက် လူအများကြီးရဲ့ ဝိုင်းပြီးတိုက်ခိုက်ခြင်းကို ခံရတာတောင်မှ ပြန်ပြီးတော့ တိုက်ခိုက်နိုင်သေးတယ်”

“ပြိုင်စံရှားဂိုဏ်းက ရှောင်ကျီရဲ့ ခန္ဓာကိုယ်ကလည်း မဆိုးဘူး၊ သူတို့နှစ်ယောက်သာ တွေ့ဆုံရင်တော့ ကျိန်းသေ ပေါက် စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်”

အားလုံးက ထိုအရာနှင့်ပတ်သက်၍ မျှော်လင့်နေမိကြသည်။ ပွဲကြည့်စင်အနားတွင်တော့ ကျောင်းတာ့ကျွမ့်၏ တိုက်ခိုက်သည့်ပုံစံကို မြင်ရချိန်မှာတော့ ရှောင်ကျီ၏ တိုက်ခိုက်လိုစိတ်သည် ပိုမို၍ အားကောင်းလာခဲ့သည်။

.............

နှစ်ဆယ့်ငါးဂိုဏ်းသည် နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့သည်။ မည်ကဲ့သို့ လူကို ခွဲရမည်နည်း။ နှစ်ဂိုဏ်းကို တစ်ဖွဲ့ ယှဉ်ပြိုင်တိုက်ခိုက်သည့်နေရာတွင် တစ်ဂိုဏ်းအား အလိုအလျောက် ထုတ်ပယ်ရတော့မှာဖြစ်သည်။

တိုက်ဆိုင်စွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တပည့်များအားလုံး ဒဏ်ရာရရှိသွားသည့်ဂိုဏ်းတစ်ခု ပေါ်လာခဲ့ သောကြောင့် တကူးတက ပြန်လည်၍ လူတွေခွဲနေစရာ မလိုအပ်တော့ချေ။ ထိုဂိုဏ်းကိုသာ ပြိုင်ပွဲမှ ထုတ်ခဲ့တော့၏။

တတိယနေ့ တိုက်ပွဲများအားလုံး ပြီးဆုံးသွားခဲ့၏။ ချင်းယန်နိုင်ငံနှင့် အရှေ့တောင်ရန်ကျူးတစ်ခုလုံးသည် အစပိုင်း စိတ်လှုပ်ရှားမှုများ အားလုံးသည်လည်း ပြန်လည်၍ တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။ ပြိုင်စံရှားဂိုဏ်း၏ တိုက်ခိုက်မှု ပုံစံကို ကြည့်ရှုပြီးသည့်နောက် ၎င်းတို့သည် နောက်ထပ်ပွဲများတွင် အနိုင်ရလဒ်ကို ရယူပေးနိုင်လိမ့်မည်ဟု အားပေးသူများကို ယုံကြည်မှု ရရှိစေခဲ့တော့သည်။

အထူးသဖြင့် တတိယအကျော့တွင် ယှဉ်ပြိုင်ခဲ့သော ပြိုင်ဘက်များနှင့် ပတ်သက်၍ ၎င်းတို့သည် အားအင် စိုက်ထုတ်မှုကိုပင် ပြုလုပ်ခဲ့ပုံ မပေါ်ကြချေ။ အကယ်၍ အားနည်းသည့် ပြိုင်ဘက်များမှ တဖြည်းဖြည်းနှင့် အားကောင်းသည့်ပြိုင်ဘက်များကို ယှဉ်ပြိုင်တိုက်ခိုက်သွားရမည်ဆိုလျှင် ဤသို့ ပျင်းရိဖွယ်ကောင်းလိမ့်မည် မဟုတ်ချေ။ လက်ရှိအခြေအနေမှာတော့ အားအကောင်းဆုံးသောဂိုဏ်းကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရပြီး တဖြည်းဖြည်း အားနည်းသည့်ဂိုဏ်းများနှင့် ရင်ဆိုင်တိုက်ခိုက်နေရသောကြောင့် ကြည့်ရှုနေသူများ စိတ်လှုပ်ရှားမှု မရှိသည်မှာ လည်း အံ့အားသင့်စရာတော့ မဟုတ်ချေ။

“ပထမအဆင့် ဂိုဏ်းလေးဂိုဏ်း ရှိသေးတယ်၊ ဒီတော့ မနက်ဖြန်မှာ ဒီဂိုဏ်းတွေနဲ့ မဲကျဖို့အခွင့်အရေး ရှိနေသေး တာပဲ”

