အခန်း (၇၁၆)
Vol. 48 Ch. 716
အဆုံးသတ်မှာတော့ ထန်းဂန်နတ်ဂိုဏ်းသည် မည်သို့မျှ တောင့်မခံနိုင်တော့ဘဲ ပြိုင်စံရှားဂိုဏ်းတပည့်များ၏ လက်တွင် အရှုံးပေးလိုက်ရတော့သည်။ သို့ပေမဲ့ ကြီးမြတ်လှသည့်ရှုံးနိမ့်မှုပင်ဖြစ်သည်။
တိုက်ပွဲပြီးဆုံးသွားသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် အသက်ကို မြန်မြန်ဆန်ဆန်နှင့် ရှူနေကြ၏။ ၎င်းတို့၏စိတ်ထဲတွင် ပြင်းထန်သည့်တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ရသောကြောင့် စိတ်ကျေနပ်လျက် ရှိနေပုံပေါ်တော့သည်။
“အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လီချင်းယန် သည် လက်သီးကိုဆုပ်ကာဖြင့် ရင်းရင်းနှီးနှီးပြုံးကာ ပြောလိုက်သည်။
“ကျေး…ကျေးဇူးတင်ပါတယ်”
မြေပေါ်တွင် လဲလျောင်းလျက်ရှိသော ထျန်းကန်ဂိုဏ်းမှ တပည့်များအားလုံးသည်လည်း ခက်ခက်ခဲခဲနှင့်ပြန်ပြောလိုက် ကြ၏။ ၎င်းတို့ထျန်းကန်အစီအရင်သည် များပြားလှသည့်နည်းလမ်းအမျိုးမျိုးနှင့် အဆင့်မြင့်တိုးတက်သွားအောင် ဖန်တီး ပြုလုပ်ကာ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း တပည့်များအပေါ်တွင်တော့ အသုံးမဝင်ခဲ့ချေ။ ထို့ကြောင့် ၎င်းတို့သည် ရှုံးနိမ့်ခြင်းအား နှစ်နှစ် ကာကာဖြင့် ဝန်ခံမိတော့၏။
“ဟား ဟား ဟား ထပ်ပြီးနိုင်ပြန်ပြီ”
ချင်းယန်နိုင်ငံတွင်ရှိသော အားပေးချီးကျူးသံများသည် မိုးထိပင် ထိုးတက်လျက် ရှိနေသည်။
မနေ့က အဆင့်(၃)ဂိုဏ်းတစ်ခုကို အနိုင်ရရှိချိန်တွင် ၎င်းတို့သည် မည်သည့်ခံစားမှုကိုမှ မရရှိခဲ့ချေ။ သို့ပေမဲ့ ယနေ့ အချိန်မှာ အဆင့်(၁)ဂိုဏ်းတစ်ခုအား အနိုင်ရရှိချိန်မှာတော့ စိတ်လှုပ်ရှားမှုများသည် ချက်ချင်းဘဲ ပြန်လည်ဖြစ်တည် လာခဲ့၏။
“ဟောခန်းသခင် ….. ဟောခန်းသခင်”
“မြန်မြန် မြန်မြန် …. ပါးတစ်ချက်လောက် ပိတ်ရိုက်ပေးပါအုံး”
ဘုန်း … ဘုန်း
ရီထျန်းချန် မှာတော့ ထိုင်ခုံပေါ်မှ ထခုန်မိတော့၏။ သူ၏အမူအရာများသည်လည်း ဆက်တိုက်ဆိုသလို ပြောင်းလဲ လျက်ရှိသည်။ အဆုံးသတ်မှာတော့ သူသည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီးသည့်နောက် မျက်နှာကို အုပ်ကာ ထားမိသည်။ “အဆင့်(၁)ဂိုဏ်းတစ်ခုကို ကျုပ်တို့ထပ်ပြီး နိုင်ခဲ့ပြန်ပြီ”
“ဒါက တိုက်ဆိုင်တာတစ်ခု မဟုတ်ဘူး၊ ဒါက လုံးဝတိုက်ဆိုင်တာမဟုတ်တော့ဘူး။”
