အခန်း (၇၀၉)
Vol. 48 Ch. 709
ဘုန်း
စိတ်ဝိညာဉ်ပုံရိပ်ယောင် ဓမ္မရုပ်ကြီးသည် လေပေါ်သို့ မြောက်တက်သွားပြီးသည့်နောက်မှာတော့ တဖန် အောက်သို့ ပြန်လည်ပြုတ်ကျလာခဲ့သည်။
ဤမြင်ကွင်းကို ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံးသည် မျက်လုံး အပြူးသားနှင့် ဖြစ်လျက်ရှိ၏။ တည်နေရာထဲတွင် ရှိနေကြသော ကြည့်ရှုသူများ၏ ပါးစပ်များသည် ကြက်ဥ တစ်လုံးပင် ထည့်လို့ရအောင် အဟောင်းသားဖြစ်နေ၏။
ဤအရာသည် လက်ဗလာသက်သက်ဖြင့် ကြီးမားလှသည့် ပုံရိပ်ယောင်ရုပ်ထုကြီးအား ဆွဲမြှောက်ကာ ပစ်ချလိုက် ခြင်းပင် ဖြစ်တော့သည်။ ထိတ်လန့်တုန်လှုပ်စရာ ကောင်းလွန်းလှပေသည်။
ထို့အပြင် တစ်ဖက်ပုံရိပ်ယောင်ကြီးသည် သိုင်းဘုရင်နှစ်ဆယ့်သုံးယောက်က ဖန်တီး ထားခြင်းဖြစ်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ အားကောင်းလှသည့် အော်ရာများသည် စင်မြင့်ပေါ်တွင် ဖြစ်တည်လာသည်။ အပေါ်ပိုင်းဗလာကျင်းဖြစ်နေသော ရှောင်ကျီသည် ပုံရိပ်ယောင်အစီအရင်ကြီးအား ဖန်တီး နေသော ကျင့်ကြံသူများဘက်သို့ မျက်နှာလှည့်လိုက်တော့သည်။
“……..” အဝေးတစ်နေရာတွင်ရှိနေသော လိုင်လီနတ်ဂိုဏ်း။
ရှောင်ကျီသည် သူ၏အင်ပြည့်အားပြည့်ကို ထုတ်ဖော်ပြီး အလွန်တရာ အားကောင်းလှသည့် စွမ်းအင်ကို ထုတ်ဖော် တိုက်ခိုက်နေသည်ကို မြင်ရချိန်မှာတော့ ထိုတစ်ဂိုဏ်းလုံးသည် တိတ်ဆိတ်ငြိမ်သက် နေကြတော့သည်။
မူလအားဖြင့် လိုင်လီနတ်ဂိုဏ်းသည် နဂါးကျားတိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားပြီး ဖြစ်သည်။ သို့ပေမဲ့ ၎င်းတို့၏ အားအကောင်းဆုံးတပည့်ဖြစ်သော မုယုံရှင်းသည် ရှောင်ကျီအား ရှုံးနိမ့်ခဲ့သည်ဖြစ်ခြင်းကြောင့် ၎င်းတို့သည် တခြားသူများကို မျက်နှာချင်းဆိုင်ရန် ယုံကြည်ချက် မရှိတော့ဘဲ တိုက်ခိုက်ရန် စာရင်းပေးသွင်းထားမှုကို ဖျက်သိမ်းခဲ့ရခြင်းပင်ဖြစ်သည်။
“ဆရာ”
မုယုံရှင်းသည် အနောက်ဆုံးဘက်တွင် မတ်တပ်ရပ်လျက်ရှိပြီး မြင်ကွင်းထဲတွင်ရှိနေသောလူအား ကြည့်ရှုလိုက်၏။ သူမသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ “သူလာပြီးတိုက်ခိုက်တုန်းက အင်ပြည့်အားပြည့် မသုံးခဲ့ဘူးပဲ”
ဟုတ်ပေသည်။ အဲအချိန်တုန်းက ရှောင်ကျီသည် သူ၏အားအပြည့်ကို ထုတ်ဖော်အသုံးမပြုခဲ့ချေ။ လိုင်လီနတ် ဂိုဏ်းသို့ သူလာခဲ့သည်ဆိုသည်မှာ ဆုံးရှုံးခဲ့သော ဂုဏ်သိက္ခာများကို ပြန်လည်ရရှိရန်သာဖြစ်သည်။ အရာအားလုံး သည် ထိုမျှသာဖြစ်၏။