“နဂါးကျားတိုက်ပွဲမှာ အဆင့်ငါးဂိုဏ်းတစ်ခုက ပထမအဆင့် ဂိုဏ်းနှစ်ခုနဲ့ တွေ့ဆုံခဲ့တယ်ဆိုရင် တွေးကြည့်လိုက် ရုံနဲ့ စိတ်လှုပ်ရှားဖို့ကောင်းနေပြီ”

“လီချင်းယန်ဆိုတဲ့တပည့်က မနက်ဖြန်ကျရင် လက်ဆေးမလာခဲ့နဲ့၊ ပထမအဆင့်ဂိုဏ်းတွေကို မဲနှိုက်မိစေဖို့ မျှော်လင့်မိတယ်”

အရင်တိုက်ပွဲများအားလုံးသည် စိတ်လှုပ်ရှားစရာ ကောင်းသည်ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်းနှင့် ပထမအဆင့် ဂိုဏ်းများ ယှဉ်ပြိုင်တိုက်ခိုက်ရမည်ကို ပွဲကြည့်သူများသည် ကြည့်ရှုချင်နေမိကြ၏။ ထိုမှသာလျှင် စိတ်လှုပ်ရှားမှု များ ဖြစ်ပေါ်လာနိုင်မည်ဟု ယုံကြည်နေကြသည်။

ပြိုင်ပွဲ၏ စတုတ္ထမြောက်နေ့မှာတော့ လီချင်းယန်သည် စင်မြင့် ပေါ်သို့ လှမ်းလျှောက်တက်သွားပြီး မဲနှိုက်လျက်ရှိနေတော့သည်။ ပြီးနောက်သူသည် မဲကတ်ပြားအား ကမ်းပေး လိုက်၏။

မြို့တော်ဝန်ဟန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ပြိုင်စံရှားဂိုဏ်းရဲ့ ပြိုင်ဘက် ထျန်းကန်နတ်ဂိုဏ်း”

“နောက်ထပ် ပထမအဆင့် ဂိုဏ်းတစ်ခုပါလား”

“ဟား ဟား ဟား ဟား တကယ့်ကို ပွဲကောင်းကြည့်ရပြီကွ”

ကုန်းမြေတိုက်ကြီးတွင်ရှိနေကြသော ကျင့်ကြံသူများအားလုံးသည် မြို့တော်ဝန်ဟန်၏ ကြေညာမှုကို ကြားပြီး သည့်နောက်မှာတော့ အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြတော့သည်။

“မဖြစ်နိုင်ဘူး”

အားလုံး၏ သေသေချာချာ စောင့်ကြပ်ကြည့်ရှုခြင်းကို ခံနေရသော ကျွင်းချောင်ရှောင်းသည် မျက်နှာကို လက်ဖြင့် အုပ်ကာ ပြောလိုက်တော့သည်။ “ဘယ်လိုဖြစ်လို့ ပထမအဆင့်ဂိုဏ်းတစ်ခုနဲ့ ထပ်တွေ့ရပြန်တာတုံး”

နဂါးကျားတိုက်ပွဲတွင် အဆင့်နိမ့်ဂိုဏ်းများနှင့် တွေ့ဆုံနိုင်ဖို့ မျှော်လင့်၍ မရနိုင်ဘူးဆိုသော်လည်း ပထမအဆင့် ဂိုဏ်းများနှင့် တောက်လျှောက်တွေ့နေသည်ဆိုသည်မှာတော့ အလွန်တရာကံဆိုး၍သာ ဖြစ်ပေလိမ့်မည်။

“ဒုတိယ စီနီယာအစ်ကို”

ရီရှင်းချန်သည် မည်သို့မှ မခံနိုင်တော့ဘဲ တီးတိုးပြောလိုက်၏။ “မနက်ဖြန်ကျရင် ကျုပ်မဲနှိုက်မယ်”

အောင်းဝူရှန်သည် သူ့အား အချိန်တိုင်းရန်စနေသောကြောင့် သူသည် အောင်းဝူရှန်အား ပြိုင်ဘက်အဖြစ် တွေ့ဆုံ ချင်နေမိသည်။ သို့ပေမဲ့ သူ၏ ဒုတိယစီနီယာအစ်ကိုသည် မဲနှိုက်လိုက်တိုင်း သူ့အား စိတ်ပျက်မိစေ၏။

“ကောင်းပြီ”

လီချင်းယန်က ပြောလိုက်သည်။ “မနက်ဖြန်ကျရင် မင်းမဲနှိုက်လိုက်”

