အခန်း (၂၅၃)
Vol. 17 Ch. 253
ပတ်ဝန်းကျင်မှလူတိုင်း ကျက်သေသေသွားကြ၏။
မည်သူမှ ယန်ဝူဒေါင်ရဲ့ ပြိုင်ဘက်မဖြစ်နိုင်တော့ဘူးလား..?
“ရွှမ်ယီ… ငါတို့ ရွှမ်ယီ အပေါ်မှာ မျှော်လင့်လို့ရသေးတယ်…”
လူတိုင်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြ၏။မူလဘုရင်အဆင့်ဇယားမှ ကျန်သောလူများကိုထားဘိ။ ဝူဝမ်တျန် ပင်လျှင် ရှုံးနိမ့်ခဲ့ရသည်။
ယခုတွင် မူလဘုရင်အဆင့်ဇယားမှ နံပါတ် (၁) ဖြစ်သော ရွှမ်ယီ အပေါ်တွင်သာ မျှော်လင့်ရန်ကျန်တော့၏။ရွှမ်ယီက မြောက်ပိုင်းတိုက်ကြီးမှလာသော လှံနတ်ဘုရားအား ရင်ဆိုင်ရာတွင် တောင်ပိုင်းတိုက်ကြီးအတွက် နောက်ဆုံးမျှော်လင့်ချက် ဖြစ်ပေသည်။
အကယ်၍သူသာရှုံးသွားလျှင်မူ…
မြောက်ပိုင်းတိုက်ကြီးမှ လှံနတ်ဘုရားအား တောင်ပိုင်းတိုက်ကြီးတွင် ချေမှုန်းနိုင်မည့်လူ မည်သူမှ မရှိတော့ပေ။
ယန်ဝူဒေါင်၏ အစွမ်းထက်လှံပညာက လူများစွာတို့၏ အာရုံအားဆွဲဆောင်နိုင်ခဲ့သည်။ယခုတွင် သူကတောင်ပိုင်းတိုက်ကြီး၌ အလွန်ကျော်ကြားနေပြီဖြစ်၏။
သူတောင်ပိုင်းတိုက်ကြီးသို့ ပထမဆုံးရောက်လာချိန်တွင် မည်သူမှ သူ့အားမသိသေးချေ။ယခုတွင် သူ့အား တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးနီးပါး သိနေပြီဖြစ်၏။သူတောင်ပိုင်းတိုက်ကြီးသို့ရောက်လာသည်မှာ (၁)လပင်မပြည့်သေးကြောင်း သိထားရန်လိုအပ်သည်။
အချိန်အားတွက်ကြည့်မည်ဆိုလျှင် ရွှမ်ယီ ဓါးရူးအား အနိုင်ယူခဲ့သည့်အချိန်မှစ၍ (၂)လသာကြာသေး၏။
ထို (၂)လအတွင်း ယန်ဝူဒေါင်က ပထမဆုံးအနေဖြင့် ဓါးရူးအား အနိုင်ယူခဲ့ကာ တဖြည်းဖြည်းဆက်လက်ကျော်ကြားလာခဲ့သည်။
သို့သော် ရွှမ်ယီ၏ သတင်းကတော့ လုံးဝ ပျောက်ကွယ်နေခဲ့၏။ဗဟိုသူတော်စင်အကယ်ဒမီမှ ဓါးတာအို တံခါးဖွင့်သင်တန်းပြီးသည့်နောက် ရွှမ်ယီအား မည်သူမှမတွေ့ရတော့ချေ။
အကြောင်းမှာ ရွှမ်ယီက တစ်ချိန်လုံး ၎င်း၏အိမ်တွင် အဆင့်ချိုးဖျက်ရန် ကြိုးစားနေသောကြောင့်ဖြစ်သည်။
သူ ဘုရင်အဆင့်သို့ရောက်ရှိပြီးနောက် အဆင့်တစ်ဆင့်မှတစ်ဆင့်သို့ ချိုးဖျက်ရန် အလွန်ခက်ခဲလာခဲ့သည်။အထူးသဖြင့် လူသားဘုရင်အဆင့်သို့ ချိုးဖျက်ရန်ကြိုးစားချိန်တွင်ဖြစ်၏။သူ၏ ခွန်အားက လူသားဘုရင်အဆင့်သို့ ဖြတ်ကျော်ရောက်ရှိနေပြီဖြစ်သော်လည်း ကျင့်ကြံဆင့်ကမူ မူလဘုရင်အဆင့်၌သာ ရှိနေသေးသည်။
ရွှမ်ယီက လူသားဘုရင်အဆင့်သို့ရောက်ရှိရန် အလွန်နီးကပ်နေပြီဖြစ်သော်လည်း တစ်ချိန်တည်းတွင် အလွန်ဝေးကွာနေသလိုဖြစ်နေ၏။
