အခန်း (၂၄၂)
Vol. 17 Ch. 242
“ ယုဟွိုင်.. မင်းရဲ့ တိုးတက်မှုက တော်တော်လေးကောင်းတယ်.. အခြေတည်ဝိညာဉ်အဆင့်(၇)တောင်ရောက်နေပြီ.. အရမ်းကောင်းတယ်…”
သူ့ အစီအစဉ်အား တခြားသူများ သတိမထားမိစေရန် အဆက်မပြတ်ကြိုးစားနေခဲ့ပြီး ယုလင်းလုံထံသို့ တချက်တချက် လှမ်းကြည့်ကာ ဘာဆုချရင်ကောင်းမလဲ တွေးတောနေခဲ့၏။ လက်ရှိအချိန်တွင် သူအရမ်းပျော်နေသောကြောင့် လူတိုင်းကို ချီးမွမ်းကာ ခေါင်းညိတ်ပြပြီး ပုခုံးများလိုက်ပုတ်နေလေသည်။
ထိုအပြုအမူက လူငယ်တိုင်း၏ နှလုံးသားအား လှုပ်ခတ်သွားစေသည်။ သူတို့ အလွန်ဂုဏ်ယူမိ၏။ မျက်နှာများပင် နီရဲနေကာ အတော်မသတ်နိုင်အောင် ပြုံးနေခဲ့ကြသည်။
တစ်ဖက်တွင် ယုဂန်က မိသားစုခေါင်းဆောင် သူ့ထံသို့ ရောက်လာမည့်အချိန်အား စောင့်မျှော်ရင်း အသာအယာပြုံးကာ မတ်တပ်ရပ်လိုက်သည်။
သူက ယုမိသားစု၏ နံပါတ်(၁) ပါရမီရှင်ဖြစ်ပြီး မိသားစုအတွင်းမှ လူငယ်တိုင်းနီးပါ၏ စံပြပုဂ္ဂိုလ်လည်းဖြစ်ပေသည်။ ၎င်း၏ ခွန်းအားအရဖြစ်စေ ၊ စည်းကမ်းလိုက်နာမှုကြောင့်ဖြစ်စေ လူတိုင်းထံမှ လေးစားမှုရနေသူတစ်ဦးဖြစ်၏။
ယုဂန် ၊ ယုမိသားစုမှ ချီလင်သား…!
မိသားစုခေါင်းဆောင်က တခြားလူများအား ဆုံးမရာတွင် သူ့ကို စံနမူနာပြလေ့ရှိပြီး ထိုကိစ္စများက ဖြစ်ရိုးဖြစ်စဉ်များဖြစ်နေချေပြီ။
ယုမိသားစုခေါင်းဆောင်က တစ်ယောက်ချင်းစီ ကောင်းသောအချက်များ ၊ မကောင်းသောအချက်များကို လိုက်လံထောက်ပြနေပြီး ဆုများလည်းပေးအပ်နေသည်။
သို့သော် သူ၏ စိတ်တွင်းသို့ နက်ရှိုင်းစွာ၀င်ရောက်နိုင်သူများသာ ကြီးမားသည့် ဆုလာဘ်များ ရရှိပေလိမ့်မည်။
ထို ဆုလာဘ်များအပြင် မိသားစုက ခွဲဝေပေးသည့် အရင်းအမြစ်များကိုလည်း တိုးပေးလေ့ရှိသည်။
ယုဂန်၏ မျက်၀န်းများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေပြီး လက်သီးဆုပ်လိုက်မိသည်။
အရင်းအမြစ်များ…
၎င်းက သူ အဓိကအာရုံစိုက်သောအရာပင်။
ယခင် ယုမိသားစု ပါရမီစစ်ဆေးခြင်း အခမ်းအနားပြီးကတည်းက မျိုးဆက်သစ်လူငယ်များအနက် အရင်းအမြစ်အများဆုံးရရှိသူမှာ ယုဂန်ဖြစ်၏။
သူကိုယ်တိုင်အပါအ၀င် ယုမိသားစုမှ လူတိုင်းက သူ့အား ယုမိသားစု၏ နံပါတ်(၁) လူငယ်ပါရမီရှင်အဖြစ် သတ်မှတ်ထားကြသည်။
မိသားစု စုဝေးပွဲက အဘယ်ကြောင့် ပုံမှန်အချိန်ထက် စောပြီး ကျင်းပရသလဲဆိုတာ သူမသိသော်လည်း စုံစမ်းသိရှိထားသလောက်ဆိုလျှင် မိသားစုအတွင်း၌ သူ့နေရာကို ခြိမ်းခြောက်နိုင်သူ မရှိသေးပေ။
သူ၏ ပြိုင်ဘက်များကလည်း အထူးတလှယ်တိုးတက်သွားခြင်းမရှိဘဲ ယခင်အတိုင်းသာရှိနေသေး၏။