ချမ်းဟွာရှင်း၏ မျက်လုံးများထဲတွင်တော့ ဒေါသတရားများဖြင့် ပြည့်နှက်လျက်ရှိသည်။ သူ၏ တပည့်အား ကောင်းကောင်းဆက်လက်ကျင့်ကြံစေပြီး အားကောင်းလာသည့်တစ်နေ့တွင် ရှောင်ကျီအား ပြန်လည်အနိုင်ယူရန် သူမ စဉ်းစားထားမိ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ထိုလူငယ်၏ အားအင်အဆင့် သည် အလွန်တရာအားကောင်းလွန်းနေပြီး မုယုံရှင်းနှင့် နှိုင်းယှဉ်မည်ဆိုပါက တဖြည်းဖြည်းနှင့် ဝေးကွာလျက် ရှိနေတော့သည်။
“ချီး”
ချမ်းဟွာရှင်းသည် စိတ်အလိုမကျသလို ပြောလိုက်၏။ သို့ပေမဲ့ သူမသည် ပြိုင်စံရှားဂိုဏ်းတပည့်များသည် အချိန် ကြာလာသည်နှင့်အမျှ ပိုပို၍ အားကောင်းလာသည် ဆိုသည်ကိုတော့ လက်ခံရပေလိမ့်မည်။
“စီနီယာအစ်ကိုရှောင်က မိုက်တယ်ဟေ့”
“စီနီယာအစ်ကိုရှောင် မိုက်တယ်”
သံမဏိအရိုးတောင်ထဲမှာတော့ ရှောင်ကျီသည် စိတ်ဝိညာဉ်ပုံရိပ်ယောင်ရုပ်ထုကြီးအား အောက်သို့ကျဆင်းအောင် တိုက်ခိုက်လိုက်ချိန်မှာတော့ တပည့်တစ်သောင်းကျော်တို့သည် အားရပါးရ အော်ဟစ် အားပေးလျက် ရှိနေတော့သည်။
ဟား ဟား ဟား ဟား
ဟား ဟား ဟား ဟား
လျှိုဝမ်ရှစ်သည် ဇွန်းအားကိုင်ကာ အားရပါးရ ပျော်ရွှင်စွာဖြင့် ကခုန်လျက်ရှိနေတော့သည်။ အနောက်ဘက်တွင် ရှိနေသော အားဟိုင်နှင့် ရိဟိုင်တို့၏ မျက်နှာအပေါ်မှာတော့ ဟင်းအနှစ်ဖက်များ ပေကျံလျက်ရှိနေတော့သည်။
……….
တိုက်ခိုက်ရေးစင်မြင့်ပေါ်မှာတော့ ရှောင်ကျီသည် ပုံရိပ်ယောင်ရုပ်ထုကြီးအား မြေပေါ်သို့ကျအောင် တိုက်ခိုက် လိုက်ပြီးသည့်နောက်မှာတော့ အသွင်ပြောင်းနတ်ဂိုဏ်းမှ တပည့်များအားလုံးသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို မည်သို့မှ မထိန်းနိုင်တော့ဘဲ ရှေ့သို့ ကြွတက်လာကြတော့သည်။
၎င်းတို့သည် မိမိတို့၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းတပည့်များကို ကြည့်ရှုလိုက်ကြသည်။ ၎င်းတို့၏ မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားတော့၏။ ဤလူသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
“အစီအရင် စ”
အသွင်ပြောင်းနတ်ဂိုဏ်း၏ တပည့်တစ်ယောက်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
ရွှီး …. ရွှီး
တပည့်နှစ်ဆယ်ကျော်တို့သည် ၎င်းတို့၏ တည်နေရာများကို နေရာယူပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင် များကို အားအကောင်းဆုံးဖြင့် ထုတ်ဖော်လိုက်တော့သည်။ မြေပေါ်တွင် လဲကျလျက်ရှိသော ပုံရိပ်ယောင်ဓမ္မရုပ်ထု ကြီးသည် ပြန်လည်ကာ မတ်တပ်ရပ်လာသည်။
ရွှီး ရွှီး
