အခန်း (၇၁၅)
Vol. 48 Ch. 715
ပြိုင်စံရှားဂိုဏ်းနှင့် ထျန်းကန်နတ်ဂိုဏ်းတို့၏ တိုက်ပွဲကြားတွင်တော့ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သော ကျွင်းချောင်ရှောင်းသည် ၎င်း၏ပြိုင်ဘက်ကို အမှန်အကန်ပင် အားပေးလျက်ရှိနေတော့သည်။ ဤအရာသည် များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများအားလုံးကို အံ့အားတသင့် ဖြစ်စေ၏။
“ဒီလိုကြီးကျယ်မြင့်မြတ်လှတဲ့ ဂိုဏ်းပြိုင်ပွဲမှာ ဒီထက်ပိုပြီးလေးနက်သင့်တယ်လို့ မထင်ဘူးလား”
ကျွင်းချောင်ရှောင်းသည် အလွန်တရာ လေးနက်နေခြင်းပင်ဖြစ်သည်။ ထျန်းကန်နတ်ဂိုဏ်းကို ချီးကျူးအားပေးခြင်း သည် အမှန်တကယ်ပင် ပြုလုပ်၍ ကောင်းသည့်အရာပင်ဖြစ်တော့သည်။
၎င်း၏ ကြောက်မက်ဖွယ်ရာ ကောင်းလှ သောတပည့်များနှင့် ရင်ဆိုင်တွေ့ချိန်တွင် ၎င်းတို့အနေဖြင့် တောင့်ခံပြီး ပြာနှမ်းနေအောင် အရိုက်မခံရစေရန် ကြိုးစားသင့်၏။
ကြည့်ရှုနေကြသော ကျင့်ကြံသူများသည်လည်း သူနှင့်အတူ လိုက်ပါ၍ အော်ဟစ်နေတော့သည်။ ထိုသို့သော အော်ဟစ်၍ အားပေးမှုများ၏ နောက်ကွယ်တွင် ဆိုလိုရင်းအဓိပ္ပာယ်များလည်း တည်ရှိလျက် ရှိနေတော့သည်။
ထျန်းကန်နတ်ဂိုဏ်းအနေနှင့် လုံလောက်အောင် အားမကောင်းသောကြောင့် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်းသည် အလွန်အားကောင်းလွန်းသောကြောင့်ဖြစ်သည်။ ပွဲကြည့်ပရိသတ်များ ဆီမှ အော်ဟစ် အားပေးသံကို ကြားရပြီးသည့်နောက်မှာတော့ ထျန်းကန်နတ်ဂိုဏ်းမှ ကျင့်ကြံသူများ၏ မျက်လုံးများသည် နီရဲ သွားကြသည်။
“သူတို့က ငါတို့ကို အထင်သေးနေတာပဲ၊ ဒါကြောင့် အတင်းကြီး အားပေးနေတာကိုး။ ဒါမှမဟုတ် ပြိုင်စံရှားဂိုဏ်းက ယှဉ်ပြိုင်၍မရအောင် အရမ်းအားကောင်းတဲ့ ဂိုဏ်းတစ်ခု ဖြစ်နေတာလား”
“ချီးတဲ့မှ...”
