အခန်း (၂၄၁)
Vol. 17 Ch. 241
တိုက်ပွဲ…!
စုကျင်း၏ မျက်၀န်းများက ကြည်လင်နေသော်လည်း စိတ်လှုပ်ရှားနေခဲ့၏။ ဤသို့ဖြင့် သူက စတင် တိုက်ခိုက်လိုက်သည်။
ရွှမ်ယီ ထုတ်ဖော်ပြသထားသည့် စွမ်းအားများအောက်တွင် ဖိအားခံစားနေရ၏။
ဘုန်း…
ရွှမ်ယီက စုကျင်း၏ တိုက်ခိုက်မှုအား တုန့်ပြန်သည့် အနေဖြင့် ဓားတစ်ချက် လွှဲခုတ်လိုက်သည်။
စူးရှတောက်ပသော ဓားအလင်းက စုကျင်း၏ တိုက်ခိုက်မှုကို ကွဲကြေပျက်စီးသွားစေပြီးနောက် စုကျင်းရှိရာသို့ ဆက်လက်တိုး၀င်သွား၏။
“ ရပ်လိုက်…”
ဌာနမှူး နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး စုကျင်းရှေ့၌ ပေါ်လာခဲ့သည်။ သူက ဓားစွမ်းအား လက်ကျန်အား လက်တစ်ဖက်ဝှေ့ယမ်းပြီး တားဆီးလိုက်၏။
ထို့နောက် သူ့မျက်၀န်းများထဲ၌ မယုံကြည်နိုင်မှုများ ဖြစ်ပေါ်လာခဲ့သည်။ လက်ဖြင့် ဓားစွမ်းအား ထိတွေ့ရာ၌ တုန်ခါသွားပြီး အနည်းငယ်နာကျင်သွားခဲ့၏။
ရွှမ်ယီ၏ တိုက်ခိုက်နိုင်စွမ်းက အထွတ်အထိပ်လူသားဘုရင်နား ရောက်တော့မည်လော။
သူ၏ ခံစားမှုအပေါ်အခြေခံ၍ ရွှမ်ယီနှင့်ပတ်သက်ပြီး မှန်းဆမှုတစ်ချို့ ရှိနေသည်။
ယခင်တုန်းက ရွှမ်ယီ တစ်ခါမှ မတိုက်ခိုက်ခဲ့ပေ။ ယခု တိုက်ခိုက်လိုက်စဉ်တွင် သူ၏ ကျင့်ကြံအဆင့်က မူလဘုရင်အဆင့်တွင်သာရှိသေးသော်လည်း ခွန်းအားက လူသားဘုရင် အထွတ်အထိပ်အဆင့်နား ကပ်နေချေပြီ။
ရွှမ်ယီက သူ၏ စွမ်းအားများအားလုံး ပြန်လည်ရုတ်သိမ်းလိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးကာ လက်သီးဆုပ်၍ စုကျင်းထံသို့ လေးစားမှုပြလိုက်သည်။
လက်ရှိတွင် သူ့စွမ်းအားနှင့်ပတ်သက်၍ အလွန်စိတ်ကျေနပ်နေ၏။
စုကျင်းက မချိပြုံးပြုံးပြီး ခေါင်းအနည်းငယ်ယမ်းလိုက်သည်။ စီနီယာ လူသားဘုရင်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း ရွှမ်ယီရှေ့၌ စိတ်ဓာတ်ကျသွားသလိုခံစားခဲ့ရ၏။
ဌာနမှူက ရွှမ်ယီအား စူးရှတောက်ပစွာ ကြည့်လိုက်သည်။
“ မင်း လူသားဘုရင်အဆင့်ကို ရောက်သွားတာနဲ့ အထွတ်အထိပ် လူသားဘုရင်အဆင့်ကိုတောင် အနိုင်တိုက်နိုင်လောက်မယ်…”
“ အဲ့အချိန်ကျရင် ဒီအဘိုးကြီးတောင် မင်းကို ယှဉ်နိုင်မယ်မထင်ဘူး…”
“နန်မင်မျှော်စင် မင်းကို မူလဘုရင်အဆင့်ဇယား နံပါတ်(၁) အဖြစ်သတ်မှတ်ထားတာနဲ့ပတ်သက်ပြီး ပြင်ပကမ္ဘာမှာ အငြင်းပွားမှုတွေ အများကြီးရှိနေတယ်…”
