အခန်း (၂၄၃)
Vol. 17 Ch. 243
သူက အမြဲတမ်း မိသားစုမှ စည်းမျည်းစည်းကမ်းများကို မပျက်မကွက် လိုက်နာခဲ့ပြီး ဆင်ခြင်တုံတရားနှင့် လုံ့လဝီရိရ အပြည့်ရှိသူတစ်ဦးဖြစ်ခဲ့သည်။ယခုတွင် အခြေတည်ဝိညာဥ် အဆင့် (၉) သို့ပင် ရောက်ရှိနေပြီဖြစ်၏။သူတော်စင် ဒေသ တစ်ခုလုံး လိုက်လံရှာဖွေလျှင်ပင် သူ၏ အသက်အရွယ်၌ အခြေတည်ဝိညာဥ် အဆင့် (၉) သို့ရောက်ရှိနေသူ အနည်းငယ်သာရှိပေလိမ့်မည်။
ပြီးတော့ ယုလင်းလုံ…?
သူမက ဗဟိုသူတော်စင် အကယ်ဒမီသို့ သွားခဲ့သော်လည်း မိသားစု၏ စီစဥ်မှုများကို ကလန်ကဆန်ပြုကာ ငယ်ရွယ်သော နည်းပြဆရာ လက်အောက်သို့ ဝင်သွားခဲ့သည်။၎င်းက ယု မိသားစု အတွက် မျက်နှာပျက်စရာ ဖြစ်ခဲ့၏။ထိုအချိန်တုန်းက မျသားစုခေါင်းဆောင် အလွန် ဒေါသထွက်သွားခဲ့ပြီး စားပွဲများ၊ကုလားထိုင်များကိုပင် ဒေါသတကြီး ရိုက်ချိုးခဲ့သည်။
ထို့အပြင် ယုလင်းလုံ က မိသားစုတွင် ရှိစဥ်အခါကလည်း စည်းမျဥ်းစည်းကမ်းများအား အမြဲတစေ ဆန့်ကျင်နေခဲ့ပြီး အလွန်ပုန်ကန်တတ်သူတစ်ဦး ဖြစ်သည်။
ယုဂန် ၏ မျက်လုံးထဲတွင် ယုလင်းလုံ က ရင့်ကျက်မှု မရှိသေးသော မိန်းမငယ်လေးတစ်ဦးသာဖြစ်၏။
သူမက အဘယ်ကြောင့် လူငယ်ခေါင်းဆောင်ဖြစ်လာရမည်နည်း…
သူမ က ယုမိသားစု ကို ဘာတွေများ လုပ်ပေးနိုင်မှာမို့လဲ…?
ယုမိသားစု ၏ လူငယ်ခေါင်းဆောင်တစ်ယောက်အနေဖြင့် မိသားစု၏ ဂုဏ်ဖြစ်ကာ ပခုံးထက်၌ တာဝန်များစွာလဲ ရှိသည်။
လူငယ်ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရချိန်မှစပြီး မိသားစုခေါင်းဆောင်၏ ခြေရာအတိုင်းနင်းကာ တစ်နေ့တွင် မိသားစုခေါင်းဆောင်ရာထူးအား ဆက်ခံရပေလိမ့်မည်။
ယု မိသားစုက သူတော်စင်ဒေသ အရှေ့ပိုင်းနယ်မြေ၌ လွှမ်းမိုးနိုင်စွမ်းရှိသော အင်အားစုကြီး တစ်ခုဖြစ်သည်။
ယုဂန် က မိသားစု ဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းစွမ်းတမံ ကြိုးစားခဲ့သည်။သူက အလွန်ကြိုးစား ကျင့်ကြံခဲ့ပြီး ယခုတွင် အခြေတည်ဝိညာဥ် အဆင့် (၉) သို့ ရောက်ရှိနေပြီဖြစ်သည်။
ယု မိသားစု လူငယ်မျိုးဆက်များကြားထဲတွင် သူ့လောက်ကြိုးစားခဲ့သူ မည်သူရှိသနည်း…?