အလွန်ပါရမီကောင်းမွန်သည့် ယုလင်းလုံကလည်း သူ့အား ခြိမ်းခြောက်ရန်မဖြစ်နိုင်ပေ။ သူကြားမိသလောက်ဆိုလျှင် ယုလင်းလုံက အကယ်ဒမီ၌ လူသစ်တစ်ဦးအား ဆရာတင်ခဲ့သောကြောင့် မိသားစုခေါင်းဆောင် အလွန်ဒေါသထွက်ကာ ဝုန်းဒိုင်းကြဲခဲ့သေး၏။
ယခုအချိန်တွင် ရွှမ်ယီ၏ အမည်က ဟိုးလေးတစ်ကျော်ကျော်ဖြစ်နေသော်လည်း ယုမိသားစုအတွင်း၌ အမြဲတစေ ကျင့်ကြံနေသည့် ယုဂန်အတွင်မူ ထိုရွှမ်ယီက ယုလင်းလုံ၏ ဆရာရွှမ်ယီဖြစ်ကြောင်း ဆက်စပ်သိရှိရန် ခက်ခဲလွန်းလှသည်။
ထို့ကြောင့် သူ့ရှေ့မှ လူများ၏ အလှည့်များကို စောင့်ဆိုင်းရင်း သူ့အလှည့်ကို များစွာမျှော်လင့်နေမိ၏။
မှန်ပေသည်။
သူ့ရှေ့သို့ရောက်လျှင် မိသားစုခေါင်းဆောင်၏ အပြုံးက သာမန်မျက်စိဖြင့် အသေချာမြင်ရလောက်သည်အထိ အသက်၀င်လာခဲ့သည်။
ယုဂန်၏ ရင်ဘတ်ထဲတွင် အလွန်လှိုင်းထန်နေပြီး ရင်ဘတ်ကိုကော့ကာ ယုံကြည်မှုရှိသည့် အနေအထားမျိုးဖြစ်အောင်ပြုပြင်လိုက်၏။ မိသားစုခေါင်းဆောင်ရှေ့တွင် အကောင်းဆုံးသောပုံစံကိုသာ ပြသချင်သည်။
ကျန်သည့်လူများ ယုဂန်အား မနာလို အားကျစွာ ကြည့်လိုက်ကြ၏။
နှစ်တွေကြာလာသည့်နှင့်အမျှ ယုဂန်က ယုမိသားစု၏ လူငယ်ခေါင်းဆောင်တစ်ဦး သဖွယ်ဖြစ်လာခဲ့ပြီး ယခုတွင် အခြေတည်ဝိညာဉ်အဆင့်(၉) သို့ရောက်နေချေပြီ။
သူက လူတိုင်းနှလုံးသားထဲမှ ပထမနေရာနှင့် ထိုက်တန်ပေသည်။
မိသားစုခေါင်းဆောင်၏ မျက်၀န်းများ ဖျတ်ကနဲလက်သွားခဲ့သည်။ သူက ယုဂန်၏ ကျင့်ကြံဆင့်အား အလွယ်တကူမြင်နိုင်၏။
သူ၏ မျက်၀န်းထဲတွင် ကျေနပ်မှုများဖြစ်ပေါ်လာပြီး အနည်းငယ်ခေါင်းညိတ်လိုက်ကာ ယုဂန်အား ပြုံးလျက် စိုက်ကြည့်လိုက်သည်။
“ မင်းကတော့ ငါတို့ ယုမိသားစုရဲ့ ပြိုင်စံရှားဆိုတဲ့ အတိုင်းဘဲ… ဆက်ပြီးကြိုးစားထား… တစ်ချိန်ကျရင် ဘိုးဘေးခြေရာ အနည်းငယ် လိုက်နင်းနိုင်လိမ့်မယ်…”
ထိုစကားအားကြားလျှင် လူတိုင်း အံ့အားသင့်သွားကြ၏။
သူတော်စင်ဒေသ အရှေ့ပိုင်းနယ်မြေအား ယုမိသားစု လွှမ်းမိုးထားနိုင်ရခြင်း အဓိကအကြောင်းအရင်းမှာ ဘိုးဘေးကြောင့်ဖြစ်၏။ သူက ယုမိသားစုအား ကိုယ်တိုင်ထုဆစ်ကာ ထိပ်ဆုံးသို့ မြှင့်တင်လာခဲ့သူဖြစ်သည်။
မိသားစုခေါင်းဆောင်၏ စကားက ယုဂန်အား တစ်ကိုယ်လုံး တုန်ခါသွားစေပြီး စကားဖြင့်ဖော်ပြမရနိုင်သော အကြည့်တစ်ခု သူ့မျက်၀န်းထဲ၌ ဖြစ်ပေါ်လာခဲ့သည်။ လက်ရှိအချိန်တွင် ကောင်းကင်၌ လွင့်မြောနေသကဲ့သို့ ခံစားနေရ၏။
ယုမိသားစုဘိုးဘေး ၊ အရှေ့ပိုင်းကောင်းကင်မှ အစွမ်းထက်ဆုံး ကောင်းကင်ဘုရင်…
….
