အခန်း (၇၁၃)
Vol. 48 Ch. 713
တောက်ပရွှေနတ်ဂိုဏ်းသည် ရှုံးနိမ့်ခဲ့ရုံမျှမက ၎င်း၏တပည့်များသည်လည်း ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ခံခဲ့ ရ၏။ ၎င်းတို့အား ပြန်လည်သယ်ဆောင်လာသည့်အချိန်မှာတော့ ခန္ဓာကိုယ်တင်မက အတွင်း ဒဏ်ရာများပါ ရရှိသွားသည်ဖြစ်ကြောင်း သိရှိနိုင်၏။
“သနားစရာကောင်းလိုက်တာ၊ ပြိုင်စံရှားဂိုဏ်းတပည့်တွေက တကယ့်ကို ကြမ်းတမ်းတာပဲ”
ကြည့်ရှုနေကြသူများသည် ဆွေးနွေးလျက်ရှိ၏။ တပြိုင်နက်မှာပဲ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်း၏ ရက်စက်လှသော အပြုအမူကိုလည်း သတိပြုမိလိုက်ကြသည်။ ပါဝင်ယှဉ်ပြိုင်ကြသော ဂိုဏ်းတပည့်များ အားလုံးသည် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်ကြ၏။ ၎င်းတို့သည်သာ ပြိုင်စံရှားဂိုဏ်းနှင့်တွေ့မည် ဆိုပါက ဤကဲ့သို့ ရိုက်နှက်ခံရဖို့ အခွင့်အလမ်းလည်း ရှိနေသေးသည်။
ဒုတိယအဆင့်ဂိုဏ်းတစ်ခုဖြစ်သော လောကပုန်ကန်နတ်ဂိုဏ်းနှင့်ပတ်သက်ပြီး အောင်းဝူရှန်၏ မောက်မာမှုများကြောင့် ကျွင်းချောင်ရှောင်း သတိပေးခြင်း မပြုလုပ်ဘူးဆိုလျှင်တောင်မှ စိတ်တိုလျက်ရှိသော ရီရှင်းချန်ကြောင့် တစ်ဖက်လူအား ကျိန်းသေ ကြီးကြီးမားမားရိုက်နှက်မှာ သေချာသည်။
“အမှိုက်”
ညအင်ပါယာသည် ထိုမောက်မာလှသော လှမ်း၍ ကြည့်ကာ ကြိတ်၍ ပြောလိုက်မိ၏။ “မင်းတို့ စောစောစီးစီးထွက်မသွားစေနဲ့”
အောင်းဝူရှန်သည် မထေမဲ့မြင်အပြုံးတစ်ခုကို ပြုံး၍ ပြန်လည်လှည့်ကြည့်လိုက်သည်။ ပြိုင်စံရှားဂိုဏ်းသားများ၏ စွမ်းဆောင်ရည်သည် ကောင်းမွန်လှသည်ဆိုသော်လည်း သူ၏မျက်လုံးထဲတွင်တော့ သာမန် အမှိုက်စများသာ ဖြစ်တော့သည်။
“တောက်ပရွှေနတ်ဂိုဏ်းက ထွက်သွားပြီ၊ အနိုင်ရရှိသူ ပြိုင်စံရှားဂိုဏ်း”
ဒိုင်လူကြီး၏ အားပျော့နေသောလေသံတစ်ခုသည် ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ သူသည် ခဏ ခဏ အပေါ်တက်၍ တားဆီးရလွန်းသောကြောင့် လေသံပင် အားမရှိတော့ချေ။
“သူတို့ နိုင်သွားပြန်ပြီပဲ၊ ပြိုင်စံရှားဂိုဏ်းက ထပ်ပြီးနိုင်သွားပြန်ပြီ”
ဒိုင်လူကြီး၏အသံသည် ချင်းယန်နိုင်ငံထဲတွင် ပျံနှံ့လျက်ရှိနေ၏။ ချင်းယန်နိုင်ငံထဲရှိ အားလုံးသောလူများသည် ရူးသွပ်သွားသူများကဲ့သို့ပင် ထ၍ ကခုန်လျက်ရှိနေတော့သည်။
ထိုင်ခုံပေါ်တွင် ထိုင်လျက်ရှိသော ရီထျန်းချန်၏ အမူအရာများသည်လည်း ထူးဆန်းလျက်ရှိနေသည်။ သူသည် လက်နှစ်ဖက်ကို မျက်နှာပေါ်တွင် အုပ်ကာကာ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်လျက်ရှိနေသည်။ သူသည် ရယ်နေခြင်းလား၊ ငိုနေခြင်းလားပင် သေသေချာချာ မသိတော့ချေ။
လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်းသည် အစဉ်အလာဆိုးမှတ်တမ်းကို ဖျက်သိမ်းပြီး ဒုတိယအဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့ရုံသာမက လက်ရှိအချိန်တွင် တတိယအဆင့်သို့ပင် ချိုးဖြတ်ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ဤအသစ်ဖြစ်တည်ခဲ့သော အဆင့်ငါးဂိုဏ်းတစ်ခုသည် အရှေ့တောင်ရန်ကျုးတစ်ခုလုံး၏ ပိုင်ဆိုင်ခဲ့သော သမိုင်းမှတ်တမ်းများကို ချိုးဖြတ်လျက် ရှိနေတော့သည်။ ဂုဏ်ယူစရာ ကောင်းလွန်းလှပေသည်။
မြို့တော်ဝန်အိမ်တော်တွင် ရှိနေသော မူချန်းဟုန်သည်လည်း အပြုံးများဖြင့် ဝေလျက်ရှိသည်။ ပြိုင်စံရှားဂိုဏ်း၏ စွမ်းဆောင်နိုင်မှု စွမ်းရည်သည် သူထင်မှတ်ထားသည်ထက် အများကြီး သာလွန်လျက်ရှိနေ၏။
လက်ရှိ အခြေအနေသည် ကြော်ငြာရန်အတွက် အကောင်းဆုံးအခွင့်အရေးပင်ဖြစ်တော့သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း သည် ငြိမ်ငြိမ်သက်သက်နှင့် သူ၏ ထိုင်ခုံတွင်သာ ထိုင်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သိုင်းအုပ်စိုးသူ ဆယ်ယောက်တို့သည် သူ့အား စူးစိုက်ကာ ကြည့်ရှုလျက် ရှိနေသောကြောင့်ပင်ဖြစ်သည်။ သူ့အနေနှင့် မည်သို့မှ လွတ်လမ်းမရှိချေ။
“အိုက်ယား”
သူသည် ဗိုက်ကိုအုပ်ကိုင်ကာ ပြောလိုက်သည်။ “ဗိုက် … ဗိုက်နာလိုက်တာ”
“ဒီမှာရော့”
သိုင်းအုပ်စိုးသူ ဆယ်ယောက်ထဲမှ တစ်ယောက်သည် သစ်သားပုံးတစ်ခုကို လှမ်ပစ်ပေးကာ ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “ဒီထဲမှာပါလိုက်”
“…..”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ပြီးနောက် သူသည် ကောင်းကင်ပေါ်သို့ကြည့်ကာ ထအော်လိုက်မိသည်။ “ဟာ ဟိုမှာကြည့်စမ်း”
သိုင်းအုပ်စိုးသူဆယ်ယောက်တို့သည် ထူးမခြားနားသလိုပဲ ကျွင်းချောင်ရှောင်းကိုသာ စိုက်ကြည့်လျက်ရှိနေ၏။
“ကောင်းပြီ” ကျွင်းချောင်ရှောင်းသည် အရှုံးပေးလိုက်ရတော့သည်။
သူသည် ထိုင်ခုံပေါ်တွင် အသာမှီထိုင်ရင်း မျက်လုံးကို မှိတ်ကာ အနားယူလျက်ရှိသည်။ တစ်ချိန်တည်းမှာပင် သူ၏စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်ကာ ပုံရိပ်ယောင် အစီအရင်အား ဖောက်ထွင်းရန် ကြိုးစားမိ၏။ သို့ပေမဲ့ ထွင်းဖောက်၍ မရနိုင်ခဲ့ချေ။ နဂါးကျား တိုက်ပွဲ၏ ဦးဆောင်စီမံသူများသည် ရန်သူမျိုးငါးပါးအပြင် ကျွင်းချောင်ရှောင်းအတွက်ပါ ထည့်တွက်၍ သေသေချာချာ ပြင်ဆင်ထားကြသည်။ လက်ရှိ ပုံရိပ်ယောင်အစီအရင်ကြီးသည် တော်ရုံတန်ရုံ အစီအရင်ကြီးမဟုတ်ပေ။ ရန်သူမျိုးငါးပါး + ကျွင်းချောင်ရှောင်း ၏ ရန်ကို အထူးကာကွယ်နိုင်သော အစီအရင်ကြီး ဖြစ်ပေ၏။
...........