၎င်းက ခြေတစ်လှမ်းမျှသာဖြစ်သော်လည်း ထိုခြေတစ်လှမ်းအကွာအဝေးက အလွန်ကြီးမားနေပြီး မဖြတ်ကျော်နိုင်သေးချေ။
(၂)လကြာတံခါးပိတ်ကျင့်ကြံနေပြီးနောက် ရွှမ်ယီအနေဖြင့် ရွေးချယ်စရာမရှိတော့ပဲ ပြင်ပသို့ပြန်လည်ထွက်ခွာလာခဲ့ရသည်။သူ၏ စိတ်ဝိညာဉ်အနှစ်သာရများကို ပေါင်းစည်းထားခဲ့ပြီး ဖြစ်သော်လည်း သူ၏ ကျင့်ကြံဆင့်က အနည်းငယ်မျှ တိုးတက်မလာခဲ့ပေ။သူ၏အရှိန်အဝါအား အဆုံးအစွန်အထိ ထုတ်ဖေါ်လိုက်မည်ဆိုလျှင် လူသားဘုရင်အဆင့် အရှိန်အဝါကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။ပြောရမည်ဆိုလျှင် ရွှမ်ယီ၏ အဆင့်က ဝူဝမ်တျန် ထက်ပင် လူသားဘုရင်အဆင့်နှင့် နီးကပ်နေချေပြီ။
သို့သော် ရွှမ်ယီ၏ အဆင့်ချိုးဖျက်မှုအား တစ်စုံတစ်ရာက အမြဲတစေ ဟန့်တားနေခဲ့၏။
ရွှမ်ယီ ခါးသီးစွာ အားထုတ်ကြိုးစားခဲ့သော်လည်း အချည်းအနှီးပင်ဖြစ်နေသောကြောင့် ကြိုးစားနေခြင်းအားရပ်တန့်ပြီး ပြင်ပသို့ပြန်လည်ထွက်ခွာလာခဲ့ခြင်းဖြစ်၏။
ယခုတွင် သူက ဗဟိုသူတော်စင်အကယ်ဒမီမှ လက်ထောက်ဌာနမှုး ဖြစ်နေပြီဖြစ်၏။ယခင်နည်းပြဆရာတစ်ဦး ဖြစ်ခဲ့စဉ်က ဝင်ထွက်ခွင့်မရှိခဲ့သော နေရာများကိုလည်း ဝင်ထွက်နေနိုင်ပြီဖြစ်သည်။
ထိုအထဲတွင် အကယ်ဒမီမှ စာကြည့်တိုက်၏ထိပ်ဆုံးအထပ် အပါဝင် နေရာအများအပြားပါဝင်၏။
ရွှမ်ယီက ထိုနေရာများအား ဤရက်ပိုင်းအတွင်း လှည့်လည်သွားရောက်ခဲ့သော်လည်း နည်းလမ်းရှာမတွေ့ခဲ့ပေ။
ဤသို့ဖြင့် ဌာနမှူးရုံးခန်းသို့ရောက်လာခဲ့၏။
ဌာနမှူးက လူသားဘုရင်အဆင့် အထွတ်အထိပ်တွင် ရောက်ရှိနေပြီဖြစ်ပြီး ဗဟိုသူတော်စင်အကယ်ဒမီမှ အစွမ်းထက်ဆုံးကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သည်။ကျင့်ကြံမှုနှင့်ပတ်သက်သည့် ဗဟုသုတများတွင်ဖြစ်စေ ၊ တိုက်ခိုက်ရေးစွမ်းအားတွင်ဖြစ်စေ ဌာနမှူးက ရွှမ်ယီထက် သာလွန်ပေသည်။
ရွှမ်ယီ၏ လက်ရှိ တိုက်ခိုက်နိုင်စွမ်းက လူသားဘုရင်အထွတ်အထိပ်အဆင့်တစ်ယောက်နှင့် မယှဉ်နိုင်သေးသောကြောင့် သဘာဝအတိုင်းသူက ဌာနမှူးထက်နိမ့်ကျနေသေးသည်။
ရွှမ်ယီ၏ အမြင်တွင် ဝါရင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် ဌာနမှူးက သူဖြတ်ကျော်ခဲ့သည့် အဆင့်များအပေါ်တွင် နက်ရှိုင်းသော နားလည်မှုများ ရှိသင့်သည်။
လက်ရှိသူဖြစ်နေသော ပြဿနာများအား ဖြေရှင်းပေးနိုင်မည်လော…?
