← Chapters

အခန်း (၇၁၉)

Vol. 48 Ch. 719

အခန်း (၇၁၉)

Vol. 48 Ch. 719

ကျောင်းတာ့ကျွမ့် ဖွဲ့စည်းထားသည့် ရွှေရောင် အတားအဆီးတစ်ခုသည် စိန်ခန္ဓာကိုယ်၏ အားအကောင်းဆုံးသော အကာအကွယ်တစ်ခု ဖြစ်သည်။ ရှောင်ကျီ၏ ရူးရူးမူးမူး တိုက်ခိုက်ချက်များကို ခုခံနိုင်သည် ဆိုသောကြောင့် အလွန်တရာ အားကောင်းသည်ဟု ဆိုရမည်။ သို့ပေမဲ့ မည်မျှအားကောင်းလွန်း သည့် အကာအကွယ်တစ်ခု ဖြစ်သည်ဆိုလျှင်တောင်မှ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်မှုများကို ဆက်တိုက်ကြီး ခုခံရန်တော့ မဖြစ်နိုင်ချေ။

ထို့ကြောင့် ကျောင်းတာ့ကျွမ့်သည် သူ၏အားအကောင်းဆုံးသော အခြေအနေကို ဖန်တီးခဲ့ပြီးသည်ဆိုသည်တောင်မှ ရှောင်ကျီကြောင့် တိုက်ခိုက်ရေး တည်နေရာ၏ အပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။ သေခြင်းရှင်ခြင်း တိုက်ပွဲများ ဆိုလျှင်တော့ ဤအရာမှာ ပြောပလောက်သည့်အရာတော့ မဟုတ်ချေ။

သို့ပေမဲ့ စည်းမျဉ်းစည်းကမ်းများနှင့် ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲများတွင်တော့ တည်နေရာကန့်သတ်ချက်များကို ထားရှိခဲ့၏။ ထို့ကြောင့် တိုက်ခိုက်မှု တည်နေရာ၏ အပြင်ဘက်သို့ ထွက်ခွာသွားရသည်ဆိုလျှင် တိုက်ပွဲ ရှုံးနိမ့်ပြီဟု သတ်မှတ်သည်။ ဤအရာသည် တိုက်ပွဲမစခင်ကတည်းက နှစ်ဦးနှစ်ဖက် သဘောတူညီထားသော အရာလည်း ဖြစ်သည်။ ထို့ကြောင့်ပင် သံမဏိ လက်သီးဂိုဏ်း ရှုံးနိမ့်သွားပြီး ပြိုင်စံရှားဂိုဏ်းသည် အနိုင်ရရှိသွားသည်ဟု ဒိုင်လူကြီးက တိုက်ခိုက်ဆိုသလိုပဲ ကြေညာခဲ့ခြင်းဖြစ်သည်။

ဟင်း …။

ကျောင်းတာ့ကျွမ့်သည် သက်ပြင်းချလိုက်မိသည်။ သူသည် လက်မခံနိုင် ဖြစ်မိနေသည်ဆိုသော်လည်း ရှုံးနိမ့်ခဲ့ပြီ ဆိုသည်ကိုတော့ လက်ခံရပေလိမ့်မည်။

“ကောင်းပြီ”

သူသည် ခန္ဓာကိုယ်ကို မတ်ကာ ပြောလိုက်သည်။ “အချိန်ရှိမယ်ဆိုရင် ထပ်ပြီးတော့ တိုက်ခိုက်ကြတာပေါ့”

၎င်းတို့နှစ်ယောက်သည် ပျော်ရွှင်စွာဖြင့် တိုက်ခိုက်ခဲ့ကြ၏။ သို့ပေမဲ့ ဂိုဏ်းများအတွက် စဉ်းစားပြီးသည့်နောက်မှာ တော့ ဤကဲ့သို့ အနိုင်အရှုံးကို ဖြစ်ပေါ်စေသည့် တိုက်ပွဲမျိုးကို ဖန်တီးတိုက်ခိုက်ခဲ့ရခြင်းပင်ဖြစ်သည်။ အနာဂတ် တွင်တော့ စိတ်လိုလက်ရ စိတ်ရောကိုယ်ပါနှစ်၍ တစ်ယောက်နှင့်တစ်ယောက် လက်ရည်စမ်းရန် စီစဉ်ထားမိ၏။