နဂါးကျားတိုက်ပွဲ၏ ဒုတိယယှဉ်ပြိုင်ပွဲများသည် ဆက်လက်ဖြစ်တည်နေ၏။ များပြားလှသောဂိုဏ်းများနှင့် မိသားစုများသည် တစ်ယောက်ပြီးတစ်ယောက် စင်မြင့်ပေါ်သို့တက်ကာ ၎င်းတို့၏ သိုင်းစွမ်းရည်များကို ထုတ်ဖော်၍ ပြသလျက်ရှိသည်။
ပြိုင်စံရှားဂိုဏ်း၏တပည့်များသည် ၎င်းတို့၏ တည်နေရာဆီသို့ ရောက်ရှိလာသည့်နောက်မှာတော့ တိုက်ပွဲကို ဆက်လက်ကြည့်ရှုနေကြသည်။ ဥပမာအားဖြင့် ရှောင်ကျီသည် ကျောင်းတာ့ကျွမ့်အား အထူးသတိထား ဂရုပြုမိနေ၏။ ကျောင်းတာ့ကျွမ့်သည် ပေါ်လာသည်နှင့်တပြိုင်နက်တည်း သူသည် သေသေချာချာ ကြည့်ရှုနေမိ၏။
တိုက်ပွဲစင်မြင့်ပေါ်မှာ ဓားအလင်းတန်းများ ဖြတ်သန်းသွားတတ်သည်။
ချလွမ်
ထိုအချိန်မှာတော့ စိတ်ဝိညာဉ်ဓားဂိုဏ်းမှ တပည့်တစ်ယောက်သည် ဓားကို ဓားအိမ်ထဲသို့ ပြန်လည် ထည့်လိုက် သည်။ ၎င်းနှင့်အတူ ယှဉ်ပြိုင်နေကြသော တခြားသောဂိုဏ်းမှ တပည့်များအားလုံးသည် ဓားနှင့်ခုတ်ပိုင်းခြင်းကို ခံခဲ့ရသည်။ သို့ပေမဲ့ အသားအရေများအား ဓားဖြင့်ခုတ်ပိုင်းခြင်းကို ခံခဲ့ရသည်မဟုတ်ပဲ အဝတ်အစားများ သည်သာ ခုတ်ပိုင်းခံခဲ့ရခြင်းဖြစ်၏။
“မြန်လိုက်တဲ့ဓား”
“ဒီစိတ်ဝိညာဉ်ဓားဂိုဏ်းရဲ့တပည့်က ကြီးမားတဲ့ အလားအလာကို ပိုင်ဆိုင်တာပဲ”
အနီးအနားတွင်ရှိသော အကြီးအကဲများ၏ ဆွေးနွေးမှုကို ကြားရချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ဒီကောင်က ကျန့်ဖေးယွမ်ဆိုတာပဲ ဖြစ်ရမယ်”
ထန်ရမ်ပေးထားသော သတင်းအချက်အလက်များအရဆိုလျှင် ထိုသူသည် အလွန်တရာ အတွေ့အကြုံများ လှ၏။ အဓိကအားဖြင့် ဓားကျင့်ကြံသူများဖြစ်သည်မို့ အားအင်အဆင့်သည် ခန့်မှန်းတွက်ချက်ရန် မလွယ်လောက်သည် အထိ အားကောင်းလွန်းလှ၏။
“ကျိုးဟုန်က သေသေချာချာ တိုက်ခိုက်ရမှာပဲ”
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်ဆီသို့ လှမ်း၍ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ကျန့်ဖေးယွမ်အား စူးစိုက် ကြည့်နေသည့် ကျိုးဟုန်ကို မြင်လိုက်ရ၏။ ကျိုးဟုန်၏ မျက်လုံးထဲတွင်တော့ တိုက်ခိုက်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်လျက်ရှိနေတော့၏။