“ အရှေ့ပိုင်းငြိမ်းခြမ်းရေးနယ်မြေမှာ မင်းပြခဲ့တဲ့ စွမ်းအားက မူလဘုရင်အဆင့်နံပါတ်(၁) မဖြစ်သင့်ဘူးလို့ လူတစ်ချို့က ယုံကြည်နေကြတယ်… အဲ့တုန်းက မင်းထုတ်ပြခဲ့တဲ့ စွမ်းအားက လူသားဘုရင်အစောပိုင်းအဆင့်ဘဲ ရှိသေးတယ်… မူလဘုရင်အဆင့်ဇယားမှာ ပါ၀င်နိုင်တဲ့လူတိုင်း အစောပိုင်းလူသားဘုရင်အဆင့်တိုက်ခိုက်နိုင်စွမ်းရှိပြီး အစောပိုင်းမူလဘုရင်အဆင့် ကျင့်ကြံသူ အများစုထက်သန်မာတယ်… အဲ့တာကြောင့် လူအများစုက မင်းကို ဝူ၀မ်တျန် နဲ့ အန်းယုတာအိုလောက် သန်မာမယ်လို့ မထင်ကြဘူး…”
“ မင်းက မူလဘုရင်အဆင့် ဇယားမှာ သတ်မှတ်ခံရလောက်အောင် သန်မာတယ်ဆိုရင်တောင် နံပါတ်(၁) မဖြစ်ဘူးလို့ ယူဆနေကြတယ်…”
“ ဒါပေမယ့် မင်းရဲ့ အစစ်အမှန်ခွန်အားက နံပါတ်(၂) နေရာက လူထက် အများကြီးသာလွန်နေတယ်… ဒါကိုတော့ ငါတို့ကလွဲပြီး ဘယ်သူမှ မသိလောက်ဘူး….”
“ အင်း… နန်မင်မျှော်စင်.. သူတို့မှာ နည်းလမ်းတချို့ ရှိလောက်မယ်…”
ရွှမ်ယီက သူ့အတွက် အမြဲတစေ အံ့ဩမှုများ ယူဆောင်လာခဲ့ပြီး တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုပင်။
ဌာနမှူး အနည်းငယ်စဉ်းစားလိုက်သည်။ ရွှမ်ယီ၏ ခွန်အားကို မြင်ပြီးနောက် သူဆုံးဖြတ်ပြီးဖြစ်၏။
ခွန်အားဖြစ်စေ ၊ အလားအလာဖြစ်စေ အလွန်ကောင်းမွန်လွန်းနေပြီး ချွင်းချက်အနေဖြင့် လက်ထောက် ဌာနမှူး ဖြစ်လာစေ၍ရသည်။
ထို့အပြင် သူက တောင်ပိုင်းတိုင်ကြီး၏ မူလဘုရင်အဆင့်၌ အစွမ်းထက်ဆုံးလူလည်းဖြစ်ပေသည်။ သူ၏ ပုံရိပ်ဖြင့်ဆိုလျှင် ဗဟိုသူတော်စင်အကယ်ဒမီလည်း လက်ရှိအခြေအနေထက် အနည်းငယ်မြင့်တက်သွားပေလိမ့်မည်။
“ ရွှမ်ယီ…”
ဌာနမှူးက ရွှမ်ယီအနားသို့ကပ်လာပြီး တောက်ပစွာ စိုက်ကြည့်လိုက်သည်။
“ ဒီနေ့ကစပြီး မင်းက ဗဟိုသူတော်စင်အကယ်ဒမီရဲ့ (၆)ယောက်မြောက် လက်ထောက်ဌာနမှူးဘဲ…”
“ ဒါက မင်းရဲ့ သက်သေခံ အထောက်အထား…”
ထို့နောက် လေးနက်သော အမူအရာဖြင့် ကျောက်စိမ်းပြားလေးတစ်ခု ကမ်းပေးလိုက်၏။
ရွှမ်ယီက အနည်းငယ်ထိတ်လန့်သွားပြီး စုကျင်းအားလှမ်းကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က ဌာနမှူးထံသို့ရောက်သွားကာ နောက်ဆုံး ကျောက်စိမ်းပြားလေးပေါ်၌ အဆုံးသတ်သွား၏။
ထိုကျောက်စိမ်းပြားလေးက နည်းပြဆရာ သက်သေခံအထောက်အထားနှင့် ပုံစံအတူတူပင်။
