ဗြဟ္မာသန့်စင်ကောင်းကင်
Vol. 014 Ch. 1333
လော့မြို့သည် အင်ပါယာချီနယ်မြေအတွင်း၌ ရှိသော မြို့များထဲမှ တစ်ခုဖြစ်သည်။
လော့မြို့မှ ယွင်ကလန်သည် ထိုရှေးဟောင်းမြို့များအတွင်း တွေ့ရသည့် အင်အားစုများတွင် အစွမ်းထက်ဆုံး ဖြစ်သည်။
ရီဖူရှင်းသည် ယင်းမြို့အတွင်းသို့ ဝင်ရောက်ပြီးနောက် ချန်ယဲ့မြို့၏ လူနေမှုနှင့် နှိုင်းယှဉ်နိုင်အောင် သက်ဝင် လှုပ်ရှားနေသည့် မြို့တစ်မြို့ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုမြို့သည် ကောင်းကင် အာဏာ စက်ဘုံအတွင်းတွင် အလယ်အလတ် အဆင့်ရှိ မြို့တစ်မြို့ဖြစ်ကြောင်း ဆုံးဖြတ်နိုင်သည်။ ယင်းမြို့သည် မြို့ငယ်လေးများနှင့် ယှဉ်လျှင် သန်မာမည်မှာ သံသယ ဖြစ်ဖွယ် မရှိသော်လည်း ထိပ်တန်းမြို့ကြီးများနှင့် ယှဉ်လျှင် သေးငယ်သည်ဟု ဆိုရပေမည်။
မြို့အတွင်းရှိ လူအများသည် ယွင်ထန်နှင့် အခြားလူများ မြို့အတွင်း ဝင်လာသည်ကို သတိပြုမိခဲ့ကြပြီး သူတို့သည် ယွင်ထန်နှင့် သူ့အနီးမှ လူများကို သိနေသည့်ပုံရှိကာ လူတိုင်းသည် အလွန် လေးစားမှု ရှိကြပုံပေါ်သည်။
လူစုသည် ကြီးမားထည်ဝါသည့် အိမ်တော်တစ်ခု၏ ရှေ့တွင် ရပ်လိုက်သည်။ ထိုအိမ်တော်သည် လော့မြို့မှ ယွင်ကလန်၏ အိမ်တော် ဖြစ်သည်။ ထိုခမ်းနားသည့် အဆောက်အအုံမှ တစ်စုံတစ်ယောက် ထွက်လာကာ သူတို့ကို ခေါ်ဆောင် သွားသည်။
“ဘယ်လိုဖြစ်သွားလဲ အဖေ” ရှန့်ထိုအဆင့်ရှိ သက်လတ်ပိုင်း အရွယ် လှပသော မိန်းကလေး တစ်ယောက်က ယွင်ထန်ကို မေးလိုက်သည်။
“မမျှော်လင့်တာလေးတွေ ဖြစ်သွားတယ်။ ယွင်နီ၊ ဒါက ရီဖူရှင်း” ယွင်ထန်က ထိုလူငယ်လေးကို သူ့သမီးနှင့် မိတ်ဆက် ပေးလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။ “သူက အဖေတို့ ဧည့်သည်မို့လို့ အရင် နေရာချပေး။ ပြီးတော့ လူတချို့လွှတ်လိုက်။ ဒီဒေသတစ်ဝိုက်မှာ ရီဖူရှင်းလို တူညီတဲ့အခြေအနေ ရှိတဲ့လူတွေ ရောက်လာလားလို့ ရှာခိုင်း။ အဖေ အရင်သွားနှင့်မယ်”
“ကောင်းပါပြီ” ယွင်နီက ခေါင်းညိတ် လိုက်သည်။ သူတို့၏ ကလန်သည် အလွန် ကြီးမားသော်လည်း သူမ၏ အဖေသည် အဘိုးကို အစီရင်ခံရန် လိုအပ်သေးသည်။
