အခန်း (၇၁၇)
Vol. 48 Ch. 717
ကျောင်းတာ့ကျွမ့် သည် နာမည်မှာသာ ဆိုးရွားလှသည်ဆိုသော်လည်း လူမှာတော့ အမှန်ပင် ဉာဏ်ကောင်းလှသူတစ်ယောက်ဖြစ်သည်။
ပြိုင်စံရှားဂိုဏ်း၏ တပည့်များ တိုက်ခိုက်မှုများကို အကြိမ်အနည်းငယ် ကြည့်ရှုပြီးနောက်မှာတော့ ၎င်းတို့အားလုံးသည် တစ်ယောက်ချင်းစီတိုင်း၌ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်သည့် စွမ်းရည်ရှိကြောင်းကို သိရှိပြီး ဖြစ်၏။ ထို့ကြောင့် ၎င်းတို့အနေနှင့် ဆက်လက်တိုက်ခိုက်မည်ဆိုလျှင် နောက်တစ်ကျော့သို့ တက်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် တစ်ပွဲတည်းကို တိုက်ခိုက်ပြီး အနိုင်အရှုံးကို ဆုံးဖြတ်ခြင်းကသာ သူတို့ ဂိုဏ်းအနေနှင့် နောက်တစ်ဆင့်သို့ တက်ရန် အခွင့် အရေးရှိသည်။
သံသယရှိစရာ မလိုပေ။
ကျောင်းတာ့ကျွမ့်သည် ရှောင်ကျီနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် စိတ်အား ထန်သန်လျက်ရှိသည်ဆိုသော်လည်း သံမဏိလက်သီးဂိုဏ်းအား နဂါးကျားတိုက်ပွဲတွင် အဆင့်တစ်ခုဆီသို့ ရောက်ရှိအောင် ပို့ဆောင်နိုင်ရန်လည်း လိုချင်နေမိ၏။
သူ၏ အစီအစဉ်သည် ကောင်းမွန်လှသည် ဆိုသည်။
ဤကဲ့သို့သော အစီအစဉ်ကို မည်သည့်ဂိုဏ်းကမှ သဘောတူလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ရှောင်ကျီမှာတော့ သဘောတူလိုက်၏။
တစ်ပွဲတည်းနှင့် အနိုင်အရှုံးကို ဆုံးဖြတ်ရန် သူသည် စိတ်ဝင်စားနေပြီဖြစ်သည်။
"နှစ်ဖက်ယှဉ်ပြိုင်သူတွေက တစ်ယောက်ချင်းစီ တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာလေ။ပြီးတော့ တစ်ပွဲတည်းနဲ့ အနိုင် အရှုံးကို ဆုံးဖြတ်လိမ့်မယ်" ဒိုင်လူကြီး၏ အသံသည် ထွက်ပေါ်လာခဲ့သည်။
"တစ်ပွဲတည်းနဲ့ အနိုင်အရှုံးကို ဆုံးဖြတ်မှာလား"
ထိုအချင်းအရာကို ကြားလိုက်သည့် အချိန်မှာတော့ ကြည့်ရှုနေသူများအားလုံးသည် ဆွံ့အသွားကြသည်။
ပြိုင်စံရှား ဂိုဏ်းတွင် များပြားလှသော တပည့်များ ရှိနေ၏။ သို့ပေမဲ့ ၎င်းတို့သည် သံမဏိလက်သီးဂိုဏ်း၏ အလိုကျအတိုင်း တစ်ပွဲတည်းသာ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြရ၏။ ၎င်းတို့၏ ဦးနှောက်များသည် မည်ကဲ့သို့ အလုပ်လုပ်နေကြသနည်း။
ထို့အပြင် ကျောင်းတာ့ကျွမ့်မှာ အလွန်တရာ အားကောင်းလွန်းလှ၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့်အကုန်လုံးကို အနိုင်ယူနိုင်စွမ်းရှိသည် မဟုတ်လျှင်တောင်မှ တစ်စုံတစ်ယောက်တည်း ဆိုရင်တော့ အနိုင်ယူနိုင်စွမ်း ရှိနေသေး၏။
