အခန်း (၇၂၀)
Vol. 48 Ch. 720
နောက်တစ်ရက်မှာတော့ ကြီးမားလွန်းသည့် တိုက်ခိုက်ရေးစင်မြင့်ကြီးတစ်ခုကို တည်ဆောက်ထားပြီး ဖြစ်နေသည်။ နောက်ဆုံးတိုက်ပွဲဖြစ်သည်မို့ အလွန်တရာကြီးကျယ်ပြီး ခမ်းနားလွန်းလှသော တိုက်ပွဲစင်မြင့်ကြီး တစ်ခုကို ဖန်တီးထားခြင်း ဖြစ်သည်။
ပြန်လည်အဆင့်မြှင့်တင်ထားသည်သာမက အစီအရင်ဆရာပေါင်း တစ်ဒါဇင်ကျော် တို့၏ အားဖြည့်ဖန်တီးထားထားသည့် တိုက်ခိုက်ရေး စင်မြင့်ကြီးတစ်ခု ရှိလို့နေသည်။ ဤစင်မြင့်ကြီးတစ်ခု၏ အမြင့်၊ အကျယ်အဝန်းနှင့် အထူတို့သည် သာမန်ထက် အားကောင်းပြီး အလွယ်တကူဖြင့် ပျက်စီးနိုင်သည့် အရာမျိုးလည်း မဟုတ်ချေ။
“အရမ်းခမ်းနားလိုက်တာ”
ပြိုင်ပွဲတွင်းသို့ ဝင်ရောက်လာပြီးသည့်နောက် ဗိုလ်လုပွဲ တိုက်ခိုက်မည့် စင်မြင့်ကြီးကို မြင်လိုက်ရသည် နှင့် တပြိုင်နက် အားလုံးသောသူများသည် စိတ်လှုပ်ရှားသွားကြ၏။
“ပြိုင်စံရှားဂိုဏ်းနဲ့ လောကပုန်ကန်နတ်ဂိုဏ်းတို့ရဲ့ တပည့်တွေကို ကြိုဆိုလိုက်ကြရအောင်”
မြို့တော်ဝန်ဟန်၏ အသံသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားတော့သည်။ ပုံရိပ်ယောင်အစီအရင်၏ မြင်ကွင်း သည် ကျွင်းချောင်ရှောင်း၏ ပခုံးပေါ်သို့ လက်တစ်ဖက် တင်ထားသော ဤမြို့တော်ဝန်၏ ပုံရိပ်ကို သေသေချာချာ ရိုက်ပြလျက်ရှိနေတော့သည်။
မြို့တော်ဝန်ဟန်မှ တာဝန်ယူ ကြည့်ရှုစောင့်ရှောက်ပေးပြီးသည့်နောက် ကျွင်းချောင်ရှောင်း တစ်ယောက် အစီအရင်ဆီသို့သွား၍ သူ၏ မျက်နှာကို ထုတ်ဖော်ပြသခြင်းကို မပြုလုပ်နိုင်တော့ချေ။
ကျွတ် ကျွတ်
တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်တောင်မှ သူ့ဘေးနားက လုံးဝခွာလို့မရဘူး၊ ဒီလူရဲ့ လုပ်ပုံကိုင်ပုံက အရမ်းကို ကြောက်ဖို့ကောင်းတယ်”
“သူ့ရဲ့ကြော်ငြာမှုကလည်း ကြောက်ဖို့ကောင်းတာပဲ၊ ဒီလို အရှက်မဲ့တဲ့ ဂိုဏ်းချုပ်ကို တစ်ခါမှ မမြင်ဖူးဘူး၊ ဒါက ပထမဦးဆုံးပဲ”
ပြိုင်ပွဲကျင်းပရာ ရက်အနည်းငယ်အတွင်း ကြည့်ရှုသူများသည် ပြိုင်စံရှားဂိုဏ်းလို အဆင့်ငါးဂိုဏ်းတပည့်များ၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းဆောင်ရည်များကို သိရှိကြပြီးဖြစ်သလို ၎င်းဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက် အရှက်မဲ့လှပုံကို သိရှိပြီး ဖြစ်နေတော့သည်။