ယွင်ထန်က ရီဖူရှင်းကို ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာသွားလေသည်။ ယွင်နီက အမိန့်ပေး လိုက်ပြီးနောက် ရီဖူရှင်းကို ပြောလိုက်သည်။ “ဆရာရီ၊ ယွင်ကလန်က လော့မြို့မှာ သြဇာရှိပါတယ်။ ရှင့် မိတ်ဆွေတွေကသာ လော့မြို့ အနီးဝန်းကျင်ကို ရောက်ခဲ့တယ်ဆိုရင် သူတို့ကို ရှာဖို့မခက်ပါဘူး။ ဒါပေမဲ့ သူတို့က တခြား အဝေးနယ်မြေတွေကို ရောက်သွားတာ ဆိုရင်တော့ ရှာဖို့ နည်းနည်း ခက်သွားပါလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးပြု ပြီး လိုက်လာခဲ့ပါ ဆရာရီ” ယွင်နီက လမ်းပြသည့်ပုံနှင့် လက်ကို ဆန့်ကာ ပြောလိုက်သည်။ သူတို့နှစ်ယောက်သည် လမ်းလျှောက်လာခဲ့ပြီးနောက် သူမက မေးလိုက်သည်။ “အဲဒီတော့ ရှင်က လီနတ်ဓားကလန်နဲ့ တိုက်ခိုက်ခဲ့တာလား ဆရာရီ”
“ဟုတ်တယ်” ရီဖူရှင်းက ခေါင်းညိတ် လိုက်သည်။ “လီနတ်ဓားကလန်က လူတွေက ကျွန်တော့်ကို သတ်ချင်ကြတယ်။ နောက်တော့ ကျွန်တော်က စီနီယာယွင်ဆီမှာ အသက်ကြွေးတင် သွားတော့တာပဲ”
“အဖေက ရှင့်အတွက်ချည်းပဲ လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဆရာရီ” ယွင်နီ၏ မျက်လုံးများက အတော်လေး အေးစက်သွားခဲ့ပြီး ဆက်ပြောသည်။ “လီနတ်ဓားကလန်ရဲ့ ပြုမူပုံနဲ့ လီရို့ရွှမ်းရဲ့ ရန်လိုတာတွေကြောင့် အဖေ ဒီလိုလုပ်တာက ပုံမှန်ပါပဲ”
လူစုက ခမ်းနားသည့် ခြံဝင်းအတွင်းသို့ ဝင်လာခဲ့ကြသည်။ သူတို့ရှေ့မှ မြင်ရသော အမျိုးသမီးငယ်လေးက ကျင့်ကြံနေပုံ ရလေသည်။ တောက်ပသည့် အလင်းများက သူမ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားပြီး မဟာလမ်းစဉ် အရှိန်အဝါများ ပါဝင်နေသည်။ သူမသည် လက်ကို ဆန့်ထုတ်ကာ ရိုက်ချက်တစ်ခု ဖော်ထုတ် လိုက်သည်။ လျှပ်စီးတန်းတစ်ခုက မြွေနဂါးကြီး တစ်ကောင်လို ရှေ့သို့ တိုးထွက် သွားသည်။
သို့သော် သူမ လိုချင်သည့် ရလဒ် ရရှိလိုက်ဟန် မတူပေ။
သူမက လှည့်လိုက်ပြီး ယွင်နီနှင့် ရီဖူရှင်းကို မြင်လိုက်သည်။ ထို့နောက် သူမက ခေါ်လိုက်သည်။ “အမေ”
“ဒါက ကျွန်မရဲ့ သမီး၊ ယွင်ချန်းယွဲ့။ ချန်းယွဲ့ သူက ဆရာရီ” ယွင်နီက မိတ်ဆက် ပေးလိုက်သည်။
“ဆရာရီ” ယွင်ချန်းယွဲ့သည် ရီဖူရှင်းကို ကြည့်ကာ အနည်းငယ် ဦးညွတ်လိုက်သည်။ ထို ငွေဖြူရောင် ဆံပင်နှင့် လူငယ်သည် သာမန် လူမဟုတ်သလို အလွန်ထူးကဲ သာလွန်လှသော်လည်း သူ့ကို ကြည့်ရသည်မှာ သူမနှင့် ရွယ်တူဖြစ်နေသကဲ့သို့ ငယ်ရွယ်လှပေသည်။ သို့သော် သူ၏ အရှိန်အဝါသည် အလွန်ဖိနှိပ်နိုင်စွမ်းပြီး သူ၏ ကျင့်ကြံဆင့်ကလည်း အလွန်မြင့်မား လှသည်။ မဟုတ်ပါက ရှန့်ထိုတစ်ပါး ဖြစ်သည့် သူမ၏ အမေက ‘ဆရာ’ ဟု သုံးနှုန်းမည် မဟုတ်ပေ။
