အခန်း (၇၁၂)
Vol. 48 Ch. 712
ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် စင်မြင့်ပေါ်တွင် မတ်တပ်ရပ်လိုက်သည့် အချိန်မှာတော့ ၎င်းတို့အားလုံးသည် ငရဲပြည်မှ နတ်ဆိုးများကဲ့သို့ပင် ထင်မှတ် မှားရလောက်သည်။
တောက်ပရွှေနတ်ဂိုဏ်းမှ တပည့်များအားလုံးသည် ထိတ်လန့်တုန်လှုပ်နေမိကြ၏။ ပြိုင်စံရှားဂိုဏ်းတပည့်များမှ ထွက်ပေါ်လာခဲ့သော အကြည့်များသည် ၎င်းတို့၏ အသဲနှလုံးထဲတွင် စူးစိုက်ရောက်ရှိလာခဲ့တော့သည်။
“ပြဿနာပဲ”
သွမ့်ကျိရှို ၏ မျက်နှာသည် အလွန်အမင်းပျက်ယွင်းသွားခဲ့၏။ ပြိုင်စံရှားဂိုဏ်းတပည့်များ၏ အမူအရာကို ကြည့်မည်ဆိုပါက တိုက်ခိုက်ပွဲစသည်ဆိုသည်နှင့် တစ်ခါတည်း ကျိန်းသေပေါက် တိုက်ခိုက်ပေလိမ့်မည်။
၎င်းတို့၏ ဟန်အမူအရာများသည် မနေ့ကထက်ပင် ပိုမိုအားကောင်းနေခဲ့၏။ ဤအကြီးအကဲသည် မိမိကိုယ်ကို အားတင်းကာ ကျွင်းချောင်ရှောင်းကို ခွန်းတုံ့ပြန် ပြောဆိုခဲ့သည်ဆိုသော်လည်း တကယ့်အစစ်အမှန်တရားမှာတော့ နှလုံးသား ထဲတွင် စိုးရွံ့လျက်ရှိနေ၏။ တိုက်ခိုက်ပွဲ မြန်မြန်စတင်ပြီး တပည့်များသည် မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားခဲ့ဖို့ကိုပင် သူမျှော်လင့်နေမိသည်။ သို့ပေမဲ့ ဤကဲ့သို့ဖြစ်ရန် မလွယ်ကူလှပေ။ သူသည် ကျွင်းချောင်ရှောင်း၏ သည်းခံနိုင်မှုအားကို အထင်သေးခဲ့မိပုံပေါ်၏။
ဝှစ် …. ဝှစ်
တောက်ပရွှေနတ်ဂိုဏ်းမှ တပည့်များအားလုံးသည် ခက်ခက်ခဲခဲနှင့် စင်မြင့်ပေါ်တွင် မတ်မတ်ရပ်လိုက်ကြ၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့်များနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အလွန်တရာ အားနည်းနေကြသည်။
“အခြေအနေကတော့ သိပ်မဟုတ်ဘူး၊ ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တွေကို ကြည့်ရတာ တောက်ပရွှေနတ်ဂိုဏ်က လူတွေကို မုန်းနေပုံပဲ”
အားလုံးသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဖြစ်ကြောင်းကို နားလည်လိုက်မိ၏။ လက်ရှိအခြေအနေမှာတော့ ဒိုင်လူကြီးသည် စင်မြင့်ပေါ်သို့ လှမ်းတက်ပြီးသည့်နောက် မေးလိုက်သည်။
“နှစ်ဖက်လုံးက တစ်ယောက်ချင်းဆီ တိုက်ခိုက်ချင်လား၊ အဖွဲ့လိုက်တိုက်ခိုက်ချင်လား”
“တစ်ယောက်ချင်းစီ တိုက်မယ်”