ရွှီး
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ဖြန့်တန်းလိုက်ပြီးသည့်နောက် လေထဲတွင် စာတမ်းများ ရေးထိုးထားသော အလံတိုင်တစ်ခုပေါ်လာတော့သည်။ ပုံရိပ်ယောင်မြင်ကွင်းသည် ထိုအရာကို သေသေချာချာ ရိုက်ကူးပြသလိုက်ပြီးသည့်နောက်မှာတော့ ထိုအလံတွင် ရေးသားထားသောစာတမ်းများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။
“ကျုပ်ရဲ့ဂိုဏ်းကို ဝင်ကြပါ၊ အိမ်မက်တွေနဲ့အတူတူ ပျံသန်းကြရအောင်”
မနေ့က သူနားနေတည်းခိုရာဆီသို့ ပြန်လာပြီးသည့်နောက်မှာ အချိန်အတော်ကြာ စဉ်းစားနေသည်။ မည်ကဲ့သို့ သူ၏ဂိုဏ်းကို ကြေညာရမည်ဆိုသည့်အကြောင်းပင်ဖြစ်၏။ လက်ရှိအချိန်မှာတော့ သူစဉ်းစားခဲ့သည့် လှုပ်ရှားမှုကို ထုတ်ဖော်ပြသလိုက်ပြီးဖြစ်သည်။ မြို့တော်ဝန်ဟန်အား အနီးကပ်ရိုက်ကူးပြသလျက်ရှိသော ပုံရိပ်ယောင်မြင်ကွင်း တစ်ခုမှသည် ကျွင်းချောင်ရှောင်း ထိုစာတမ်းကို ထုတ်ဖော်ပြသလိုက်သည့်အချိန်တွင် မြို့တော်ဝန်ဟန်၏ အရှိန်အဝါသည် ချက်ချင်းပျောက်ကွယ်သွားပြီး ကျွင်းချောင်ရှောင်းမှာ ထင်းထင်းကြီး ဖြစ်နေတော့သည်။
“…” အားလုံးသောသူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွားကြသည်။
မြို့တော်ဝန်ဟန်၏ အမူအရာသည်လည်း ချက်ချင်းပဲ ပြောင်းလဲသွားပြီး အစီအရင်ဆရာများဆီသို့ အသံပို့လွှတ်ကာ ပုံရိပ်ယောင်မြင်ကွင်းအား တခြားတစ်ဖက်ဆီသို့ ပြောင်းလဲရန် အမိန့်ပေးလိုက်တော့သည်။ သို့ပေမဲ့ ဤအရာမှာ ထိုက်တန်သည်ဟု ဆိုရမည်။ အနည်းဆုံးတော့ သူ၏ကြော်ငြာမှု စက္ကန့်အနည်းငယ်လောက်အား တခြားသောသူများ မြင်တွေ့သွားခဲ့ကြရပြီးဖြစ်သည်။
သူအရင်နေထိုင်ခဲ့သော အမိကမ္ဘာမြေပေါ်တွင် ဤကဲ့သို့ စက္ကန့်အနည်းငယ် ပါဖို့ဆိုလျှင်တောင်မှာ ပိုက်ဆံမြောက် များစွာ ပေးခဲ့ရသည်။ ထို့ကြောင့် မီဒီယာလုပ်ငန်းဆိုသည်မှာ အလွန်တရာ ဈေးကြီးလှသော လုပ်ငန်းပင်ဖြစ်တော့၏။
မြို့တော်ဝန်ဟန်သည် ပြိုလဲမလို ဖြစ်သွားတော့သည်။ “ဒီလောက် စောင့်ကြပ်ထားတာတောင် မရဘူးလား”