“အဲဒါက ယွင်ကလန်က အဓိကထား လေ့ကျင့်တဲ့ မိုးကြိုးကျင့်စဉ်လား။ ကျုပ် စီနီယာယွင်ရဲ့ မိုးကြိုးသိုင်းပညာကို တွေ့ဖူးတယ်။ တကယ်ပဲ ထူးကဲသာလွန်ပြီး အစွမ်းထက်တဲ့ စွမ်းအား ရှိတယ်” ရီဖူရှင်းက ပြောလိုက်သည်။
“မြှောက်နေပါပြီ၊ ဆရာရီ။ ယွင်ကလန်ရဲ့ မိုးကြိုးသိုင်းပညာက လော့မြို့မှာ အစွမ်းထက်တယ်လို့ ပြောနိုင်ပေမယ့် ကျွန်မတို့က ရန်ဟောင် အဆင့်တောင် မဟုတ်ပါဘူး။ ကျွန်မတို့ကို ကောင်းကင်အာဏာ စက်ဘုံတစ်ခွင်လုံးနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ကျွန်မတို့ကို အားကောင်းတယ်လို့ မဆိုနိုင်ဘူး။ ပြီးတော့ ဘုံအတွင်းမှာ ကျော်လွားမရနိုင်တဲ့ တောင်လည်း ရှိသေးတယ်လေ” ယွင်နီက သေချာ ပြောပြခဲ့သည်။
“ခင်ဗျား ပြောချင်တာက...” ရီဖူရှင်းသည် ထူးဆန်းမှုကို ခံစားမိလိုက်ပေသည်။
“ဘာမှ မဟုတ်ပါဘူး။ အများကြီး ပြောမိသွားပြီ။” ယွင်နီက သူမ၏ ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ သူမသည် ထို့ထက်ပို၍ မပြောလိုတော့ပေ။ ထိုသည်က သူမနှင့်လည်း မသက်ဆိုင်ချေ။
“ဒီလောကထဲက မိုးကြိုးသိုင်းပညာ အားလုံးက ကောင်းကင်နန်းတော်က မူလအစပဲ” သူမ ထိုအကြောင်းကို ပြောသည့်အခါ ယွင်ချန်းယွဲ့၏ အသံက အတော် လေးနက်နေသည်။ ထိုတိမ်တိုက်များ ကြားတွင် ရှိသည့် အထက်ကောင်းကင်မှ ခရမ်းရင့် နန်းတော်သည် ဘုံသုံးထောင် အကြား၌ မိုးကြိုးသိုင်းပညာကြောင့် နံပါတ်တစ် အဖြစ် ကျော်ကြားလေသည်။
ထို့ကြောင့် လောကကြီးအတွင်းမှ မိုးကြိုးသိုင်းပညာ အားလုံး၏ မူလအစသည် ကောင်းကင် နန်းတော် ဖြစ်သည်ဟု ဆိုကြသည်။
ကောင်းကင် နန်းတော်သည် ကောင်းကင် အာဏာစက်ဘုံ၏ အစိတ်အပိုင်း ဖြစ်သည့် အတွက်ကြောင့် ထိုနေရာတွင် ဘုံအတွင်းမှ မိုးကြိုးကျင့်စဉ် ကျင့်ကြံသူ အများအပြား ရှိကြပေသည်။
“လောကကြီးအတွင်း မိုးကြိုးသိုင်းပညာ အားလုံးရဲ့ မူလအစက ကောင်းကင်နန်းတော် ဖြစ်တယ်တဲ့လား” ရီဖူရှင်းက ရေရွတ်လိုက်ပြီးနောက် ပြောလိုက်သည်။ “တကယ့်ကို မောက်မာတာပဲ”