လီချင်းယန်က ပြောလိုက်သည်။ ဂိုဏ်းချုပ်သည် အစောကတည်းက အမိန့်ကို ပေးထားခဲ့ပြီး ဖြစ်သည်။ တစ်ယောက်ချင်းစီတိုင်းအား ကျိန်းသေပေါက် ပယ်ပယ်နယ်နယ် ရိုက်နှက်ရန်ပင် ဖြစ်၏။
“ချင်းယန်”
သူသည် အလုံးစုံပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ တောက်ပရွှေနတ်ဂိုဏ်းမှ ဦးဆောင်သည့်လူအား မေးမြန်းပြီးသည့် နောက်မှာတော့ ဒိုင်လူကြီးသည် တရားဝင်ကျယ်လောင်စွာဖြင့် ကြေညာလိုက်တော့သည်။
“နဂါးကျားတိုက်ပွဲရဲ့ ဒုတိယအကျော့၊ ပထမဦးဆုံးတိုက်ပွဲ၊ တစ်ယောက်ချင်းစီ တိုက်ခိုက်မယ့်တိုက်ပွဲဖြစ်တယ်၊ ပထမဦးဆုံး တိုက်ခိုက်မယ့်လူ … ကျေးဇူးပြုပြီး ရှေ့ကို ကြွခဲ့ပါ”
“ကျုပ်အရင်သွားမယ်”
ရီရှင်းချန်သည် အရှေ့သို့လှမ်းတက်ပြီးသည့်နောက်မှာတော့ စင်မြင့်အလယ်တွင် မတ်မတ်ရပ်လျက်ရှိသည်။ သူ၏ မျက်လုံးများတွင်တော့ အေးစက်မှုများနှင့် ပြည့်နှက်လျက်ရှိသည်။
“ဂျူနီယာစွန်း”
တောက်ပရွှေနတ်ဂိုဏ်းမှ တပည့်တစ်ယောက် ပြောလိုက်သည်။ “မင်းတက်သွား”
ဂျူနီယာစွန်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားသည်။ သို့ပေမဲ့ သူသည် အံကိုကြိတ်ကာဖြင့် ရှေ့သို့ လှမ်းတက် လိုက်၏။
“တိုက်ပွဲ စတင်မယ်” ဒိုင်လူကြီးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သို့ပေမဲ့ သူပြောပြီးပြီးချင်းမှာပဲ ရီရှင်းချန်သည် တောက်ပ ရွှေနတ်ဂိုဏ်း၏ တပည့်ရှေ့သို့ ပေါ်လာခဲ့သည်။ သူ၏ ညာဘက်လက်များသည် ဝှေ့ယမ်းလိုက်သည့်နောက်မှာတော့ ပြင်းထန်လှသည့် လေလှိုင်းအဟုန်များပင် ပါဝင်လာသည်။
ဘန်း
လက်ဝါးရိုက်ချက်သည် တစ်ဖက်လူ၏ မျက်နှာပေါ်သို့ ကျဆင်းပြီးသည့်နောက်မှာတော့ တစ်ဖက်လူသည် မြေပေါ်သို့လဲကျသွားခဲ့ပြီး သွားများသည်လည်း တစ်စစီ ကြွေကျလွှင့်စင်သွားခဲ့၏။
ဝှစ်
ရီရှင်းချန်သည် ရှေ့သို့လှမ်းတက်ပြီးသည့်နောက်မှာတော့ ထိုသူ၏ ညာဘက်ခြေထောက်ကို လှမ်းဆွဲလိုက်၏။ ပြီးနောက် တခြားတစ်ဘက်ဆီသို့ ကြမ်းကြမ်းတမ်းတမ်းပဲ ပစ်လွှတ်လိုက်တော့သည်။
ဘုန်း ဘုန်း
ကျောက်စင်မြင့်ကြီးတစ်ခုလုံးသည် တုန်ခါလျက်ရှိ၏။ ကြည့်ရှုနေကြသူများအားလုံး၏ နှုတ်ခမ်းများသည် တုန်ယင်နေ၏။ ၎င်းတို့အနေနှင့် တောက်ပရွှေနတ်ဂိုဏ်း၏ တပည့်သည် ဤကဲ့သို့ ဟိုဘက်ပစ်လိုက်၊ ဒီဘက်ပစ်လိုက် လုပ်ခံ နေရသည်ကို မည်သို့မှ ဆက်လက်၍ မကြည့်ရှုနိုင်တော့သလို မျက်နှာပင် လွှဲလိုက်မိ၏။
