အခန်း (၂၄၄)
Vol. 17 Ch. 244
အလွန်ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်ကြောင့် ယုဂန် ခဏတာ အေးခဲသွားခဲ့ပြီး မည့်သည့်စကားများမပြောနိုင်ဖြစ်နေ၏။
အမ်..!
ယုလင်းလုံ စိတ်မရှည်တော့ပေ။
ထိုကောင်က အခုထိမယုံသေးသလော…?
သူမ လက်သီးအား မြှောက်လိုက်၏။ နောက်တစ်ကြိမ် ထိုးတော့မည်။
“ မလုပ်နဲ့…”
ယုဂန် အလွန်ထိတ်လန့်သွားပြီး အံကြိတ်ကာ အော်လိုက်၏။
ထိုလက်သီးချက်ဖြင့် သူ့အသက်ပါသွားမည်ကို အလွန်ကြောက်ပေသည်။
“ ဟုတ်ပြီ.. တော်ကြတော့...”
လက်ရှိ အခြေအနေအားမြင်လျှင် မိသားစုခေါင်းဆောင်က နှစ်ယောက်ကြား အမြန်၀င်သွားလိုက်၏။ ထို့နောက် ယုလင်းလုံအား အဝေးဆွဲခေါ်လာကာ
“ လင်လုံရဲ့ဆရာက မူလဘုရင်အဆင့်ဇယား နံပါတ်(၁) ရွှမ်ယီဘဲ… ပြီးတော့ သူ့နောက်မှာ အရမ်းအစွမ်းထက်ပြီး ဆန်းကျယ်တဲ့ ကောင်းကင်ဘုရင်တစ်ယောက်ရှိတယ်… အခု အားလုံး လင်းလုံရဲ့ ခွန်အားကိုလည်း မြင်ပြီးပြီဖြစ်တဲ့အတွက် မင်းတို့ခေါင်းဆောင်ဖြစ်လာဖို့ ပြသနာရှိတယ်မထင်ဘူး… ဒီတော့ သဘောမတူတဲ့လူ မရှိလောက်တော့ဘူး… ဟုတ်တယ်မလား…”
စကားအဆုံးတွင် လူတိုင်း အံ့ဩသွားကြ၏။
ရွှမ်ယီနှင့် ပတ်သက်သော သတင်းများအား လူတိုင်းသိထားကြသော်လည်း ထို ရွှမ်ယီက ယုလင်းလုံ၏ ဆရာဖြစ်ကြောင်း မည်သူမှ မသိခဲ့ကြပေ။
ယုလင်းလုံက လက်နှစ်ဖက်နောက်ပစ်ပြီး လူငယ်မျိုးဆက်များအကြား တစ်ပတ်ပတ်ကြည့်လိုက်သည်။
သူမ အကြည့်နှင့် ဆုံသွားသူတိုင်း မျက်စိလွှဲသွားကြ၏။
မည်သူမှ ယုလင်းလုံနှင့် မျက်လုံးခြင်း မဆုံဝံ့ကြချေ။
“ သဘောမတူတဲ့လူရှိရင်ပြော.. ငါစောင့်နေတယ်…”
……….
