အခန်း (၇၀၈)
Vol. 48 Ch. 708
အဆင့်ငါးဂိုဏ်းတစ်ခုနှင့် အဆင့်တစ်ဂိုဏ်းတစ်ခုတို့၏ တိုက်ပွဲတစ်ခုဖြစ်သည်မို့ အလွန်အမင်း စိတ်ဝင်စားလျက် ရှိသည်။ ထို့ကြောင့် ပွဲ၏ စီစဉ်သူများအားလုံးသည် ပြိုင်စံရှားဂိုဏ်းနှင့် အသွင်ပြောင်းနတ်ဂိုဏ်းတို့၏ တိုက်ပွဲအား နဂါးကျားတိုက်ပွဲ၏ ပထမဆုံးပွဲအဖြစ် သတ်မှတ်လိုက်ကြတော့သည်။ အမှန်ပင် ကြည့်ရှုသူများသည် စိတ်ဝင်စားလျက် ရှိနေကြ၏။
ရီရှင်းချန်သည် အရှင်းလင်းဆုံးသော နည်းလမ်းဖြင့် အသွင်ပြောင်းနတ်ဂိုဏ်း၏ တပည့်အား အနိုင်ယူလိုက်ပြီးသည့်နောက်မှာတော့ အားလုံးသည် အံ့အားသင့်သွားကြ၏။ ပြိုင်စံရှားဂိုဏ်း၏ ပြိုင်ဘက်ဖြစ်သော သိုင်းဘုရင်သည် ပွဲစသည်နှင့်တပြိုင်နက် စင်မြင့်ပေါ်မှ ပြုတ်ကျအောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထင်မှတ်မထားသော ကိစ္စပင်ဖြစ်တော့သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
များပြားလှသောဂိုဏ်းများမှ အကြီးအကဲများ အားလုံးသည် အံ့အားသင့်သွားကြသည်။ အောက်ကိုပြုတ်ကျအောင် တိုက်ခိုက်ခြင်းခံလိုက်ရသော အသွင်ပြောင်းနတ်ဂိုဏ်းမှ တပည့်သည် အားအကောင်းဆုံး လူတစ်ယောက်မဟုတ်သော်လည်း သိုင်းဘုရင်တစ်ယောက် ဖြစ်နေသေးသည်။ ဤမျှ မြန်မြန် ဆန်ဆန်နှင့် အနိုင်ယူခံလိုက်ရသည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် မည်မျှ အားကောင်းနေလိမ့် မည်နည်း။
“သူက ရီရှင်းချန်ပဲ၊ သူရဲကောင်းစာရင်းထဲကို အမြန်ဆန်ဆုံးနည်းလမ်း ရောက်လာတဲ့သူပဲ”
“သူကိုး … ဒါကြောင့် အားကောင်းတယ်ဆိုတာ အံ့အားသင့်စရာတော့ မဟုတ်တော့ဘူး”
ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် ရီရှင်းချန်မှန်း သိလိုက်ရချိန်မှာတော့ သူတို့၏ စိတ်ထဲတွင်ရှိနေသော တုန်လှုပ်မှုများသည် ပြေလျော့သွားခဲ့သည်။ အချိန်တိုအတွင်း လူသားစာရင်းနှင့် မြေကမ္ဘာစာရင်းထဲသို့ ဝင်ရောက် လာနိုင်သည့် လူတစ်ယောက်ဖြစ်သည်မို့ ပြိုင်စံရှားဂိုဏ်း၏ ဤတပည့်သည် အလွန်ပင် အားကောင်းပေလိမ့် မည်။
ဟမ့်
မြို့တစ်ခု ၏ ချောင်ကျသော တည်နေရာ တစ်နေရာမှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် ရီရှင်းချန် တစ်ယောက် ရန်သူအား အနိုင်ယူလိုက်သည့်မြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ မုန်းတီးစွာ ပြောလိုက်သည်။
“ဒီကောင်က ထပ်ပြီးတော့ အားကောင်းလာပြန်ပြီ၊ ဒါပေမဲ့”
သူသည် အေးစက်စွာ ပြောလိုက်သည်။ “ဒီအတောအတွင်း ငါကလည်း ကြီးကြီးမားမား ပြောင်းလဲတိုးတက်လာခဲ့တယ်၊ ရီရှင်းချန်၊ ပြိုင်စံရှားဂိုဏ်း မကြာခင်မှာ မင်းတို့အားလုံးကို ငါ့ရဲ့ခြေထောက်အောက်မှာထားပြီး နင်းချေပစ်မယ်”
………..