“ဒါက အရမ်းကို ကြောက်ဖို့ကောင်းတာပဲ”
မနေ့တုန်းက အောင်းဝူရှန်၏ မောက်မာမှုများသည် ညအင်ပါယာအား အလွန်ပင် ဒေါသထွက်စေ၏။ ထို့ကြောင့် ဂိုဏ်းချုပ်၏ အမိန့်မရှိလျှင်ပင် သူသည် တစ်ဖက်လူအား ပြင်းပြင်းထန်ထန် ရိုက်နှက်မိမှာ သေချာ၏။
“…”
သွမ့်ကျိရှို သည် မျက်လုံးစုံမှိတ်ထားလိုက်မိ၏။ သူ၏တပည့်သည် ကြီးမားလှသည့် ကပ်ဘေးကြီးကို ရင်ဆိုင်ရလိမ့် မည်ဟု မကောင်းသည့်ခံစားချက်များ ရရှိနေသည်ဆိုသော်လည်း ဤမျှ ဆိုးဆိုးရွားရွား ရိုက်နှက်ခံရလိမ့်မည်ဟု မထင်မှတ်မိခဲ့ချေ။
“ရပ် … ရပ် … ရပ် ….. ရပ်တော့”
ဒိုင်လူကြီးသည် အလျင်အမြန်ဖြင့် စင်မြင့်ပေါ်သို့ လှမ်းတက်လာပြီး တားဆီးလိုက်သည်။
“ယှဉ်ပြိုင်သူ… နဂါးကျားတိုက်ပွဲဆိုတာက သိုင်းပညာယှဉ်ပြိုင်ရုံ သက်သက်ပဲ၊ သေခြင်းရှင်ခြင်းတိုက်ပွဲလိုမျိုး ကြမ်းတမ်းတဲ့ တိုက်ပွဲမဟုတ်ဘူး၊ ဒီတော့ မင်းရဲ့ခံစားချက်ကို ထိန်းချုပ်ပြီးတော့ ရက်စက်တဲ့ တိုက်ကွက်မှုမျိုး မလုပ်ပါနဲ့”
ဒိုင်လူကြီးပင်လျှင် အလန့်တကြားဖြစ်သွားရ၏။ ညအင်ပါယာ၏ တိုက်ခိုက်မှုသည် မည်မျှကြောက်မက်ဖွယ် ကောင်းမည်ကို ခန့်မှန်းကြည့်၍ပင် ရနိုင်၏။
ဟမ့်
ရီရှင်းချန်သည် ခဏလောက် ရပ်တန့်လိုက်ပြီးသည့်နောက် တောက်ပရွှေနတ်ဂိုဏ်း၏ တပည့်အား ဆွဲယူပြီး စင်မြင့်ပေါ်မှ အောက်ဆီသို့ ပစ်လွှတ်လိုက်တော့သည်။
ပုံရိပ်ယောင်အစီအရင်သည် အနီးကပ် ရိုက်ပြီးသည့်နောက် ကြည့်ရှုနေကြသော ကလေးငယ်များပင်လျှင် ကြောက်လန့်စွာဖြင့် မျက်လုံးကို စုံမှိတ်ထားမိကြ၏။
“ဆိုးတာပဲ၊ ဘယ်လောက်ထိ မုန်းတီးနေလို့ ဒီလောက်ထိ ရိုက်ရတာလဲ”
“…”
“ဂျူနီယာညီလေးရီ”
လီချင်းယန်၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။ သူသည် အသံပို့လွှတ်လိုက်သည်။ “မင်း နည်းနည်းတော့ လက်လွန်သွားပြီနဲ့တူတယ်”
“ဂိုဏ်းချုပ်က သေတဲ့အထိ ရိုက်ဖို့တောင် ပြောထားတာ မဟုတ်လား”
“…”
ရီရှင်းချန်သည် နောက်မဆုတ်သွားပေ။ ထိုအစား တောက်ပရွှေနတ်ဂိုဏ်းမှ တပည့်များအား ဒေါသတကြီးဖြင့် ကြည့်ရှုကာ ပြောလိုက်သည်။ “တိုက်ပွဲဆက်ဖို့ နောက်တစ်ယောက်ကိုလွှတ်တော့”
သူ့အနေနှင့် တစ်စုံတစ်ယောက်ကို ရိုက်နှက်ရသည်မှာ မကျေနပ်နိုင်သေးပေ။ ထို့ကြောင့် နောက်ထပ် အနည်းငယ် သောလူများကို ထပ်မံရိုက်နှက်ချင်နေသေးသည်။
“ကျုပ်သွားမယ်”