“ဒါဆိုရင် သဘောတူပြီ”

“သဘောတူပြီ”

ရှောင်ကျီနှင့် ကျောင်းတာ့ကျွမ့်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်မိကြသည်။ ယောက်ျား များကြားတွင်ရှိသော သဘောတူညီမှုသည် လေးစားမှုပေးရန် ထိုက်တန်လွန်းလှသည်။

ကျွတ် ကျွတ်

မြို့တော်ဝန်ဟန်သည် ပြောလိုက်တော့၏။ “ဂိုဏ်းချုပ်ကျွင်း... ခင်ဗျားတပည့်ရဲ့ ခန္ဓာကိုယ်အားအင်က အားကောင်းလွန်းရုံတင်မဟုတ်ဘူး၊ သူ့ရဲ့ တိုက်ခိုက်ရေး အားအင်အဆင့်က အရမ်းအားကောင်းလွန်းတာပဲ”

ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် ကျောင်းတာ့ကျွမ့်သည် မဆိုးလှသော ပါရမီရှင်တစ်ယောက် ဖြစ်သည်ဆိုသော် လည်း ခုခံကာကွယ်ခြင်းတွင်သာ အားကောင်းလှသူဖြစ်သည်။ တခြားသော တိုက်ပွဲများတွင်လည်း ၎င်း၏ ကြမ်းတမ်းလှသော ခန္ဓာကိုယ်အားအင်ကို အသုံးပြုကာ ပြိုင်ဘက်များအား တိုက်ခိုက်အနိုင်ယူခဲ့ခြင်းပင်ဖြစ်သည်။

ရှောင်ကျီမှာတော့ ခြားနားလွန်းလှ၏။ ခုခံကာကွယ်ခြင်းတွင်လည်း အားကောင်းလှသည်သာမက တိုက်ခိုက်ရေး စွမ်းအင်မှာလည်း မသေးကွေးလှချေ။ ခုခံကာကွယ်ခြင်းမှာ မည်မျှအားကောင်းသည်ဆိုဆို တိုက်ခိုက်ရေးအား မကောင်းလျှင် ရွှေ့လျားနေသည့် သဲအိတ်ကြီးတစ်ခုနှင့်ပင် ဘာထူးနေမည်နည်း။

ကျွင်းချောင်ရှောင်းသည် တောက်ပစွာပြုံး၍ ပြောလိုက်တော့သည်။ “ဒါကြောင့်လည်း ကျုပ်ရဲ့တပည့်တွေကို ဂုဏ်ယူမိတာပေါ့”

ရှောင်ကျီနှင့် စတင်တွေ့ဆုံခဲ့ရသည့်အချိန်ကို သူပြန်လည် သတိရမိလိုက်၏။ ရှောင်ကျီသည် သူခံစားခဲ့ရသော နာကြည်းမှုများကို ရင်ထဲမှာပိုက်၍ နေ့စဉ်နေ့တိုင်း ကြွက်သားတည်ဆောက်မှုအခန်းနှင့် စမ်းသပ်မှုမျှော်စင်ထဲတွင် နေ့ညမပြတ် ဝင်ရောက်ကာ ကြိုးစားခဲ့ရသူပင်ဖြစ်သည်။

...........