ရွှမ်ယီအနေဖြင့် ထိုကျောက်စိမ်းပြားလေးအတွင်းသို့ ၎င်း၏ စိတ်ဝိညာဉ်စွမ်းအားနှင့် အရှိန်အဝါ အနည်းငယ်ထည့်သွင်းပေးရန်လိုအပ်ပြီး ထိုအခါ လက်ထောက်ဌာနမှူးရာထူးက သူနှင့် ချည်နှောင်ပြီးသား ဖြစ်သွားပေလိမ့်မည်။
“ လက်ထောက်ဌာနမှူး…! “
ရွှမ်ယီက တခဏမျှ စဉ်းစားလိုက်သော်လည်း ငြင်းဆန်ခြင်းမပြုဘဲ လက်ခံလိုက်၏။
ဗဟိုသူတော်စင် အကယ်ဒမီက အလွန်ကျယ်၀န်းလှသည်။ အကယ်ဒမီအတွင်း၌ တားမြစ်နေရာများစွာရှိနေပြီး တချို့နေရာများတွင် နည်းပြဆရာများကိုပင် ၀င်ခွင့်တားဆီးထား၏။
လက်ထောက် ဌာနမှူးရာထူးနှင့်ဆိုလျှင် ထိုကိစ္စများ ပြေလည်သွားပေလိမ့်မည်။
မည့်သို့ပင်ဖြစ်စေ သူ့ဘက်မှ အရှုံးမရှိသောကြောင့် လက်ခံလိုက်၏။
ဤသို့ဖြင့် ရွှမ်ယီက ဗဟိုသူတော်စင်အကယ်ဒမီသမိုင်း၌ အသက်အငယ်ဆုံး လက်ထောက် ဌာမှူးအဖြစ် မှတ်တမ်းတင်သွားလေသည်။
ဌာနမှူးနှင့် စုကျင်းတို့ ကျေနပ်နေသော မျက်၀န်းများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
လူတိုင်း ရွှမ်ယီ၏ ခွန်အားကို လျော့တွက်ထားကြသည်။
ပြင်ပကမ္ဘာတွင် ရွှမ်ယီ၏ တိုက်ခိုက်နိုင်စွမ်းအား အစောပိုင်းလူသားဘုရင်အဆင့်ဖြစ်သာ သိထားကြ၏။
သို့သော် ရွှမ်ယီ၏ အစစ်အမှန် ခွန်အားက လူသားဘုရင်အထွတ်အထိပ်အဆင့်သို့ ကပ်နေပြီဖြစ်ပြီး သူက ဗဟိုသူတော်စင်အကယ်ဒမီမှဖြစ်ပေသည်။
သူတို့(၂)ယောက်လုံး ထိုကိစ္စအား လူသိရှင်ကြား ထုတ်ဖော်ပြောကြားမည်မဟုတ်ပေ။
အကယ်၍ တစ်စုံတစ်ယောက်က ရွှမ်ယီအား ရန်စတိုက်လိုက်လာပါက လုံး၀ စပရိုက်ဖြစ်သွားပေလိမ့်မည်။
……
ထိုအချိန်တွင် သူတော်စင်ဒေသ အရှေ့ပိုင်း ၊ ယုမိသားစု
မိသားစုထံမှ ဆင့်ခေါ်မှုကြောင့် ပြန်လည်ရောက်ရှိလာသည့် လူငယ်မျိုးဆက်များအားလုံး ကြီးကျယ်ခမ်းနားသော ယုမိသားစု ဟောခန်းကြီးအတွင်း စုရုံးရောက်ရှိနေကြသည်။
ယုလင်းလုံ ခန်းမအတွင်းရောက်လာချိန်တွင် ဂုဏ်ယူနေသောမျက်နှာဖြင့် တစ်ယောက်စီတိုင်းကို ချီးမွမ်းစကားဆိုနေသည့် မိသားစုခေါင်းဆောင်အား တွေ့လိုက်ရ၏။
ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ ယုလင်းလုံက တိတ်တဆိတ်၀င်လာခဲ့ပြီး အဆင်ပြေသောနေရာတစ်ခု၌ ၀င်ထိုင်နေလိုက်သည်။
ယုမိသားစု ဘိုးဘေးက တိတ်တဆိတ် ၀င်ရောက်လာသော ယုလင်းလုံအား သတိထားမိလိုက်၏။ သူ့ မျက်နှာထက်မှ အပြုံးက ပိုမိုကျယ်ပြန့်လာလေသည်။
….