ထိုအချိန်တွင် မြစ်ဒေသ၌
ဓားရူးအမည်ရှိသော တောင်ပိုင်းတိုက်ကြီး၏ မူလဘုရင်အဆင့်ဇယားမှ လူဟောင်းက အနက်ရောင်တစ်ဖက်သွား သံဓားကြီးအား ကျော၌လွယ်ပြီး မတ်စောက်သော ချောက်ကမ်းပါးတစ်ခု အစွန်တွင် ရပ်နေသည်။
ထိုချောက်ကမ်းပါးပြီးအား မြစ်ရေများ ၀န်းရံထားပြီး ကမ်းစပ်တွင် အလျင်လိုနေဟန်ရသော လူများဖြင့် ပြည့်နေ၏။
ထိုလူများက မတူညီသည့် အဖွဲ့အစည်းများမှရောက်လာကာ ခြားနားသောကျင့်ကြံဆင့်များရှိကြပြီး အများစုက သတင်းများ လှည့်လည်ရောင်းချသည့် သတင်းကုန်သည်များဖြစ်ကြသည်။
၎င်းတို့အားလုံး လွန်ခဲ့သောရက်အနည်းငယ်ခန့်တွင် ဓားရူးက ရွှမ်ယီအား တိုက်ခိုက်မည်ဟူသော သတင်းရခဲ့ကြ၏။
ထိုနှစ်ယောက်တွင် တစ်ဦးက မူလဘုရင်အဆင့်ဇယားတွင် ပါ၀င်ခဲ့ပြီး နံပါတ်(၁၀)နေရာမှ ထွက်ခွာသွားရသူဖြစ်ကာ နောက်တစ်ဦးက မူလဘုရင်အဆင့်ဇယားတွင် လူသစ်ဖြစ်ကာ နံပါတ်(၁)လည်းဖြစ်သည်။
ဓားရူးလွှင့်ခဲ့သော သတင်းကြောင့် လူများစွာတို့ မြစ်ဒေသသို့ အပြေးရောက်လာခဲ့ကြသည်။
“ ဓားရူးက မူလဘုရင်အဆင့်ဇယားကနေ ဖယ်ပေးလိုက်ရတာကြောင့် ရွှမ်ယီကို အစာမကြေဘူးထင်တယ်…”
“ သူက ဘယ်လိုလုပ်ချင်လို့လဲမသိဘူး…”
လူတိုင်းက တောက်ပသော နေရောက်အောက်၌ ချောက်ကမ်းပါးစွန်းတွင် ရပ်နေသည့် ဓားရူးအားကြည့်ကာ ပြောလာမည့်စကားအား စောင့်စားနေကြ၏။
နေမွန်းတည့်ကာနီးအချိန်တွင် ရောက်လာသူများ ပြီးဆုံးကာနီးဖြစ်သွားပြီး တဖြည်းဖြည်း အသစ်ရောက်လာသူ သိပ်မရှိတော့ပေ။
ထိုအချိန်တွင် လူတိုင်း၏ ဓားများ လှုပ်ခါလာခဲ့သည်။
အလွန်စွမ်းအားပြည့်၀သည့် ဓားအလင်းတစ်ခုက မြက်ကမ်းပါးအား ပိုင်းဖြတ်သွားသည်ကို တွေ့လိုက်ရ၏။
ကျင့်ကြံဆင့်နိမ့်သူများ ဒူးထောက်ကျသွားပြီး နားများအား အတင်းပိတ်ထားကာ တစ်ကိုယ်လုံး တုန်ယင်နေကြသည်။ ကျင့်ကြံဆင့်မြင့်သူများပင် အလွန်အံ့အားသင့်သွားခဲ့၏။ ဓားသံမှတဆင့် ဓားရူး၏ နက်နဲကြမ်းတမ်းသော စိတ်ဝိညာဉ်စွမ်းအားကို နားလည်သွားကြသည်။
“ အားလုံးသိကြတဲ့အတိုင်း.. ကျုပ်က ဓားရူးဘဲ…”
ဓားရူးက ထက်ရှသောမျက်၀န်းများဖြင့် လူတိုင်းအား ဝေ့ကြည့်လိုက်သည်။
ကျင့်ကြံဆင့်မြင့်သူများပင် မျက်လုံးများ စူးအောင့်လာခဲ့၏။
“ ဒီနေ့ ဒီကိုရောက်လာသူတိုင်း ကျုပ်ရဲ့ ရည်ရွယ်ချက်ကို သိမယ်လို့ မျှော်လင့်တယ်….”