ချင်းယန်နိုင်ငံ

ဒိုင်လူကြီးသည် ပြိုင်စံရှားဂိုဏ်း အနိုင်ယူနိုင်ခဲ့သည်ကို ကြေညာပြီးသည့်နောက်မှာတော့ နိုင်ငံအတွင်းတွင်ရှိသော လူများအားလုံးသည် အလုံးစုံပျော်ရွှင်သွားခဲ့ကြတော့သည်။ တချို့သော ယောက်ျားသားများဆိုလျှင် အင်္ကျီများကို ချွတ်၍ ဆွဲဖြဲသည်အထိ အောင်ပွဲခံလျက်ရှိနေတော့သည်။

“နိုင်ပြန်ပြီ … နိုင်ပြန်ပြီကွ”

မြို့တော်ဝန်ရှဲ့သည် သူ၏ အိမ်တော်တွင် မတ်မတ်ရပ်ကာ ကြည့်ရှုလျက်ရှိသည်။ သူ၏ နှလုံးသားတစ်ခုသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက်ရှိ၏။

ဂိုဏ်းအသိအမှတ်ပြု ဗဟိုတွင်တော့ ဒိုင်လူကြီးက မကြေညာသေး ခင်မှာပဲ အကြီးအကဲကျိုးသည် လျင်လျင်မြန်မြန်ပဲ ခန်းမသခင်ရီထျန်းချန်၏ ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ပစ်ထည့်လိုက်သည်။ ဤအရာသည် စိတ်လှုပ်ရှားလွန်းသောကြောင့် နှလုံးခုန်ရပ်တန့်ကာ သေဆုံးသွားမည့် အဖြစ်ကို ကာကွယ်ပေးသော ချီနှင့်သွေးဆေးလုံးပင်ဖြစ်တော့သည်။

ဟူး ဟူး

ဆေးလုံးကိုသောက်ပြီးသည့်နောက်မှာတော့ ရီထျန်းချန်သည် ထိုင်ခုံပေါ်အသာမှေးထိုင်ပြီး ထိုင်ခုံလက်ရမ်းကို အသာခပ်တင်းတင်း ဆုပ်ကိုင်ထားမိ၏။ သူသည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “မနက်ဖြန် ထိုင်မကြည့်တော့ဘူး၊ အိပ်ရာတစ်ခု ပြင်ဆင်ပေး၊ ငါလှဲပြီး ကြည့်မှဖြစ်တော့မယ်”

ရွှီး …..။

အကြီးအကဲကျန်းသည် လျင်လျင်မြန်မြန်ဆိုသလိုပဲ ပါးစပ်ထဲသို့ နောက်ထပ်ဆေးလုံးတစ်လုံး ပစ်ထည့်လိုက်၏။ ခန်းမသခင်၏ နှလုံးခုန်နှုန်းများကို ပိုမိုငြိမ်သက်သွားစေရန် သူအစွမ်းကုန်ကြိုးစားနေခြင်းပင် ဖြစ်၏။

..............

ပြိုင်စံရှားဂိုဏ်းနှင့် သံမဏိလက်သီးဂိုဏ်းတို့၏ တိုက်ပွဲသည် ဤနေရာတွင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ ရှောင်ကျီနှင့် ကျောင်းတာ့ကျွမ့်တို့၏ တိုက်ပွဲသည် ၎င်းတို့၏ မျက်လုံးထဲတွင် စွဲထင်လျက် ရှိနေ၏။ ပြန်လည် မြင်ယောင်ကြည့်လေ ပို၍ စိတ်လှုပ်ရှားကောင်းလေဆိုသော တိုက်ခိုက်မှုမျိုးပင်ဖြစ်၏။ တကယ့်ကို စိတ်ကျေနပ်ရသည့် ခံစားမှုမျိုးကို ရရှိစေ၏။

“ဓားအရိပ်သုံးထောင်”

ထိုအချိန်မှာတော့ အေးစက်စက်အော်ရာနှစ်ခုသည် တည်နေရာထဲတွင် ဖြစ်တည်လာ၏။ များပြားလှသော ဓားချီများသည် ချက်ချင်းဆိုသလိုပဲ ဖြစ်တည်ပြီးနောက်မှာ အားလုံးသောသူများသည် မျက်လုံးပြူးသွားစေသည်။