ယခု တစ်ပွဲတည်းနှင့် အနိုင်အရှုံးကို ဆုံးဖြတ်နေသည်ဆိုသည်မှာ ရှောင်ကျီသာ ရှုံးနိမ့်သွားမည်ဆိုပါက အရာအားလုံးကို ရှုံးနိမ့်သွားမည်ဟု ဆိုရမည်။
"ရူးနေတာပဲ။သူက တကယ့်ကို ရူးနေတာပဲ ဖြစ်ရမယ်"
များပြားလှသောကျင့်ကြံသူများသည် ခေါင်းကို ခါယမ်းလိုက်မိကြသည်။
ထိုသူများ၏ အမြင်အရတွင် ပြိုင်စံရှား ဂိုဏ်းသည် သံမဏိလက်သီးဂိုဏ်းနှင့် ယှဉ်ပြိုင်လျှင် ကျိန်းသေပေါက် အနိုင်ရရှိပေလိမ့်မည်။ တစ်ဖက်ဂိုဏ်းတွင် ကျောင်းတာ့ကျွမ့်တစ်ယောက်သာ လောက်လောက်ငင အားကောင်းသူရှိပြီး ကျန်းသည့်လူများမှာ ဆားနယ်ခံထားရသည့် ငါးများကဲ့သို့ပင် သုံးရသည့် လူများ မဟုတ်ချေ။
ထို့ကြောင့် တစ်ပွဲတည်း တိုက်ခိုက်၍ အနိုင်ယူခြင်းကို ဆုံးဖြတ်မည် ဆိုခြင်းသည် မိမိကိုယ်ကို ချောက်နက်ထဲသို့ တွန်းပို့နေခြင်းနှင့်ပင် ဆင်တူနေသည်။
ထို့အပြင် ကြည့်ရှုနေသူများအား ပို၍ ဆွံ့အသွားသည်မှာ ပုံရိပ်ယောင် မြင်ကွင်းသည် ပြိုင်စံရှားဂိုဏ်း တပည့်များဆီသို့ ပြသချိန်မှာတော့ ၎င်းတို့၏ မျက်နှာပေါ်တွင် အပြုံးများ ရှိနေသည်။
ရှောင်ကျီ အနေနှင့် တစ်ပွဲတည်း တိုက်ခိုက်ရန် အနိုင်ရရှိသူကို ဆုံးဖြတ်ရန် ရွေးချယ်လိုက်သည်အား တစ်ဦးတစ်ယောက်ကမှ စိတ်အလိုမကျမှုများ မဖြစ် ပေါ်ချေ။ ၎င်းတို့၏ နှလုံးသားများ ကြီးမြတ်လွန်းနေသည်လား။
ပြိုင်စံရှား ဂိုဏ်း၏ တပည့်များ ကြားတွင် ရှိနေသော ချစ်ခင်ရင်းနှီးမှု ခံစားချက်များနှင့် ပတ်သက်၍ ကျင့်ကြံသူများ အားလုံးသည် နားလည်နိုင်ကြလိမ့်မည် မဟုတ်ချေ။
ရှောင်ကျီအနေနှင့် တစ်ဖက်လူနှင့် ယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုမှတော့ ၎င်းတို့ အနေနှင့် ပူးပေါင်းပြီး ခွင့်ပြုပေးရမည်။
ထို့အပြင် ၎င်းတို့သည် ရှုံးခဲ့သည်ဆိုလျှင်တောင်မှ ရှုံးနိမ့်သည်ဟု သတ်မှတ်နိုင်တော့သည် အခြေအနေမျိုး မဟုတ်တော့ပေ။ အများဆုံး ဂိုဏ်းချုပ်တစ်ယောက် ထောင့်တစ်နေရာတွင် သွား၍ ဆောင့်ကြောင့်ထိုင်ကာ ငိုနေမည့် အခြေအနေမျိုးတွင်သာ ရှိသည်။
"ဂိုဏ်းချုပ်ကျွင်း"
မြို့တော်ဝန်ဟန်က မေးလိုက်သည်။ "ခင်ဗျားတို့ဂိုဏ်းက တစ်ပွဲတည်းနဲ့ အဆုံး အဖြတ်ကို ပြုလုပ်မယ်ဆိုတာက သေချာလား။"
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီကာဖြင့် လက်ပိုက်ကာ ပြောလိုက်သည်။ "တပည့်တွေက ဒီကိစ္စကို ဆုံးဖြတ်တာလေ။ကျုပ်ရဲ့ တာဝန်က ဒီနားမှာကြည့်ပြီး သူတို့ အတွက် ဂုဏ်ယူဖို့ပဲ..."