သူသည် တစ်ဖက်လူ ပျံသန်းပြီး အစီအရင်ဆီသို့ ရောက်သွားမည်ကို တားဆီးခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် ထိုကဲ့သို့ မပြုလုပ်ခဲ့တော့ချေ။ ရိုးရှင်းသည့်နည်းလမ်းဖြင့် သူ၏ဂိုဏ်းကြော်ငြာစာတမ်းရေးထိုးထားသော အလံတိုင် အား အသာထုတ်ဖော်ပြသလျက်ရှိနေ၏။
“ထားလိုက်တော့၊ ထားလိုက်တော့၊ ဒီနေ့က နောက်ဆုံးပွဲပဲလေ၊ ငါနည်းနည်းလေး ဆက်ပြီးသည်းခံထားလိုက်ရင် ရပြီ”
မြို့တော်ဝန်ဟန်သည် ကျွင်းချောင်ရှောင်းအား ဆွဲယူ၍ မြေပြင်နှင့်မျက်နှာ ပွတ်တိုက်ပစ်ချင်စိတ်အား မနည်းပင် ထိန်းသိမ်း ထားခဲ့ရသည်။
ရွှီး …. ရွှီး
ထိုအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းကို ကိုယ်စားပြုသော တပည့်နှစ်ဆယ့်ငါးယောက်တို့သည် တစ်ယောက်ချင်းစီ လျှောက်လှမ်းလာခဲ့ကြသည်။
သို့ပေမဲ့ မြို့တော်ဝန်ဟန်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုတပည့်များ၏ ရင်ဘတ်ရှေ့ တည်နေရာတွင် ရေးသားထားသည်မှာ “ပြိုင်စံရှားဂိုဏ်း၊ မင်းတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်မှု” ဟုပင် ဖြစ်နေတော့သည်။ အလွန်တရာ ကောင်းမွန်သည် အစီအစဉ်ပင် ဖြစ်တော့၏။
ပုံရိပ်ယောင်မြင်ကွင်းသည် တခြားတည်နေရာသို့ ပြောင်းရွေ့ ပြသရန်လည်း မဖြစ်နိုင်ချေ။ ပြိုင်ပွဲ ဆိုမှတော့ ယှဉ်ပြိုင်မည့်လူများအား ပြသရပေမည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ထိုယှဉ်ပြိုင်မည့် သူ့တပည့်များ၏ ရင်ဘတ်တွင် ကြော်ငြာစာတမ်းအား ရေးထိုးပေးခဲ့သည်။ ထို့ကြောင့် ၎င်း၏ ကြော်ငြာစာတမ်းအား မမြင်တွေ့သူဟူ၍ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှိတော့မည် မဟုတ်ချေ။
“ငါလုံးဝကို သည်းမခံနိုင်တော့ဘူး”
ပြိုင်စံရှားဂိုဏ်းသားများ၏ အင်္ကျီပေါ်မှ စာတမ်းကို မြင်ရချိန်မှာတော့ ကြည့်ရှုနေကြသူများ အားလုံးသည် ရူးသွပ် သွားမလိုပင် ဖြစ်နေကြတော့သည်။
မြို့တော်ဝန်ဟန်၏ နှုတ်ခမ်းများသည်လည်း တုန်ယင်နေလျက်ရှိ၏။ သူ ဤလှုပ်ရှားမှုကို မည်သို့ တားဆီးရမည်နည်း။ အခန်းထဲသို့ပြန်၍ အဝတ်လဲခိုင်းရမည်လား။ မဖြစ်နိုင်ချေ။ လောက ပုန်ကန်နတ်ဂိုဏ်း၏ တပည့်များအားလုံးသည် တိုက်ခိုက်ရေးတည်နေရာထဲသို့ ဝင်ရောက်နှင့်ပြီးဖြစ်သည်။ ထို့ကြောင့် အဝတ်ပြန်လဲခိုင်းရန် ဆိုသည်မှာ နောက်ကျနေပြီဟု ဆိုရမည်။