ရွှီး

ကျန့်ဖေးယွမ်သည် ဓားကို ဓားအိမ်ထဲ ပြန်လည်ထည့်သွင်းလိုက်၏။

ဘုတ်

၎င်းနှင့် တိုက်ခိုက်လျက်ရှိသော တပည့်တစ်ယောက်မှာတော့ မြေပေါ်သို့ လဲကျသွား၏။ ၎င်း၏ခန္ဓာကိုယ်တွင် ဘာမှ မရှိသော်လည်း ၎င်း၏အနောက် မြေပြင်ပေါ်တွင် များပြားနက်နဲလှသော ဓားရာများ တည်ရှိနေ၏။ များပြား လှသော ဓားချီများကို ထုတ်ဖော်နိုင်ခဲ့သည်ဆိုသော်လည်း တစ်ဖက်လူကို ဒဏ်ရာမရရှိအောင် ထိန်းချုပ်သွား ခဲ့သည်။ အလွန်တရာ အားကောင်းလှသော ဓားထိန်းချုပ်မှု တာအိုပင်ဖြစ်တော့သည်။

“ဆက်မယ်”

ကျန့်ဖေးယွမ်သည် ခေါင်းကိုမော့လိုက်မိ၏။ သူ၏ရှည်လျားပြီး ထူထဲလှသော မျက်ခုံးမွှေးများသည် ဓားတစ်စင်း အလား ထက်ရှလွန်းနေ၏။ သူ၏မျက်နှာချင်းဆိုင်တွင်ရှိနေသော တပည့်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ ခြေနှစ်လမ်း ဆုတ်လိုက်မိသည်။

“ဘာကို ကြောက်နေတာလဲ၊ ငါတို့က အလယ်ပိုင်းဒေသရဲ့ ဒုတိယအဆင့် ဂိုဏ်းတစ်ခုမဟုတ်လား”

“ငါချမယ်”

ချလွမ်

ဘုတ်

ထိုတပည့်သည် ဝင်ဝင်လာခြင်းမှာပဲ မြေပေါ်သို့ လဲကျသွားသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ မရှိသော်လည်း ၎င်း၏အဝတ်အစားများသည် ဓားရာများနှင့် ပြည့်နှက်လျက်ရှိနေတော့၏။ ထိုတပည့်သည် သေခြင်းတရားကို ခံစားလိုက်ရသလို ဖြစ်မိသွားတော့သည်။

..........

“ဂျူနီယာညီလေးကျိုး”

လီချင်းယန်က ပြောလိုက်သည်။ “ဒီလူက အရမ်းအားကောင်းတယ်”

“အင်း”

ကျိုးဟုန်က ပြောလိုက်သည်။ “နောက်တစ်လှည့်ကျရင် သူနဲ့တွေ့ဖို့ မျှော်လင့်မိတယ်”

“နောက်တစ်လှည့်ကျရင် မင်းမဲနှိုက်ပါလား” လီချင်းယန်က ပြောလိုက်သည်။

သို့ပေမဲ့ ကျိုးဟုန် ဘာမှမပြောရသေးခင်မှာပဲ ရီရှင်းချန်သည် အေးစက်စက် ပြောလိုက်၏။ “ကျုပ်နှိုက်မယ်”

လောကပုန်ကန်ဂိုဏ်းသည် နောက်တစ်ဆင့်သို့ ချောချောမောမော တက်ရောက်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် မနက်ဖြန်တွင် ကိုယ်တိုင်မဲနှိုက်မှ ဖြစ်ပေလိမ့်မည်။

.........