တောက်ပရွှေနတ်ဂိုဏ်းမှ တပည့်တစ်ယောက်သည် အရင်ဦးဆုံးရှေ့သို့ လှမ်းတက်လာသည်။ သူ၏ နှလုံးသားထဲတွင်တော့ ကြီးမားလှသော ဒေါသတရားများသည် တဟုန်းဟုန်းနှင့် တောက်လောင်လျက်ရှိသည်။ သူသည် တစ်ဖက်လူအား ထိတ်လန့်ကြောက်ရွံ့မိသည်ဆိုသော်လည်း သူ၏ရောင်းရင်းသည် သရဲတစ္ဆေတစ်ကောင် ကဲ့သို့ပင် ပြာနှမ်းနေအောင် ရိုက်နှက်ခံခဲ့ရသည်။ ထို့ကြောင့် သူသည် မည်သို့မှ သည်းမခံနိုင်တော့ဘဲ ရှေ့သို့ လှမ်းတက်ခဲ့ခြင်းဖြစ်သည်။
“စမယ်”
ဒိုင်လူကြီးက အော်ဟစ်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း
“ရပ် … ရပ် … ရပ် ….. ရပ်တော့”
ဒိုင်လူကြီးသည် ဆက်လက်မကြည့်နိုင်တော့ဟန်ဖြင့် ဝင်ရောက်ကာ တားဆီးလိုက် တော့သည်။ တခြားနည်းလမ်းလည်း မရှိပေ။ ဤအတိုင်းသာ ဆက်လက်လွှတ်ထားပါက တစ်ဖက်လူသည် မြန်မြန် ဆန်ဆန်သေဆုံးသွားမှာဖြစ်၏။
ယနေ့မှာတော့ ဒိုင်လူကြီးသည် အလုပ်အများဆုံး ဒိုင်လူကြီး ဖြစ်လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ညအင်ပါယာတိုက်ခိုက်သည့် တိုက်ပွဲများတွင် သူသည် အပေါ်သို့ ခဏခဏတက်ကာ တားဆီးနေရသောကြောင့် ဖြစ်သည်။။
“စမယ်… ရပ် … ရပ် … ရပ်”
“စမယ်… ရပ် … ရပ် ….. ရပ်တော့”
တိုက်ခိုက်ပွဲအနည်းငယ် ယှဉ်ပြိုင်ပြီးသည့်နောက်မှာတော့ ဒိုင်လူကြီးသည် အပေါ်ကိုတက်၍ တားဆီးရလွန်းသောကြောင့် မောပန်းလျက်ပင်ရှိသည်။ သူ၏ ခန္ဓာကိုယ်တွင် ချွေးများပင် ပျံနေ၏။
…….
ရီရှင်းချန်သည် တောက်ပရွှေနတ်ဂိုဏ်းမှ တပည့်များအား တစ်ယောက်ပြီး တစ်ယောက် ရိုက်နှက်လျက်ရှိနေ၏။
မြို့လေးတစ်မြို့မှာတော့ အမဲရောင်ဝတ်စုံဝတ်ဆင်ထားသောလူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ထိုမြင်ကွင်းအား ကြည့်ရှုလျက်ရှိသည်။ သူသည် ထိုမြင်ကွင်းနှင့် အလွန်တရာ ရင်းနှီးနေ၏။ အဘယ်ကြောင့် ဆိုသော် သူကိုယ်တိုင် ဤကဲ့သို့ ခံခဲ့ရသောကြောင့်ဖြစ်သည်။ သူ၏ နှလုံးသားထဲတွင် ရှိသော နာကျင်မှုများသည် အသစ်တဖန် ပြန်လည်နိုးဆွလာခဲ့၏။ တချို့သော အမာရွတ်များသည် ပြန်လည်ကုသနိုင်၍ မရချေ။ အဘယ် ကြောင့်ဆိုသော် ထိုအမာရွတ်သည် နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိနေသောကြောင့်ဖြစ်သည်။
ဖျောက်
အမဲရောင်ဝတ်စုံနှင့်လူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးသည့်နောက် အံကိုကြိတ်လိုက်၏။