အင်း
ပွဲကြည့်စင်မြင့်ပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။
“ဒါက စိတ်လှုပ်ရှားဖို့လည်း မကောင်းဘူး”
အသွင်ပြောင်းနတ်ဂိုဏ်းမှ လွှင့်စင်သွားသောတပည့်သည် သိုင်းဘုရင်တစ်ယောက်ဆိုသော်လည်း ၎င်းတို့၏ အလုံးစုံသော အားအင်အဆင့်သည် သူ၏ဖိနပ်ကို သယ်ယူရန်ပင် ထိုက်တန်လှသော လူတစ်ယောက် မဟုတ်ပေ။ သူသည် ထို့ကြောင့်ပင် ယုံကြည်ချက်ရှိရှိနှင့် မောက်မာနေခြင်းပင်ဖြစ်တော့သည်။
သို့ပေမဲ့ ဘေးတစ်ဖက်တွင် ထိုင်လျက်ရှိသော သွမ့်ကျိရှို မှာတော့ အမူအရာများပြောင်းလဲသွားခဲ့သည်။ ပြိုင်ပွဲစတင်သည်ဆိုသည်နှင့် ပြိုင်စံရှားဂိုဏ်းတပည့်သည် တစ်ဖက်သတ်ရှုံးနိမ့်သွားမည်ဟု သူ မူလက စဉ်းစားထားမိ၏။ သို့ပေမဲ့ အဆုံးသတ် မှာတော့ အသွင်ပြောင်းနတ်ဂိုဏ်း၏ တပည့်သည်သာလျှင် ရှုံးနိမ့်သွားခဲ့ရသည်။
“ကောင်းပြီ၊ ကောင်းပြီ ဒါကအစပဲရှိသေးတယ်၊ နောက်ထပ် တပည့်နှစ်ဆယ့်လေးယောက်တောင် ကျန်နေသေး တာပဲ”
တစ်ဖက်လူများသည် လေးလေးနက်နက် တိုက်ခိုက်လိုက်ချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းအနေနှင့် ကျိန်းသေပေါက် ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ချေ။
ဘုန်း
တိုက်ခိုက်ရေး တည်နေရာထဲမှာတော့ အခြားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သွမ့်ကျိရှို ၏ အတွေးများ အားလုံးကို ရပ်တန့်သွားစေ၏။ သူသည်အလျင်အမြန်နှင့် လှမ်းကြည့်လိုက်ချိန်မှာတော့ အသွင်ပြောင်းနတ်ဂိုဏ်း ၏ တပည့်တစ်ယောက်သည် ရှောင်ကျီ၏ ထိုးနှက်ခြင်းကို ခံလိုက်ရ၏။
“နောက်တစ်ယောက်ထပ်ပြီးတော့ ထွက်သွားပြန်ပြီ၊ ကောင်းကင်ဘုံ… ဒါကအရမ်းမြန်လွန်းအားကြီးတယ်” ကြည့်ရှုနေသူများအားလုံးသည် ဆွံ့အသွားကြ၏။
အသွင်ပြောင်းနတ်ဂိုဏ်း၏ ပထမဦးဆုံး တပည့်သည် ၎င်း၏ ပြိုင်ဘက်ကို အထင်အမြင်သေးသောကြောင့် ရှုံးနိမ့်သွားခဲ့ရခြင်းဖြစ်သည်။ သို့ပေမဲ့ ဒုတိယမြောက်တပည့်သည် လည်း ထိုကဲ့သို့ပင် ရှုံးနိမ့်သွားခဲ့သည်။ ကြည့်ရသည်မှာ ၎င်း၏ ပြိုင်ဘက် အားအင်အဆင့်ကို မယှဉ်ပြိုင်နိုင်သော ကြောင့်ပင် ဖြစ်ပေလိမ့်မည်။ ပို၍ ဆိုးရွားသည့်အရာမှာ အလုံးစုံတိုက်ခိုက်ပြီးချိန်၌ အသွင်ပြောင်းနတ်ဂိုဏ်း၏ တပည့်များ အားလုံးသည် ခံစစ်စည်းမှ ခုခံနေရတော့သည်။ သူတို့သည် တန်ပြန်တိုက်ခိုက်ခြင်း ကိုတောင် မပြုလုပ်နိုင်ကြတော့ဘဲ ဖြစ်နေကြတော့၏။