ညနေ နေဝင်ချိန်တွင်တော့ တိုက်ပွဲများအားလုံး ပြီးဆုံးသွားခဲ့ပြီလည်းဖြစ်သည်။ ပြိုင်စံရှားဂိုဏ်းအပါအဝင် နောက် တစ်ဆင့်သို့ တက်ရောက်သွားသည်မှာ ဂိုဏ်းခြောက်ဂိုဏ်း ဖြစ်ပြီး စိတ်ဝိညာဉ်ဓားဂိုဏ်း၊ လောကပုန်ကန်နတ်ဂိုဏ်း နှင့် တခြားသော ပထမအဆင့် သုံးဂိုဏ်းတို့ပင် ဖြစ်တော့သည်။

“မနက်ဖြန်တိုက်ပွဲက ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းပြီး ပိုပြီး ကြည့်ကောင်းလိမ့်မယ်”

“ပြိုင်စံရှားဂိုဏ်းက ပထမအဆင့်ဂိုဏ်းသုံးဂိုဏ်းလုံးနဲ့ ယှဉ်ပြိုင်နိုင်လောက်တဲ့ အရည်အချင်းအားအင်မျိုး ရှိတယ်”

“ဒါက ပြောဖို့တော့ခက်တယ်၊ နောက်တစ်လှည့်ရောက်ရင် ပထမအဆင့်ဂိုဏ်းတွေက ပိုပြီးတော့ အားကောင်းလာကြမှာပဲလေ၊ ဒီတော့ သူတို့ တော်တော်ကြီးကို ယှဉ်ပြိုင်ရလိမ့်မယ်”

“ပထမအဆင့်ဂိုဏ်းတွေကြား တိုက်ပွဲက တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မယ်”

..........

နောက်တစ်ရက်မှာတော့ ရီရှင်းချန်သည် မဲနှိုက်သည့်သေတ္တာကြီးရှေ့သွားရောက်ကာ သူ၏မဲပြားအား ဆွဲထုတ် လိုက်တော့သည်။ ပြီးနောက် ဒေါသတကြီးဖြင့် ချိုးချကာ မြေကြီးပေါ်သို့ ဆောင့်နင်းလိုက်လေ၏။ “ဘယ်လိုဖြစ်ပြီးတော့ အဲလောက်တောင် ခက်ခဲနေရတာလဲ”

“ပြိုင်စံရှားဂိုဏ်း၏ ပြိုင်ဘက်”

မြို့တော်ဝန်ဟန်သည် ပြိုင်စံရှားဂိုဏ်း၏အနောက်တွင် မတ်တပ်ရပ်လျက်ရှိသည်။ သူသည် တစ်ဖက်လူ၏ ပခုံးကို ဖိထားပြီး ခပ်လေးလေး ပြောလိုက်တော့သည်။ “စိတ်ဝိညာဉ်ဓားဂိုဏ်း”

“ဂျူနီယာညီလေးရီ”

ကျိုးဟုန်သည် ကျေးဇူးတင်စွာဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်”

ရီရှင်းချန် “...”

မဲနှိုက်ပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် စိတ်ဝိညာဉ်ဓားဂိုဏ်းနှင့် ယှဉ်ပြိုင်ရန် အလှည့်ကျတော့သည်။ လောကပုန်ကန်ဂိုဏ်းသည် ပထမအဆင့် ဂိုဏ်းတစ်ခုနှင့် တိုက်ခိုက်ရန် အလှည့်ကျပြီး တခြားသော ပထမအဆင့် ဂိုဏ်းနှစ်ခုမှာတော့ အချင်းချင်း တွေ့ဆုံကြတော့သည်။

..........

“စကြမယ်”

ဒိုင်လူကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

ဝှား

စုရှောင်မိုသည် သမ်းဝေလိုက်ပြီးသည့် နောက်မှာတော့ လီဖေးနှင့် တခြားသူများနှင့်အတူ စင်မြင့်အထက်နားတွင် ငုတ်တုတ်ထိုင်လျက်ရှိတော့သည်။ စိတ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်များသည်လည်း ထို့နည်းတူစွာပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်းနှင့် စိတ်ဝိညာဉ်ဓားဂိုဏ်းတို့သည် တစ်ယောက်ချင်း တိုက်ခိုက်ရန် ဆုံးဖြတ် လိုက်ကြပြီး အစောဆုံးတိုက်ခိုက်သည့်သူများ ကျန့်ဖေးယွမ်နှင့် ကျိုးဟုန်တို့ပင်ဖြစ်သည်။