မြို့တော်ဝန်ဟန်သည် ခဏလောက် ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ "အချိန်အတိုင်းအတာ တိုလေးအတွင်း ဒီလောက်အား ကောင်းတဲ့ ဂိုဏ်းတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်ဆိုတော့ ဒီဟန်က တကယ့်ကို လေးစားမိတယ်။"
သူသည် ဤစကားလုံးနှင့် ပတ်သက်၍ အစစ်အမှန် ခံစားချက်များကို ထုတ်ဖော်နေခြင်းပင် ဖြစ်သည်။
"ဒီတော့"
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်သည်။ "မြို့တော်ဝန်ဟန် …. ခင်ဗျားရဲ့ ကလေးတစ်ယောက်ယောက်ကို ကျုပ်ဂိုဏ်းဆီကို လွှတ်ပြီး ကျင့်ကြံဖို့ ဆုံးဖြတ်ပြီးပြီလား"
မြို့တော်ဝန်ဟန်၏ နှုတ်ခမ်းများသည် တုန်ယင်သွားသည်။
ဂိုဏ်းချုပ်ကျွင်းဆိုသည်မှာ စကားသုံးခွန်းပြောလျှင် တစ်ခွန်းမှာ တပည့် ခေါ်ယူရန်ပင်ဖြစ်နေသည်။
ဟုတ်ပေသည်။
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းသား တပည့်များ လိုအပ်လျက်ရှိ၏။ မည်မျှလိုအပ်သနည်းဆိုသော် အနည်းငယ်သာ လိုအပ်သည်။ လူရှစ်ထောင်ကျော်သာ လိုအပ်ခြင်း ဖြစ်သည်။
......
သံမဏိလက်သီးဂိုဏ်း - ကျောင်းတာ့ကျွမ့်
ပြိုင်စံရှားဂိုဏ်း - ရှောင်ကျီ
နဂါးကျားတိုက်ပွဲစကတည်းက အခုထိ နာမည်များ ထုတ်ဖော်ခြင်းတွင် တစ်ခြားသော သူများသည် မည်သည့် ခံစားချက်ကိုမှ မထုတ်ဖော်ကြချေ။ သို့ပေမဲ့ ရှောင်ကျီနှင့် ကျောင်းတာ့ကျွမ့်တို့ နာမည်များ ပြောဆိုလိုက်သည့် အချိန်မှာတော့ အလွန်တရာ အားကောင်းလှသည့် အော်ရာများ ထွက်ပေါ်လျက်ရှိနေသည်ကို အားလုံးက ခံစားမိလိုက်ကြသည်။
ဟူး ဟူး
ရုတ်တရက် ဆိုသလိုပဲ ၎င်းတို့၏ ခန္ဓာကိုယ်မှ အော်ရာများသည် လေလှိုင်းကြီးများကဲ့သို့ပင် ဖြစ်တည်လာခဲ့တော့သည်။
တိုက်ပွဲက မစတင်ရသေးခင်မှာပဲ အော်ရာခြင်း းက တိုက်ခိုက်နေပြီဖြစ်သည်။ စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှ၏။
နှစ်ဖက်သား အော်ရာများကို ထုတ်လွှတ်ပြီးချိန်မှာတော့ တည်နေရာတစ်ခုလုံးသည် လေးနက်တည်ငြိမ်သွားကြသည်။
ဒိုင်လူကြီးကိုပင် ထိုအချင်းအရာသည် သက်ရောက်ခဲ့၏။ သူသည် နောက်သို့ အသာဆုတ်၍ နဖူးကြော များ ထောင်ထသည်အထိ ညှစ်ကာ အသံကုန် အော်ဟစ်လိုက်၏။ "စမယ်"
ဟူး ဟူး
အသံထွက်ပေါ်လာချင်းမှာပဲ ကြမ်းတမ်းလွန်းသော စိတ်ဝိညာဉ်လှိုင်းများသည် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးကို လှုပ်ခတ်သွားသည်။
"မကောင်းတော့ဘူး"
ဒိုင်လူကြီး၏ မျက်နှာသည် ပြောင်းလဲသွားသည်။ သူသည် မြန်မြန်ပဲ နောက်ကို ဆုတ်လိုက်သည်။
ရွှီ … ရွှီ
