← Chapters

စစ်သူရဲရေမွန်

Vol. 12 Ch. 15

စစ်သူရဲရေမွန်

Vol. 12 Ch. 15

စက်ရုပ်တစ်ပိုင်းလူတစ်ပိုင်းဖြစ်နေတဲ့ ဆံပင်ဖြူလူကြီးက မက်ဒါနာကို ကုန်းပိုးပြီး ခြေထောက်ကိုကွေးညွှတ်ကာ အမြင့်ကြီး ခုန်တက်လိုက်တယ်။ သူက ချက်ချင်းဆိုသလိုပဲ တိုက်အမြင့်တစ်ခုပေါ်ကိုရောက်သွားပြီး တိုက်တွေတစ်ခုနဲ့ တစ်ခုကြား ခုန်ပျံပြေးလွှားနေကာ နတ်ဘုရားတစ်ပါးလို ထင်ရတယ်။

အေမီကတော့ ဝတ်စုံကအလင်းဒြပ်စင်တောင်ပံကို အသုံးပြုပြီး နောက်ကနေလိုက်လာခဲ့ပေမဲ့ ပြေးလွှားနေတဲ့ လူထက် နှေးနေပါသေးတယ်။

“ရှင်သူ့ကို ဘယ်ခေါ်သွားမလို့လဲ။” အေမီက တိုက်ခိုက်ဖို့ အသင့်ပြင်ထားရင်းနဲ့ မေးလိုက်တယ်။ ဒီလူက ရုတ်တရက် အခုလိုမျိုး တုံ့ပြန်လာတာဖြစ်တဲ့အတွက် အေမီကိုယ်တိုင် လက်ရှိအခြေအနေကို နားမလည်နိုင် ဖြစ်လို့နေပါတယ်။

“အခုလိုအခြေအနေမျိုးမှာ သူ့ကို ကယ်တင်နိုင်တဲ့နေရာဆိုလို့ တစ်ခုပဲရှိတယ်။”

တဖြည်းဖြည်းနဲ့သူတို့သုံးယောက်က မြို့ပြင်ကိုရောက်လာ ကြပါတယ်။ မြို့ပြင်မှာ မြေကြီးထဲတစ်ဝက်နီးပါး နစ်နေတဲ့ စစ်သင်္ဘောပျံကြီးတစ်ခုရှိပြီး HMS Nelson လို့ရေးထားတာ တွေ့ရတယ်။

ဆိုက်ဘော့က အဲဒီစစ်သင်္ဘောရဲ့တံခါးကို သူ့လက်ချည်း သက်သက်နဲ့ဆွဲဖြဲပစ်လိုက်တယ်။ အတွင်းမှာ အရေးပေါ် မီးအလင်းရောင်ဖြစ်တဲ့ အနီရောင်အလင်းတန်းအပြင် ဘာအလင်းရောင်မှရှိမနေပေမဲ့ သူတို့နှစ်ယောက်က ထိန်းချုပ်ခန်းဆီကို အမြန်ဆုံးပြေးလာနိုင်ကြတယ်။ ထိန်းချုပ်ခန်းက အဆင့်အမြင့်ဆုံး လုံခြုံရေးစနစ်နဲ့ သော့ပိတ်ထားတာဖြစ်လို့ အေမီက အကြံပြုတဲ့အနေနဲ့ ပြောလိုက်တယ်။

“ရှင်ဒီထိန်းချုပ်ခန်းတံခါးကို အပြင်က တံခါးလို ဆွဲဖြဲပစ်လို့ မရလောက်ဘူးနော်။ အလိုလျောက်ဖျက်ဆီးရေးစနစ်တွေ ဘာတွေကို နှိုးမိသွားလိမ့်မယ်။”

“ဘယ်သူက ဖျက်ဆီးပစ်မယ်လို့ ပြောနေလို့လဲ။” ဆိုက်ဘော့က သွားကြားထဲကထွက်လာတဲ့ လေသံနဲ့ ပြောလိုက်ရင်း မက်ဒါနာရဲ့လက်ကို သူ့လက်နဲ့ကိုင်ကာ ထိန်းချုပ်ခန်းရဲ့ဒီဂျစ်တယ်ဖန်သားပြင်သော့ပေါ် တင်လိုက်တယ်။