နှစ်ယောက်သားသည် ဓားစွမ်းအင်များကို ထုတ်ဖော်ပြီး တစ်ယောက်နှင့်တစ်ယောက် အကွက်ချောင်းနေသည်မှာ အလွန်တရာ ပျင်းစရာ ကောင်းသော တိုက်ပွဲတစ်ခု ဖြစ်ဖို့သာရှိသည်။ မည်မျှပျင်းစရာ ကောင်းလိုက်သနည်းဆိုသော် ၎င်းတို့နှစ်ယောက် သည် မည်သည့်လှုပ်ရှားမှုမှ မရှိဘဲ ရပ်နေကြသည်မှာ ဆယ်မိနစ်ကျော် ကြာမြင့်နေပြီဖြစ်သည်။ ထို့ကြောင့် ကြည့်ရှု နေသူများ တချို့ဆိုလျှင် သမ်းဝေရင်း အိပ်တောင် အိပ်ငိုက်လာကြတော့၏။

ဓားလမ်းစဉ်ကို ကျင့်ကြံကြသော ကျင့်ကြံသူများ အားလုံးမှာတော့ ကျန့်ဖေးယွမ်နှင့် ပြိုင်စံရှားဂိုဏ်းတပည့်တို့သည် ၎င်းတို့၏ အားလှိုင်းများကို ထုတ်ဖော်ကာ လေထုထဲတွင် တိုက်ခိုက်လျက်ရှိနေသည်ကို သိရှိကြပြီးဖြစ်သည်။ ဤအရာသည် ကြည့်ရှု၍ မရသည့်အပြင် အကောင်အထည်မဲ့လှသောကြောင့် စာရေးသူအနေဖြင့် မည်သို့ တိုက်ခိုက်နေသည် ဆိုသည်ကို ရေးပြရန် ခက်ခဲလှချေသည်။

ချလွမ် ….. ချလွမ်။

တစ်နာရီလောက်ကြပြီးသည့်နောက်မှာတော့ ကျိုးဟုန်နှင့် ကျန့်ဖေးယွမ်တို့သည် နောက်ဆုံးတွင် လှုပ်ရှားလာ တော့သည်။ အလွန်တရာ အားကောင်းလှသော ဓားချီများသည် လေထုထဲတွင် ဖြတ်သန်းသွားခဲ့ကြတော့သည်။ ဓားနှစ်ခုသည် အလွန်တရာ မြန်ဆန်လွန်းလှပြီး လျှပ်ပြက်သကဲ့သို့ပင်။

ချလွမ် ချလွမ်

တစ်ချိန်တည်းမှာပဲ ဓားနှစ်ခုသည် ဓားအိမ်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။

ဘုတ် ….။

ကျန့်ဖေးယွမ်သည် ခန္ဓာကိုယ်ကို အသာလှည့်ကာ စင်မြင့်အောက်သို့ ခုန်ဆင်းသွား၏။ သူ၏ဆိုလိုရင်းမှာ ခင်ဗျားရဲ့ ဓားက ပိုမြန်တယ်လို့ဆိုလိုခြင်းပင်ဖြစ်သည်။ စုရှောင်မိုသည် စိုက်ကြည့်ကာ ပြောလိုက်တော့သည်။

“ပြီးသွားပြီလား”