ထျန်းကန်နတ်ဂိုဏ်းမှ တပည့်များအားလုံးသည် စင်ပေါ်သို့ ရောက်ချိန်မှာတော့ အမျက်ချောင်းချောင်း ထွက်လျက် ရှိနေကြတော့သည်။ ပထမအဆင့်ဂိုဏ်းများဆိုသည်မှာ သွားသည့်နေရာတိုင်းတွင် တလက်လက်တောက်ပပြီး အရမ်းထင်ရှားသော တည်ရှိသူများအဖြစ် သတ်မှတ်ခံထားရသူများဖြစ်သည်။ သို့ပေမဲ့ အဆင့်ငါးဂိုဏ်းတစ်ခုနှင့် ရင်ဆိုင်ရချိန်မှာတော့ ၎င်းတို့သည် သူတို့၏ သနားခြင်းကို ခံနေရသည်။ လက်သင့်ခံနိုင်စရာကိစ္စရပ်မျိုး မဟုတ်ချေ။
အဆင့်မြင့်ဂိုဏ်းများအားလုံးတွင် ဂုဏ်သိက္ခာဟူ၍ ရှိသည်။ မည်သူမှ ထိုအရာကို နင်းဖြတ်ချိုးချေ၍ မဖြစ်နိုင်ပေ။ တိုက်ခိုက်ရမည်။ ၎င်းတို့အနေဖြင့် အစွမ်းကုန်ပေးဆပ်၍ တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။
ဟူး ဟူး
ထျန်းကန်နတ်ဂိုဏ်း၏ တပည့်များသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို အပြည့်အဝ ထုတ်ဖော်လိုက်ကြသည်။ ၎င်းတို့၏ ဒေါသတရားများနှင့်အတူ စိတ်ဝိညာဉ်စွမ်းအင်များသည် တည်နေရာတစ်ခုလုံး ပြည့်နှက်လာသည်။ သူတို့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသော အော်ရာများသည် အသွင်ပြောင်းနတ်ဂိုဏ်းတပည့်များထက် ပိုမို၍ အားကောင်းလွန်းနေ၏။
“တကယ့်ကို လေးလေးနက်နက် တိုက်ခိုက်မှာပဲ”
ကျွင်းချောင်ရှောင်းသည် ပြန်လည်ကာ ထိုင်ချလိုက်ပြီးသည့်နောက် လက်ပိုက်ကာ ပြောလိုက်သည်။ “စိတ်ဝင်စားစရာပဲ”
ဒေါသထွက်နေသော ထျန်းကန်နတ်ဂိုဏ်းမှ တပည့်များကို အနိုင်ယူခြင်းကသာလျှင် ပြိုင်စံရှားဂိုဏ်းအနေဖြင့် အလွန်တရာ အားကောင်းသည်ဟု လောကကြီးတွင် သက်သေပြခြင်း ဖြစ်ပေလိမ့်မည်။
“ကောင်လေးတို့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းတို့ရဲ့ အားအင်အကုန်လုံးကို ထုတ်ဖော်ပြီးတော့ ပရိသတ်တွေ ပိုပြီးတိုးလာအောင် လုပ်ကြတော့”
..........
စင်မြင့်ပေါ်မှာတော့ ဒိုင်လူကြီးသည် အပေါ်သို့လျှောက်တက်လာပြီး ပြောလိုက်တော့သည်။
“တစ်ယောက်ချင်းတိုက်ခိုက်ချင်တာလား၊ ဒါမှမဟုတ် အုပ်စုလိုက် တိုက်ခိုက်ချင်တာလား”
ထျန်းကန်နတ်ဂိုဏ်းမှ တပည့်တစ်ယောက်သည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ “အဖွဲ့လိုက် တိုက်ခိုက်မယ်”