“ခရမ်းရင့် ကောင်းကင်နန်းတော်က မိုးကြိုးကျင့်စဉ် ကျင့်ကြံတဲ့ အင်အားစုတွေထဲမှာ အစွမ်းထက်ဆုံးပဲ။ ဘုံသုံးထောင်တခွင်မှာ တွေ့ရတဲ့ မိုးကြိုး သိုင်းပညာတွေက ခရမ်းရင့် ကောင်းကင် နန်းတော်ကနေ တစ်နည်းမဟုတ် တစ်နည်းနဲ့ ဆင်းသက် လာခဲ့တာတွေချည်းပဲ။ အဲဒါက မောက်မာတာ မဟုတ်ဘူး” ယွင်နီက ပြုံးကာ ပြောလိုက်သည်။
“ဒါဆို ဗြဟ္မာသန့်စင်ကောင်းကင်ကရော” ရီဖူရှင်းက ရုတ်တရက် မေးလိုက်သည်။
ယွင်နီနှင့် ယွင်ချန်းယွဲ့နှစ်ယောက်လုံး မှင်တက်သွားခဲ့သည်။ ထို့နောက် သူတို့သည် ထူးခြားသည့် အမူအရာနှင့် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ထို့နောက် ယွင်နီက ပြုံးကာ ပြောလိုက်သည်။ “ရှင်က အရမ်းထူးချွန်တဲ့ ကျင့်ကြံသူပါ ဆရာရီ။ ဒါပေမဲ့ ဗြဟ္မာသန့်စင်ကောင်းကင် လို နေရာမျိုးကို အရဲစွန့်ပြီး မသွားတာတော့ အကောင်းဆုံးပါပဲ”
ဗြဟ္မာသန့်စင်ကောင်းကင် သည် သူတို့နှင့် အလွန်ပင် ဝေးကွာလှသော်လည်း လောကထဲရှိ အားလုံးသော အမျိုးသမီးများ သွားရောက်လိုသည့် နေရာဖြစ်သည်။
ဧကရီဘုရင်မသည် ဗြဟ္မာသန့်စင်ကောင်းကင် တွင် မဟာလမ်းစဉ် ဉာဏ်အလင်းပွင့်ခဲ့ပြီး ထိုနေရာသည် လောကတခွင်၌ နံပါတ်တစ်တောင်ဟု ချီးကျူးထိုက်ပေသည်။
ဧကရီဘုရင်မကို ခစားရသည့် ကျိုထျန်းနတ်မိမယ်သည် မရေတွက်နိုင်သော လူများ၏ ဆည်းကပ် ကိုးကွယ်ရာ ဖြစ်သည်။
ထိုနေရာတွင် ရန်ဟောင် မဟုတ်သည့်သူ မည်သူမှ မရှိပေ။
ယွင်နီက ရီဖူရှင်းအား အတွေးမများရန် ပြောသည်မှာ အံ့သြစရာမရှိပေ။ ကျိုထျန်း နတ်မိမယ်ကို ခစားရသည့် သမီးတော်များပင်လျှင် လူအများ မရောက်ရှိနိုင်သည့် အလေးအမြတ် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
“ဗြဟ္မာသန့်စင် ကောင်းကင်ရဲ့ အရှင်သခင်က အဲဒီလောက် စွမ်းအားကြီးတာလား” ရီဖူရှင်းက မေးလိုက်သည်။
“အခု ဆရာရီ ပြောနေတာတွေတောင် ဗြဟ္မာသန့်စင်ကောင်းကင် အရှင်သခင်က ကြားကောင်း ကြားနိုင်ပါလိမ့်မယ်” ယွင်နီက ဆက်ပြောလိုက်သည်။ “သူ့ရဲ့ စိတ်စွမ်းအားတွေက ဘုံသုံးထောင်လုံးကို ရောက်ရှိနိုင်တယ်။ ပြောကြတာကတော့ သူမက ကောင်းကင် လမ်းစဉ်ကို ချိုးဖျက်နိုင်စွမ်းရှိတဲ့ တစ်စုံတစ်ယောက် ဖြစ်နိုင်တယ်တဲ့”
ရီဖူရှင်း၏ အမူအရာက တည်ငြိမ်နေသည်။ ထို ဗြဟ္မာသန့်စင် ကောင်းကင်၏ အရှင်သခင်က အမှန်ပင် သူနှင့် အလှမ်းကွာလွန်း လှသည်။