“စိတ်ဝင်စားစရာပဲ”
ကျောင်းတာ့ကျွမ့်သည် ရှောင်ကျီအား လှမ်း၍ ကြည့်လိုက်သည်။ အလွန်တရာ မာကျောလှသော ခန္ဓာကိုယ် အားအင်အား အသုံးပြု၍ ပြိုင်ဘက်အား လွှင့်စင်သွားအောင် တိုက်ခိုက်လိုက်သည်ကို မြင်ရချိန်မှာတော့ သူ၏ စိတ်ထဲတွင် ရှိသော တိုက်ခိုက်လိုစိတ်များသည် တဖွားဖွားနှင့် တိုးတက်လာခဲ့တော့သည်။
ရွှီး
ရှောင်ကျီသည် လက်ကိုအသာရုတ်ကာ လှမ်းကြည့်လိုက်သည်။ ၎င်းတို့နှစ်ယောက်သည် အလွန်တရာ ဝေးကွာသည့်နေရာတွင် တည်ရှိနေကြသော်လည်း အပြန်အလှန် လှမ်းကြည့်ပြီးချိန်မှာတော့ တိုက်ခိုက်လိုစိတ် များ ဖြစ်ပေါ်လျက် ရှိနေတော့သည်။
ချင်းယန်နိုင်ငံ
ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် အသွင်ပြောင်းနတ်ဂိုဏ်း၏ တပည့်များကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူ တိုက်ခိုက်လိုက်ချိန်ကို မြင်ရချိန်မှာတော့ အားလုံးသည် ရူးသွပ်သွားသူများကဲ့သို့ပင် ထခုန်လျက်ရှိနေကြတော့သည်။
တချို့သည် ခံစားချက်ကို မထိန်းချုပ်နိုင်တော့သဖြင့် မိမိ၏ ဆံပင်မွှေးများကိုပင် ပြန်၍ ဆွဲနှုတ်နေ ကြတော့သည်။ အတိတ်တုန်းက နဂါးကျားတိုက်ပွဲများတွင် တစ်ယောက်ချင်း တိုက်ခိုက်သည်ဖြစ်စေ၊ အများနှင့် တိုက်ခိုက်သည်ဖြစ်စေ အရှေ့တောင်ရန်ကျူးရှိ ဂိုဏ်းတပည့်များ အားလုံးသည် စလာကတည်းက ရှုံးနိမ့်နေပြီး သားဖြစ်၏။
လက်ရှိအချိန်မှာတော့ ယှဉ်ပြိုင်ပွဲ၏ ပထမဆုံးပွဲသာ ရှိနေသေးသည်ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်း၏ တပည့်သည် အသွင်ပြောင်းနတ်ဂိုဏ်း၏ တပည့်နှစ်ယောက်အား အုပ်စုလိုက် တိုက်ခိုက်ပွဲတွင် အနိုင်ယူခဲ့ပြီ ဖြစ်သည်။ ဤအရာသည် စံချိန်ချိုးခြင်းပင် ဖြစ်တော့သည်။
“ဟောခန်းသခင်”
အကြီးအကဲကျိုးသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက နောက်တစ်ယောက် ထပ်ပြီးတော့ ထွက်အောင်လုပ်လိုက်ပြန်ပြီ”