သူတို့၏ ဂိုဏ်းသည် အစီအရင်နှင့်ပတ်သက်၍ အလွန်တရာ ကျော်ကြားလှသော ဂိုဏ်းတစ်ခုဖြစ်သည်။ ထို့ကြောင့်ပင် ထျန်းကန်ဂိုဏ်းဟူ၍ နာမည်ပေးထားခြင်းဖြစ်သည်။ ထျန်းကန်ဆိုသည်မှာ ခုနှစ်စင်ကြယ်၏ အဓိပ္ပာယ်ကို ဖော်ဆောင်ခြင်းပင်ဖြစ်သည်။
လီချင်းယန်က ပြောလိုက်သည်။ “ဒါဆိုရင်လည်း အဖွဲ့လိုက် တိုက်ခိုက်ကြတာပေါ့”
တစ်ယောက်ချင်းတိုက်ခိုက်မည်ဆိုလျှင် အချိန်ကို ဖြုန်းတီးရာရောက်သည်။ ထို့ကြောင့် တခြားသောဂိုဏ်းများ အနေနှင့် လွယ်လွယ်ကူကူ တိုက်ခိုက်နိုင်ရန်အတွက် ၎င်းတို့အနေဖြင့် ပွဲဖြတ်ပေးမှဖြစ်ပေလိမ့်မည်။
“စတုတ္ထအကျော့ရဲ့ ပထမဦးဆုံးတိုက်ပွဲ၊ နှစ်ဘက်လုံးက အဖွဲ့လိုက်တိုက်ခိုက်ဖို့ရွေးချယ်ခဲ့တယ်” ဒိုင်လူကြီးက အော်ဟစ်လိုက်သည်။
“အဖွဲ့လိုက် တိုက်ခိုက်မယ် ဟုတ်လား၊ ထျန်းကန်နတ်ဂိုဏ်းက ဒါကိုလိုချင်တာ မဟုတ်ဘူးလား”
“သူတို့ဂိုဏ်းရဲ့ ခုနှစ်စင်ကြယ်အစီအရင်က အသွင်ပြောင်းနတ်ဂိုဏ်းရဲ့အစီအရင်ထက် ပိုပြီးတော့ အားကောင်း တယ်လေ”
အားလုံး၏ အကြည့်များသည် ပိုမို၍ လေးနက်လာကြသည်။ ၎င်းတို့သည် လက်ရှိဖြစ်နေသော အခြေအနေများကို အပူတပြင်း ဆွေးနွေးလျက်ရှိနေကြတော့သည်။ ထျန်းကန်နတ်ဂိုဏ်းသည် ၎င်းတို့၏ ပြိုင်ဘက်ကင်းအစီအရင်အား ထုတ်ဖော်အသုံးပြုမည်ဆိုလျှင် အလွန်တရာ စိတ်လှုပ်ရှားစရာကောင်းသည့် တိုက်ပွဲမျိုး ဖြစ်လာမှာ သေချာ၏။ ပြိုင်စံရှားဂိုဏ်းတပည့်များအနေဖြင့် ကျိန်းသေပေါက် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
“စကြမယ်”
ဒိုင်လူကြီးက အော်ဟစ်လိုက်သည်။ ပြီးနောက် မြန်မြန်ဆန်ဆန်ပဲ စင်မြင့်ပေါ်မှ ထွက်ခွာသွားခဲ့သည်။ စုရှောင်မို၊ လီဖေးနှင့် တခြားသောသူများအားလုံးသည် လက်သီးကို ဆုပ်ကာ၊ ဖြန့်ကာဖြင့် တိုက်ခိုက်ရန် သွေးပူလေ့ကျင့်ခန်း လုပ်လျက်ရှိနေတော့သည်။ ၎င်းတို့၏ နှုတ်ခမ်းထောင့်များသည် ကော့တက်ကာ ခပ်ယဲ့ယဲ့ ပြုံးလျက်ရှိသည်။
ထျန်းကန်နတ်ဂိုဏ်းတပည့်များ၏ အော်ရာများကို ကြည့်မည်ဆိုလျှင် အသွင်ပြောင်းနတ်ဂိုဏ်းတပည့်များထက် ပိုမို၍ အားကောင်းနေသည်။ သို့ပေမဲ့ ၎င်းတို့သည် ဤမျှလောက်သော အော်ရာများကို ဂရုစိုက်လိမ့်မည် မဟုတ်ချေ။
ရွီး ရွှီး