တစ်စုံတစ်ယောက်က မေးမြန်းစရာရှိသည်မှာ နဂါးကျားတိုက်ပွဲတွင် လက်နက်များအသုံးပြု၍ ရသလား ဆိုသည်ပင်။
ဟုတ်ပေသည်။ နှစ်ဖက်လုံး သဘောတူလျှင် လက်နက်များကို ကိုင်ဆောင် တိုက်ခိုက်နိုင်ခွင့် ရှိကြ၏။
ပြိုင်ပွဲသည် ဆက်လက် ဖြစ်တည်လျက်ရှိသည်။
နောက်တစ်ကြိမ် ယှဉ်ပြိုင်ရသည့်ဂိုဏ်းမှာတော့ လောကပုန်ကန်နတ်ဂိုဏ်းပင် ဖြစ်၏။ အောင်းဝူရှန်း သည် အပေါ်သို့တက်လာပြီးသည့်နောက် သူ၏ပြိုင်ဘက်များကို အနိုင်ယူခဲ့ပြီး ကြောက်မက်ဖွယ် ကောင်းလှသော တိုက်ခိုက်ရေးအားအင်ကို ထုတ်ဖော်ပြသခဲ့သေးသည်။ သူသည် အရင်တုန်းကအတိုင်း မောက်မာလျက်ပင် ရှိသေး၏။ အောင်းဝူရှန်သည် စင်မြင့်ပေါ်မှ ဆင်းသက်ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်း တပည့်များ နားနေရာတွင် မတ်မတ် ရပ်လိုက်ပြီး ရီရှင်းချန်အား လက်မကို အောက်စိုက်၍ ထောင်ပြခဲ့သေး၏။
“...”
လီချင်းယန်နှင့် တခြားသူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ဂိုဏ်းထဲတွင် ရီရှင်းချန်သည် စိတ်တို အလွယ်ဆုံး လူတစ်ယောက်ဖြစ်သည်။ ဤတစ်ဖက်မှလူသည် ရီရှင်းချန်အား ရည်ရွယ်ချက်ရှိရှိဖြင့် ရန်စလျက် ရှိနေ၏။ သေခြင်းနှင့် ရှင်ခြင်းကြားတွင်ရှိသော ကြိုးတစ်စအား လှုပ်ခတ်ကာ ကစား နေခြင်းနှင့်ပင် ဆင်တူတော့၏။
“ဒုတိယအစ်ကို”
လီဖေးသည် တီးတိုးပြောလိုက်၏။ “ဂျူနီယာညီလေးရီနဲ့ အဲကောင်နဲ့သာ တွေ့ရင် နှစ်ဝက်လောက် အိပ်ယာထဲက မထနိုင်တဲ့အထိ ရိုက်နှက်ခံရမယ် ဆိုတာကို လောင်းချင်လိုက်တာ”
“နှစ်ဝက်က တိုလွန်းတယ်”
ထျန်းချီက ပြောလိုက်သည်။ “ကျုပ်အထင်အရဆိုရင် နှစ်နှစ် ၊ သုံးနှစ်လောက် အိပ်ယာထဲမှာ လဲနေရမယ်နဲ့တူတယ်”
“မဟုတ်ဘူး”
စုရှောင်မိုသည် လေးလေးနက်နက် ပြောလိုက်၏။ “ဂျူနီယာညီလေးရဲ့ စိတ်အနေအထားအရဆိုရင် တစ်ဖက်လူက စင်ပေါ်မှာတောင် သေသွားနိုင်တယ်”
“ဟမ်”
လီဖေးနှင့် ထျန်းချီတို့သည် ကြောင်သွား၏။ တကယ်ကြီး တစ်စုံတစ်ယောက်သာ သေဆုံးသွားမည်ဆိုရင် ဤနေရာသည် ပြဿနာကြီး ဖြစ်လာပေလိမ့်မည်။