“ အဲ့တာကတော့ ရွှမ်ယီနဲ့ ပတ်သက်တဲ့ကိစ္စဘဲ… မူလဘုရင်အဆင့်ဇယားမှာ သူ့ကို ဘယ်လိုလုပ်ပြီးထားနိုင်မှာလဲ… အရှေ့ငြိမ်းချမ်းရေးဒေသက တိုက်ပွဲတစ်ခုနဲ့လား.. ဟမ့်.. ဒါဆိုရင် ကျုပ်တော့ လုံး၀ သဘောမတူဘူး…”
“ နန်မင်မျှော်စင်ကလည်း တကယ့်ဟာသဘဲ.. လူသစ်တစ်ယောက်ကို နံပါတ်(၁)နေရာ တိုက်ရိုက်ပို့လိုက်ပြီး ကျုပ်ကို စာရင်းထဲက ကန်ထုတ်လိုက်တယ်…”
ဓားရူး၏ မျက်၀န်းများ အလွန်စူးရှနေခဲ့ပြီး ညာလက်က ဓားရိုးထက်သို့ရောက်သွားလေသည်။
မူလဘုရင်အဆင့်ဇယား အပြောင်းအလဲမဖြစ်သည်မှာ ကြာချေပြီ။ သို့သော် ယခုတွင် ရွှမ်ယီက ရုတ်တရက်ပေါ်လာပြီး နံပါတ်(၁)နေရာသို့ တိုက်ရိုက်ရောက်သွားခဲ့သည်။
ကံဆိုးစွာနှင့် နံပါတ်(၁၀)နေရာတွင်ရှိနေသည့် ဓားရူးက စာရင်းထဲမှ ကန်ထုတ်ခံလိုက်ရ၏။
ဤမျှ ဒေါသထွက်နေသည်မှာ အံ့ဩစရာတော့သိပ်မရှိချေ။
“ ဟမ့်.. နန်မင်မျှော်စင်က ကျုပ်သူ့ကို အနိုင်မယူနိုင်ဘူး ထင်နေတယ်… လက်ရှိအချိန်မှာ သူတို့ဂုဏ်သတင်းက အများကြီးမြင့်တက်နေပြီလို့ ကျုပ်ထင်တယ်… ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်ကို နံပါတ်(၁) နေရာပေးလိုက်တယ်… ဘာကြောင့်လဲ…”
“ သူက နံပါတ်(၁) ဖြစ်နေတဲ့အတွက် ကျုပ် သူ့ကို စိန်ခေါ်မယ်…”
“ နောက်လ၀က်ကြာပြီးရင်… မြစ်ဒေသ… ချီဂျီအန်းတောင်…”
ဓားရူးက ၎င်း၏ ဓားကို ဆွဲထုတ်လိုက်ပြ အရှေ့ဘက်ကို ညွှန်လိုက်ကာ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွား၏။
“ ရွှမ်ယီ.. ငါ မင်းကို စောင့်နေမယ်…”
သူက စာရင်းထဲမှ ထုတ်ပယ်ခြင်းခံလိုက်ရသည်ဖြစ်ရာ သူ့ကိုယ်သူသက်သေပြရန်အတွက် ရွှမ်ယီအား စိန်ခေါ်ရန်ဆုံးဖြတ်လိုက်သည်။ တစ်ဆက်တည်းတွင် ရွှမ်ယီက နံပါတ်(၁) နေရာနှင့် မထိုက်တန်ကြောင်းကိုလည်း ပြသရပေမည်။
ရွှမ်ယီ ရှုံးသွားခဲ့လျှင်…
မူလဘုရင်အဆင့် နံပါတ်(၁)က အရည်အချင်းမရှိကြောင်း ပြနိုင်မည်ဖြစ်၏။
တစ်ဆက်တည်းတွင် နန်မင်မျှော်စင်၏ ဂုဏ်သတင်းလည်း ပြင်းထန်စွာ ထိခိုက်သွားပေလိမ့်မည်။
ကြီးမားသော တစ်စုံတစ်ခုဖြစ်လာတော့မည်ဖြစ်ရာ ပတ်၀န်းကျင်မှ လူတိုင်း၏ နှလုံးသားများ တုန်ခါသွားခဲ့လေသည်။
…..