အရှေ့တွင် ရပ်လျက်ရှိသော ရီထျန်းချန်သည် စကားမပြောပေ။ သူ၏ ခန္ဓာကိုယ်မှာတော့ တဆတ်ဆတ်နှင့် တုန်ရင်နေ၏။ သူသည် စိတ်လှုပ်ရှားလွန်းသောကြောင့် သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်သလို ဖြစ်နေမိသည်။
ဘုန်း ဘုန်း
ပုံရိပ်ယောင်အစီအရင်ထဲမှာတော့ ပြိုင်စံရှားဂိုဏ်းတပည့်နှင့် အသွင်ပြောင်းနတ်ဂိုဏ်း၏ တပည့်များသည် စတင် တိုက်ခိုက်နေကြပြီဖြစ်၏။ အလင်းတန်းများ ဖြတ်ပြေးသွားပြီးသည့်နောက် တည်နေရာတစ်ခုလုံးတွင် စိတ်ဝိညာဉ် စွမ်းအင်များ လှိုင်းထလျက်ရှိ၏။
ကြည့်ရှုနေသူများအားလုံးသည် မျက်လုံးအပြူးသားဖြင့် ကြည့်ရှု နေရ၏။ သူတို့၏ စိတ်အထင်အရဆိုလျှင် အဆင့်ငါးဂိုဏ်းနှင့် အဆင့်တစ်ဂိုဏ်းတို့ တိုက်ခိုက်ခြင်းတွင် ကျိန်းသေပေါက် အဆင့်ငါးဂိုဏ်းသည် ပြာနှမ်းနေအောင် အရိုက်ခံရမည်ဖြစ်သည်။
သို့ပေမဲ့ တကယ်တမ်းမှာ တော့ သူတို့၏ အထင်အမြင်များသည် ဝက်ဝက်ကွဲအောင် လွဲမှားသွားခဲ့တော့သည်။ ဤအဆင့်ငါးဂိုဏ်း၏ တပည့် များသည် အဆင့်တစ်ဂိုဏ်း၏ တပည့်များအား ရိုက်နှက်နိုင်ရုံမျှမက အထက်စည်းမှပင် မြန်မြန်ဆန်ဆန်နှင့် အသာယူ တိုက်ခိုက်လျက်ရှိတော့၏။
ဘုန်း
လုံကျိရန် သည် ရှေ့သို့လှမ်းတက်လိုက်ပြီးသည့်နောက်မှာတော့ မြေကွဲလက်သီးကို ထုတ်ဖော်လိုက်တော့သည်။ ထျန်းချီ၊ စုန့်ရွှမ်ကျူး နှင့် တခြားသောသူများ အားလုံးသည်လည်း စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်ကာ စိတ်လိုလက်ရနှင့် တိုက်ခိုက်ရေးနည်းစနစ် အားအင်များကို ထုတ်ဖော်လျက် ရှိသည်။ သူတို့၏ ပြိုင်ဘက်သည် ပထမအဆင့်ဂိုဏ်းများမှ ဖြစ်သည်ကိုလည်း သူတို့ ဂရုမစိုက်ချေ။ သူတို့ ဂရုစိုက်သည်မှာ လက်ရှိအခြေအနေ အတိုင်း စိတ်လိုလက်ရ အားရပါးရ တိုက်ခိုက်ရန်သာ ဖြစ်တော့သည်။
“ရှေးဟောင်း အရိပ်မဲ့ကန်ချက်”
“မြေကွဲလက်သီး”
“ကောင်းကင်နီဓား”
ဘုန်း ဘုန်း ဘုန်း
ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် ၎င်းတို့၏ သိုင်းနည်းစနစ်များကို တပြိုင်နက်တည်း ထုတ်ဖော်ကာ တိုက်ခိုက် ခြင်းဖြင့် တည်နေရာတစ်ခုလုံးတွင် တလက်လက်အလင်းများဖြင့် လင်းလက်စေ၏။