[လက်ဗွေရာကိုက်ညီမှု ရှိပါသည်။

ဖွင့်လှစ်သူအမည် - မက်ဒါနာ။

ရာထူး - မဟာမိတ်မစ်ရှင်အဖွဲ့ခေါင်းဆောင်။]

တစ်ဖက်မှာတော့ အေမီက မျက်ခုံးပင့်လိုက်ပါတယ်။ သူ့က ဆိုက်ဘော့ကို ပိုပြီးတော့ လေးလေးနက်နက်ကြည့်တယ်။ ဆိုက်ဘော့ကတော့ သတိလစ်နေပြီဖြစ်တဲ့ မက်ဒါနာကို မင်းသမီးလေးလိုမျိုး ပြောင်းချီထားလိုက်ပြီး

“တကယ်ပဲ မင်းဖြစ်နေခဲ့တာပဲ။”လို့ ပြောလိုက်တယ်။ မကြာခင်မှာပဲ စစ်သင်္ဘောပျံကြီးထဲက မီးတွေက အလိုလို ပွင့်လာတယ်။ ဆိုက်ဘော့ အရေးပေါ်ကုသရေးအခန်းကို ရှာလိုက်ပြီး အဲဒီမှာရှိတဲ့ ကုတင်တစ်လုံးပေါ် မက်ဒါနာကို တင်ပေးထားလိုက်တယ်။

အေမီက အခန်းပတ်ပတ်လည်ကို လိုက်လံကြည့်ရှုနေတဲ့ အချိန်မှာ ဆိုက်ဘော့ကတော့ ကုသခန်းထဲက ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးတော့ အလိုလျောက်ကုသရေးစနစ်တစ်ခုကို အသက်သွင်းလိုက်တယ်။

[နျူကလီးယားဓာတ်ရောင်ခြည်သင့်လူနာအား ရိုးတွင်းချဥ်ဆီနှင့်ကိုယ်ခံအားစနစ် တိုးပွားလာစေရန် Booster X ကုထုံးအားအသုံးပြုပါမည်။]

စက်ရုပ်ဆန်ဆန်အသံတစ်ခုထွက်လာပြီး မက်ဒါနာကို ကုတင်က သံကွင်းတွေက အလိုလျောက်ချုပ်နှောင်လိုက်ပြီး အဝါရောင်ဆေးရည်တွေပါတဲ့ ဆေးထိုးအပ်တွေကို စနစ်က ခန္ဓာကိုယ်ထဲ တိုက်ရိုက်ထိုးစိုက်ချလိုက်တော့တယ်။

“အသက်အန္တရာယ်ကတော့ စိုးရိမ်စရာမရှိတော့ဘူး။ ဓာတ်ရောင်ခြည် သင့်သွားရင် ငါတို့လုပ်နိုင်တာဆိုလို့ ကိုယ်ခံအားကိုမြှင့်ပြီး ခန္ဓာကိုယ်က ဆဲလ်တွေ အလိုလျောက်ပြန်ကောင်းလာတာကို ထိုင်စောင့်ရုံပဲရှိတာ။”

ဆိုက်ဘော့ ထိုင်ခုံတစ်လုံးမှာ ထိုင်ချလိုက်တယ်။ အေမီက အဲဒီဆိုက်ဘော့ကို စောင့်ကြည့်နေရင်းကနေမှ မေးလိုက်တယ်။

“ရှင်က... ဘယ်သူလဲ။ အပြင်က အပျက်အစီးတွေက ရှင့်ကြောင့် ဖြစ်ထားတာမဟုတ်လား။ ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးခဲ့တဲ့ရှင်က အခုမှစတွေ့ဖူးတဲ့ လူနှစ်ယောက်ကို ဘာလို့ကူညီနေတာလဲ။”

အေမီကပြောလိုက်တော့ ဆိုက်ဘော့လူက ပြုံးဖို့ ကြိုးစားခဲ့ပေမဲ့ မပြုံးနိုင်ခဲ့ဘူး။ အဲဒီအစား အရုပ်ဆိုးတဲ့ ရှုံ့တွသွားတဲ့ မျက်နှာပုံစံပဲ ဖြစ်လာတယ်။ သူက...