သို့သော်လည်း သူက ဂျီယူ၏ အခြေအနေကို ရှင်းရှင်းလင်းလင်း ဖြစ်ကာ သူ့ဇနီး သေသည် ရှင်သည်ကို သိရှိလိုပေသည်။ ထို့ကြောင့် သူသည် ဗြဟ္မာသန့်စင် ကောင်းကင်သို့ အနှေးနှင့်အမြန် သွားရောက် ရလိမ့်မည် ဖြစ်၏။
ထို့နောက် သူက ယွင်ချန်းယွဲ့ထံသို့ လှည့်ကြည့်ကာ ပြောလိုက်သည်။ “အခုနက မင်း လေ့ကျင့်နေခဲ့တဲ့ မိုးကြိုးသိုင်းပညာရပ်က ဒီလိုမျိုးလား”
ရီဖူရှင်းသည် ပြောလိုက်ပြီး လက်ကို ဆန့်ထုတ်ကာ ကောင်းကင်သို့ ရိုက်လိုက်သည်။ တောက်ပသည့် လျှပ်စီးအလင်းတန်းကြီး ထိုးထွက်သွားကာ ကောင်းကင်ကို ထိုးခွဲသွားသည်ဟု ထင်မှတ်ရ၏။
“ဟုတ်တယ်” ယွင်ချန်းယွဲ့၏ မျက်လုံးများက တောက်ပလာသည်။ သူမသည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကျွန်မ အဲဒါကို ဘယ်လိုကျင့်ကျင့် အဆင်မပြေဘူး ဖြစ်နေတာ။ ဆရာ ကျွန်မကို လမ်းညွှန်ပေးလို့ ရမလား”
“မင်း အရင်က သင်ယူခဲ့ဖူးတာတွေကို မေ့လိုက်။ ပြီးတော့ မင်း နားလည် သဘောပေါက်ထားတဲ့ စည်းမျဉ်းတွေကို မေ့လိုက်။ နည်းစနစ် လေ့ကျင့်တဲ့ အပေါ်မှာ အာရုံစိုက်ပြီး ထပ်ခါထပ်ခါ လုပ်ကြည့်။ ပြီးရင် မင်း အဲဒီကနေ ဘယ်လို အကြောင်းအရာသစ်ကို သင်ယူမိလဲ ဆန်းစစ်ကြည့်” ရီဖူရှင်းက ပြောလိုက်သည်။
ယွင်ချန်းယွဲ့သည် အလေးအနက် စဉ်းစားနေပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အဲဒီလို လုပ်ပါ့မယ်”
“ဒါဆို ဆက်ပြီး လေ့ကျင့်လိုက်ဦး” ယွင်နီက ယွင်ချန်းယွဲ့ကို ပြောလိုက်ပြီး ရီဖူရှင်းကို ခေါ်၍ အိမ်တော်ဝင်းအတွင်း ဝင်သွားခဲ့သည်။ ထိုနေရာသည် ခမ်းနားပုံပေါ်ပြီး ယွင်နီက ပြောလိုက်သည်။ “ဒီမှာ ခဏလောက် နေမယ်ဆို ဘယ်လိုလဲ ဆရာရီ”
“တကယ် ကျေးဇူးတင်ပါတယ်” ရီဖူရှင်းက ပြောလိုက်သည်။
“လိုအပ်တာ ရှိရင် ကျွန်မကို လာရှာနိုင်ပါတယ်” ယွင်နီက ပြောပြီးနောက် နေရာမှ ထွက်ခွာ သွားလေသည်။
ရီဖူရှင်းသည် အနီးဝန်းကျင်သို့ စူးစမ်းလိုက်သည်။ လော့မြို့မှ ယွင်ကလန်သည် ပြန်လည် မွေးဖွားခြင်း အဆင့်က အုပ်ချုပ်သည့် သွေးနဂါးဘုံမှ ချန်ယဲ့မြို့ကဲ့သို့ နေရာမျိုးဖြစ်သည်။
ယွင်ကလန်၌ ပြန်လည် မွေးဖွားခြင်းအဆင့် ကျိန်းသေ ရှိပေသည်။
ယွင်ထန်သည် အစီရင်ခံရန် ထွက်လာသွားခဲ့ပြီး သူက ကလန် ခေါင်းဆောင်ထံသို့ သွားရလိမ့်မည်။