ယခုတွင် မိသားစုခေါင်းဆောင်က သူ့အား လစ်လျူရှုပြီး လူငယ်ခေါင်းဆောင်ရာထူးအား ယုလင်းလုံ ထံသို့ပေးအပ်ခဲ့သည်။
ယုဂန် အနေဖြင့် လုံးဝမကျေနပ်ချေ။
“ကျွန်တော် မယုံနိုင်ဘူး…”
ဒေါသတစ်ကြီးဖြင့် ထပ်အော်လိုက်ပြန်သည်။
မိသားစုခေါင်းဆောင်က အနည်းငယ်မျက်မှောက်ကြုတ်လိုက်ပြီး ယုဂန်အား အေးစက်စွာစိုက်ကြည့်နေလိုက်၏။
ယုလင်းလုံ၏ ပင်ကိုယ်ပါရမီက နဂိုကတည်းက မြင့်မားပေသည်။ ထို့အပြင် ယခုတွင် သူမက အစွမ်းထက်ကောင်းကင်ဘုရင်တစ်ဦးနှင့် ဆက်သွယ်မှု ယုမိသားစုထံသို့ ဆောင်ယူလာခဲ့၏။
သူမ လူငယ်ခေါင်းဆောင်ဖြစ်ရခြင်းက ဘာများမှားသွားသနည်း။
အစွမ်းထက် ကောင်းကင်ဘုရင်တစ်ဦးနှင့် ဆက်သွယ်မှုက ယုမိသားစုအတွက် ဒိုင်းကာတစ်ခု ထပ်မံရရှိလိုက်သကဲ့သို့ပင်။
ယုမိသားစုက ယခုအချိန်တွင် ကောင်းကင်ဘုရင်တစ်ဦးအား အလွယ်တကူသတ်ဖြတ်နိုင်သည့် အမျိုးသမီးအား အမိန့်ပေးနိုင်သူနှင့် ဆက်နွယ်နေသည်။ သူတော်စင်ဒေသ၌ ယုမိသားစုအား မည်သူက အလွယ်တကူ ရန်စဝံ့တော့မည်နည်း။
အမှန်တွင် ထိုကိစ္စများအား ယုဂန် နားလည်ပေးနိုင်သည်။ သို့သော် ယခုတွင် ရွှမ်ယီအကြောင်းကို ကြားဖူးထားသော်လည်း ထိုရွှမ်ယီနှင့် ယုလင်းလုံ၏ ဆရာကို အနည်းငယ်မျှ မဆက်စပ်မိပေ။
မိသားစုခေါင်းဆောင်က ရှင်းပြရန်ပြင်လိုက်၏။
သို့သော် ယုလင်းလုံက အေးစက်နေသောမျက်၀န်းများဖြင့် ထရပ်လိုက်သည်။
“ ငါ့ကို ဝေဖန်နေရအောင် နင်က ဘာမို့လို့လဲ…”
ဘုန်း…
တစ်ချိန်တည်းတွင် ယုလင်းလုံထံမှ စွမ်းအားများ ပေါက်ကွဲထွက်လာ၏။
မိသားစုခေါင်းဆောင်က အနည်းငယ်စဉ်းစားလိုက်ပြီး တိုက်ပွဲအား စောင့်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။
ရွှမ်ယီထံမှ နှစ်၀က်ကျော်သင်ကြားခဲ့ပြီးနောက် ယုလင်းလုံမည်မျှ တိုးတက်သွားကြောင်း သိချင်နေ၏။
ယုဂန်က ယုလင်းလုံအား မယုံကြည်နိုင်စွာ ငေးကြည့်နေခဲ့သည်။
ဤအချိန်တွင် ယုလင်းလုံထံမှ ယခင်တုံးက မခံစားခဲ့ဖူးသော အရှိန်အဝါအား ခံစားမိနေ၏။
မင်းက ငါ့ကိုကြောက်လန့်စေချင်နေတာလား…?
ငါက အခြေတည်ဝိညာဉ်အဆင့်(၉)ကိုရောက်နေပြီ..
မင်းကို ဘာလို့ကြောက်ရမှာလဲ…
ယုဂန်က အနည်းငယ်ပြုံးလိုက်ပြီး အေးစက်စွာပြောလိုက်သည်။
“ ဟီးဟီး..ငါ……”
ဘုန်း…
စကားမဆုံးမီ ယုလင်းလုံက ရှေ့သို့ပြေးထွက်လာပြီး ယုဂန်အား လက်သီးဖြင့်ထိုးလိုက်၏။
၀င်လာသော လက်သီးချက်အားကြည့်ကာ ယုဂန် အလွန်မယုံနိုင်ဖြစ်သွားလေသည်။ ယခင်က သူ့အား ဘယ်တုံးကမှ မယှဉ်နိုင်ခဲ့သော ယုလင်းလုံက သူ့အား စတင်တိုက်ခိုက်လာသလော…?