“အေမီ၊ မင်းမှာသာ မင်းကိုယ်မင်းနဲ့မက်ဒါနာကို ပြန်ပြီး အသက်သွင်းနိုင်တဲ့ နည်းလမ်းမျိုးရှိခဲ့တယ်ဆိုရင် ဘာလို့ ငါ့ကိုအဲဒီတုန်းက ပြောမပြခဲ့တာလဲ။ အဲဒီလိုသာဆိုရင် အခုလိုစစ်ပွဲမျိုးကို ငါစဖို့လိုမှာမဟုတ်ဘူး။”

သူအဲဒီလိုပြောလိုက်တဲ့အချိန်မှာပဲ မက်ဒါနာက သူ့ရဲ့ မျက်လုံးတွေကို ဖွင့်လိုက်ပါတယ်။ မက်ဒါနာက သူမရင်းနှီးတဲ့ လူတစ်ယောက်ရဲ့မျက်နှာကို မြင်လိုက်တဲ့ အတွက်ကြောင့် အံ့ဩသွားတယ်။

“ရှင်က...”

ဆိုက်ဘော့ကတော့ မက်ဒါနာရဲ့အသံကို ကြားလိုက်ရတဲ့ အတွက်ကြောင့် အတော်ဝမ်းသာသွားပုံပေါ်ပေမဲ့ သူ့ရဲ့ အကောင်းအတိုင်းရှိနေတဲ့ မျက်လုံးကနေ မျက်ရည်တချို့ စီးကျလာခဲ့တယ်။ နောက်တော့ သူက မက်ဒါနာရဲ့ပါးပြင်ကို သူ့လက်နဲ့ ထိလိုက်ပြီး...

“ကိုယ့်ရဲ့ကိုယ်စောင့်နတ် အိန်ဂျယ်လေး... မင်းပြန်လာနိုင်တာ ကိုယ်သိပ်ဝမ်းသာတာပဲ။ ကိုယ်မင်းကို စောင့်နေခဲ့တာ နှစ်နှစ်ဆယ်ရှိခဲ့ပြီ။ ဒါတွေအားလုံးက အိပ်မက် မဟုတ်ဖို့မျှော်လင့်ရတာပဲ။”

ဆိုက်ဘော့ သူ့လည်ပင်းမှာပတ်ထားတဲ့ မာဖလာ အဟောင်းလေးကို မက်ဒါနာရဲ့လက်ထဲထည့်ပေးတယ်။ မက်ဒါနာကတော့ နားမလည်နိုင်တဲ့အတွက် ပါးစပ် အဟောင်းသားဖြစ်လို့နေပါတယ်။

“ရှင်က ဘယ်သူလဲ... ရှင်ပြောနေတာတွေကို ကျွန်မ နားမလည်ဘူး။”

မက်ဒါနာရဲ့လေသံက နည်းနည်းမာထန်သွားခဲ့ပေမဲ့ ဆိုက်ဘော့ကတော့ ဝမ်းနည်းသွားပုံမရဘူး။ အဲဒီအစား သူက...

“အင်းပေါ့၊ ကိုယ်က အဲဒီတုန်းကလို လူငယ်လေးတစ်ယောက်မှ မဟုတ်တော့တာ။ မင်းဘယ်မှတ်မိပါ့မလဲ။”

မက်ဒါနာက မျက်မှောင်ကြုတ်လိုက်တယ်။ ဒီလူကို အရင်က သူမြင်ဖူးသလားဆိုပြီး စဥ်းစားကြည့်ပေမဲ့ ဘယ်တုန်းကမှ တွေ့ဖူးပုံမပေါ်ဘူး။ ဒါပေမဲ့ ဒီလူက သူ့ကိုသိသလိုမျိုး လုပ်နေပါတယ်။

တစ်ဖက်မှာတော့ အေမီက စစ်သင်္ဘောထဲက ကွန်ပျူတာ တစ်လုံးကို လက်နဲ့ထိလိုက်တယ်။ သူ့မျက်လုံးတွေက အနီရောင်တောက်ပလာပြီး မကြာခင်မှာပဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ နောက်တော့ သူက ဆိုက်ဘော့ဆီ ကပ်လာပြီး...