လက်ရှစ်ဘက်သည် ဝှေ့ယမ်းပြီးသည့်နောက်မှာတော့ အလွန်တရာပြင်းထန်လှသော အားအင်များနှင့် ရှောင်ကျီ အား ထိုးနှက်လိုက်၏။ ၎င်းတို့သည် အရမ်းကို ဒေါသထွက်လျက်ရှိနေ၏။ ၎င်းတို့၏ ဓမ္မရုပ်ထုကြီးသည် အဆုံးစွန် သော စွမ်းအင်ကို ထုတ်ဖော်နေကြတော့၏။
စိတ်ဝိညာဉ်ပုံရိပ်ယောင် ရုပ်ထုကြီးနှင့် ရင်ဆိုင်ရသည့်အချိန် မှာတော့ ရှောင်ကျီနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် အမဲရောင်ချပ်ဝတ်များ ဖြစ်တည်လာခဲ့သည်။
ဟူး ဟူး
ထိုအချိန်မှာတော့ ပုံရိပ်ယောင်ရုပ်ထုကြီး၏ လက်သီးချက်သည် ကျဆင်းလာပြီး လက်သီးချက်၏ အရှိန်အဟုန် ကြောင့် မြေပြင်ရှိ ကျောက်ချပ်များပင်လျှင် ကွဲအက်လာခဲ့၏။
ဘုန်း
လီယုဟွာသည် ရှေ့သို့လှမ်းတက်လိုက်ပြီးသည့်နောက် သူ၏ စီနီယာအစ်ကိုရှောင်၏ ရှေ့၌ မတ်မတ်ရပ် လိုက်သည်။ ပြီးနောက် လက်ဝါးများကို ဖြန့်ကာ ကြီးမားလှသည့် လက်သီးချက်ကြီးအား ဖမ်းယူလိုက်တော့သည်။ တချိန်တည်းမှာပဲ သူ၏လက်ထဲ၌ အလင်းတန်းများ ဖြစ်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွား တော့သည်။ အလင်းတန်းများ ပျောက်ကွယ်သွားသည့်အချိန်မှာတော့ အလွန်တရာ ခိုင်မာလှသည့်ချပ်ဝတ်တစ်ခု သည် ခန္ဓာကိုယ်ပေါ်တွင် ရောက်ရှိနေပြီဖြစ်သည်။
ရှောင်ကျီနှင့် လီယုဟွာတို့သည် ၎င်းတို့၏ စိတ်ဝိညာဉ်ချပ်ဝတ်များကို တခါတည်း ထုတ်ဖော်လိုက်သည့် နောက်မှာတော့ အလွန်တရာ ကြည့်ကောင်းလှသည့် ရုပ်ရည်သွင်ပြင်များကို ထင်ပေါ်လာစေခဲ့၏။ ၎င်းတို့သည် အကောင်းဆုံးသော ဟန်ရေးထုတ်မှုများကို ပြသလျက်ရှိ၏။
ကျွင်းချောင်ရှောင်း၏ စကားအရဆိုလျှင် နဂါးကျားတိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီးသည့်နောက်မှာတော့ ကြီးမားသော ဟိတ်ဟန်ကို ထုတ်ဖော်ရမှာ ဖြစ်တော့သည်။ လက်ရှိအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းတပည့်များ၏ ဟန်လုပ်ခြင်းအား တားဆီးနိုင်မည့်လူ ဟူ၍ လောကကြီး၌ တစ်ယောက်မှ မရှိပေ။
ဟူး ဟူး
တခြားသော လက်ကြီးခုနှစ်ဖက်သည် ကြမ်းတမ်းစွာဖြင့် အောက်သို့ ကျဆင်းလာ၏။
ရုတ်တရက် အရိုးကွဲလောက် အောင် အေးခဲသည့် အော်ရာများသည် အဝေးတစ်နေရာဆီမှ ဖြန့်ကျက်လာ၏။ နှင်းမြူများသည် ကြီးမားသည့် လက်ကြီးများအား ဖုံးလွှမ်းလာခဲ့သည်။
“ရေခဲစည်း”
လုချင်းချင်းသည် သူမ၏ ကျောက်စိမ်းကဲ့သို့လက်များကို ပိုက်လိုက်ပြီးသည့်နောက် အေးစက်စက်ဖြင့် အော်လိုက်၏။
ဖြောင်း … ဖြောင်း … ဖြောင်း …။
ကြီးမားလှသော လက်ကြီးခုနှစ်ဖက်တို့သည် ရုတ်တရက်ဆိုသလိုပဲ အေးခဲသွား၏။ ကျဆင်းလာသည့် အရှိန်နှုန်း သည်လည်း ကျဆင်းသွား၏။
“စည်းခတ်သွားပြီ”
ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် ထအော်လိုက်ကြ၏။ “ဒီမိန်းကလေးရဲ့ ရေခဲဓာတ်သဘာဝကို နားလည်မှုက ကြောက်မက်ဖွယ်ရာ ကောင်းတယ်”
ရေခဲဓာတ်သဘာဝကျင့်ကြံသူတစ်ယောက်သည် လေးနက်စွာဖြင့် ပြောလိုက်၏။
ဘုန်း
လက်သီးချက်ကြီးသည် ကျဆင်းလာချိန်မှာတော့ လီယုဟွာ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး အစိတ်စိတ် အမွှာမွှာများ ဖြစ်ကုန်သည်။ ပြီးနောက် ဟယ်ဝူတီသည် လေပေါ်သို့ ခုန်တက်လာ၏။
“ကျုပ်ကိစ္စထားလိုက်တော့”
ရွှီး ရွှီး
ရှောင်ကျီနှင့် လီယုဟွာတို့သည် ရှောင်ရှားလိုက်ကြသည်။ ဟယ်ဝူတီသည် အေးခဲလျက်ရှိသော လက်ကြီး၏ အောက်တွင် မတ်မတ်ရပ်တန့်လိုက်ပြီး လက်ကို ယမ်းခါလိုက်တော့သည်။ သူ၏ ပျင်းရိလေးကန်ဖွယ်ရှိနေသော အကြည့်များသည် ရုတ်တရက် ထက်ရှသွားသည်။
“အခုတော့ တကယ်တိုက်တော့မှာပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူ၏ ဤနောက်ဆုံးတပည့်၏ ကျင့်ကြံခြင်းသည် အလွန်တရာ မြန်ဆန်စွာ မြင့်တက်လာခဲ့သည်။ တိုက်ခိုက်ရေးစွမ်းအင် မည်မျှအားကောင်းသနည်း ဆိုသည်ကိုတော့ သူသေချာ မသိချေ။
ဟယ်ဝူတီ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ညာဘက်လက်သီးတွင် စုဝေးလာပြီးသည့်နောက်မှာတော့ မြေကွဲ လက်သီးအား ထုတ်ဖော်အသုံးပြုလိုက်တော့သည်။
ဟူး ဟူး
ထိုစဉ်မှာတော့ တည်နေရာတစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းသည့် လက်သီးအရိပ်အယောင်များနှင့် ပြည့်နှက် သွားသည်။
ရီရှင်းချန် မျက်မှောင်ကုတ်မိသွားသည်။ သူသည်လည်း မြေကွဲလက်သီးကို ကျင့်ကြံခဲ့၏။ သို့ပေမဲ့ အားအင်နှင့် အရှိန်အဟုန်အရဆိုလျှင် ဟယ်ဝူတီနှင့် နှိုင်းယှဉ်၍ မရနိုင်ခဲ့ချေ။ ညအင်ပါယာသည် ပြန်လည် မွေးဖွား လာခဲ့သော သိုင်းအင်ပါယာ ဖြစ်သည်ဆိုသော်လည်း ဤနောက်ဆုံးတပည့်မှာမူ အထက်နယ်မြေဆီမှ ရောက်ရှိလာ ခဲ့သူဖြစ်သည်။
နဂါးနက်မိစ္ဆာဂိုဏ်းနှင့် သွားရောက်ယှဉ်ပြိုင်ခဲ့စဉ်က နတ်ဆိုးအော်ရာများ၏ လွှမ်းခြုံခြင်းကိုသာ မခံရပါက နတ်ဆိုး ဂိုဏ်းတစ်ခုလုံးကို သူတစ်ယောက်တည်းနှင့် ဖြေရှင်းနိုင်သည့် အစွမ်း ဟယ်ဝူတီ၌ ရှိနေ၏။
နဂါးကျား တိုက်ပွဲအတွင်းမှာ တော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များ အားလုံးသည် ကြီးမားပြီး အားကောင်းလှသော တိုက်ခိုက်ရေး နည်းစနစ် များကို ထုတ်ဖော်ရင်း အသုံးပြု တိုက်ခိုက်နေကြသည်။
ဟယ်ဝူတီသည် လေပေါ်သို့ ခုန်ပြီးသည့်နောက်မှာတော့ အားလုံးကို ငုံကာ ကြည့်လိုက်၏။
ဘုန်း ဘုန်း ဘုန်း ဘုန်း