အကြီးအကဲကျန်းနှင့် အကြီးအကဲကျိုးတို့သည်လည်း ၎င်းတို့၏ ဟောခန်းသခင် အဘယ်ကြောင့် ရူးသွပ်တော့မလို ဖြစ်နေသည်ကို နားလည်လက်ခံသည်။
ထို့ပြင် သူတို့၏ မူလအစီအစဉ်အရဆိုလျှင် ပြိုင်စံရှားဂိုဏ်းအနေနှင့် ဒုတိယအဆင့်ဆီသို့ တက်ရောက်နိုင်လျှင် ပင် စံချိန်များကို ချိုးဖြတ်နိုင်ခဲ့ပြီးဖြစ်သောကြောင့် စိတ်ကျေနပ်မှုကို ရရှိခဲ့ပြီးသားဖြစ်သည်။ သို့ပေမဲ့ ၎င်းတို့သည် စံချိန်များကို ချိုးဖြတ်ခဲ့သည်သာမက လက်ရှိအချိန်တွင် ပထမအဆင့်ဂိုဏ်းတစ်ခုပင် အနိုင်ယူခဲ့ပြီးဖြစ်၏။
နောင်တစ်ချိန် ဂိုဏ်းအသိအမှတ်ပြုဟောခန်း၏ အစည်းအဝေးကျင်းပရာအချိန်တွင် ၎င်းသည် ခေါင်းမော့ရင်ကော့ကာ နေထိုင်နိုင်မည်ဖြစ်တော့သည်။
…
“အားလုံးပဲ”
ထိုအချိန်မှာတော့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော ချောမောလှသည့်မျက်နှာပိုင်ရှင်သည် အစီအရင်၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာတော့သည်။
“ဒါက ကျုပ်တို့ ပြိုင်စံရှားဂိုဏ်း၏ တပည့်တွေပဲ …။ ပထမအဆင့်ဂိုဏ်းတစ်ခုကိုတောင် ဒီလိုအခြေအနေမျိုးဖြစ်အောင် တိုက်ခိုက်နိုင်ခဲ့တယ်ဆိုတော့ အားအင်အဆင့်ကို သက်သေပြပြီးသားနော်။ ပြိုင်စံရှားဂိုဏ်းဆီ ဝင်ရောက်မယ် ဆိုရင် ခင်ဗျားတို့အားလုံးက ကြီးမားတဲ့ကံကြမ္မာကို ပိုင်ဆိုင်ကြလိမ့်မည်။”
ရှိရှိနေသမျှသော သူအားလုံးသည် ဆွံ့အသွားကြသည်။
ဤလူသည် သိုင်းအုပ်စိုးသူဆယ်ယောက်တို့၏ ပစ်မှတ်ထားကြည့်ရှုခြင်းကို ခံနေရသည်မဟုတ်လား။ အဘယ်ကြောင့် ဤနေရာဆီသို့ ရောက်လာရပြန်သနည်း။
အားလုံးသည် ခေါင်းလှည့်၍ ကြည့်တဲ့အချိန်မှာတော့ သိုင်းအုပ်စိုးသူဆယ်ယောက်တို့သည် နေရာတွင်ပင် အေးခဲ လျက်ရှိနေကြ၏။ အလွန်တရာအားကောင်းလှသော အော်ရာများသည် ၎င်းတို့အား ဖိနှိပ်ထား၏။
“ဒါက” ဂိုဏ်း၏အကြီးအကဲများ မျက်လုံးပြူးသွားခဲ့သည်။ ဤမျှများပြားလှသော သိုင်းအုပ်စိုးသူများကို ဖိနှိပ်နိုင်လိုက်သည့် အော်ရာများသည် မည်မျှအားကောင်းလိုက်သနည်း။ တစ်ဖက်သိုင်းအုပ်စိုးသူ ဆယ်ယောက်တို့သည် လှုပ်ပင် မလှုပ်နိုင်ကြချေ။
“လူတိုင်းဆီမှာ အိမ်မက်ဆိုတာရှိတယ်။ ဒါမှမဟုတ်ရင် ဆားနယ်ခံထားရတဲ့ ငါးကြီးလို ဘာခြားနားနေ တော့မှာလဲ။”
ကျွင်းချောင်ရှောင်း၏ မျက်နှာတစ်ခုလုံးသည် အစီအရင်၏ မျက်နှာပြင်တွင် ပေါ်လျက်ရှိ၏။ သူက ဆက်ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက မင်းတို့ရဲ့ အိမ်မက်တွေကို ပျံသန်းစေဖို့အတွက် အသင့်တော်ဆုံး ဂိုဏ်းတစ်ခုဘဲ၊ ဘာကို စောင့်နေတာလဲ။ မြန်မြန်ဆန်ဆန်လာပြီးတော့ ဝင်ကြတော့။”