စိတ်ဝိညာဉ်ဓားဂိုဏ်းမှ တပည့်သည် မြေပြင်ပေါ်သို့ ဆင်းသက်သွားပြီးသည့်နောက်မှာ ၎င်းတို့အားလုံးသည် အလန့်တကြားဖြစ်သွားမိကြသည်။ သေသေချာချာ ကြည့်ရှုမည်ဆိုပါက တစ်ဖက်လူ၏ လည်ပင်းထက်တွင် သေးငယ်လှသော ဓားရာလေးတစ်ခုရှိနေသည်။ အရွယ်အစားမှ သေးငယ်လှလွန်းသောကြောင့် သွေးပင် ထွက်မလာခဲ့ချေ။

ဒင် ဒင် ဒင်

တိုက်ပွဲ ဆက်လက်ဖြစ်တည်နေတော့သည်။ စိတ်ဝိညာဉ်ဓားဂိုဏ်းမှ တပည့်များအားလုံးသည် ဓားလမ်းစဉ်ကို နားလည်ကြသည်ဆိုသော်လည်း လီချင်းယန်နှင့် တခြားသူများအားလုံး၏ တိုက်ခိုက်အနိုင်ယူခြင်းကို ခံနေရတော့ သည်။ ၎င်းတို့အားလုံးတွင် ကောင်းမွန်လှသော ဓားများလည်း ရှိနေသည်မဟုတ်ပါလား။

“စိတ်ဝိညာဉ်ဓားဂိုဏ်း ရှုံးသွားပြီ၊ ပြိုင်စံရှားဂိုဏ်း နောက်တစ်ဆင့် တက်ပြီ”

ဒိုင်လူကြီးသည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်၏။ ထိုအရာကိုကြားတော့ ရီထျန်းချန်သည် ဆေးလုံး အနည်း ငယ်ကို ထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်တော့သည်။ သူသည် အစောကတည်းက ကြိုတင်ကာ အိပ်ယာထဲတွင် လှဲလျက်ကြည့်နေခြင်း ဖြစ်သည်။ “ဒါက အိမ်မက်တစ်ခုဖြစ်လျှင်တောင်မှ ဆက်၍ အိမ်မက် မက်ပါရစေ”

တိုက်ပွဲမှာ ဆက်၍ဖြစ်တည်နေ၏။ အောင်းဝူရှန် ဦးဆောင်သော လောကပုန်ကန်နတ်ဂိုဏ်းသည် ထိပ်ဆုံးသုံးခု စာရင်းထဲသို့ ဝင်ရောက်လာခဲ့၏။ သို့ပေမဲ့ တခြားသောနှစ်ဖွဲ့ဖြစ်သည့် ပထမအဆင့်ဂိုဏ်းနှစ်ခုမှာတော့ လက်ရည် ညီစွာ တိုက်ခိုက်ခဲ့ရသည်။ ၎င်းတို့သည် ရှိရှိသမျှ တပည့်အားလုံး မြေပေါ်သို့ လဲကျသည်အထိ တိုက်ခိုက်ခဲ့ကြပြီး သည့်နောက်မှာတော့ နှစ်ဖွဲ့လုံး ပြိုင်ပွဲမှ နှုတ်ထွက်သွားခဲ့ရ၏။

“နောက်ဆုံးတိုက်ပွဲ”

မြို့တော်ဝန်ဟန်သည် ကျွင်းချောင်ရှောင်း၏ ပခုံးကို အသာဖိရင်း ပြောလိုက်တော့သည်။ “ပြိုင်စံရှားဂိုဏ်းနဲ့ လောကပုန်ကန်နတ်ဂိုဏ်း”

ဘုတ်

ရီရှင်းချန်သည် စင်မြင့်ပေါ်သို့ ခုန်တက်လိုက်၏။ ပြီးနောက်သူသည် အောင်းဝူရှန်ကို ကြည့်ကာ ပြောလိုက်တော့ သည်။ “အမှိုက်... ငါမင်းကို အတော်ကြာ သည်းခံထားခဲ့ရတာ”

“ဂျူနီယာညီလေး”

လီချင်းယန်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်လျက်ရှိသည်။ “နောက်ဆုံးဗိုလ်လုပွဲက မနက်ဖြန်မှ ချမှာလေ”

All Chapters