ထိုအချိန်မှာတော့ ထျန်းကန်နတ်ဂိုဏ်းဆီမှ တပည့်များအားလုံးသည် ခုနှစ်စင်ကြယ်ပုံစံအစီအရင်ကို စတင်၍ ခင်းကျင်းလိုက်၏။ များပြားလှသော တပည့်များသည် တည်နေရာကို ရယူပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ် စွမ်းအင်များကို စုစည်းကာဖြင့် ရှေ့ဆုံးမှာရှိနေသောလူဆီသို့ ပို့လွှတ်လိုက်၏။ ချက်ချင်းဆိုသလိုပဲ အလွန်တရာ အားကောင်းပြီး လေးနက်လွန်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် ထိုရှေ့ဆုံးမှလူ၏ လက်ဝါးဆီသို့ ရောက်ရှိ လာခဲ့၏။
“တိုက်ခိုက်မှုပုံစံ ခုနှစ်စင်ကြယ်လက်ဝါး”
ဝူး …။
လက်ဝါးဆီမှ စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီးသည့်နောက် ကြီးမားလှသည့် လက်ဝါးရိုက်ချက်ကြီး တစ်ခုသည် ကြောက်မက်ဖွယ်ရာ အားအင်နှင့်အတူ ကျဆင်းလာသည်။ ဤကဲ့သို့သော လက်ဝါးရိုက်ချက်ကြီးသည် အလွန်အားကောင်းလွန်းလှပြီး တည်နေရာတစ်ခုလုံးတွင် ဖိအားများ ဖြစ်တည်လာခဲ့၏။
“ခုနှစ်စင်ကြယ်အစီအရင်၊ သူတို့က ပွဲစကတည်းက ဒါမျိုးထုတ်သုံးလိမ့်မယ်လို့ ကျုပ်တို့ မထင်မိခဲ့ဘူး”
အားလုံးသည် စိတ်လှုပ်ရှားနေမိလျက် ရှိနေကြသည်။
ဟူး ဟူး
လက်ဝါးရိုက်ချက်ကြီးနှစ်ခုသည် တည်နေရာထဲသို့ ကျဆင်းလာချိန်မှာတော့ တည်နေရာတစ်ခုလုံးသည် တုန်ခါ လျက်ရှိနေသည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များမှာတော့ ဘာမှ မထူးခြားသည့်ဟန်ဖြင့် စင်မြင့်ပေါ်တွင် မတ်မတ်ရပ်လျက် ရှိနေကြသည်။ လီယုယွာသည် အားလုံး၏ရှေ့သို့ လှမ်းထွက်လာပြီးသည့်နောက် သူသည် စိတ်ဝိညာဉ်ချပ်ဝတ်အား အသက်သွင်းလိုက်တော့၏။
“တောင်ဖြိုလက်သီး”
ဘုန်း ဘုန်း
များပြားလှသည့် စိတ်ဝိညာဉ်စွမ်းအင်များသည် စင်မြင့်ပေါ်တွင် လှိုင်းထကာ ဖြစ်တည်လာခဲ့သည်။ ကောင်းကင် ကြီးဆီမှ ကျဆင်းလာသော လက်ဝါးရိုက်ချက်ကြီးနှစ်ခုအား လီယုဟွာသည် လက်သီးချက်များဖြင့် တစ်ခါတည်း ထိုးနှက်ဖျက်ဆီးလိုက်သည်။
ဘန်း ဘန်း ဘန်း …။
တိုက်ခိုက်ချက်ကို စုပေါင်းဖွဲ့စည်းထားခဲ့ကြသော ထျန်းကန်နတ်ဂိုဏ်းမှ ကျင့်ကြံသူများ၏ မျက်နှာများသည် ပျက်ယွင်းသွားကြ၏။ သူတို့ ထုတ်ဖော်ထားသော လက်ဝါးရိုက်ချက်၏ အားအင်အဆင့်သည် သိုင်းဘုရင်အဆင့်နိမ့် ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်၍ ရနိုင်နေ၏။ သို့ပေမဲ့ ဤပြိုင်စံရှားဂိုဏ်း၏ တပည့်သည့် လက်သီးချက် တစ်ချက်တည်းနှင့် သူတို့၏ တိုက်ခိုက်ချက်အား အနောက်သို့လှန်သွားအောင် ပြုလုပ်နိုင်နေသည်။ ၎င်း၏ အားအင် အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
ဘုန်း ဘုန်း