လီချင်းယန်သည် ထိုအရာအား စိတ်ပူလျက်ရှိသည်။ ထို့ကြောင့် အလျင်အမြန် အသံပို့လွှတ်ကာ ပြောလိုက်၏။ “ဂျူနီယာညီလေးရီ... တကယ်လို့ အဲအကောင်နဲ့သာတွေ့မယ်ဆိုရင် မင်းရဲ့ခံစားချက်တွေကို ထိန်းချုပ်ထားမှ ဖြစ်မယ်၊ အဆုံးစွန်အထိ လုပ်လို့မဖြစ်ဘူးနော်”
ရီရှင်းချန်သည် အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်က နေရာတကာ ပြဿနာရှာတဲ့လူနဲ့ တူနေလို့လား”
ဝှစ် … ဝှစ်
သတ်ဖြတ်လိုခြင်းဆန္ဒများသည် လေထုထဲတွင် ပြည့်နှက်သွား၏။
လီချင်းယန်နှင့် တခြားသောသူ၏ နှုတ်ခမ်း များသည် တုန်ယင်သွားသည်။ သူတို့အားလုံးသည် စိတ်ထဲမှာ ကြိတ်ကာ ပြောလိုက်မိ၏။ “အေးပါ။ မတူပါဘူး”
..........
နေ့ဝက်လောက် ယှဉ်ပြိုင်ပြီးသည့်နောက်မှာတော့ ဒုတိယအကျော့ တိုက်ပွဲများသည် ပြီးဆုံးသွားခဲ့၏။ ပထမ အဆင့်လေးဂိုဏ်းတို့သည် အလွန်တရာ အားကောင်းလွန်းလှပြီး တတိယအဆင့်သို့ ချောချောမောမော တက်ရောက်လာခဲ့သည်။ တခြားသောပြည်နယ်မှာရှိသည့် အဆင့်လေးဂိုဏ်းများအားလုံးသည် ထွက်ခွာခဲ့ရပြီး စင်မြင့်ပေါ်တွင် ကျန်ရှိသည့်သူများမှာ အနိမ့်ဆုံးအနေနှင့် အဆင့်သုံးဂိုဏ်းများသာ ကျန်ရှိ၏။
ဟုတ်ပေသည်။ ပြိုင်စံရှားဂိုဏ်းမှာတော့ ချွင်းချက်ပင်ဖြစ်၏။ အဆင့်ငါးဂိုဏ်းတစ်ခုအနေဖြင့် တတိယအဆင့် ဆီသို့ ချိုးဖြတ် ရောက်ရှိနိုင်ခဲ့ခြင်းမှာ မနေ့ထက်ပင် အားလုံး၏ ထိတ်လန့်တုန်လှုပ်မှုကို ရရှိစေခဲ့သည်။
ထို့ပြင် ၎င်းတို့သည် ပထမအကျော့တွင် ပထမအဆင့် ဂိုဏ်းတစ်ခုအား အနိုင်ယူကာ တက်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး ဒုတိယအကျော့တွင်လည်း ဒုတိယအဆင့်ဂိုဏ်းတစ်ခုအား အနိုင်ယူခဲ့သေး၏။
“ဒီနေရာမှာ နောက်ထပ် ဂိုဏ်းပေါင်းငါးဆယ် ကျန်သေးတယ်၊ ပြိုင်စံရှားဂိုဏ်းက မနက်ဖြန်ကြရင် ဘယ်လို ပြိုင်ဘက်မျိုးနဲ့ တွေ့မလဲဆိုတာ သိချင်လိုက်တာ”
“အရင်နှစ်ကျော့တုန်းက ပြသခဲ့တဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်အရဆိုရင် နောက်ထပ် ပထမအဆင့်ဂိုဏ်းတစ်ခုနဲ့ မတွေ့မချင်း နောက်တစ်ဆင့်ကို ထပ်ပြီးတက်ဦးမှာပဲ”