ဤကဲ့သို့သော အားကောင်း လှသည့် ပြိုင်ဘက်များကို ရင်ဆိုင်တွေ့ရန် ဆိုသည်မှာ အလွန်ရှားပါးသည်ဖြစ်သည်မို့ ၎င်းတို့သည် ၎င်းတို့၏ ပြိုင်ဘက်များကို ရှောင်ကျီနှင့် ရီရှင်းချန်တို့ကဲ့သို့ လွယ်လွယ်ကူကူ အနိုင်မယူခဲ့ချေ။ ထိုအစား ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို အနည်းငယ် ဖိနှိပ်ကာဖြင့် ကြာရှည်တိုက်ခိုက်နိုင်ရန် စဉ်းစားထားကြ၏။
“ချီးတဲ့မှ”
အသွင်ပြောင်းနတ်ဂိုဏ်းမှ တပည့်တစ်ယောက်သည် အော်ဟစ်လိုက်၏။
“အစီအရင် စရအောင်”
ဝှစ် ….. ဝှစ်
အားလုံးသည် နီးနီးကပ်ကပ် ရွေ့လျားလိုက်ပြီးသည့်နောက် ၎င်းတို့သည် သင့်တော်သည့်နေရာတစ်ခုတွင် အစီအရင်တစ်ခု၏ ပုံစံမျိုး ဖန်တီးကြတော့သည်။ အထက်မှကြည့်မည်ဆိုပါက ၎င်းတို့သည် ထူးဆန်းသည့် အစီအရင်တစ်ခုကို ဖန်တီးတိုက်ခိုက်ရန် စီစဉ်နေကြသည်ဖြစ်ကြောင်း မြင်နိုင်၏။
“ပုံရိပ်ယောင်စိတ်ဝိညာဉ်အစီအရင်”
“ဒါက အဆင့်မြင့် ပူးပေါင်းသိုင်းနည်းစနစ်ပဲ၊ တိုက်ပွဲစတယ်ဆိုကတည်းက ဒါမျိုးကို ထုတ်သုံးရမယ်လို့ ထင်တောင် မထင်မိဘူး”
“ပြိုင်စံရှားဂိုဏ်းတပည့်တွေက လုံးဝအားမနည်းဘူးလေ၊ သူတို့ အင်ပြည့်အားပြည့် မထုတ်ဖော်ဘူးဆိုရင် အခြေ အနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်” ကြည့်ရှုနေသောလူများသည် ဆွေးနွေးလျက်ရှိနေ၏။
အသွင်ပြောင်းနတ်ဂိုဏ်းမှ တပည့်နှစ်ဆယ်နီးပါးတို့သည် ၎င်းတို့၏ ကျင့်ကြံခြင်းကို တပြိုင်နက် ထုတ်ဖော်လိုက်ကြ၏။ ပြီးသည့်နောက်မှာတော့ တစ်ယောက်နှင့် တစ်ယောက် မြန်မြန်ဆန်ဆန် ချိတ်ဆက်ပြီးသည့်နောက် တိုက်ပွဲတည်နေရာတစ်ခုလုံးတွင် ကြီးမားလှသည့် အစီအရင်ကြီးတစ်ခုကဲ့သို့ စီရင်ဖန်တီးကြတော့၏။ ရုတ်တရက်ပဲ စိတ်ဝိညာဉ်စွမ်းအင်များသည် ထိုအစီအရင် ကြီးထဲတွင် စုဝေးလာပြီးသည့်နောက် ကြီးမားသည့် ဓမ္မပုံရိပ်ယောင်ကြီးတစ်ခု ဖြစ်တည်လာသည်။ ထိုဓမ္မ ပုံရိပ်ယောင်ကြီးဆီမှ ခြေလက် ခြောက်ဖက်တို့ ထွက်ပေါ်လာတော့သည်။
“ဒါက စိတ်ဝိညာဉ်ပုံရိပ်ယောင် နတ်ဘုရားပဲ”
“အသွင်ပြောင်းနတ်ဂိုဏ်းက တပည့်တွေအများကြီး ဖန်တီးထားတဲ့ ပုံရိပ်ယောင်ပဲ၊ ဒါက ကျိန်းသေပေါက် သိုင်းဘုရင်ထိပ်ဆုံး အဆင့် တစ်ယောက်ထက် အားနည်းမှာ မဟုတ်ဘူး၊ ဟုတ်တယ်မဟုတ်လား”