ရီဖူရှင်းသည် လေဟာနယ် ခရီးသွားဝင်္ကပါ ချို့ယွင်းမှုကြောင့် သူ့လူများနှင့် တကွဲတပြား ဖြစ်သွားခဲ့ရသည်ကို တွေးမိသည့်အခါ စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူတို့က အနီးအနားတွက် ကျဆင်းခဲ့ပါက အဆင်ပြေ ပေလိမ့်မည်။ အကယ်၍ သူတို့သာ အလွန်ဝေးလံသော နေရာသို့ ရောက်ရှိသွားပါက ကျယ်ပြောလှသည့် ကောင်းကင် အာဏာစက်ဘုံတွင် သူတို့ကို ရှာဖွေရန်မှာ အလွန်ခက်ခဲ လိမ့်မည်။ ဘုံတစ်ခုလုံးကို တုန်လှုပ်စေသည့် တိုက်ပွဲသာ မဖြစ်ပွားခဲ့ပါက သူတို့ကို ရှာဖွေနိုင်လိမ့်မည် မဟုတ်ပေ။
“သူတို့ အသုံးဝင်တဲ့ သတင်းတစ်ခုခု ရခဲ့မလားပဲ ကြည့်ရတော့မယ်” ရီဖူရှင်းက ပြောလိုက်ပြီး ထိုကိစ္စကို အသာထားကာ မျက်လုံးမှိတ်၍ ကျင့်ကြံရန် ပြင်လိုက်သည်။
သိပ်မကြာခင်မှာပဲ တစ်စုံတစ်ယောက် ရောက်ရှိလာပေသည်။ သို့သော် ရီဖူရှင်းက မျက်လုံးများကို ပိတ်ထားကာ ကျင့်ကြံနေသည်ကို မြင်လျှင် ခပ်ဝေးဝေး၌ တိတ်ဆိတ်စွာ ရပ်စောင့် နေပေသည်။
ရီဖူရှင်းက သူ့မျက်လုံးများကို ဖွင့်လိုက်လျှင် ယွင်ချန်းယွဲ့ ပြုံးနေသည်ကို မြင်လိုက်သည်။ ထို့နောက် သူက မေးလိုက်၏။ “ဘာများ ကူညီရမလဲ မိန်းကလေးချန်းယွဲ့”
ယွင်ချန်းယွဲ့သည် ရှေ့သို့ လှမ်းလာပြီး ရီဖူရှင်း၏ ရှေ့သို့ ရောက်လာသည်။ သူမသည် အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ရီဖူရှင်း၏ ရှေ့သို့ ရောက်လျှင် သူ့ကို ဦးညွတ်ကာ ဂါရဝပြုရင်း ပြောလိုက်သည်။ “ကျွန်မကို သင်ပြပေးနိုင်မလား ဆရာ”
“မင်း တစ်ခုခု သင်ယူနိုင်ခဲ့တာလား” ရီဖူရှင်း၏ အမူအရာက ထူးဆန်းနေသည်။ သူသည် သူမကို တချို့အရာများသာ သတိပေးခဲ့ခြင်း ဖြစ်ပြီး သူမက ထိုမျှ တိုတောင်းသော အချိန်အတွင်း တစ်ခုခုကို ရှာဖွေ ဖော်ထုတ်နိုင်မည်ဟု မထင်မှတ်မိခဲ့ပေ။
“ဟုတ်ပါတယ်” ယွင်ချန်းယွဲ့က ခေါင်းညိတ် လိုက်သည်။ “ကျွန်မရဲ့ ဆရာ ဖြစ်ပေး နိုင်မလားဟင်”
“ကျုပ်က မင်းကို နည်းနည်းပဲ လမ်းညွှန် ပေးလိုက်တာပါ။ အဲဒါက လေ့ကျင့်တဲ့ နည်းလမ်းပဲ ဖြစ်ပြီးတော့ ကျုပ် မင်းကို ဘာမှ သင်ကြား ပေးခဲ့တာမျိုး မရှိဘူး။ မင်းက တစ်ခုခုကို ဒီလောက် မြန်မြန်ဆန်ဆန် ဖမ်းဆုပ် မိခဲ့တာလည်း မင်းရဲ့ ကိုယ်ပိုင် ဉာဏ်ပညာကြောင့်ပါ။ ကျုပ်က မင်းကို သင်ကြားပေးဖို့ အရည်အချင်း မမီမှာ စိုးမိပါတယ်။” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။