စည်းခတ်ခံထားသော လက်ကြီးလေးဖက်သည် ချုပ်နှောင်ထားသည်က မလွတ်မြောက်နိုင်သေးခင်မှာပဲ ရေတွက် လို့မရအောင် များပြားလှသော လက်သီးချက်ကြီးများသည် ထိုးနှက်တိုက်ခိုက်ပြီး ဖြစ်နေတော့သည်။
ဘန်း ဘန်း ဘန်း ဘန်း
ပေါက်ကွဲမှုဆက်တိုက် ဖြစ်ပေါ်လာပြီးသည့်နောက် ပုံရိပ်ယောင်ဓမ္မရုပ်တုကြီးသည် ကျိုးပြတ်သွားပြီးဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဖြစ်တည်လာသော ၎င်း၏ ခန္ဓာကိုယ်ကြီး တစ်ဝက်လုံးသည်လည်း အငွေ့များအဖြစ် ဖြစ်တည်ကာ ပျောက်ကွယ်သွား၏။
ရွှီး
ဟယ်ဝူတီသည် ခုန်ချပြီးသည့်နောက်မှာတော့ သူ၏လက်ချောင်းများကို ယမ်းခါလိုက်၏။ ကောင်းကင်နီဓားကွက် သည် လေထဲတွင် ဖြစ်တည်လာပြီးသည့်နောက် တောက်ပသည့် အလင်းတန်းများသည် တစ်ပိုင်းသာ ကျန်တော့သော ပုံရိပ်ယောင်ရုပ်တုကြီးဆီသို့ ထပ်မံရောက်ရှိကာ ဖျက်ဆီးလိုက်တော့သည်။
ဖူး ဖူး
အသွင်ပြောင်းနတ်ဂိုဏ်း၏ တပည့်များအားလုံးတို့သည် သွေးတွေ အန်ထွက်လာခဲ့တော့သည်။ ၎င်းတို့၏ စိတ် တစ်ခုလုံးသည် ရှုပ်ထွေးသွားပြီးသည့်နောက် တည်နေရာထဲတွင် ဖြစ်တည်နေသော ပုံရိပ်ယောင်ဓမ္မရုပ်တုကြီးက တော့ ပျက်ဆီး ပျောက်ကွယ်သွားခဲ့၏။
“ကျိုးပြတ်သွားပြီလား”
အားလုံးသည် မျက်စိသူငယ်အိမ်ထဲမှ မျက်လုံးများ ထွက်ကျလုမတတ် ဖြစ်နေကြတော့သည်။ ရှောင်ကျီ လက်ဗလာ နှင့် စိတ်ဝိညာဉ်ပုံရိပ်ယောင်ရုပ်တုကြီးအား ကိုင်ပေါက်ခဲ့သည့် မြင်ကွင်းသည်ပင် လုံလောက်အောင် အားကောင်း နေခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ ဤတပည့်မှာတော့ တစ်ခါတည်း လွယ်လွယ်ကူကူ ပျောက်ကွယ်သွားအောင် တိုက်ခိုက်ခဲ့ တော့သည်။
ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ငါ့ရဲ့ နောက်ဆုံးတပည့်က သိုင်းဘုရင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်လောက် အားကောင်းနေတာကိုး၊ ဒီလိုမှန်းသိရင် နဂါးကျားတိုက်ပွဲဆီ ခေါ်မလာပါဘူး”
အဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့် ဆိုသော် ၎င်းသည် အရမ်းအားကောင်းသောကြောင့် ဖြစ်သည်။ ထိုသို့ဆိုလျှင် တခြားသော ပါဝင်ယှဉ်ပြိုင်သူများအား တိုက်ခိုက်ရန် အခွင့်အရေးနည်းနည်းမှ ရလိမ့်မည် မဟုတ်ချေ။
“အချိန်ဖြုန်းမနေနဲ့”
တိတ်ဆိတ်ငြိမ်သက်စွာရှိနေသော လုချင်းချင်းက ပြောလိုက်သည်။ “တိုက်ပွဲကို မြန်မြန် အဆုံးသတ်တော့”
လီချင်းယန်နှင့် တခြားသောသူများသည် အကြီးဆုံးစီနီယာအစ်မကြီး၏ အမိန့်ကို မဖယ်ရှားရဲကြချေ။
ရွှီး…. ရွှီး