“ဒါက ပထမအဆင့်ဂိုဏ်းရဲ့ အခြေခံပဲလေ”
ကြီးမားလှသည့် ဓမ္မပုံရိပ်ယောင်ကြီးကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစား ဖြင့် ပြောလိုက်သည်။ “နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းလာပြီ”
“နည်းနည်း စိတ်ဝင်စားစရာ ဟုတ်လား”
သွမ့်ကျိရှို သည် အေးစက်စက်နှင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း… ဒီပူးပေါင်းတိုက်ခိုက်ရေးရဲ့ အားအင်စနစ်က ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ ခင်ဗျားမသိဘူးလို့ ကျုပ်ထင်တယ်”
“ကျုပ်မြင်ပါတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဤဓမ္မပုံရိပ်ယောင်ကြီး၏ အော်ရာများကို ကြည့်ရှုမည်ဆိုလျှင် သိုင်းဘုရင် ထိပ်ဆုံးအဆင့်ထက် မည်သို့မှ အားမနည်းကြောင်း သိသာလှ၏။
သို့ပေမဲ့ ထိုသို့ဖြစ်နေသော်လည်း ဘာဖြစ်သနည်း။ တကယ်တမ်း သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေထဲမှာတော့ သူ၏တပည့်များအားလုံးသည် သိုင်းအုပ်စိုးသူအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော စိတ်ဝိညာဉ်သားရဲများကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူများဖြစ်သည်။ သာမန်သိုင်းဘုရင်ထိပ်ဆုံးအဆင့် ပုံရိပ်ယောင်တစ်ခု နှင့် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ဆိုသည်မှာတော့ အလွန်တရာ လွယ်ကူလွန်းပေလိမ့်မည်။
ဟူး ဟူး
စိတ်ဝိညာဉ်နတ်ဘုရားပုံရိပ်ယောင်ကြီးသည် ရုတ်တရက်ဆိုသလိုပဲ ၎င်း၏ ကြီးမားသည့်လက်ကြီးနှစ်ဖက်ကို မြှောက်ကာဖြင့် ပြိုင်စံရှားဂိုဏ်းတပည့်များကို ရိုက်ချလိုက်တော့သည်။ တိုက်ခိုက်ရာတွင် ဖြစ်ပေါ်လာသော အားအင်များသည် အလွန်တရာ ပြင်းထန်လှသောကြောင့် တည်နေရာတစ်ခုလုံးသည် တွန့်လိမ်လာ၏။
ထိုကြီးမားသော လက်ကြီးများ၏ ဖိအားကြောင့် ကောင်းကင်ကြီးတစ်ခုလုံးသည် မဲမှောင်သွားသည်။ စုဝေးလျက် ရှိနေကြသော ပြိုင်စံရှားဂိုဏ်း တပည့်များမှာတော့ ထူးမခြားနားသလိုပင်။ ၎င်းတို့၏ နှုတ်ခမ်းထောင့်များသည် ကော့တက်လျက်ရှိနေ၏။
“သူတို့ ဘာလို့ မရှောင်တာလဲ”