…
“ဂိုဏ်းချုပ်ကျွင်း”
သူ၏အနောက်ဖက်ဆီမှ အသံတစ်ခုပေါ်လာခဲ့၏။ “တော်လောက်ပါပြီ။”
“ခနလေး၊ ပြီးအောင် ပြောပါရစေ။”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ပါးစပ်ပိတ်သွား၏။ ပြီးသည့်နောက်မှာတော့ သူသည် မြေပေါ်သို့ ပြန်လည် ကျဆင်းလာခဲ့၏။
သူ၏နောက်တွင် ပေါ်လာသည့်သူမှာတော့ မြို့တော်ဝန်ဟန်မှလွဲ၍ အခြားသူမဟုတ်ပေ။ ၎င်း၏ အော်ရာများကို သုံးသပ်ကြည့်မည်ဆိုလျှင် သိုင်းနယ်မြေ အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လို့နေသည်။ ထိုကဲ့သို့သော အားကောင်းလှသည့် ကျင့်ကြံသူအား စနစ်၏ အားကိုးမှုမပါဘဲနှင့် ကျွင်းချောင်ရှောင်းသည် မည်သို့မျှ ပြန်လည်တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ချေ။
ရွှီ
မြို့တော်ဝန်ဟန်သည် ကျွင်းချောင်ရှောင်းရှေ့တွင် ဆင်းသက်လာပြီးသည့်နောက် လက်နှစ်ဖက်ကို အနောက်သို့ ပစ်ကာပြောလိုက်၏။
“မင်းတို့တွေသွားကြတော့။ ငါဂိုဏ်းချုပ်ကျွင်းကို ဆက်ပြီးစောင့်ကြည့်နေမယ်။”
“ကောင်းပါပြီ”
သိုင်းအုပ်စိုးသူဆယ်ယောက်တို့သည် ချက်ချင်းဆိုသလိုဘဲ ပျောက်ကွယ်သွားကြ၏။
ဤသို့နှင့်ပဲ ဂိုဏ်းချုပ်ကျွင်း၏ ဂိုဏ်းကြော်ငြာမှုကို တားဆီးနိုင်ရန် အတွက် ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် အားကောင်းဆုံးဟု သတ်မှတ်ထားသော ကျွမ်းကျင်သူတစ်ယောက်သည် သူ၏ဘေးနားတွင် မတ်တပ်ရပ်ကာ စောင့်ကြည့်နေရတော့သည်။
“မြို့တော်ဝန်ဟန်”
ဂိုဏ်းချုပ်ကျွင်းက ပြောလိုက်သည်။ “ခင်ဗျားဆီမှာ ကလေးတွေရှိလား။ ရှိရင် ပြိုင်စံရှားဂိုဏ်းမှာ လေ့ကျင့်ဖို့အတွက် လွှတ်လိုက်ပါ။ သူတို့တွေကို တကယ့်ကို ကောင်းကင်ရဲ့သားတော်တွေလို ဂုဏ်ယူရလောက်အောင် ကျုပ်က ပျိုးထောင်ပေးနိုင်တယ်။”
မြို့တော်ဝန်ဟန်သည် သည်းခံတတ်သည့် စိတ်နှလုံးကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်သည်။ မဟုတ်ပါက ဤရောင်းရင်း အား မြေပေါ်သို့ နင်းခြေ၍ ဖနောင့်နှင့်ထပေါက်မိမှာ သေချာတော့သည်။
…
ပြိုင်ပွဲ၏ စတုတ္ထအကျော့သည် ဆက်လက်ကာ တိုက်ခိုက်နေကြတော့သည်။ ဤထဲတွင် ကြမ်းရမ်းလှသည့် တိုက်ပွဲများ လည်း ရှိခဲ့ကြ၏။ တတိယအဆင့်ဂိုဏ်း၏ အဓိက တိုက်ခိုက်သူများဖြစ်သော ကျောင်းတာ့ကျွမ့်နှင့် ကျန်းဖေးယွမ် တို့သည် ၎င်းတို့၏ ပြိုင်ဖက်များအား တစ်ဦးတည်းတိုက်ခိုက်ကာ အနိုင်ယူခဲ့ကြ၏။