“သခင်ရေမွန်၊ ကျွန်မတို့ရဲ့သခင်မလေးက နိုးထလာတာ သိပ်ပြီးမကြာသေးပါဘူး။ ဒါကြောင့် သူ့မှတ်ဉာဏ်တွေက ရှုပ်ထွေးနေဆဲပဲ။ စိတ်မရှိဘူးဆိုရင် ကျွန်မတို့နှစ်ယောက်ကို ခဏလောက် သီးသန့်အချိန်ပေးလို့ရမလား။”

“ကောင်းပါပြီ။” ရေမွန်လို့ အခေါ်ခံလိုက်ရတဲ့သူက ခေါင်းညိတ်လိုက်ပြီး ကုသရေးအခန်းအပြင်ဘက်ကို ထွက်သွားပေးပါတယ်။

အေမီက မက်ဒါနာနဲ့သူနှစ်ယောက်ပဲ အခန်းထဲမှာ ရှိတော့တဲ့ အခါကျမှ အိပ်ရာပေါ်တက်ထိုင်ပြီး သက်ပြင်းချလိုက်တယ်။

“မမလေးရေ၊ ကျွန်မတော့ ဒီအပြိုင်ကမ္ဘာကိုရောက်မှ ကောက်ချက်မှားဆွဲမိတော့တာပဲ။”

“ဘယ်လို... ဘယ်လို...” အေမီရဲ့အဆုံးမရှိ အစမရှိတဲ့ စကားကြောင့် မက်ဒါနာ နားရှုပ်သွားတယ်။ အေမီကတော့ ဆက်ပြီးတော့ အခုလိုပြောပါတယ်။

“မမလေး လဲကျမသွားခင်တုန်းက ကျွန်မ အဖြူရောင်ဝတ်စုံနဲ့ ဓားကိုင်ထားတဲ့သူက မမလေးရဲ့မူကွဲ ဖြစ်နိုင်တယ်လို့ ပြောလိုက်သေးတယ်မဟုတ်လား။”

မက်ဒါနာက မျက်လုံးကိုထောင့်ကပ်ရင်း ပြန်စဥ်းစားတယ်။ အဲဒီနောက် အခက်တွေ့နေတဲ့ပုံစံနဲ့ အေမီကို သွားပေါ်အောင် ပြုံးပြရင်း...

“အဲဒီတုန်းက ခေါင်းတွေထိုးကိုက်နေလို့ အမှုမဲ့အမှတ်မဲ့ပဲ။”

မက်ဒါနာရဲ့ထူးမခြားနားအဖြေကြောင့် အေမီက စိတ်ဓာတ် ကျသွားတယ်။ ဒါပေမဲ့ မက်ဒါနာ နားလည်အောင် ရှင်းပြရမှာ သူ့တာဝန်ဆိုတော့...

“ခုနက မမလေးတွေ့ခဲ့ရတဲ့သူက ရေမွန် ဂလော်ရီးယားလို့ ခေါ်တယ်။ အစကတော့ သူ့ကို မမလေးရဲ့မူကွဲလို့ ထင်ခဲ့ပေမဲ့ သူက ဒီကမ္ဘာက မမလေးရဲ့ချစ်သူဖြစ်နေတာ။”

“....” ချစ်သူဆိုတဲ့ စကားကိုလည်းကြားလိုက်ရော မက်ဒါနာရဲ့မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားပြီး ချက်ချင်းအေးစက်သွားပါလေရော။

“မဟုတ်မှလွဲရော... အဲဒီစက်ရုပ်တစ်ပိုင်းကောင်က ငါ့ကို သူ့ကောင်မလေးလို့ ထင်နေတာများလား။”