ရှောင်ကျီသည် ရှေ့သို့လှမ်းတက်လိုက်ပြီးသည့်နောက် သူ၏ ရောင်းရင်းများရှေ့တွင် မတ်မတ်ရပ်လိုက်တော့ သည်။ ပြီးနောက် ရုတ်တရက် လက်နှစ်ဖက်ကို ဆန့်တန်းကာဖြင့် မြေဓာတ်သဘာဝ စွမ်းအင်များကို ထုတ်ဖော် လိုက်သည်။ ပုံရိပ်ယောင်မြင်ကွင်းထဲမှာတော့ ရှောင်ကျီသည် ဖျက်ဆီး၍ မရအောင် ခိုင်ခံ့လွန်းသော နံရံကြီး တစ်ခုကဲ့သို့ပင် ဖြစ်သည်။
စိတ်ဝိညာဉ်ပုံရိပ်ယောင်နတ်ဘုရား၏ ကြီးမားလှသော လက်ကြီးနှစ်ဖက်သည် ကျဆင်းလာချိန်မှာတော့ ရှောင်ကျီ၏ အဝတ်သည် စုတ်ပြတ်ထွက်သွားတော့သည်။ မြေဓာတ်သဘာဝ စွမ်းအင်များသည် သူ၏ ခိုင်ခံ့ကြီးမားလှသော ကြွက်သားထုများအားလုံးကို ပိုမို၍ အားကောင်းအောင် ထောက်ပံ့ပေးထားတော့သည်။ သူသည် လက်ဗလာနှင့်ပင် ဤကြီးမားလှသော လက်ကြီးနှစ်ဖက်ကို ဆုပ်ကိုင်ထား၏။
ဖျောင်း ဖျောင်း ဖျောင်း ဖျောင်း
ကြီးမားလှသော လက်ကြီးနှစ်ဖက်ကို ဆုပ်ကိုင်ထားပြီးသည့်နောက်မှာ ရှောင်ကျီ၏ ခြေနှစ်ဖက်သည် ကျောက်ဖြင့် ပြုလုပ်ထားသော စင်မြင့်၏ မြေနေရာထဲသို့ အနည်းငယ် ကျွံဝင်သွားသည်။ ကြည့်ရှုနေကြသော သူများအားလုံးသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
“ကြွစမ်း”
ထိုအချိန်မှာတော့ ရှောင်ကျီ၏ နဖူးပေါ်ရှိ သွေးကြောများသည် ဖောင်းကြွလာတော့သည်။ သူသည် လက်ထဲတွင် အားများကို စုစည်းကာ တွန်းထုတ်လိုက်တော့သည်။
စိတ်ဝိညာဉ်ပုံရိပ်ယောင်နတ်ဘုရားကြီးသည် ရုတ်တရက် ဆိုသလို အနောက်ဘက်သို့ လွှင့်စင်သွားတော့သည်။ ထိုပုံရိပ်ယောင်နတ်ဘုရား ဓမ္မရုပ်ထုကြီးကို ထောက်ပံ့ ထားသည့်သူများမှာ အဆင့်တစ် အသွင်ပြောင်းနတ်ဂိုဏ်း၏ တပည့်နှစ်ဆယ်ကျော်တို့ပင်ဖြစ်သည်။ ထိုသို့သော လူပေါင်းနှစ်ဆယ်ကျော်တို့၏ အားအင်အား ရှောင်ကျီသည် အဝေးသို့ရောက်အောင် တွန်းထုတ်နိုင်ခဲ့တော့သည်။ ၎င်း၏ ခန္ဓာကိုယ်အားအင်သည် မည်မျှ အားကောင်းနေလိုက်သနည်း။
အပေါ်ပိုင်း ဗလာကျင်းဖြစ်နေသော ရှောင်ကျီသည် ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။
“အား”
ပြီးနောက် သူ၏လက်များမှာတော့ ကြမ်းတမ်းလှသည့် အားအင်များ ဖြစ်တည်လာပြီး စိတ်ဝိညာဉ် ပုံရိပ်ယောင် နတ်ဘုရားရုပ်ကြီးအား လေထဲသို့ ဆွဲကာ မြှောက်လိုက်တော့သည်။