မိသားစုခေါင်းဆောင်က သူသာဆက်ကြိုးစားနေသ၍ မိသားစုဘိုးဘေးကဲ့သို့ အမှန်တကယ်ဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့သည်။
ယုဂန် က လက်သီးအား တင်းနေအောင် ဆုပ်ထားပြီး သူ၏နှလုံးသားကလည်း ကြည်နူးမှုများဖြင့် အပြင်းအထန် လှုပ်ခါနေခဲ့သည်။
‘မိသားစုခေါင်းဆောင်က ငါ့ကို လူတိုင်းရှေ့မှာ ဒီလိုမျိုးချီးမွမ်းခဲ့တယ်… မဟုတ်မှလွဲရော ငါ့ကို လူငယ်ခေါင်းဆောင်ရာထူး ပေးတော့မလို့လား မသိဘူး…’
ပတ်ဝန်းကျင်မှ လူများလည်း ထိုကဲ့သို့တွေးတောနေကြ၏။
လူငယ်ခေါင်းဆောင်ရာထူးအား ဆုံးဖြတ်ပြီးသည်နှင့် မိသားစုမှ အရင်းအမြစ်အများစုကို ထိုလူထံသို့ ပေးအပ်သွားပေလိမ့်မည်။တနည်းဆိုရသော် လူငယ်ခေါင်းဆောင်အား ယု မိသားစုက အစွမ်းကုန်ထောက်ပံ့ပေးမည်ဖြစ်၏။
လူတိုင်း ယုဂန် အား မနာလိုစွာကြည့်နေကြသည်။ယုဂန် ကလည်း ၎င်း၏ဦးခေါင်းအား အနည်းငယ်မြှင့်တင်ပြီး မိသားစုခေါင်းဆောင်ထံမှ တစ်စုံတစ်ခုအား စောင့်မျှော်နေဟန်ပြုလိုက်သည်။
သို့သော် မိသားစုခေါင်းဆောင်က အနည်းငယ်ပြုံးလိုက်ပြီး ယုဂန် ၏ ပုခုံးအား လက်ဖြင့်ပုတ်ကာ လှည့်ထွက်သွား၏။
၎င်းအား မြင်လိုက်လျှင် ယု မိသားစုမှလူငယ်မျိုးဆက်များ အားလုံး သက်ပြင်းချလိုက်ကြ၏။
ယုဂန် လည်းမျက်တောင် ပုတ်ခပ်ပုတ်ခပ် ဖြစ်သွားခဲ့သည်။သို့သော် သူက စိတ်ထဲသိပ်မထားခဲ့ချေ။ မိသားစုခေါင်းဆောင်၏ သူ့အပေါ်ထားသော မျှော်လင့်ချက်များအရ ယနေ့ လူငယ်ခေါင်းဆောင်မဖြစ်လျှင်လည်း ကိစ္စမရှိချေ။ တစ်နေ့တွင်ဖြစ်လာလိမ့်မည်။
သူမှလွဲပြီး ဖြစ်နိုင်သူ အခြားတစ်ယောက်မရှိချေ။
ထိုအချိန်တွင် မိသားစု ခေါင်းဆောင်ကပြုံးပြီး ယုလင်းလုံ ရှိရာဆီသို့ လှမ်းကြည့်လိုက်သည်။
“ဒီနေ့အတွက် အမြင့်ဆုံး ချီးကျူးမှုနဲ့ ထိုက်တန်တဲ့လူကတော့ ယုလင်းလုံ ပဲ… သူမက ငါတို့ ယုမိသားစုအတွက် ဂုဏ်ယူစရာဖြစ်ခဲ့တယ်…”