“ရီရှင်းချန်… ငါ တိုင်လုက မင်းကို ကောင်းကောင်းနင်းချေပြမယ်၊ ဒီလိုမှ မလုပ်နိုင်ရင် ငါက လူသားမဟုတ်ဘူး”
ဤလူသည် ကျွန်ုပ်တို့၏ ချစ်လှစွာသော အစိမ်းရောင် မာဖလာနှင့်လူ တိုင်လုပင် ဖြစ်တော့သည်။ သူသည် ရီရှင်းချန်အား ဤမျှ မုန်းတီးနေသည်မှာ အံ့အားသင့်စရာတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရီရှင်းချန်၏ ရိုက်နှက်မှုကို တစ်ကြိမ်ထက်မက ခံခဲ့ရသောကြောင့်ပင်ဖြစ်သည်။
ဟုတ်ပေသည်။ သူ့တွင် ဝါးမြိုခြင်းစွမ်းရည်ကို ပိုင်ဆိုင်ပြီး မြန်မြန်ဆန်ဆန်ဖြင့် ကျင့်ကြံခြင်းအဆင့်များ တိုးတက်လာခဲ့သည်ဆိုသော်လည်း အားအင်အဆင့်အရ နှိုင်းယှဉ်မည်ဆိုလျှင် ရီရှင်းချန်အား မနိုင်နိုင်သေးကြောင်း ကောင်းကောင်းသိ၏။ သို့ပေမဲ့ ကိစ္စမရှိချေ။ ကျင့်ကြံခြင်းလမ်းစဉ်ဆိုသည်မှာ အခုမှ စတင်ခြင်းဖြစ်၏။
သူ၏ စွမ်းရည်ကို လွတ်လွတ်လပ်လပ်နှင့်အသုံးပြုပြီး မြင့်မားသည့်အဆင့်ကို ချိုးဖြတ်ရောက်ရှိနိုင်မည်ဆိုပါက သူ၏ ခြေဖဝါး၏ အောက်တွင် တစ်ဖက်လူအား နင်းချေနိုင်မည့် အခွင့်အရေး ရလာပေလိမ့်မည်။ သို့ပေမဲ့ ဆိုးဝါး သည်မှာ သူ့အနေနှင့် ဝါးမြိုခြင်းစွမ်းရည်ကို ပိုင်ဆိုင်နိုင်သည် ဆိုလျှင်တောင်မှ သူ့အနေနှင့် သိုင်းအင်ပါယာ တစ်ယောက် အဖြစ်မှ ပြန်လည်မွေးဖွားလာခဲ့သော ရီရှင်းချန်နှင့် ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ရီရှင်းချန်သည် ပြိုင်စံရှားဂိုဏ်းတွင် လေ့ကျင့်လျက်ရှိနေ၏။ သူ့တွင် အားသာချက်တစ်ခုရှိနေသည်ဆိုလျှင် ရီရှင်းချန်၌ နှစ်ခုရှိနေ၏။ ထို့ကြောင့် အနိုင်ရရှိရန် အခွင့်အလမ်း လုံးဝပင် မရှိချေ။
တိုင်လုသည် အဝါရောင်မြေပုံတစ်ခုအား ထုတ်ယူလိုက်မိသည်။ သူ၏မျက်လုံးများတွင်တော့ အစိမ်းရောင် အလင်းတန်းများနှင့် ပြည့်နှက်သွားသည်။ “ငါအထဲမှာရှိတဲ့ ရတနာကို ရှာဖွေတွေ့ရှိပြီဆိုတာနဲ့ အဆင့်မြင့်မားတဲ့ တည်နေရာတစ်ခုကို ရောက်ရှိသွားလိမ့်မယ်”
ဤအရာသည် သူ့အနေနှင့် ဈေးဆိုင်တစ်ခုဆီမှ ရရှိခဲ့ခြင်းဖြစ်ပြီး ထိုမြေပုံထဲတွင် ကြီးမားလှသည့် ရတနာတစ်ခုခုကို ညွှန်ပြထားနိုင်သည်ဟု အလိုလိုသိစိတ်က ခံစားနေမိ၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ ဆိုင်ရှင်သည် သူ့အား လိမ်လည်ကာ ရောင်းချခဲ့ခြင်းပင် ဖြစ်တော့သည်။
………..