ဟူး

စုရှောင်မိုသည် သက်ပြင်းရှည်ကြီး ချလိုက်၏။ ပြီးနောက်ပြောလိုက်သည်။ “ပထမနေ့တုန်းက လွယ်ကူခဲ့တယ်လေ၊ ဒီတစ်ကြိမ်တော့ သေသေချာချာ ကျုပ်တို့နဲ့ တိုက်ခိုက်မယ့်လူကို တွေ့ခွင့်ရဖို့ မျှော်လင့်မိတယ်”

ဖျောက် ဖျောက်

လုံကျိရန်၊ စုန့်ချွမ်ချူးနှင့် တခြားသောသူများအားလုံးသည်လည်း ၎င်းတို့၏ လက်ဆစ်များကိုချိုးကာဖြင့် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လျက် ရှိနေတော့သည်။

“သွားကြရအောင်”

လီချင်းယန်သည် ရှေ့သို့လှမ်းလျှောက်ကာ တက်သွားတော့သည်။ စုရှောင်မိုနှင့် တခြားသောသူများကလည်း အနီးအနားမှ လိုက်ပါလာကြ၏။ ၎င်းတို့၏ ကျောရိုးများသည် မတ်လျက်ရှိပြီး အလွန်တရာ ကြမ်းတမ်းလှသည့် နတ်ဆိုးများကဲ့သို့ပင် ဂုဏ်ယူဝံ့ကြွားစွာဖြင့် စင်မြင့်ပေါ်သို့ တက်လာကြတော့၏။

ပြိုင်စံရှားဂိုဏ်းသည် ကြီးမားပြီး အားကောင်းလှသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်တွေ့ရချိန်မှာတော့ ရှုံးနိမ့်သွားကြမည်ဟု အားလုံးက ထင်မှတ်နေကြတော့သည်။

လီချင်းယန်နှင့် တခြားသော သူများတို့သည် စင်ရှေ့တွင် မတ်မတ်ရပ်လျက်ရှိနေကြတော့၏။ ပုံရိပ်ယောင် အစီအရင်ကြီးသည် ၎င်းတို့တစ်ယောက်ချင်းစီအား သေသေချာချာ ပြသလျက်ရှိသည်။ ၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သံမဏိကဲ့သို့ ခိုင်မာလွန်းသည့် အရှိန်အဝါအော်ရာများကို မြင်ရချိန်မှာတော့ ကြည့်ရှုနေကြသူ များအားလုံးသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်မိနေကြ၏။

ပြိုင်စံရှားဂိုဏ်း၏တပည့်များဆီမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အော်ရာများကို ခံစားလိုက် မိချိန်မှာတော့ ၎င်းတို့သည် ကျောရိုးများပင် စိမ့်တက်လာမိကြသည်။ ဤအရာသည် အဆင့်ငါး ဂိုဏ်းတစ်ခုသာ ဖြစ်သည်။ သို့ပေမဲ့ အဘယ်ကြောင့် ဤမျှ ဟိတ်ဟန်ကောင်းနေရသနည်း။

ဝှစ်

ရုတ်တရက်ဆိုသလိုပဲ ပွဲကြည့်စင်ပေါ်တွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်၏။

သူ၏ ရုတ်တရက်အပြုအမူကို မြင်တော့ သိုင်းအုပ်စိုးသူ ဆယ်ယောက်တို့သည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ကာ ကြီးမားလှသည့်ရန်သူကြီးတစ်ယောက်ကို ရင်ဆိုင်ရမည်သကဲ့သို့ ပြင်ဆင်လိုက်ကြတော့သည်။

“ထျန်းကန်နတ်ဂိုဏ်း”

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ အော်လိုက်တော့သည်။ “တောင့်ခံထား”

ဘုတ်

များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် မြေပြင်ပေါ်သို့ပင် လဲကျသွားကြ၏။ အစ်ကိုကြီး... ခင်ဗျားတပည့်တွေက ဒီကိုလာပြီး တိုက်ခိုက်တာလေ၊ ဘာလို့ တစ်ဖက်ဂိုဏ်းကို ထအားပေးပြီး ဟာသထလုပ်နေတာလဲ။

“ထျန်းကန်နတ်ဂိုဏ်း တောင့်ခံထား”

“ထျန်းကန်နတ်ဂိုဏ်း တောင့်ခံထား”

ကျွင်းချောင်ရှောင်း၏ ရှေ့မှ ဦးဆောင်မှုကြောင့် များပြားလှသော လူများအားလုံးသည် နောက်ပါလိုက်ပါကာ အော်ဟစ်လျက် ရှိနေကြတော့သည်။

“ထျန်းကန်နတ်ဂိုဏ်း တောင့်ခံထား”

All Chapters