“ရွှမ်ယီ စိတ်ပူမနေနဲ့…”
ဌာနမှူးက ဗဟိုသူတော်စင်အကယ်ဒမီမှ သက်ရှိရတနာတစ်ဦးဟု တင်စားရလောက်သူဖြစ်ထိုက်ပေသည်။
သူက ရွှမ်ယီအား ကြည့်လိုက်ပြီး ခေါင်းအနည်းငယ်ယမ်းကာ ပြုံးပြလိုက်၏။
“လက်ရှိ မင်းရဲ့အခြေအနေအရဆိုရင် လူသားဘုရင်အဆင့်ကို ရောက်သင့်နေပြီ… ပြောရမယ်ဆိုရင် လူသားဘုရင်အဆင့်ကို အလွယ်တကူချိုးဖျက်နိုင်သင့်တယ်… ဒါပေမယ့် မင်းပြင်းပြင်းထန်ထန်ကြိုးစားနေခဲ့တာတောင်မှ မအောင်မြင်ခဲ့ဘူး မဟုတ်လား… အဲ့ဒါဘာကြောင့်လဲဆိုတာသိချင်လား…”
ဌာနမှူးက ၎င်း၏ မုတ်ဆိတ်ရှည်များအား ပွတ်သပ်ကာပြောလိုက်၏။
“ဘာလို့လဲ…”
ရွှမ်ယီ အံ့ဩသွားသည်။ သူက ဌာနမှူးအားကြည့်လိုက်၏။ဌာနမှူးအနေဖြင့် သူ့အား အကြံအညာဏ်များပေးနိုင်မည်ဟု ထင်ထားသော်လည်း များစွာမျှော်လင့်ထားခဲ့ခြင်းမရှိချေ။
“မင်းကိုကြည့်ရတာ အရမ်းအလျင်လိုနေခဲ့ပုံပဲ…”
ဌာနမှူးက ရွှမ်ယီအား လေးနက်စွာစိုက်ကြည့်လိုက်ပြီး
“လူသားဘုရင်အဆင့်ကို ကျော်ဖြတ်ဖို့အတွက်က ခန္ဓာကိုယ်အပေါ်မှာပဲ မူတည်နေတာမဟုတ်ဘူး… မင်းရဲ့စိတ်အခြေအနေအပေါ်မှာလဲ အများကြီး သက်ဆိုင်တယ်… မင်းမှာ စိုးရိမ်မှုတွေများနေလေလေ အောင်မြင်ဖို့ရာခိုင်နှုန်းနည်းလေပဲ…”
ဘုန်း…
ဌာနမှူး၏စကားများက ရွှမ်ယီ၏စိတ်ထဲတွင် မိုးခြိမ်းသွားသကဲ့သို့ပင်။
ရွှမ်ယီက နားလည်နိုင်စွမ်းညံ့ဖျင်းသူမဟုတ်ချေ။ဌာနမှူး၏စကားဆုံးသည်နှင့် သူ၏လိုအပ်ချက်ကို ချက်ချင်းနားလည်သွားသည်။
ထိုကိစ္စက ဂရုစိုက်ရန်လိုအပ်သော ကိစ္စတစ်ခုဖြစ်၏။
ပြဿနာက သူသုံးစွဲခဲ့သော ဆေးလုံးများအပေါ်တွင် မူတည်နေဟန်ရသည်။ရီဝေဝေပန်းလီလီမြက်မှ ဖော်စပ်ခဲ့သည့် ထိပ်တန်းအဆင့်ဆေးလုံးက အလွန်အစွမ်းထက်သည်ဖြစ်ရာ သူ့အား အထွတ်အထိပ်မူလဘုရင်အဆင့်သို့ တိုက်ရိုက်ရောက်သွားစေခဲ့သည်။ထို့နောက် ဇင်ယွမ်ဆေးလုံးများအား အသုံးပြုကာ လူသားဘုရင်အဆင့်နှင့် နီးကပ်လာသော်လည်း သူ၏စိတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍မူ လိုအပ်နေဆဲဖြစ်၏။
၎င်းက ဆေးလုံးများဖြင့် ဖန်တီးယူ၍ရသော ကိစ္စမျိုးမဟုတ်ပေ။