မြို့တော်ဝန်ဟန်သည် အစီအရင်ဆရာများဆီသို့ အသံပို့လွှတ်ပြီး ပြိုင်စံရှားဂိုဏ်းတပည့်များ၏ ရင်ဘတ် တည်နေရာ အရှေ့ဘက်သို့ မရိုက်ရန်နှင့် ၎င်းတို့၏ အနောက်ဘက်ဆီသို့ ရိုက်ရန် အမိန့်ပေး လိုက်သည်။ သူသည် အတွေ့အကြုံကြီးမားလှသော စွမ်းအားမြင့် ကျင့်ကြံသူဖြစ်သည့်အပြင် အင်ပါယာမြို့ကြီးတစ်ခု၏ မြို့တော်ဝန် တစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် အရေးအကြောင်းတွင် တခြားသူများမစဉ်းစားနိုင်သော အရာကို လျှပ်တပြက် စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိ၏
မကြာခင်မှာပဲ အောင်းဝူရှန်ဦးဆောင်သည့် လောကပုန်ကန်နတ်ဂိုဏ်းမှ တပည့်များသည် စင်မြင့်ပေါ်သို့ တက်လာ ကြတော့သည်။
ပုံရိပ်ယောင်မြင်ကွင်းသည် မြို့တော်ဝန်၏ အမိန့်အတိုင်း ရုတ်တရက် ပြိုင်စံရှားဂိုဏ်းသားများ၏ အရှေ့ဘက် မြင်ကွင်းဆီမှသည့် အနောက်ဘက်ဆီသို့ ကူးပြောင်းကာ လောကပုန်ကုန်နတ်ဂိုဏ်းသားများ၏ မျက်နှာများအား သေချာ ရိုက်ကူးတော့၏.
“ချီးတဲ့မှပဲ” မြို့တော်ဝန်ဟန်သည် မနေနိုင်ဘဲ ထ၍ပင် ဆဲလိုက်မိသည်။
ပြိုင်စံရှားဂိုဏ်းတပည့် နှစ်ဆယ့်ငါးယောက်တို့၏ အနောက်ဘက်တွင် “ပြိုင်စံရှားဂိုဏ်းဆိုသည်မှာ ရှေးယခင်ကတည်းက ဆင်းသက်လာခြင်းဖြစ်ပြီး သက်ရှိ၊ သက်မဲ့ အရာအားလုံးတို့အား သူရဲကောင်းဖြစ်တည်ရန် ကူညီပေးနိုင်သည့် တစ်ဦးတည်းသောဂိုဏ်းတစ်ခုဖြစ်သည်” ဆိုသည့် စာတမ်းအား တပည့်တစ်ယောက်၏ ကျောပေါ်တွင် တစ်လုံးခြင်းစီ ရေးသားထားခဲ့သည်။ စုစုပေါင်း စာလုံးပေါင်း နှစ်ဆယ့်ငါးခုသည် အတိအကျ ရှိနေတော့သည်။ ထို့အပြင် သူရေးသားထားသည့် စာလုံး အရွယ်အစားမှာ အလွန်တရာ ကြီးမားလွန်းပြီး နောက်ကျောတစ်ခုလုံးပင် ပြည့်နှက်လျက်ရှိသည်။
ပုံရိပ်ယောင်မြင်ကွင်း အနေဖြင့် မည်သို့ပင်ရိုက်ရိုက် ထိုစကားလုံးများသည် ထင်းကနဲ ပေါ်လျက်ရှိနေတော့သည်။ ထိုအချိန်မှာတော့ မြို့တော်ဝန်ဟန်သည် မည်သို့မျှ မနေနိုင်တော့ဘဲ ပုံရိပ်ယောင်အစီအရင်ကြီးတစ်ခုလုံးကို ပိတ်ပစ်ရန်ပင် စဉ်းစား လိုက်တော့၏။ သို့ပေမဲ့ များပြားလှသော စီရင်စုနှင့် ပြည်နယ်တော်တော်များများသည် ဤကဲ့သို့ ကြည့်ရှုခွင့်ရရန်အတွက် များပြားလှသော ပိုက်ဆံများကို ပေးဆောင်ထားပြီးသားဖြစ်သည်။ နောက်ဆုံး ပွဲတွင်မှ သူသည် ပုံရိပ်ယောင်မြင်ကွင်းကို ပိတ်လိုက်မည်ဆိုပါက အကုန်လုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်ပေ လိမ့်မည်။