“သံမဏိလက်သီးဂိုဏ်းနဲ့ စိတ်ဝိညာဉ်ဓားဂိုဏ်းကလည်း အရမ်းအားကောင်းတယ်၊ အထူးသဖြင့် ကျောင်းတာ့ကျွမ့်နဲ့ ကျန့်ဖေးယွမ်တို့ပဲ၊ သူတို့က ပြိုင်စံရှားဂိုဏ်းသားတွေနဲ့ တိုက်ခိုက်ဖို့အတွက် အရည်အချင်း ပြည့်မီတယ်”
နဂါးကျားတိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေကြသော တပည့်များသည် များပြားလှသည်ဆိုသော်လည်း အလွန်တရာ အားကောင်းလှကာ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်စွမ်းရှိသော စွမ်းအားမြင့် သိုင်းတပည့်များ သည်မှာ အနည်းငယ်သာရှိသည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်ကဆိုရင် ပထမအဆင့်ဂိုဏ်းတစ်ခုနှင့် ဒုတိယ အဆင့် ဂိုဏ်းတစ်ခု ယှဉ်ပြိုင်တွေ့ခဲ့ကြပြီးသည့်နောက် ဒုတိယဂိုဏ်းအဆင့်ဆီမှ အလွန်တရာ ထက်မြက်ပြီး တော်လွန်းလှသော ပါရမီရှင် တပည့်တစ်ယောက်သည် ပထမအဆင့်ဂိုဏ်းများမှ တပည့်များအားလုံးကို အနိုင် ယူကာ နဂါးကျားတိုက်ပွဲတွင် ဗိုလ်ဆွဲစေခဲ့၏။ ဤအရာမှာ အကောင်းဆုံးသော ဥပမာပင်ဖြစ်၏။
သံမဏိလက်သီးဂိုဏ်းတွင် ကျောင်းတာ့ကျွမ့်နှင့် စိတ်ဝိညာဉ်ဓားဂိုဏ်းတွင် ကျန့်ဖေးယွမ်တို့ ရှိနေသည်။ ထိုသူတို့ အားလုံးသည် စွမ်းအားမြင့် ကျင့်ကြံသူများ၏ မျက်လုံးထဲတွင်တော့ အခြေအနေများကို ပြောင်းပြန်လှန်နိုင်စွမ်း ရှိသော ပါရမီရှင်များပင် ဖြစ်တော့သည်။
ထို့ကြောင့် ပထမအဆင့်နှင့် ဒုတိယအဆင့်ဂိုဏ်းများသည် ဤတတိယ အဆင့် ဂိုဏ်းနှစ်ခုအား အထင်မသေးရဲကြချေ။ နောက်တစ်လှည့် ဤသို့သော ဂိုဏ်းများနှင့်သာ တွေ့ဆုံမည် ဆိုပါက ၎င်းတို့သည် အားကုန်ထုတ်၍ ယှဉ်ပြိုင်တိုက်ခိုက်ရမှာ သေချာ၏။
ဟုတ်ပေသည်။ အားလုံးထက်ပို၍ ကြောက်မက်ဖွယ်ရာကောင်းသော ပြိုင်စံရှားဂိုဏ်းဆိုသည်က ရှိသေး၏။ နှစ်ပွဲ အနိုင်ယူတိုက်ခိုက်ခဲ့သည်ဆိုသော်လည်း ၎င်းတို့၏ ကိုယ်ပိုင်စွမ်းရည်နှင့် အခြေအနေတစ်ခုလုံးကို ပြောင်းပြန် လှန်နိုင်စွမ်းရှိသော တပည့်များမှာ ပြိုင်စံရှားဂိုဏ်းတွင် တစ်ယောက်တည်း မကပေ။ များပြားလှစွာ တည်ရှိနေသည်ကို အားလုံးက ခန့်မှန်းမိကြ၏။