ယုမိသားစုက သူတော်စင်ဒေသ အရှေ့ပိုင်းနယ်မြေ၏ အုပ်စိုးသူ ဖြစ်သည့်အားလျော်စွာ မိသားစုခေါင်းဆောင်ကလည်း အားနည်းခြင်းအလျဉ်းမရှိပေ။
ဟောခန်းမကြီးအတွင်း၌ လူများစွာ ပြည့်နေသည့်တိုင် သူက တိတ်ဆိတ်စွာဖြင့် အသာအယာ၀င်ရောက်လာသည့် ယုလင်းလုံအား သတိထားမိခဲ့သည်။
ယုလင်းလုံက တိတ်ဆိတ်စွာဖြင့် ၀င်လာသည်ကို တွေ့လိုက်လျှင် မိသားစုခေါင်းဆောင် အနည်းငယ် မပျော်မရွှင်ဖြစ်သွား၏။
သို့သော် သူမ စိတ်ကြိုက်နေရာတွင်ထိုင်ပြီး စားသောက်နေသည်အား ခွင့်ပြုထားလိုက်သည်။
ထိုကလေးမက ငယ်စဉ်ကတည်းက ဂျစ်ကန်ကန်ဖြင့် ပုန်ကန်တတ်သူတစ်ဦးဖြစ်၏။ စည်းကမ်းလိုက်နာမှု မရှိခြင်းက တစ်နေ့တွင် ဘေးတွေလိမ့်မည်ဟု မိသားစုခေါင်းဆောင် ယုံကြည်ထားခဲ့သည်။
ဤသို့ဖြင့် ယုလင်းလုံအား ဗဟိုသူတော်စင် အကယ်ဒမီသို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့၏။
သို့သော် သူမက အကယ်ဒမီသို့ရောက်သည့်တိုင် နာခံလိုခြင်းအလျဉ်းမရှိဘဲ သူတို့စီမံထားမှုများအား ငြင်းပယ်ကာ စိတ်ကြိုက်ဆရာတစ်ယောက် ရွေးချယ်ခဲ့သည်။
အစပိုင်းတွင် မိသားစုခေါင်းဆောင် အလွန်ဒေါသထွက်ခဲ့သော်လည်း ရွှမ်ယီ ခွန်အားနှင့် နောက်ခံတို့အား သိရှိလိုက်ပြီးနောက် သူတို့စီမံမှုအပေါ် ကလန်ကဆန်လုပ်ခဲ့ခြင်းအား စိတ်သက်သာရာရသွားခဲ့သည်။
သူ့မျက်လုံးထဲတွင် ယုလင်းလုံအား ယခင်ထက် များစွာနှက်သက်လာခဲ့၏။
ယုမိသားစုတစ်ခုလုံးတွင် ကောင်းကင်ဘုရင်အဆင့်တစ်ဦးတည်းသာရှိပေသည်။
ယုလင်းလုံထံ၌ ထိုအဆင့် ကျွမ်းကျင်သူမျိုးနှင့် အဆက်အသွယ်ရှိနေသည်ဖြစ်ရာ မည်မျှပင် စည်းကမ်းမလိုက်နာပြီး ပုန်ကန်တတ်သည်ဖြစ်စေ လျစ်လျူရှုထားပေလိမ့်မည်။
ယနေ့ မိသားစု စုဝေးပွဲကျင်းပရခြင်းမှာ ယုလင်လုံအား မိသားစုထံသို့ ခေတ္တပြန်ခေါ်ရန်အတွက် သင့်လျော်သော အကြောင်းပြချက်ပေးရန်ဖြစ်သည်။ ထို့အပြင် အဓိကအချက်က သူမအား ဆုချီးမြှင့်ရန်ဖြစ်၏။
ယုမိသားစုမှ လူငယ်မျိုးဆက်တိုင်းအား အရင်းအမြစ်ခွဲဝေပေးမည်ဖြစ်သော်လည်း ယုလင်းလုံစိတ်ကျေနပ်မည်မှာ သေချာသည်။