“မြို့တော်ဝန်ဟန်”
ကျွင်းချောင်ရှောင်းက တီးတိုးပြောလိုက်သည်။ “နောက်တစ်ကြိမ် နဂါးကျားတိုက်ပွဲ ကျင်းပပြီဆိုရင် ဒါကို လေလံဆွဲခိုင်းလို့ရတယ်၊ ဒီနေရာမှာ ကြေညာဖို့ အတွက် ပိုက်ဆံအများကြီး တောင်းလို့ရသေးတယ်၊ ကျိန်းသေပေါက် ပိုက်ဆံအများကြီး ရှာလို့ရမယ့် နည်းပဲလေ”
“…….” မြို့တော်ဝန်ဟန်သည် စိတ်ဓာတ်ကျလျက်ရှိသော်လည်း တွေးကြည့်လိုက်သည့်အချိန်မှာတော့ ဖြစ်နိုင်သည့်အရာ ဖြစ်ကြောင်း စဉ်းစားလိုက်မိသည်။ အခြားကမ္ဘာတစ်ခုဆီမှ ရောက်ရှိလာသူမို့ ကျွင်းချောင်ရှောင်းသည် သတင်း မီဒီယာလုပ်ငန်းနှင့် ပတ်သက်၍ အတွေ့အကြုံများမှာ နည်းပါးလှသည်တော့ မဟုတ်ပေ။ သူ၏ ကြော်ငြာရန် အတွက် စဉ်းစားလိုက်သည့် စဉ်းစားတွေးခေါ်ပုံများမှာ ကြယ်ကြွေတိုက်ကြီးတွင် ထူးဆန်းလျက်ရှိနေသည်။ ဥပမာ အားဖြင့် အဝတ်ပေါ်တွင်ရေး၍ ကြော်ငြာခြင်းဆိုသည်မှာ တခြားမည်သူကမှ လုပ်ခဲ့သည့်အရာမျိုး မဟုတ်ချေ။
………..
တိုက်ပွဲတည်နေရာအတွင်းမှာတော့ ဂိုဏ်းနှစ်ခု၏တပည့်များသည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်း ဆိုင်လျက်ရှိပြီး အခြေအနေသည်မှာလည်း တင်းမာလျက်ရှိသည်။ ထိုကဲ့သို့ တင်းမာသည့်အခြေအနေမျိုးသည် လူတစ်ဦးတစ်ယောက်ထဲဆီမှ ထွက်ပေါ်နေခြင်းဖြစ်သည်။
ဟုတ်ပေသည်။ မည်သူဖြစ်သနည်း။ ကျွန်ုပ်တို့၏ ဖေးအားညိုပင် ဖြစ်တော့သည်။ ရီရှင်းချန်သည် အောင်းဝူရှန်ကို ဆက်တိုက် စိုက်ကြည့်လျက်ရှိသည်။ ၎င်း၏ ခံစားချက်ပြင်းပြသည့် မျက်လုံးများသည် အေးစက်လျက်ရှိသည်။ သေလူတစ်ယောက်ကို ကြည့်သည့် အကြည့်မျိုးပင် ဖြစ်၏။
“ဂျူနီယာညီလေး”
လီချင်းယန်သည် အသံပို့လွှတ်လိုက်သည်။ “ဒါက နောက်ဆုံးတိုက်ပွဲ၊ မင်းရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်ထားမှ ဖြစ်မယ်၊ သူများကို သွားပြီး သတ်လို့ မဖြစ်ဘူး၊ မဟုတ်ရင် ဂိုဏ်းချုပ် ပြဿနာတက်လိမ့်မယ်”