လောကပုန်ကန်နတ်ဂိုဏ်းသည်လည်း ၎င်းတို့၏ ပြိုင်ဖက်များကို အနိုင်ယူနိုင်ခဲ့သည်။ ထို့ပြင် အောင်းဝူရှန်သည် အလွန်တရာအားကောင်းလှသူဖြစ်၏။ အစမှအဆုံးထိ သူသည် ပြိုင်ဖက်များအား ဘုရင်တစ်ယောက်၏ အမူအကျင့် မျိုးဖြင့် အထက်စီးမှ တိုက်ခိုက်အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ထို့အတူ ဤလူ၏ သေလမ်းရှာခြင်းစွမ်းရည်မှာလည်း ထူးချွန်လွန်းလှ၏။ သူသည် ရီရှင်းချန်ကို လှမ်းလှမ်းကြည့်ရင်း ပြက်ရယ်ပြုလှောင်ပြောင်လျက်ရှိနေတော့သည်။
“အဆင့်တစ် ဂိုဏ်း နှစ်ခုကို အနိုင်ယူနိုင်ဖို့ဆိုတာ မင်းတို့ဆီမှာ စွမ်းရည်တော့ရှိရမှာ”
အောင်းဝူရှန် သည် ရပ်တန့်ကာ မထီမဲ့မြင့်ပြုံး၍ ပြောလိုက်တော့သည်။ “ဒါပေမဲ့ ငါတို့လောကပုန်ကန်ဂိုဏ်းနဲ့ နောက်တလှည့်မှာ မတွေ့စေဖို့ ဆုတောင်းထား။ မဟုတ်ရင် မင်းတို့အမှိုက် တွေကို တစ်ခါတည်းရှင်းပစ်မယ်။”
စုရှောင်မို နှင့် လီဖေး တို့သည် မျက်မှောက်ကုပ်သွား၏။ ၎င်းတို့သည်သာ နဂါးကျားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေကြသူများမဟုတ်ပါက ချက်ချင်းထ၍ တိုက်ခိုက်မိပေလိမ့် မည်။
“သခင်လေး”
လောကပုန်ကန်ဂိုဏ်း၏ တပည့်တစ်ယောက်ကပြောလိုက်၏။ “သွားကြစို့”
အောင်းဝူရှန် သည် သူ၏ နဖူးပေါ်တွင်ကျဆင်းနေလျက်ရှိသော ဆံပင်အမည်းရောင်များကို အသာသပ်တင်ကာ ခပ်တည်တည်နှင့် ပြောလိုက်၏။ “အမှိုက်တွေ၊ မနက်ဖြန်တွေ့ကြတာပေါ့”
“ချီးတဲ့မှ”
စုရှောင်မို သည် ဒေါသတကြီးနှင့်ပြောလိုက်၏။ “ငါချက်ချင်းခုန်ထွက်ပြီး ဒီကောင့်ကို ရိုက်ချင်တယ်။”
“စိတ်ကိုလျှော့ထားပါ။” လီချင်းယန်ကပြောလိုက်သည်။
ဤနေရာတွင် ရန်ဖြစ်မည်ဆိုပါက ဆက်လက်ယှဉ်ပြိုင်ရန် အရည်အသွေးမရှိဘူးဆိုကာ ထုတ်ပယ်ခံရပေလိမ့်မည်။
သို့ပေမဲ့ သူအား အံ့အားသင့်စေသည်မှာ ဘေးတစ်ဘက်တွင် ရပ်လျက်ရှိသော ရီရှင်းချန်သည် အစမှ အဆုံးထိ တည်ငြိမ်သည့်အမူအရာနှင့်ပင်ရှိနေသည်။ တစ်ဖက်လူ၏ ပြက်ရယ်ပြုလှောင်ပြောင်သည့်စကားကို မကြားခဲ့သလိုပေ။
ဂျူနီယာညီလေးရီသည် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားခဲ့သည်လား။ တစ်ဖက်လူပြောသည်ကို အလုံးစုံလျစ်လျူရှု လျက်ရှိနေ၏။
မဟုတ်ပေ။ ရီချင်းရှန်သည် သူ၏ သဘာဝအတိုင်းပင်ရှိသည်။ သူ ဤကဲ့သို့ ခံစားချက်မဲ့စွာ နေထိုင်နေသည်မှာ တစ်ဖက်လူအား လူသေတစ်ယောက်ကဲ့သို့ သတ်မှတ်ထားလိုက်သည့်အတွက်ကြောင့် ဖြစ်သည်။
…….