စင်မြင့်ပေါ်မှာတော့ ရှောင်ကျီနှင့် ကျောင်းတာ့ကျွမ့်တို့သည် ၎င်းတို့၏ အဆင့်များကို ထုတ်ဖော်ကာ တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြ၏။
၎င်းတို့နှစ်ယောက်၏ အော်ရာများသည် နဂါးနှင့်ကျားများကဲ့သို့ ဖြစ်တည်နေပြီး ကြီးမားသည့် အားအဟုန်ဖြင့် ယှဉ်ပြိုင်တိုက်ခိုက်လျက် ရှိနေသည်။
လက်ရှိ အခြေအနေမှာတော့ ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများပင်လျှင် သွေးများ ဆူပွက်လျက် ရှိနေ၏။
ရက်အနည်းငယ်ကြာ တိုက်ပွဲများကို တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ၎င်းတို့သည် နဂါးကျားတိုက်ပွဲဟု ခေါ်ဆိုရသည့် အကြောင်းအရာကို နားလည်သွားခဲ့ကြပြီး ဖြစ်သည်။
သိုင်းနယ်မြေအဆင့် ကျင့်ကြံခြင်းကို ရောက်ရှိနေသော မြို့တော်ဝန်ဟန်သည်ပင်လျှင် မနေနိုင်ဘဲ စင်မြင့်ပေါ်သို့ စိုက်ကြည့်လျက်ရှိ၏။
ထို့အပြင် ဤလူငယ်နှစ်ယောက်သည် ခန္ဓာကိုယ်စွမ်းအင်များကို ကျင့်ကြံကြသည့် လူများဖြစ်ပြီး ၎င်းတို့ ထိပ်တိုက်တွေ့ဆုံလိုက်သည့် အချိန်တွင်ပင် မီးပွားများသည် တောက်လောင်လျက် ရှိသည်။
သူသည် ကြည့်ရှုနေရင်းမှတစ်ဆင့် ကျွင်းချောင်ရှောင်း၏ ပုခုံးပေါ်သို့ လက်တစ်ဖက်တင်သည့် ကိစ္စရပ်ကိုလည်း မမေ့လျော့ပေ။
....
ဘုန်း ….. ဘုန်း
စင်မြင့်ပေါ်မှာတော့ ရှောင်ကျီနှင့် ကျောင်းတာ့ကျွမ့်တို့အားလုံးသည် ကြမ်းတမ်းသည့် တိုက်ပွဲကို စတင်တိုက်ခိုက်နေကြပြီဖြစ်သည်။
၎င်းတို့သည် အရှေ့အနောက်တောင်မြောက်သို့ သွားလာတိုက်ခိုက်နေရင်း လက်သီးများသည်လည်း ပြိုင်တူ ထိုးနှက်လျက်ရှိသည်။ လက်သီး အရိပ်များ သည် အလွန်တရာ မြန်ဆန်လွန်းလှ၏။
ကြည့်ရှုနေသူ အားလုံးပင်လျှင် တစ်ချက်တစ်ချက် မမြင်လိုက်ရပေ။
ဘုန်း ဘုန်း
နှစ်ယောက်သားသည် တိုက်ခိုက်ချက် အနည်းငယ်ကို ယှဉ်ပြိုင်တိုက်ခိုက်ပြီးသည့်နောက် လူချင်း ခွဲလိုက်တော့သည်။
၎င်းတို့ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များသည် စိတ်ဝိညာဉ် စွမ်းအင်၏ ပေါက်ကွဲမှုကြောင့် တစ်စစီ ဖြစ်တော့ကြသည်။ ခန္ဓာကိုယ်ပေါ်တွင် အချိုးအစား သေသပ်၍ လှပသော ကြွက်သားလှိုင်းများ ထွက်ပေါ်လာ၏။
ကြည့်ရှုနေသူ မိန်းကလေးများ အားလုံးသည် ပါးစပ် အဟောင်းသား ဖြစ်မိနေကြသည်။
"မဆိုးဘူး"
ကျောင်းတာ့ကျွမ့်၏ မျက်လုံးများသည် တောက်ပလျက်ရှိသည်။ သူသည် တိုက်ခိုက်ချက် အနည်းငယ်ကိုသာ တိုက်ခိုက်ရ သေးသည် ဆိုသော်လည်း တစ်ဖက်လူ၏ အားအင်အဆင့်မှာ အလွန်တရာ ကြမ်းတမ်းလွန်းလှကြောင်း သိရှိ ခံစားပြီး ဖြစ်သည်။