၎င်းတို့၏ အကြီးဆုံးစီနီယာအစ်မကြီးသည် အေးစက်ပြီး သီးသန့်နေထိုင်တတ်သူဖြစ်သည်။ ထို့ကြောင့် လက်ရှိ အခြေအနေတွင် သူကိုယ်တိုင် ကြားဝင်၍ ညှိနှိုင်းပေးမှ ဖြစ်ပေလိမ့်မည်။ ထို့ပြင် သူသည် ဂိုဏ်း၏ အတွင်းကိစ္စ များကို ပြုမူဆောင်ရွက်ရသည်သူဖြစ်နေသည် မဟုတ်လား။
ရီရှင်းချန်က ပြောလိုက်သည်။ “အသေမသတ်ပါဘူး၊ သေမလိုဖြစ်အောင်ပဲလုပ်မှာ”
“…..” လီချင်းယန်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။
ဟမ့် ….။
ထိုအချိန်မှာပဲ အောင်းဝူရှန် သည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “မင်းတို့က နောက်ဆုံးပွဲကို တကယ့်ကို ရောက်လာနိုင်သေးတာပဲ၊ ငါအစောကြီးကတည်းက ပြောတဲ့စကားကို ပြန်ပြင် ပြောရလိမ့်မယ်၊ မင်းတို့က အမှိုက်တွေထက်စာရင် နည်းနည်းတော့သာတယ်”
သူသည် ပြုံးကာဆက်ပြောလိုက်၏။
“အရမ်းလည်း ပျော်မနေကြနဲ့အုံး ၊ မင်းတို့ဘယ်လောက်ပဲတော်တော် အမှိုက်က အမှိုက်ပဲ”
ခလွပ် …..။
စုရှောင်မို၊ လီဖေးနှင့် တခြားသောသူများသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးများတွင်တော့ ဒေါသတရားများနှင့် ပြည့်နှက်လာခဲ့တော့သည်။
အလွန်တရာ စိတ်ရှည်လှသည်ဟု နာမည် ကြီးသော လီချင်းယန်သည်ပင်လျှင် အောင်းဝူရှန်၏ စကားများကို ကြားလိုက်ရချိန်မှာတော့ လေးလေးနက်နက် ပြောလိုက်မိ၏။ “ဂျူနီယာညီလေး… သေမလိုအခြေအနေ အထိရောက်အောင် ရိုက်တော့”
“သခင်လေးအောင်းက တကယ့်ကို မောက်မာလွန်းတယ်”
“လောကပုန်ကန်နတ်ဂိုဏ်းက တကယ့်ကို ပြိုင်စံရှားတဲ့ ကျင့်ကြံခြင်းနည်းစနစ် တစ်ခုရှိတယ်လေ၊ ဒီကျင့်ကြံခြင်း နည်းစနစ်က အဆင့်မြင့်လာတာနဲ့အမျှ ကျင့်ကြံတဲ့သူရဲ့ အမူအကျင့်ကလည်း ပိုပိုပြီး မောက်မာလာတယ်”
“ဒီလိုပုံစံမျိုးနဲ့ ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်မလဲ”
“ငါသိတာတော့ ဒီလိုမျိုး ပိုမိုမောက်မာလာတဲ့ အရာကို ထိန်းချုပ်နိုင်တဲ့ တခြားကျင့်ကြံခြင်းနည်းစနစ် ရှိသေးတယ်လို့ ကြားတယ်၊ ဒါပေမဲ့ သခင်လေးအောင်း က အဲဒါကို မကျင့်ဘူးလေ၊ ဒါကြောင့် ဒီလိုမောက်မာနေတာ”