နောက်တစ်ရက်မှာတော့ လူတို့၏ အားပေးချီးမြှောက်မှုအောက်မှာပဲ ဂိုဏ်း(၁၂)ဂိုဏ်းတို့သည် ဝင်ရောက်လာခဲ့ကြ တော့သည်။ ဤအကျော့သို့ ဝင်ရောက်လာကြသော ဂိုဏ်းများသည် ပထမအဆင့် ဂိုဏ်း(၃)ဂိုဏ်း၊ တတိယအဆင့် ဂိုဏ်း(၂)ဂိုဏ်းနှင့် အဆင့်(၅)ဂိုဏ်း (၁)ဂိုဏ်းတို့ဖြစ်ကြသည်။ ကျန်သည့် (၆)ဂိုဏ်းမှာတော့ အဆင့်(၂)ဂိုဏ်းများဖြစ်၏။
“ပြိုင်စံရှားဂိုဏ်းနှင့်ကျအောင် မဲမနှိုက်နဲ့။”
မဲနှိုက်သည့် အခမ်းအနားပြုလုပ်ချိန်မှာတော့ များပြားလှသောဂိုဏ်းများမှတပည့်များသည် ဤကဲ့သို့ ဆုတောင်းလျက် ရှိနေကြသည်။ သို့ပေမဲ့ ပထမအဆင့် ဂိုဏ်းများမှာတော့ ပုံမှန်အတိုင်းပင် ဖြစ်၏။
ပြိုင်စံရှားဂိုဏ်း၏ ပထမတိုက်ပွဲများအား အနိုင်ယူခဲ့ခြင်းမှာ ကံကောင်းခြင်းဖြစ်သည်ဟု မည်သူမျှ မတွေးကြတော့ချေ။ ဤအရာသည် အစစ်အမှန်အားအင်သာဖြစ်သည်။ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းသားများနှင့်သာ ရင်ဆိုင်တွေ့ရမည် ဆိုပါက ကျိန်းသေပေါက်ရှုံးနိမ့်ကြမှာ သေချာ၏။
“ကျုပ်လုပ်မယ်”
များပြားလှသော ဂိုဏ်းများသည် ၎င်းတို့၏ ပြိုင်ဖက်များကို မဲနှိုက်ရွေးချယ်နေချိန်မှာတော့ ရီချင်းရှန်သည် အားလုံး၏ ရှေ့သို့ လှမ်းတက်ကာ မဲနှိုက်လိုက်တော့သည်။
“ပြိုင်စံရှားဂိုဏ်း၏ပြိုင်ဖက်”
မြို့တော်ဝန်ဟန်သည် အသံကို ဆွဲငင်ကာဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “သံမဏိလက်သီးဂိုဏ်း”
ခလွပ်
ရီရှင်းချန် သည် ၎င်းမဲနှိုက်ထားသော ကျောက်ပြားအား အသာချိုးခြေလိုက်၏။ သူ၏မျက်လုံးထဲတွင် စိတ်ပျက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ပြိုင်စံရှားဂိုဏ်းနှင့်တိုက်ခိုက်ရန် မကျခဲ့သောဂိုဏ်းများမှာတော့ စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။
သံမဏိလက်သီးဂိုဏ်းသည်လည်း ဖျက်မြင်း ဂိုဏ်းတစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် ကျောင်းတာ့ကျွမ့် ၏ အားအင် အဆင့်သည် ကောင်းမွန်လွန်းလှ၏။ လက်ရှိအချိန်တွင် ဤဂိုဏ်းနှစ်ခုတွေ့ဆုံရသည်ဆိုသည်မှာ ၎င်းတို့အမြင်ချင်ဆုံးကိစ္စပင် ဖြစ်တော့သည်။