တစ်ဖက်လူသည် ခန္ဓာကိုယ်အားအင်ကို တစ်စိုက်မတ်မတ် ကျင့်ကြံခဲ့သူ ဖြစ်ပေလိမ့်မည်။
ရှောင်ကျီ၏ မျက်လုံးများသည်လည်း စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်လျက်ရှိသည်။
သူသည် ခန္ဓာကိုယ်ကို ကျင့်ကြံရင်း သိုင်းကျင့်ကြံရင်း လမ်းစဉ်ပေါ်သို လျှောက်လှမ်းရာ၌ ယခုကဲ့သို့ အားကောင်းလှသည့် ပြိုင်ဘက်ကို တွေ့ဆုံရခြင်းမှာ ပထမဦးဆုံး အကြိမ်ပင် ဖြစ်တော့သည်။
"တိုက်ခိုက်ရမယ် … တိုက်ခိုက်ရမယ်"
ရွှီ ရွှီ
ရှောင်ကျီနှင့် ကျောင်းတာ့ကျွမ့်တို့သည် ရှေ့သို့ လှမ်းတက်လာပြီးသည့်နောက် ၎င်းတို့၏ ကြမ်းတမ်းလှသော ခန္ဓာကိုယ်များသည် ထိပ်တိုက် တိုက်ခိုက်လျက်ရှိသည်။ ၎င်းတို့သည် မည်သည့် တိုက်ခိုက်ရေး နည်းစနစ်ကိုမှ အသုံးမပြုဘဲ ခန္ဓာကိုယ်ချင်းသီးသန့်ဖြင့် လူရိုင်းဆန်ဆန် တိုက်ခိုက်လျက် ရှိနေကြသည်။
နှစ်ယောက်သားသည် တစ်ယောက်က တိုက်ခိုက်ရင်း တစ်ယောက်က ခုခံရင်း တစ်ယောက်က ခုခံရင်း တစ်ယောက်က တိုက်ခိုက်ရင်း ကြည့်ကောင်းလှသည့် တိုက်ပွဲတစ်ခုကို ဖန်တီးလျက်ရှိ၏။
ဤအရာသည် တကယ့်ကို ယောကျာ်း ဘသားများ၏ တိုက်ပွဲပင် ဖြစ်တော့သည်။
ရွှီ … ရွှီ။
ကြည့်နေသော ကျင့်ကြံသူများ အားလုံးသည် မည်သို့မှ မနေနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် မတ်တပ် ထရပ် လိုက်မိကြသည်။ ထိုနှစ်ယောက် တိုက်ခိုက်နေသည်ကို ကြည့်ရှုပြီးသည့်နောက် ၎င်းတို့၏ သွေးများပင်လျှင် ဆူဝေလာကြ၏။
ဘုန်း …. ဘုန်း
ရှောင်ကျီနှင့် ကျောင်းတာ့ကျွမ့်တို့၏ တိုက်ပွဲသည် ပိုမို၍ ကြမ်းတမ်းလာခဲ့သည်။
ရှောင်ကျီနှင့် ကျောင်းတာ့ကျွမ့်တို့၏ လက်သီးချက်များသည် ပိုမို မြန်ဆန်လာခဲ့ကြသည်ဆိုသော်လည်း ၎င်းတို့၏ ကြွက်သားများမှာ ပိုမိုပင် ကြီးထွားလာပြီး ယောကျာ်းဘသား တိုက်ခိုက်ရေးသမားများ၏ ဟိတ်ဟန်များကို ထုတ်ဖော်လျက်ရှိနေကြ၏။
"ဒီ ကျောင်းတာ့ကျွမ့်က တော်တော်အားကောင်းတာပဲ။ဂျူနီယာညီလေးရှောင်နဲ့တောင် တိုက်ခိုက်နိုင်တာပဲ" လီချင်းယန်က ပြောလိုက်သည်။
ကျွတ်
ရီရှင်းချန်သည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်၏။
သူ၏ အမြင်အရဆိုလျှင် ရှောင်ကျီသည် အလွန်တရာ အားကောင်းသည့် ခန္ဓာကိုယ်ကျင့်ကြံသူနှင့် ယှဉ်ပြိုင်နေသောကြောင့် အားရပါးရ တိုက်ခိုက်နေခြင်းပင် ဖြစ်သည်။ ဤအရာသည် ပြိုင်ပွဲတစ်ခု ဖြစ်နေကြောင်းကို မေ့လျော့နေပုံပေါ်၏။ တိုက်ပွဲသည် အနိုင်အရှုံးကို တိုက်ခိုက်ရမည့် တိုက်ပွဲပင် ဖြစ်သည်။ စိတ်ဆန္ဓရှိတိုင်း တစ်ဖြည်းဖြည်း အချိန်ဆွဲ၍ တိုက်ခိုက်ရမည့် တိုက်ပွဲမျိုး မဟုတ်ချေ။