မိသားစုခေါင်းဆောင်က အနည်းငယ်ထိတ်လန့်သွားဟန်ဖြင့် ငေးကြည့်နေသည့် ယုလင်းလုံ အား ကြည့်ကာ ပြုံးလိုက်ပြီး
“လင်းလုံ က ငါတို့ ယုမိသားစုဆီကို အရမ်းအစွမ်းထက်တဲ့ အဆက်အသွယ် တစ်ခု ယူဆောင်လာခဲ့တယ်… ဒါကြောင့် ဒီညာဏ်အလင်းဆေးလုံးကို ဆုအဖြစ် ချီးမြှင့်လိုက်မယ်…”
စကားဆုံးသည်နှင့် ပတ်ဝန်းကျင်မှ မယုံကြည်နိုင်သော အကြည့်များအောက်တွင် ယု မိသားစုခေါင်းဆောင်က တလက်လက်တောက်ပနေသော ဆေးလုံးတစ်လုံးပါဝင်သည့် ဖန်ပုလင်းငယ်လေးအား ယုလင်းလုံ ထံသို့ လှမ်းပေးလိုက်သည်။
အဆင့် ၅ ဆေးလုံး… ညာဏ်အလင်းဆေး…
ရှေ့တွင် မိသားစု စုဝေးပွဲ အကြိမ်အရေ များစွာကျင်းပဖူးခဲ့သော်လည်း ယုဂန် ပင်လျှင် အဆင့် ၅ ဆေးလုံးအား တစ်ကြိမ်မျှ ဆုလဒ်အဖြစ် ချီးမြှင့်ခံရခြင်း မရှိခဲ့ပေ။
ယုဂန် နေရာတွင် တောင့်တင်းသွားပြီး လက်သီးအားတင်းကျပ်စွာဆုပ်လိုက်ကာ စိတ်ထဲ၌ ခြိမ်းခြောက်မှုတစ်ခုကို ခံစားမိလိုက်ပြီး ယုလင်းလုံ ကိုလှည့်ကြည့်လိုက်သည်။
“မိသားစုခေါင်းဆောင်တစ်ယောက်အနေနဲ့ကြေငြာစရာတစ်ခုရှိတယ်… ဒီနေ့ကစပြီး လင်းလုံ က ယု မိသားစုရဲ့ လူငယ်ခေါင်းဆောင်ပဲ… ယု မိသားစုက အဓိကအရင်းအမြစ်တွေအားလုံး ချွင်းချက်မရှိ လင်းလုံ ကိုပေးအပ်လိုက်မယ်…”
ဘုန်း…
ယုဂန် တစ်ယောက် ဦးနှောက်အတွင်း သွေးများ ဆောင့်တိုးသွားပြီး မျက်နှာတစ်ခုလူံး ရှုံ့မဲ့သွားခဲ့သည်။
သူက လူငယ်ခေါင်းဆောင်ရာထူးအား အမြဲမျှော်လင့်ထားခဲ့သော်လည်း ယခုတွင် ထိုရာထူးက ယုလင်းလုံ ထံသို့ ရောက်သွားချေပြီ။
ယုဂန် က မီးတောက်နေသော မျက်ဝန်းများဖြင့်
“ကျွန်တော် လက်မခံနိုင်ဘူး…”
လူတိုင်းရှေ့တွင် ရုတ်တရက် ထအော်လိုက်၏။
ဘာကြောင့်လဲ သူအလွန် သိချင်နေ၏…။
“ဘာကြောင့် ယုလင်းလုံ လဲ…”
ယုဂန် ၏ မျက်လုံးများအလွန်နီရဲနေခဲ့သည်။
ဤအခိုက်အတန့်တွင် သူကအလွန်ဝမ်းနည်း ဒေါသ ထွက်နေဟန်ဖြင့် ယုလင်းလုံ ထံသို့ လက်ညိုး ညွှန်ထား၏။