“ပြိုင်ပွဲဝင်တဲ့ဂိုဏ်းနှစ်ခုစီမှာ အရမ်းကို အားကောင်းတဲ့ခန္ဓာကိုယ်ကျင့်ကြံသူနှစ်ယောက်ရှိကြတယ်။”
“စိတ်လှုပ်ရှားစရာဘဲ။”
အဆုံးသတ်တွင် မည်သူနိုင်မည်ကို ကြည့်ရှုသူများက စိတ်မဝင်စားခဲ့ကြပေ။ သူတို့သိရှိနေသူမှာ ရှောင်ကျီနှင့် ကျောင်းတာ့ကျွမ့် တို့၏ ပြင်းထန်သည့်တိုက်ခိုက်ပွဲကို ကြည့်ရှုရဖို့ပင်။
“ဂျူနီယာညီလေး”
လီချင်းယန်ကပြောလိုက်သည်။ “ကျောင်းတာ့ကျွမ့်ကို မင်းအတွက် ထားလိုက်မယ်”
“အင်း”
ရှောင်ကျီက ပြောလိုက်သည်။
ထိုအချိန်မှာတော့ ၎င်း၏ ခန္ဓာကိုယ်ရှိ သွေးများအားလုံးသည် ဆူပွက်လျက်ရှိ၏။ သူ၏တိုက်ခိုက်လိုစိတ်များသည် ပြင်းထန်နေ၏။
ကျောင်းတာ့ကျွမ့် သည်လည်း တူညီသည့်ခံစားချက်ကို ရရှိနေမည်။ ထို့ကြောင့် ၎င်းတို့နှစ်ယောက် သည် တပြိုင်နက်တည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ရှုလိုက်ကြသည်။
ပြီးသည့်နောက်မှာတော့ စင်မြင့်ပေါ်သို့ လှမ်းတက်လိုက်ကြသည်။ ကြီးမားပြီး အားကောင်းလွန်းလှသော အော်ရာများ သည် လေထုထဲတွင် ဖြစ်တည်လာ၏။
စင်မြင့်ပေါ်မှာတော့ ဒိုင်လူကြီးက မေးလိုက်သည်။ “နှစ်ဖက်လုံး၊ တစ်ယောက်ချင်း တိုက်ခိုက်မလား။ အုပ်စုဖွဲ့တိုက်ခိုက်မလား။”
“တစ်ယောက်ချင်းတိုက်ခိုက်မယ်။”
ကျောင်းတာ့ကျွမ့် က ပြောလိုက်၏။ “တစ်ပွဲတည်း တိုက်မယ်။ ဒီပွဲမှာ အနိုင်ရရှိသူက ပွဲတစ်ခုလုံးကို နိုင်မယ်။”
“ဒါက”
ဒိုင်လူကြီးသည် ရှောင်ကျီအား လှမ်းကြည့်လိုက်ကြ၏။ “မင်းတို့ဂိုဏ်းကရော သဘောတူလား။”
နဂါးကျားတိုက်ပွဲဆိုသည်မှာ အဖွဲ့လိုက် (သို့မဟုတ်) တစ်ဦးချင်းတိုက်ခိုက်ရသည့် တိုက်ပွဲဖြစ်ပြီး ဂိုဏ်းတစ်ခုလုံးကို ကိုယ်စားပြုနေ၏။
ထို့ကြောင့် အနိုင်ရရှိသူကို ပြိုင်ပွဲတစ်ခုတည်းနှင့် ဆုံးဖြတ်သည့် စည်းမျဉ်းဟူ၍မရှိပေ။ ထို့ကြောင့် သေချာရန် အတည်ပြုခဲ့ခြင်းပင်ဖြစ်သည်။
ရှောင်ကျီသည် သူ၏ ဂိုဏ်းတူအစ်ကိုနှင့် ညီလေးများဘက်သို့ လှည့်ကြည့်လိုက်၏။ ၎င်းတို့၏ အပြုံးဆီမှာ အဖြေကို ရရှိပြီးသည့်နောက်မှာတော့ သူသည် ခပ်တည်တည်ပင် ပြောလိုက်၏။ “သဘောတူတယ်”