“ ကောင်းပြီ… ဒါက မင်းတောင်းဆိုတဲ့အရာဘဲ…”
ယုဂန်၏ ခန္ဓာကိုယ်မှ အခြေတည်ဝိညာဉ်အဆင့်(၉) စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး ယုံကြည်ချက်အပြည့်ဖြင့် ယုလင်းလုံ၏ လက်သီးချက်အား လက်သီးဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
ယုလင်လုံအား အနိုင်ယူပြီး မိသားစုခေါင်းဆောင်ရှေ့တွင် သူ့ကိုယ်သူ သက်သေပြချင်နေ၏။
…
ဘုန်း…
လက်သီးနှစ်လုံး တွေ့ဆုံသွား၏။
ထိုထိပ်တိုက် ရင်ဆိုင်မှုတွင် ယုလင်းလုံက သာမန်အတိုင်း တည်ငြိမ်စွာရှိနေသော်လည်း ယုဂန်ကမူ တစ်ကိုယ်လုံး တုန်ယင်သွားလေသည်။
သူက ယုလင်းလုံအား မယုံကြည်နိုင်စွာ ကြည့်လိုက်ရင်း စကားပြောရန် ပါးစပ်ဟလိုက်၏။
“ ဝေါ့…”
သို့သော် စကားသံထွက်မလာဘဲ သွေးများအန်ထွက်လာလေသည်။
ပြီးနောက် ယုဂန် နောက်သို့ လဲကျသွား၏။
မိန်းမငယ်လေးတစ်ဦးက အခြေတည်ဝိညာဉ်အဆင့်(၉) ကျင့်ကြံသူအား လက်သီးတစ်ချက်ဖြင့် အနိုင်ယူခဲ့သည်။
ထို့အပြင် ထိုလူကလည်း ယုမိသားစုမှ စံပြပုဂ္ဂိုလ်ဖြစ်ပေသည်။
ပတ်၀န်းကျင်မှ လူတိုင်း မှင်သက်သွားခဲ့ပြီး ယုလင်းလုံအား မယုံကြည်နိုင်စွာ ငေးကြည့်နေကြ၏။
သူတို့က ယုလင်းလုံ အရိုက်ခံရတော့မည်ဟု တွေးခဲ့ကြသော်လည်း သွေးအန်က လဲကျသွားသူက ယုဂန်ဖြစ်နေခဲ့သည်။
တစ်ချိန်တည်းတွင် ယုလင်းလုံထံမှ အခြေတည်ဝိညာဉ်အဆင့်(၉) အရှိန်အဝါများ ထွက်ပေါ်လာကာ ပတ်၀န်းကျင်မှ လူတိုင်းထံသို့ လွှမ်းခြုံသွား၏။
အခြေတည်ဝိညာဉ်အဆင့်(၉)…
သူမလည်း အခြေတည်ဝိညာဉ်အဆင့်(၉) မှာရှိနေတယ်လား…?
ယုမိသားစုမှ လူငယ်များအားလုံး အလွန်ထိတ်လန့်သွားကြသည်။
သူတို့အမြင်တွင် ယုလင်းလုံက စစ်ပွဲနတ်ဘုရားမ ပြန်လည်၀င်စားသကဲ့သို့ဖြစ်နေ၏။ အခြေတည်ဝိညာဉ်အဆင့်(၉) ချင်းတူနေသည့်တိုင်အောင် ယုလင်းလုံက အများကြီးသန်မာကြောင်း မြင်သာပေသည်။
မိသားစုခေါင်းဆောင်၏ မျက်၀န်းများ တဖျတ်ဖျတ်တောက်ပလာကာ ပြုံးလိုက်ပြီး အသိအမှတ်ပြုဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။
လွန်ခဲ့သော နှစ်၀က်ကျော်က ယုလင်းလုံနှင့် ယခု ယုလင်းလုံက အလွန်ခြားနားသွားချေပြီ။
ပုံမှန်အချိန်တွင် သူမက ညင်သာနူးညံ့သော မိန်းကလေးတစ်ဦးဟန်ရှိနေပြီး တစ်စုံတစ်ယောက်က သူမအား ဒေါသထွက်စေလိုက်သည်နှင့် ချက်ချင်းဓားဆွဲထုတ်ရန် လက်မနှေးခဲ့ပေ။