အေမီကလည်း မက်ဒါနာသဘောပေါက်သွားတာကို ဝမ်းသာဟန်နဲ့ ခေါင်းကို အကြိတ်ကြိတ်ညိတ်ပြတယ်။ မက်ဒါနာကတော့ ရှက်လွန်းလို့ ခေါင်းအုံးနဲ့မျက်နှာကို ဖိကပ်ထားလေရဲ့။

“အောင်မလေး... ကိုယ်တော်ချောက သမီးမျက်နှာတောင် လာကိုင်လိုက်သေးတယ် အဖေရေ။”

...

မက်ဒါနာ နည်းနည်းစိတ်ငြိမ်သွားပြီး နောက်မှာတော့ အေမီက ကွန်ပျူတာစနစ်နဲ့ချိတ်ဆက်ပြီး သူသိခဲ့ရတဲ့ အကြောင်းအရာတွေကို ပြန်လည်မျှဝေပေးပါတယ်။

“ဒီကမ္ဘာကြီးမှာက ဟိုးအရင်တုန်းက Silver Knight လို့ခေါ်တဲ့ ဒဏ္ဍာရီတွင်မယ့် သူရဲကောင်းတစ်ယောက်ရှိခဲ့တယ်။ အဲဒါက မမလေးပဲ။ တစ်နေ့တော့ မမလေးက သေစေနိုင်လောက်တဲ့ ဒဏ်ရာတစ်ခုရခဲ့ပြီးတော့ နောက်ဆုံးအချိန်ရောက်ခါနီးမှာ အိမ်ပေါ်ကနေဆင်းပြေးပြီး ရေမွန်ဆိုတဲ့ ကောင်လေးနဲ့ တွေ့တာပဲ။”

အေမီက မက်ဒါနာကို ဖြစ်ခဲ့သမျှအကြောင်းအရာတွေကို အသေးစိတ်ရှင်းပြတယ်။ အမေရိကကုန်းမြေတိုက်ကို စွန့်လွှတ်ရပြီး ရေမွန်အသက်ရှင်ဖို့ မက်ဒါနာက စတေးခဲ့တဲ့ အကြောင်းတွေ။ သင်္ဘောပေါ်က ပဝါလေးခြုံပြီး လက်ထပ်တဲ့ အကြောင်းတွေအစုံပေါ့။

“နောက်ဆုံးတော့ ရေမွန်က မမလေးရဲ့ဓားကိုကိုင်ပြီး ပိုးကောင်ဘုရင်မကို ချေမှုန်းနိုင်ခဲ့ပေမဲ့ ပိုးကောင်တွေကို တစ်ကောင်မကျန်ချေမှုန်းပစ်ချင်တဲ့စိတ်ကြောင့် လူသားတွေနဲ့ပါ ရန်ဘက်ဖြစ်လာခဲ့တယ်။ လူသားတချို့က တားဆီးရခက်လာတဲ့ သူ့ရဲ့စွမ်းအားကို ကြောက်နေကြပြီး တချို့လူသားတွေကတော့ ပိုးကောင်ဖြစ်သွားတဲ့ သူတို့ရဲ့ ချစ်ခင်ရသူတွေနဲ့ ငြိမ်းချမ်းစွာနေချင်ကြတာ။ အဆုံးသတ်မှာတော့ ရေမွန်က ကမ္ဘာ့ရန်သူတော်ကြီး ဖြစ်သွားပြီး အထီးကျန်သွားခဲ့တာပဲ။”

မက်ဒါနာက ခေါင်းကို ငိုက်စိုက်ချထားလိုက်တယ်။ ရေမွန်က သူ့မူကွဲမဟုတ်ပေမဲ့ သူ့မူကွဲကြောင့် ကမ္ဘာ့ရန်တစ်ယောက် ဖြစ်လာခဲ့တာပါ။ ဒီအတွက် သူအပြစ်မကင်းသလိုမျိုး ခံစားမိတယ်။