ထို့ကြောင့် သူတို့သည် အသွင်ပြောင်းနတ်ဂိုဏ်းမှ တပည့်များ ဒဏ်ရာရထားသည်ကို ဂရုမစိုက်ကြချေ။ ရှိရှိသမျှ သော တိုက်ခိုက်ရေးနည်းစနစ်များကို စုစည်းကာ စုပေါင်း တိုက်ခိုက်လိုက်တော့သည်။
ထိုအထဲတွင် အတက်ကြွဆုံး ဖြစ်နေသည်မှာ ရီရှင်းချန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် တိုက်ပွဲမစတင်ကတည်းက အမှိုက်ဟု ခေါ်ဆိုခြင်းခံခဲ့ရသည်။ ထို့ကြောင့် သူ၏ ဒေါသများသည် ၎င်း၏အတူ ပါဝင်ယှဉ်ပြိုင်နေသော တပည့်များ အပေါ် ကျရောက်လျက်ရှိနေတော့၏။
ဘုန်း ဘုန်း
အသွင်ပြောင်းနတ်ဂိုဏ်း၏ ဒဏ်ရာရထားသော တပည့်များသည် ပြိုင်စံရှားဂိုဏ်းတပည့်များ၏ တိုက်ခိုက်မှုကို မည်သို့မှ မခံစားနိုင်တော့ချေ။ ပြိုင်ပွဲတည်နေရာအတွင်းမှ တစ်ယောက်ပြီး တစ်ယောက် လွှင့်စင်ပြုတ်ကျသွားခဲ့ သည်။
“ဒါ … ဒါက”
ကြည့်ရှုနေသူများ အားလုံးသည် ဆွံ့အသွားကြသည်။ ခဏကြာပြီးသည့်နောက်မှာတော့ တိုက်ခိုက်ရေး တည်နေရာ ထဲတွင် အသွင်ပြောင်းနတ်ဂိုဏ်း၏ တပည့်တစ်ယောက်သာလျှင် ကျန်ရှိတော့သည်။
၎င်း၏ရှေ့မှာတော့ ပြိုင်စံရှား ဂိုဏ်း၏ တပည့်နှစ်ဆယ့်ငါးယောက်တို့သည် တစ်ယောက်နှင့်တစ်ယောက် ပခုံးချင်းယှဉ်ကာ ရပ်လျက်ရှိနေကြ သည်။ အားလုံးသည် အလွန်တရာ အားကောင်းလှသော မွန်းစတားကဲ့သို့ အော်ရာများကို ထုတ်ဖော်လျက်ရှိသည်။
အား
အသွင်ပြောင်းနတ်ဂိုဏ်း၏ တပည့်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ အဆုံးသတ်မှာတော့ သူသည် တစ်ချက်ကလေးမှ လှုပ်ရှားခြင်းကို မပြုလိုက်ရခင်မှာပဲ စုရှောင်မို၏ ကန်ချက်ကြောင့် အောက်သို့လွှင့်စင်ကာ ပြုတ်ကျသွားတော့၏။
လက်ရှိအခြေအနေမှာတော့ ပထမဦးဆုံးအကျော့၏ ပထမဦးဆုံး တိုက်ပွဲသည် ပြီးဆုံး သွားခဲ့ပြီဖြစ်သည်။ ခဏလောက် ကြာပြီးသည့်နောက် ဒိုင်လူကြီးက ပြောလိုက်တော့သည်။ “အသွင်ပြောင်းနတ်ဂိုဏ်း ရှုံးနိမ့်သွားပြီ၊ အနိုင်ရရှိသူ - ပြိုင်စံရှားဂိုဏ်း”
“ဒင်... လက်ခံသူသည် သီးခြားတာဝန်ကို ပြည့်စုံစေသည့်အတွက် ဂုဏ်ပြုပါသည်၊ အတွေ့အကြုံအဆောင်နှစ်ခုကို ရရှိခဲ့သည်၊ ပစ္စည်းများအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”
သတိပေးချက်များသည် သူ၏နားထဲတွင် ထင်ပေါ်လာခဲ့သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ထိတ်လန့် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “ဂိုဏ်းစုဆောင်းမှတ်တွေကကော”
စနစ်က ပြောလိုက်သည်။ “ဒီလိုတာဝန်အမျိုးအစားတွေက ဈေးနှုန်းနဲ့ လာတာလေ၊ ဒီတော့ ဂိုဏ်းစုဆောင်းမှတ်တွေကို ဆုလာဘ်အဖြစ် မပေးဘူး”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ “ငါ့ကို လာနောက်နေတာလား”