သူ၏ ကျင့်ကြံခြင်း ခရီးစဉ် တစ်လျှောက်တွင် ဆရာများစွာ ရှိပြီး အကုန်လုံးသည် သူ့ဘဝတွင် အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိနေကြသူများ ဖြစ်သည်။
သူသည် တစ်စုံတစ်ယောက်က သူ့ကို သူတို့၏ ဆရာအဖြစ် သတ်မှတ်လိုမည်ဟု မတွေးထင် ထားခဲ့ပေ။ သို့သော် သူသည် ထိုသို့သော အဆင့်အတန်းမျိုး အတွက် လိုအပ်ချက်ကို အမှန်တကယ်ပင် ပြည့်စုံနေပြီ ဖြစ်သည်။ တစ်ခုပဲ ချို့ယွင်းနေသည်က သူသည် အလွန်ငယ်ရွယ်ပုံ ပေါ်နေခြင်းပင် ဖြစ်သည်။
“ဆရာက ကျွန်မကို တပည့်အဖြစ် မလိုချင်ဘူး ဆိုရင်လည်း ကျွန်မ မကြာခဏ လာရှာပြီး မေးမြန်းမယ်ဆို စိတ်အနှောင့်အယှက် ဖြစ်မလားဟင်” ယွင်ချန်းယွဲ့က ထပ်ပြော လိုက်သည်။ ရီဖူရှင်းက သူမကို အမှန်ပင် ရိုးရှင်းစွာ လမ်းညွှန်ပြသပေးခဲ့ခြင်း ဖြစ်ပြီး ထိုသည်က အရာရာတွင် အသုံးမဝင်နိုင်ပေ။
သို့သော် သူမသည် ထိုမှတဆင့် သူမ ရှာဖွေနေသည့် မိုးကြိုးသိုင်းပညာ၏ အနှစ်သာရကို အလွန်တိုတောင်း လှသော အချိန်အတွင်း ဖမ်းဆုပ်နိုင်ခဲ့သည်။ ထိုသည်က ရီဖူရှင်းသည် ထိုသို့သော နည်းလမ်းများတွင် အလွန် ကျွန်းကျင်မှုရှိသည်ကို သက်သေပြနေသည်။
“မဖြစ်ပါဘူး” ရီဖူရှင်းက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ယွင်ချန်းယွဲ့က အပြုံးနှင့် အတူ ဦးညွတ် အရိုအသေပြုရင်း ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် ဆရာ”
ထိုအချိန်တွင် လူတစ်စု လေထဲမှ ရောက်ရှိလာကာ သူ့ထံသို့ လျှောက်လှမ်း လာသည်။
ယွင်ထန်သည်လည်း သူ့အနီးသို့ လျင်မြန်စွာ ရောက်ရှိလာပြီး ထိုလူစုကို ကြည့်ကာ ပြောလိုက်သည်။ “ဆရာရီက ကျုပ်ရဲ့ ဧည့်သည်ပဲ။ ကျုပ်ရဲ့ နေရာမှာ မရိုင်းစိုင်းသင့်ဘူး”
ထိုလူများက တစ်ယောက်ပြီး တစ်ယောက် ပြန်ထွက်ခွာ သွားသည်။ ယွင်ထန်သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “နတ်ဓားကလန်က တန်ခိုးရှင်တွေ အများကြီး ရောက်လာတယ်။ လီရို့ရွှမ်းက အဲဒီလူတွေကို ဦးဆောင်ပြီး ယွင်ကလန်က မင်းကို လက်လွှဲပေးဖို့ တောင်းဆိုနေတယ်”
လီနတ်ဓားကလန်ဟု ကြားသည့်အခါ ယွင်နီ၏ အမူအရာက အေးစက်၍ လာသည်။ ယွင်ချန်းယွဲ့သည်လည်း ထိုနည်းတူစွာပင် ဖြစ်သည်။
“လော့မြို့က ယွင်ကလန်နဲ့ လီနတ်ဓားကလန်က ရန်သူတွေ မဟုတ်ဘူးလား” ရီဖူရှင်းက မေးလိုက်သည်။ “ဘာလို့ လီရို့ရွှမ်းက ဒီကိုလာပြီး တောင်းဆိုမှုကို ပြုလုပ်နိုင်တာလဲ”