“ဪ… အံ့အားသင့်စရာတော့ မရှိတော့ပါဘူး” အားလုံးသည် တီးတိုးဝေဖန်လိုက်မိကြ၏။ သူတို့သည် အောင်းဝူရှန်တစ်ယောက် အဘယ်ကြောင့် ဤမျှမောက်မာ နေသည် ဆိုခြင်းအား နားလည်လိုက်မိတော့သည်။
“ကောင်လေး”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် မှီကာ ခြေတစ်ဖက်ကို အသာချိတ်ထိုင်၍ ပြောလိုက်တော့သည်။ “မင်းက ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲရောက်အောင် တွန်းပို့နေတာပဲ”
သူသည် မောက်မာလွန်းသော လူများအားလုံးကို မြင်ဖူးခဲ့၏။ သို့ပေမဲ့ ဤမျှ မောက်မာလွန်းသောသူအား မြင်တွေ့ ရသည်မှာ ပထမဦးဆုံးပင်ဖြစ်တော့သည်။
“နှစ်ဘက်စလုံးက အဖွဲ့လိုက်တိုက်ခိုက်မှာလား၊ တစ်ယောက်ချင်းစီ တိုက်ခိုက်မှာလား”
ဒိုင်လူကြီးသည် လှမ်းလျှောက်လာခဲ့တော့သည်။ သူသည် သတိအပြည့်နှင့် ရှိနေတော့သည်။ အဘယ်ကြောင့် ဆိုသော် တိုက်ခိုက်ရေးတည်နေရာတစ်ခုလုံးတွင် ကြမ်းတမ်းလှသည့် သတ်ဖြတ်ခြင်းဆန္ဒများနှင့် ပြည့်နှက်နေ သောကြောင့်ပင်။
“တစ်ယောက်ချင်းတိုက်ခိုက်မယ်” အောင်းဝူရှန်နှင့် ရီရှင်းချန်တို့သည် သံပြိုင်ဆိုသလိုပင် ပြောဆိုလိုက်ကြ၏။
ဒိုင်လူကြီးသည် အလျင်အမြန်ပဲ ကြေညာလိုက်တော့သည်။
“နဂါးကျားတိုက်ပွဲ၏ နောက်ဆုံးတိုက်ပွဲ နှစ်ဘက်လုံးက တစ်ယောက်ချင်းစီ တိုက်ခိုက်ရန် ရွေးချယ်တယ်”
“စပြီပဲ” ကြည့်ရှုနေကြသူများ အားလုံးသည် အသက်ကိုပင် ရဲရဲ မရှုရဲဘဲ ဖြစ်နေကြသည်။
ဒိုင်လူကြီးသည် နှစ်ဘက်ဂိုဏ်းများမှ လူများကို ကြည့်ရှုကာ ပြောလိုက်၏။ “ဘယ်သူအရင်ဆုံး တိုက်ခိုက်မှာလဲ”
အောင်းဝူရှန်သည် ရှေ့သို့လှမ်းတက်လာပြီး ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ “ဒီလို သာမန်ထက်ပိုတဲ့ အမှိုက်တွေကို ရင်ဆိုင်ဖို့အတွက် ဒီသခင်လေးက တစ်ယောက်တည်း တိုက်ခိုက်လို့ရတယ်။ အမှိုက်တွေကို အမှိုက်ပုံထဲရောက်အောင် ပြန်ပို့ပေးရမှာပေါ့”
ရီရှင်းချန်သည်လည်း လျှောက်တက်လာခဲ့တော့သည်။ သူသည် တစ်ဖက်လူအား ကျိန်းသေပေါက် ရိုက်နှက်ရန် ဆုံးဖြတ်လိုက်ပြီးသည့်နောက်မှာတော့ ပိုမို၍ တည်ငြိမ်လာခဲ့သည်။
“ဂျူနီယာညီလေးရီ”
စုရှောင်မိုနှင့် တခြားသောသူများသည် အသံပို့လွှတ်လိုက်သည်။ “ဒီကောင်က မောက်မာတဲ့နေရာမှာ မင်းထက်သာတယ်၊ ဒီတော့ သေမလိုဖြစ်တဲ့အထိ သေသေချာချာ ရိုက်”