နဂါးကျားတိုက်ပွဲ
ရီရှင်းချန်သည် တောက်ပရွှေနတ်ဂိုဏ်းမှ တပည့်ဆယ်ယောက်တိတိကို အနိုင်ယူပြီးသည့်နောက်မှာတော့ ရပ်တန့်ကာ စုရှောင်မိုအား တိုက်ခိုက်စေခဲ့၏။
တကယ်တမ်းမှာတော့ လီချင်းယန်သည် သူ့အား တားဆီးခဲ့ခြင်း ကြောင့်ပင်ဖြစ်သည်။ အဓိကအားဖြင့် ရီရှင်းချန်၏ တိုက်ခိုက်မှုများသည် အလွန်တရာ ကြမ်းတမ်းလွန်းလှ၏။ ထို့ကြောင့် ထိန်းချုပ်နိုင်မှု ကင်းလွတ်ကာ တစ်ဖက်လူအား သတ်ဖြတ်မိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ဖူး
အလွန်တရာကြမ်းတမ်းလှသောလူငယ်သည် စင်မြင့်ပေါ်မှ ဆင်းသွားပြီးသည့်နောက်မှာတော့ ဒိုင်လူကြီးသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ ပြီးနောက် အော်လိုက်တော့သည်။
“စမယ်”
ဘုန်း ဘုန်း ဘုန်း
“ရပ်မယ်၊ ရပ်မယ်၊ ရပ်မယ်”
စုရှောင်မိုသည် စတင်၍ တိုက်ခိုက်လိုက်ချင်းမှာပဲ တစ်ဖက်လူအား ပယ်ပယ်နယ်နယ် ကန်ကျောက် ရိုက်နှက်လျက် ရှိနေသည်။
ဒိုင်လူကြီးသည် စင်မြင့်ပေါ်သို့ အတင်းခုန်တက်လျက် သူ့အား တားဆီးလိုက်၏။ သူ၏ မျက်နှာပေါ်တွင် စိတ်ပျက်မှုများနှင့် ပြည့်နှက်လျက်ရှိသည်။ ပြိုင်စံရှားဂိုဏ်းထဲမှာ သာမန်လူတစ်ယောက်ယောက် မရှိဘူးလား။
ဘုတ် ဘုတ်
တိုက်ပွဲနှစ်ဆယ့်ငါးခုသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ တောက်ပရွှေနတ်ဂိုဏ်းမှ တပည့်များအားလုံးသည် ပြိုင်စံရှားဂိုဏ်းတပည့်များ၏ လက်ချက်ဖြင့် ပြာနှမ်းနေအောင် ရိုက်နှက်ခံရပြီး အကုန်လုံး ပိုးလို့ပက်လက် လဲလျက်ရှိနေတော့သည်။
“အစ်ကိုကြီး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အနိုင်ပေးတဲ့အတွက် ကျေးဇူးပဲနော်”
သွမ့်ကျိရှို သည် အားအင်ပြတ်လပ်စွာဖြင့် သူ၏ထိုင်ခုံတွင် အရုပ်ကျိုးပြတ် ထိုင်လျက် ရှိနေတော့သည်။ သူသည် တပည့်များကို ခေါ်ဆောင်လာကာ နဂါးကျားတိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆုံးသတ်မှာတော့ ဒုတိယ အကျော့မှာတင် ရှုံးနိမ့်ခဲ့ရပြီးဖြစ်သည်။ ထို့ပြင် သူ၏တပည့်များအားလုံးသည်လည်း လူရုပ်ပင်မပေါ်အောင် ရိုက်နှက်ခံခဲ့ရသေး၏။
ဂိုဏ်းချုပ်ကျွင်း၏ ပတ်ပတ်လည်တွင် ဝန်းရံလျက်ရှိသော သိုင်းအုပ်စိုးသူ ဆယ်ယောက် တို့၏ ခန္ဓာကိုယ်မှာသည် တင်းကနဲဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ အမူအရာများအရ ဆိုလျှင် ရုတ်တရက် ပုံရိပ်ယောင်အစီအရင်ဆီသို့ ပြေးသွားပြီး သူ၏ဂိုဏ်းကို ကြော်ငြာ နိုင်၏။
“သတိထားကြည့်ထား၊ သေချာကြည့်ထားကြ … ဒီလူကို အလွှတ်ပေးထားလို့မဖြစ်ဘူး။”