“လီရို့ရွှမ်းက လီနတ်ဓားကလန်ရဲ့ မျိုးဆက်တွေ ကြားမှာ အရည်အချင်း အရှိဆုံးပဲ။ ပြီးတော့ သူမက အင်ပါယာချီ လက်အောက်မှာ ကျင့်ကြံဖို့အတွက် ဖြစ်နိုင်ချေ အမြင့်ဆုံးလည်း ဖြစ်တယ်” ယွင်ထန်က ရှင်းပြလိုက်သည်။ “အင်ပါယာချီက မကြာခဏ သူ့နယ်မြေမှာ ရှိတဲ့ လူတွေကို ရွေးချယ်တတ်တယ်။ သူတို့တွေက အင်ပါယာရဲ့ ကိုယ်တိုင် သင်ကြားပေးမှုကို ရရှိကြတယ်။ လီရို့ရွှမ်းရဲ့ အရည်အချင်းက အရမ်းမြင့်တာမို့လို့ အဲဒီလို အခွင့်အရေးကို ရရှိနိုင်တယ်။ အဲဒါကြောင့် သူမက လိုအပ်တဲ့ ပြင်ဆင်မှုတွေကို တက်တက်ကြွကြွနဲ့ လုပ်ဆောင်နေတာ။ လီရို့ရွှမ်းသာ အောင်မြင်သွားရင် လီနတ်ဓားကလန်ရဲ့ အဆင့်အတန်းကလည်း ပြောင်းလဲသွားပြီး သူတို့က ကျုပ်တို့အပေါ်မှာ လွှမ်းမိုးနိုင်စွမ်း ရှိလာလိမ့်မယ်”
ယွင်ချန်းယွဲ့၏ အရှိန်အဝါက အလွန်ပင် အေးစက်လာသည်။ သူမသည် တစ်နေ့တွင် လီနတ်ဓားကလန်ကို ဖိနှိပ်ရန်ရေး အတွက် လုံ့လဝီရိယရှိစွာ ကျင့်ကြံနေခြင်း ဖြစ်သည်။ သူမသည် လီရို့ရွှမ်းကို သူမ၏ ပန်းတိုင်အဖြစ် မြင်ပြီး ထိုသည်က သူမကို ရှေ့ဆက်လျှောက်ရန် တွန်းအား ဖြစ်စေသည်။
ရီဖူရှင်းသည် သူမထံမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ခံစားမိပေသည်။
သူသည် ယွင်ချန်းယွဲ့ကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်လျှင် ယွင်ထန်က ပြောလိုက်သည်။
“ချန်းယွဲ့ အဖေက လီနတ်ဓားကလန်က လူတွေ လက်ထဲမှာ သေခဲ့ရတာလေ”
ရီဖူရှင်း၏ မျက်ဝန်းအိမ်များက အနည်းငယ် မှေးစင်းသွားသည်။ သူသည် ယွင်နီပြောခဲ့သော ယွင်ထန်က သူ့အတွက်ကြောင့်ချည်းပဲ ထိုသို့ လုပ်ခဲ့ခြင်းမဟုတ် ဟူသည်ကို နားလည်သွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် ယွင်ကလန် အပြင်ဘက်၌ ဓားစွမ်းအားများ လွှမ်းမိုးလာသည်။ လီရို့ရွှမ်း ဦးဆောင်သော တန်ခိုးရှင်တစ်စုက ဓားပျံများ စီးနင်းလာကြသည်။
သူတို့သည် ထိုအချိန်က ရီဖူရှင်းကို သတ်ဖြတ်ရန် မဖြစ်နိုင်သည်ကို သိရှိ၍ လက်လျှော့ ခဲ့ကြသည်။ သူတို့သည် ယွင်ထန်က သူတို့အပေါ် ရွံရှာ မုန်းတီးနေသည်ကိုလည်း သိရှိသည်။
ယခုတွင် သူမသည် ယွင်ကလန်သို့ တိုက်ရိုက်လာရောက်၍ သူတို့ ရှာနေသည့် လူကို လက်လွှဲပေးရန် တောင်းဆိုခဲ့သည်။ ထိုသည်က ယွင်ကလန် လိုက်လျောလိမ့်မည်လား ဆိုသည်ကို ကြည့်ရှုရန်လည်း ဖြစ်သည်။
***