လုံကျိရန်နှင့် စုန့်ရွှမ်ကျူး တို့သည် ဘေးတစ်ဖက်တစ်ချက်ဆီမှ ရှေ့သို့ လှမ်းတက်လာပြီးသည့်နောက် လက်သီးတွင် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းကာ လက်ဝါးရိုက်ချက်ကြီးကို အစွမ်းကုန် လိုက်လံတိုက်ခိုက်တော့သည်။
ဘန်း ဘန်း …။
ထျန်းကန်နတ်ဂိုဏ်းဆီမှ တပည့်များအားလုံးသည် အနောက်သို့လှန်ထွက်သွားကြပြီး ၎င်းတို့ခန္ဓာကိုယ်ထဲရှိ သွေးများပင်လျှင် ဆူဝေသွားကြသည်။
“အစီအရင်ကို ပြောင်းမယ်”
ဦးဆောင်ထားသောတပည့်က အော်ဟစ်လိုက်သည်။ ထျန်းကန်နတ်ဂိုဏ်းဆီမှ တပည့်နှစ်ဆယ့်ငါးယောက်တို့သည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ လူချင်းခွဲပြီး သတ်မှတ်ထားသော တည်နေရာများကို ရယူလိုက်ကြတော့သည်။ သူတို့သည် ရှုပ်ထွေးထူးဆန်းလှသော လက်စည်း သင်္ကေတများကို ဖန်တီးလိုက်ကြ၏။
ဘမ်း ဘမ်း
စင်မြင့်ပေါ်တွင် အသံများ ထွက်ပေါ်လာပြီးသည့်နောက် ထျန်းကန်နတ်ဂိုဏ်း၏ တပည့်နှစ်ဆယ့်ငါးယောက်တို့၏ ပုံရိပ်တို့သည့် လေထုထဲတွင် ပေါ်လာတော့၏။
“ထျန်းကန်နတ်ဂိုဏ်း နဝမပုံစံ ကိုယ်ပွား”
“ဒီကိုယ်ပွားတွေက ပုံရိပ်ယောင်ပုံစံဆိုပေမယ့် တိုက်ခိုက်နိုင်စွမ်းကတော့ မူလကိုယ်ရဲ့ ငါးဆယ်ရာခိုင်နှုန်းလောက် ထုတ်ဖော်နိုင်တယ်”
“အခုဆိုရင် လူအယောက်ငါးဆယ်နဲ့ နှစ်ဆယ့်ငါးယောက်ရဲ့ တိုက်ခိုက်ပွဲဖြစ်သွားပြီးပေါ့၊ ဒါက နည်းနည်းတော့ များသလိုပဲ”
“သေချာကြည့်၊ ပြိုင်စံရှားဂိုဏ်းတပည့်တွေက ပြုံးနေတုန်းပဲ”
အားလုံးလှမ်းကြည့်လိုက်သည်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းတပည့်များ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ခိုတွဲလျက်ရှိနေသည်ကို မြင်လိုက်ရ၏။ သို့ပေမဲ့ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ ကြောက်မက်ဖွယ်ရာ ကောင်းလှ သော တိုက်ခိုက်လိုခြင်းဆန္ဒများသည် ဖြစ်တည်လျက်ရှိနေတော့သည်။
“သွားကြမယ်”
လီချင်းယန်က အော်ဟစ်လိုက်သည်။
ဝှစ် …. ဝှစ်
စုရှောင်မိုနှင့် လီဖေးတို့သည် တိမ်ခြေလှမ်းနည်းစနစ်အား အသုံးပြုကာ ရှေ့သို့လှမ်းတက်လိုက်ကြသည်။ ၎င်းတို့ နှစ်ယောက်စလုံးသည် စိတ်ဝိညာဉ်စွမ်းအင်များကို အပြည့်အဝ ထုတ်ဖော်ကာ အကောင်းဆုံးသော တိုက်ခိုက်ချက်များကို ထုတ်သုံးလိုက်ကြတော့၏။