“မမလေး။ မမလေး သူနဲ့နေရတာ အသားမကျမှန်း သိပေမဲ့ သူက ပြိုင်ဘက်ကင်းတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ပဲ။ သူ့ကိုသာ မမလေးအနားခေါ်ထားနိုင်ရင် ကျွန်မတို့ကိစ္စလဲ မြန်မြန်အောင်မြင်မှာပဲ။”

အေမီက အကြံပေးလိုက်ပေမဲ့ မက်ဒါနာက ခေါင်းကို ခါယမ်းလိုက်တယ်။ “အေမီ၊ ငါ လူတွေကို မလိမ်ချင်ဘူး။ အထူးသဖြင့် သူ့ကိုပေါ့။ သူက ငါ့ရဲ့မူကွဲကို ချစ်တာလေ။ ငါ့ကိုမဟုတ်ဘူး။ ငါတို့က အရာအားလုံးတူညီလုနီးပါးဆိုပေမဲ့ နောက်ဆုံးမှာ မတူညီတဲ့ လူနှစ်ယောက်ပဲလေ။”

မက်ဒါနာရဲ့စိတ်ထားကြောင့် အေမီငိုင်ကျသွားတယ်။ “ဒီတော့ မမလေးက ဘာလုပ်ချင်တာလဲ။”

“ငါသူ့ကို အမှန်အတိုင်းပြောပြမယ်။ ငါတို့ကို ကူညီခဲ့တဲ့ အတွက်လည်း ကျေးဇူးတင်ချင်တယ်။”

မက်ဒါနာက အိပ်ရာပေါ်ကနေ ထလိုက်တယ်။ အေမီက သိပ်အလိုမကျပုံပေါ်ပေမဲ့ ပြုံးပြလိုက်ပြီး မက်ဒါနာနောက်က လိုက်လာတယ်။ မက်ဒါနာက တံခါးကိုဖွင့်လိုက်ပြီး အပြင်ကို ငေးကြည့်တော့ ရေမွန်က ကျိုးပဲ့နေတဲ့ ငွေရောင်ဓားကို လက်ထဲမှာပိုက်ထားပြီး နံရံကိုမှီလျက် စောင့်နေတာ တွေ့ရတယ်။ မက်ဒါနာကို မြင်လိုက်ရတော့ သူ့မျက်လုံးတွေက တောက်ပလာခဲ့တယ်။

“အစ်မ နိုးလာပြီလား။” ရေမွန်က မျှော်လင့်ချက်အပြည့်နဲ့ မေးလိုက်ပေမဲ့ မက်ဒါနာက တောင်းပန်တဲ့အနေနဲ့ ဦးညွှတ်ရင်း...

“အထင်မှားစေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်မက ရှင့်ရဲ့မက်ဒါနာ မဟုတ်ပါဘူး။”

“....” ရေမွန်က မက်ဒါနာရဲ့အပြုအမူကြောင့် နားမလည်နိုင် ဖြစ်သွားတယ်။

“မဟုတ်တာ... နှစ်တွေအများကြီး ကြာသွားခဲ့ပေမဲ့ ကိုယ်မင်းရဲ့ပုံစံကို မမေ့သေးဘူး။ မင်းရဲ့အသံ၊ ရနံနဲ့ အငွေ့အသက်အားလုံးကို ကိုယ်မှတ်မိတယ်။ မင်းရဲ့ လက်ဗွေတောင်မှ အတူတူပဲလေ။”

ရေမွန်က မက်ဒါနာရဲ့မျက်နှာကို ထိဖို့ကြိုးစားတယ်။ မက်ဒါနာက နောက်ကိုဆုတ်လိုက်ပြီး ခေါင်းခါပြတယ်။

“ကျွန်မက မက်ဒါနာဆိုပေမဲ့ တခြားအပြိုင်ကမ္ဘာတစ်ခုက လာခဲ့တာပါ။ အဲဒီကမ္ဘာမှာ ကျွန်မနဲ့ရှင်က မသိကြပါဘူး။”