“ကောင်းပြီ…ငါမင်းကို အကြံတစ်ခုပေးမယ်… အပြင်လောကမှာ အနည်းအပါးလှည့်လည်သွားလာကြည့်… မင်းရဲ့သက်တမ်းက အရှည်ကြီးကျန်သေးတယ်… ဒါကြောင့် အရမ်းအလျင်လိုမနေနဲ့…”
ဌာနမှူးက စကားဆုံးသည်နှင့် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကာ လက်ဖက်ရည်ခွက်အားကောက်ယူပြီး တစ်ငုံမော့သောက်လိုက်သည်။
ရွှမ်ယီ၏ မျက်လုံးများ တောက်ပလာခဲ့၏။
“ဌာနမှူးပြောချင်တဲ့စကားကို ကျုပ်နားလည်ပြီ…ဒါကြောင့် မကြာခင် ပြင်ပကမ္ဘာကို ခနလောက်ခရီးထွက်လိုက်ဦးမယ်…”
လူသားဘုရင်အဆင့်ကို အလွန်ချိုးဖျက်ဝင်ရောက်လိုစိတ်ကြောင့် သူဝါးနိုင်သည်ထက် ပိုဝါးခဲ့သည်ကို ရွှမ်ယီ နားလည်လိုက်သည်။
ထို့နောက် ခေါင်းငုံ့ကာ ဌာနမှူးရုံးခန်းအတွင်းမှ ပြန်လည်ထွက်ခွာလာခဲ့၏။
ဌာနမှူးက ထွက်ခွာသွားသော ရွှမ်ယီ၏ နောက်ကျောအား စိုက်ကြည့်နေခဲ့သည်။ထို့နောက် ရှုပ်ထွေးနေသော မျက်လုံးများဖြင့် လက်ဖက်ရည်ခွက်အား ချထားလိုက်သည်။
‘တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးကို ကြည့်လိုက်ရင်တောင် အသက် (၂၀) ကျော်အရွယ်နဲ့ လူသားဘုရင်အဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားနေတဲ့လူ ဘယ်နှစ်ယောက်များရှိနိုင်မလဲ…’
‘ဘယ်လောက်ပဲ ပါရမီပါတဲ့လူဖြစ်ပါစေ အသက် (၂၀) ကျော်အရွယ်မှာ အလွန်ဆုံးအနေနဲ့ မူလဘုရင်အဆင့်ကိုပဲ ရောက်နိုင်လိမ့်မယ်… ဒါပေမယ့် ရွှမ်ယီက သူတို့တွေနဲ့မတူဘူး… သူ့ရဲ့စွမ်းအားတွေက သက်တူရွယ်တူကျင့်ကြံသူတွေအားလုံးထက် သာလွန်တယ်… အခုသူက လူသားဘုရင်အဆင့်ကိုတောင် ရောက်တော့မယ်…’
“ဒီကောင်လေး… မဟုတ်တာနဲ့သက်သက် စိတ်ရှုပ်ခံနေတာပဲ… ဒီအဘိုးကြီးတောင်မှ အသက် (၂၀) ကျော်အရွယ်တုန်းက အခြေတည်ဝိညာဉ်အဆင့်မှာပဲ ရှိဦးမယ်…”
ဌာနမှူးက မချိပြုံး ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
သူ၏စိတ်ထဲတွင် ပြင်ပကမ္ဘာမှ ရွှမ်ယီပြန်ရောက်လာသောအခါ လူသားဘုရင်အဆင့်သို့ ကျော်ြဖတ်ပြီးဖြစ်နေလိမ့်မည်ဟု ခံစားနေမိ၏။ထိုအခါ ရွှမ်ယီ၏ခွန်အားက အဆင့်သစ်တစ်ခုသို့ရောက်သွားမည်ဖြစ်ကာ ထိုအချိန်ကျလျှင် သူပင် ယှဉ်နိုင်တော့မည်မဟုတ်ပေ။
သူကအရမ်း မွန်းစတား ဆန်လွန်းတယ်…