ထျန်းကန်နတ်ဂိုဏ်းမှ တပည့်များသည် အကြောက်အရွံ့ကင်းမဲ့လှ၏။ ၎င်းတို့သည် ကိုယ်ပွားများကို ထိန်းချုပ်ကာ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လာကြသည်။
ဘန်း ဘန်း
ချက်ချင်းဆိုသလိုပဲ ဂိုဏ်းတပည့်နှစ်ယောက်သည် စိတ်လှုပ်ရှားစရာ ကောင်းသောတိုက်ပွဲ၏ မြင်ကွင်းဆီမှ လွှင့်စင်၍ ပျောက်ကွယ်သွားခဲ့သည်။
“ခုနှစ်စင်ကြယ်လက်ဝါး”
“ကောင်းကင်နီဓားကွက်”
များပြားလှသော စွမ်းအင်များသည် တည်နေရာတစ်ခုလုံးတွင် ပေါက်ကွဲထွက်ပေါ်လာပြီးသည့်နောက် တည်နေရာကြီးပင်လျှင် တဝုန်းဝုန်းနှင့် တုန်ခါနေသည်။
ဝှစ် ဝှစ်
ရီရှင်းချန်သည် လူအုပ်ကြားထဲမှ ထွက်ပေါ်လာပြီးနောက် ထျန်းကန်နတ်ဂိုဏ်းတပည့်တစ်ယောက်၏ မျက်နှာအား လက်တစ်ဖက်ဖြင့် ဖမ်းကိုင်ကာ ခပ်ဝေးဝေးဆီသို့ ဆွဲယူသွားပြီး လက်သီးနှင့် ထိုးနှက်လိုက်တော့သည်။
ဘုန်း
ထိုတပည့်သည်ပျောက်ကွယ်သွား၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်ပွားတစ်ခု ဖြစ်နေသောကြောင့်ပင်။
“ခုနှစ်စင်ကြယ်လက်ဝါး”
ထိုအချိန်မှာပဲ ထျန်းကန်နတ်ဂိုဏ်း၏ တပည့်တစ်ယောက်သည် ရုတ်တရက်အနောက်မှာ ပေါ်လာပြီးတော့ အလစ်ချောင်းကာ တိုက်ခိုက်၏။
ဘုန်း ဘုန်း
ရှောင်ကျီသည် ချက်ချင်းဆိုသလိုပဲ ထိုတိုက်ခိုက်ချက်ကို ကြားဝင်ကာ ခုခံကာ ပြန်လည်တိုက်ခိုက်လိုက်၏။
“ကိုယ့်ကိစ္စကိုယ်လုပ်”
ရီရှင်းချန်သည် နှာခေါင်းရှုံ့လိုက်သည်။ သူသည် တိမ်ခြေလှမ်းနည်းစနစ်ကို အသုံးပြု၍ အစောတုန်းက သူ့အား အလစ်ချောင်းတိုက်ခိုက်ခဲ့သော လူဆီသို့ ပြေးဝင်သွား၏။ ပြီးနောက် မျက်နှာအား လက်သီးနှင့် ထိုးနှက်ကာ စင်မြင့်အောက်သို့ လွှင့်စင်သွားစေသည်။
ဘုန်း ဘုန်း
စုရှောင်မို၊ လုံကျိရန်နှင့် တခြားသောသူများသည်လည်း ချက်ချင်းဆိုသလိုပဲ တဖက်ဂိုဏ်းသားများ၏ ကိုယ်ပွားများကို ဖျက်ဆီးခဲ့ကြသည်။ အားလုံး၏မြင်ကွင်းထဲတွင် ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် လူအရေ အတွက်အရ တစ်ပန်းရှုံးနေသည်ဆိုသော်လည်း တကယ်တမ်း ထျန်းကန်နတ်ဂိုဏ်းနှင့် တိုက်ခိုက်ရာတွင်တော့ အထက်စည်းမှ တိုက်ခိုက်နိုင်နေကြ၏။
ရှောင်ကျီနှင့် လီယုဟွာတို့သည် အဓိက ရှေ့ဆုံးမှ ဦးဆောင်တိုက်ခိုက်ကြသူများဖြစ်ပြီး ရီရှင်းချန်၊ လီချင်းယန်နှင့် တခြားသူများသည်က ကြားဝင်ကာ အဆုံးသတ် တိုက်ခိုက်သူများအဖြစ် တာဝန်ယူထားကြသည်။ စုရှောင်မိုနှင့် လီဖေး တို့မှာတော့ ၎င်းတို့၏ အမြန်နှုန်းကို အသုံးပြုကာ ဆက်တိုက် တိုက်ခိုက်မှုမျိုးကို ထုတ်ဖော်နေသည်။