အေမီကလည်း ရှေ့ကိုတက်လာပြီးတော့ မက်ဒါနာဖို့ ကူညီပြောပေးတယ်။ “ကျွန်မနဲ့ မမလေးက ကျွန်မတို့ရဲ့ကိုယ်ပိုင်ကမ္ဘာကြီးကို ကယ်တင်ဖို့ အပြိုင်ကမ္ဘာတွေကို ခရီးသွားနေတဲ့သူတွေပါ။ ဒီကမ္ဘာကို မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် ကျွန်မတို့ ရောက်လာခဲ့တာပါ။”

အေမီက သူ့သေနတ်ကို ထုတ်လိုက်ပြီး တစ်ချက်စစ်ကြည့် လိုက်ပါတယ်။ “ဒီနေရာမှာ ရေဒီယိုဓာတ်သတ္တုကြွပမာဏ သိပ်မများဘူးဆိုတော့ ဒီသေနတ်တွေကို သုံးလို့ရပြီနဲ့တူတယ်။ လက်တွေ့ပြလိုက်တာက ပိုကောင်းမှာပါ။”

အေမီက သေနတ်နဲ့နံရံကို ပစ်လိုက်တယ်။ အချိန်နဲ့အာကာသ တည်ရှိမှုက တွန့်လိမ်သွားပြီး ပေါ်တယ်တစ်ခုဖြစ်ပေါ်လာ တယ်။ ပေါ်တယ်က ဂိုင်ယာအာကာသစခန်းကို ချိတ်ဆက် ထားတာဖြစ်ပြီးတော့ အာကာသစခန်းရဲ့ပြတင်းပေါက်က တစ်ဆင့် အနီရောင်ဖြစ်နေတဲ့ ကမ္ဘာဂြိုဟ်ကြီးကို လှမ်းမြင် နေရတယ်။

ရေမွန်ကတော့ ဒူးထောက်ကျသွားတယ်။ “ငါသိနေခဲ့တယ်... ငါ့နှလုံးသားက ငါကိုယ်ငါဘယ်လိုပဲ လိမ်ညာနေခဲ့ပေမဲ့ ဒါက မဖြစ်နိုင်ဘူးဆိုတာ ငါ့ဦးနောက်က သိခဲ့ပြီးသား။ နောက်ဆုံးတစ်ကြိမ် ငါမင်းကိုတွေ့ခဲ့တုန်းက ငါမေးခဲ့သားပဲ။ သူ့ကိုပြန်ခေါ်နိုင်တဲ့ နည်းလမ်းရှိလားဆိုတော့ မရှိဘူးလို့ ဖြေခဲ့တာပဲ။ ကမ္ဘာ့အဆင့်အမြင့်ဆုံး ဉာဏ်ရည်တုက ဘယ်လိုလုပ်ပြီး လိမ်ညာပါ့မလဲ။”

ရေမွန်က အေမီကိုကြည့်ပြီး ငိုကျွေးနေတယ်။ သူပြောတဲ့ အေမီက အခုရှေ့မှာရှိနေတဲ့ အေမီမဟုတ်ဘဲ ဒီကမ္ဘာရဲ့အေမီ ဆိုတာကို မက်ဒါနာသဘောပေါက်မိတယ်။

“ရှင် ဒီကမ္ဘာက အေမီကိုလည်း သတ်ပစ်ခဲ့တယ် မဟုတ်လား။” အေမီက မေးလိုက်တော့ ရေမွန်က ခေါင်းညိတ်ပြခဲ့တယ်။ အေမီက သည်းမခံနိုင်တော့ဟန်နဲ့ လက်ကို ပိုက်ထားရင်း...