ထို့အပြင် သူ့ထံတွင် ထိုအပြုအမူနှင့် လိုက်ဖက်ညီသော ခွန်အားလည်းရှိနေသည်။
ထို့အပြင် ယုလင်းလုံထံမှ ထွက်ပေါ်နေသည့် ဓားတစ်စင်းအလား ထက်ရှသည့် အရှိန်အဝါက မိသား၏ခေါင်းဆောင်အား ပို၍ ထိတ်လန့် အံ့ဩသွားစေသည်။
ရွှမ်ယီနှင့် အချိန်အတော်ကြာရှိနေခဲ့ရာ ဆရာဖြစ်သူ၏ လွှမ်းမိုးမှုကြောင့် ဖြစ်လာဟန်တူသည်။
အရှေ့ငြိမ်းချမ်းရေးနယ်မြေသို့ ပြန်ကြည့်လိုက်လျှင် ထိုအချိန်က သူ့အား ရန်စတိုက်ခိုက်ရန်ကြိုးစားသည့် မူလဘုရင်နှောင်းပိုင်းအဆင့်ကျင့်ကြံသူအား ဓားဆွဲထုတ်ကာ တစ်ချက်တည်း သတ်ဖြတ်ခဲ့၏။
“ ဘယ်လိုလဲ… အခု ကျေနပ်နေပြီလား…”
ယုလင်းလုံ၏ မျက်၀န်းများကအေးစက်နေခဲ့သည်။ သူမက ယုဂန်ရှိရာသို့ လျှောက်သွားခဲ့ပြီး အပေါ်စီးမှ မေးလိုက်၏။
ရွှမ်ယီနှင့် အချိန်အတော်ကြာအတူနေခဲ့ရမှာ အကျင့်စရိုက်များ ကူးစက်နေချေပြီ။
ငါက ဘယ်တော့မှ သူများကိုစပြီး ပြသနာမရှာဘူး…!
ဒါပေမယ့် ငါ့ကိုလာရှုပ်ရင်တော့ ငါ့ဓားနဲ့ပဲ စကားပြောလိုက်…!
ယုလင်းလုံအနေဖြင့် သူမပိုင်ဆိုင်သော အရာအား မလိုချင်ဘူးဆိုလျှင်တောင် တခြားသူ၏ မက်မောပြီး ၀င်ရောက်စွက်ဖက်ခြင်းအား ခွင့်မပြုလိုပေ။
သို့သော် ဤရာထူးက သူမကိုယ်တိုင်လည်း အလွန်လိုချင်နေသော အရာဖြစ်ပြီး ၎င်းအား ထိုကောင်က လုယူချင်နေသည်လော…?
ရွှမ်ယီဦးဆောင်သော လေ့ကျင့်ရေးခရီးစဉ်အတောအတွင်း သူမ မည်သူ့ကိုမျှ မသတ်ခဲ့ပေ။ သို့သော် ယနေ့တွင် ယုဂန်သာ ယုမိသားစုမှလူမဟုတ်ပါက တစ်ချက်တည်း သတ်ပစ်လိုက်ပေလိမ့်မည်။
“ နင်.. လက်မခံနိုင်သေးဘူးလား…”
ယုလင်းလုံ၏ မျက်၀န်းများ ပိုမိုအေးစက်လာခဲ့ပြီး လူသတ်ငွေ့များ ယုဂန်အပေါ် လွှမ်းခြုံသွားလေသည်။
ယုဂန် အလွန် ကြောက်လန့်သွား၏။
သူက ယုလင်းလုံ၏ မရင့်ကျက်သေးသော မျက်နှာကလေးထက်၌ အရိုးထဲထိအေးစက်သွားစေနိုင်သော မျက်၀န်းများအား မြင်လိုက်ရသည်။
သူ့အား လက်သီးဖြစ် ထိုးသတ်လိုက်လျှင်တောင် အထူးအဆန်းမဟုတ်ဟု ခံစားမိလိုက်၏။
ယုဂန် အလွန် အံ့ဩသွားလေသည်။
ယုလင်းလုံ၏ ပါရမီက အလွန်ထူးခြားသော်လည်း ငယ်စဉ်ကတည်းက မည်သည့်နေရာတွင်မှ သူ့အား မယှဉ်နိုင်ခဲ့ပေ။
သို့သော် နှစ်၀က်ကျော်အတွင်း…
ယုလင်းလုံက အဘယ်ကြောင့် ဤမျှ ပြောင်းလဲသွားသနည်း။
သူ့ကို ဘယ်တုန်းကမှ မယှဉ်နိုင်ခဲ့သော ကလေးမလေးက ယခုတွင် လက်သီးတစ်ချက်ဖြင့် သူ့အား ရှုံးနိမ့်သွားစေခဲ့သည်။