တိုက်ပွဲ တစ်ခုလုံးသည် အစီအရင် ကျနကာ သပ်ရပ်လွန်းလှ၏။ ကြည့်ရှုနေသူများအားလုံးသည် ဆွံ့အလျက် ရှိနေကြ တော့သည်။ ဤကဲ့သို့အဖွဲ့လိုက် တိုက်ခိုက်မှုပုံစံမျိုးတွင် တစ်ယောက်နှင့်တစ်ယောက် စည်းချက်ကျနစွာ အချိတ် အဆက်မိမိ တိုက်ခိုက်နိုင်သည်ကို သူတို့မြင်ရသည်မှာ ပထမဦးဆုံးပင်ဖြစ်၏။
ထျန်းကန်နတ်ဂိုဏ်းသည် များပြားလှသည့်အစီအရင်ပုံစံများကို အာရုံစိုက်၍ အားကောင်းလှသည့် အသင်းအဖွဲ့ ပုံစံမျိုး စုပေါင်းတိုက်ခိုက်ကြခြင်းဖြစ်သည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတပည့်များနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ၎င်းတို့သည့် အလွန်တရာ အားနည်းနေကြသေး၏။ တိတိကျကျ ပြောရမည်ဆိုလျှင် အားနည်းလွန်းလှ၏။ ၎င်းတို့၏ အားအင်အဆင့်နှင့် အသင်းအဖွဲ့ ပူးပေါင်းတိုက်ခိုက်မှုသည် ပြိုင်စံရှားဂိုဏ်းနှင့် မယှဉ်နိုင်ပေ။
ဘုန်း ဘုန်း
ဆယ်မိနစ်လောက် ကြာပြီးသည့်နောက်မှာတော့ ထျန်းကန်နတ်ဂိုဏ်းမှ တပည့်များသည် တစ်ယောက်ပြီး တစ်ယောက် ရှုံးနိမ့်သွားခဲ့ကြတော့သည်။ သူတို့သည် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြ၏။ အားအကောင်းဆုံးသော တိုက်ခိုက်ချက်များကို အစကတည်းက ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့ကြသည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတပည့်များ ကိုတော့ အနိုင်မယူနိုင်ခဲ့ချေ။
“ထျန်းကျန်နတ်ဂိုဏ်း တောင့်ခံထား”
“ထျန်းကန်နတ်ဂိုဏ်း တောင့်ခံထား”
ကြည့်ရှုနေသူများသည် မတ်တပ်ရပ်ကာ အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏အသံသည် ကောင်းကင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ အော်လိုက်သည့်အချိန်တိုင်းမှာပဲ ပုံရိပ်ယောင်အစီအရင်သည် ထျန်းကျန်နတ်ဂိုဏ်းတပည့်များ ပုံစံအမျိုးမျိုးဖြင့် စင်မြင့်ပေါ်မှာ ပြုတ်ကျသွားသည်ကို သေသေချာချာပြသနေတော့သည်။
ထိုအချိန်မှာတော့ ကြည့်ရှုနေသူများ အားလုံးသည် ဘာပြောရမှန်းမသိအောင်ပင် ဖြစ်မိနေကြ၏။ အချိန်အတော်ကြာပြီးသည့်နောက် မြို့တော်ဝန်ဟန်သည် လေထုထဲတွင် ပေါ်ပေါက်လာ၏။ “ထျန်းကန်နတ်ဂိုဏ်း ထွက်ခွာသွားပြီ၊ ပြိုင်စံရှားဂိုဏ်း နောက်တစ်ဆင့် တက်ပါပြီ”