“မမလေး၊ ဒီလူက ကယ်မရလောက်အောင် ရူးနေပြီလို့ ပြောရမှာပဲ။ ဒီကမ္ဘာမှာ ကျွန်မတို့အတွက် အကျိုးရှိမယ့် အရာတစ်ခုမှမရှိဘူးဆိုတော့ ပြန်ရအောင်။”

မက်ဒါနာလည်း သက်ပြင်းချလိုက်ရင်း ရေမွန်ကို ငုံကြည့်ကာ စိတ်မကောင်းဖြစ်နေဟန်နဲ့ ပြောလိုက်တယ်။

“ပြန်မလာတော့တဲ့သူကို မျှော်လင့်မနေဘဲ ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်ပါ။ ကျွန်မတို့ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးပါ။”

မက်ဒါနာနဲ့အေမီက ပိတ်လုဆဲဆဲပေါ်တယ်ထဲကို ဝင်ဖို့ ပြင်တယ်။ ဒါပေမဲ့ ရုတ်တရက် တစ်စုံတစ်ယောက်က သူ့လက်ကို ဖမ်းဆွဲထားတာ ခံစားလိုက်ရတဲ့အတွက် လှည့်ကြည့်တော့ ထင်ထားတဲ့အတိုင်းပဲ ရေမွန်ဖြစ်နေတာ တွေ့လိုက်ရတယ်။

“ရှင်ပြောချင်တာ တစ်ခုခုရှိသေးလို့လား။” မက်ဒါနာက စာနာသနားတဲ့လေသံနဲ့မေးတော့ ရေမွန်က ခေါင်းညိတ် ပြလိုက်ရင်း...

“ကျုပ်ရဲ့ချစ်ရသူက ပြန်မလာနိုင်တော့တာ အမှန်ပါပဲ။ ဒါပေမဲ့ ခင်ဗျားကို မြင်လိုက်ရတော့ ကျုပ်တစ်ခုခုကို တွေးလိုက်မိတယ်။ ကျုပ်က ဘယ်တုန်းကမှ ဒီကမ္ဘာမှာ ကောင်းတာလုပ်ဖူးတာ မဟုတ်ဘူး။ ဒါကြောင့် ကျုပ်ကို ပြင်ဆင်ခွင့်ပေးတဲ့အနေနဲ့ ခင်ဗျားနဲ့အတူတူ တိုက်ခိုက်ခွင့် ပေးပါ။”

“တခြားအပြိုင်ကမ္ဘာတစ်ခုကို ကူညီလို့ ရှင့်အတွက် အကျိုးရှိချင်မှရှိမှာနော်။” မက်ဒါနာက မေးလိုက်တော့ ရေမွန်က ခေါင်းခါပြတယ်။

“အပြန်အလှန်အနေနဲ့ ခင်ဗျားရဲ့ကမ္ဘာကို ကယ်တင်ပြီးတဲ့အခါ ကျုပ်ကိုသတ်ပေးပါ။ ဒီကမ္ဘာကို ဖျက်ဆီးခဲ့တဲ့ ကျုပ်အတွက် အထိုက်တန်ဆုံးအပြစ်က ဒါပါပဲ။”

မက်ဒါနာကတော့ ခေါင်းခါလိုက်ပြီး “ဟင့်အင်း၊ အဲဒီအစား ငါက ဒီကမ္ဘာကြီးကိုလည်း အလားတူကယ်တင်ပေးမယ် ဆိုရင်ရော။”

မက်ဒါနာဆီကနေ ရည်မှန်းချက်ကြီးမားလှတဲ့ စကားကို ကြားလိုက်ရတဲ့နောက် ရေမွန်က မက်ဒါနာရှေ့မှာ ဒူးတစ်ဖက် ထောက်ပုံစံ ထိုင်လိုက်ပြီး မက်ဒါနာရဲ့လက်ကို သခင်မလေး တစ်ယောက်လို နမ်းလိုက်တယ်။

“ခင်ဗျားက ကျုပ်ရဲ့အမှားတွေကို ပြင်ဆင်ခွင့်ပေးမယ် ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ဒီနေ့ကစပြီး ခင်ဗျားက ကျုပ်ရဲ့သခင်ပါပဲ။”

ရေမွန်က သူ့ကိုယ်သူ မက်ဒါနာရဲ့စစ်သူရဲအဖြစ် ကြေညာ လိုက်တယ်။ အေမီကတော့ ဘေးကနေ လက်ခုပ်တီးနေရင်း

“ဒါမှ ကျွန်မရဲ့မမလေး။”လို့ အားပေးလိုက်လေရဲ့။

All Chapters