သတင်းကုန်သည်များက မလှုပ်မယှက်ဘဲ လက်တွင်းမှ ပုံရိပ်ကျောက်စိမ်းအား အသုံးပြုကာ ဓားရူးပြောသမျှ စကားလုံးတိုင်းကို တစ်လုံးမှ မလွတ်စေရန် မှတ်တမ်းတင်နေကြ၏။
ဓားရူးက လှောင်ပြောင်လိုဟန်ဖြင့် အနည်းငယ်ရယ်မောလိုက်ပြီး မလှမ်းမကမ်းမှ တောင်ကြီးတစ်လုံးအား ဓားဖြင့် လှမ်းခုတ်လိုက်သည်။
ထိုတောင်က ချီဂျီအန်းတောင်ဖြစ်ပြီး တိမ်တိုက်များအထက်သို့ပင်ထိုးဖောက်နေကာ အလွန်မတ်စောက် မြင့်မားလှ၏။
သို့သော် ဓားရူး၏ ဓားချက်အောက်တွင် တောင်ထိပ်ပိုင်းက ပြတ်ထွက်သွားပြီး အစိတ်စိတ်အမွှာအမွှာဖြစ်သွားကာ လက်ကျန်အပိုင်းက ချောမွတ်ညီညာနေပြီး တိုက်ပွဲကွင်းပြင်တစ်ခုအလား ဖြစ်သွားခဲ့သည်။
ဘုန်း…
တောင်အား ပိုင်းဖြတ်ပြီး ကြွင်းကျန်နေသည့် ဓားစွမ်းအင်များက အနောက်ဘက်မှ မြစ်ကြီးကိုပင် ဆက်လက်ပိုင်းဖြတ်သွားပြီး နှစ်ပိုင်းကွဲသွားစေကာ လှိုင်းလုံးကြီးများဖြစ်ပေါ်လာ၏။
ဓားတစ်ချက်က တောင်ကိုပိုင်းဖြတ်သွားသည့်အပြင် မြစ်ကိုလည်း နှစ်ခြမ်းကွဲသွားစေသည်။
လူတိုင်း တုန်လှုပ်သွားကြ၏။
ရွှစ်…
တခဏအကြာတွင် ဓားရူး၏ ပုံရိပ်က လက်ရှိနေရာမှ ပျောက်ကွယ်သွားတော့သည်။
ထို့နောက် မြစ်ဒေသမှ သတင်းက တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးသို့ မုန်တိုင်းတစ်ခုအလား ပျံ့နှံ့သွား၏။
လ၀က်ကြာလျှင်..
မြစ်ဒေသ..
ချီဂျီအန်းတောင်..
ဓားရူးက သိုင်းပညာဖြင့် အမှန်တရားအားထုတ်ဖော်မည်ဆိုပြီး ရွှမ်ယီအား ချိန်းဆိုထားခဲ့သည်။
လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
ထိုတိုက်ပွဲချိန်းဆိုမှု သတင်းက (၃)ရက်အတွင်း တောင်ပိုင်းတိုက်ကြီး တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။ သတင်းကုန်သည်များနှင့် အင်အားစုကြီးများမှ လူများ၏ စွမ်းဆောင်မှုကြောင့်ပင်။
ပုံရိပ်ကျောက်တုံးကြောင့် ဓားရူး၏ စကားပြောဟန်နှင့် စကားများက ကျယ်ပြန့်စွာပျံ့နှံ့သွားခဲ့သည်။
အထင်ရှားဆုံးမှာ ရွှမ်ယီက အရည်အချင်းမရှိဘဲ နံပါတ်(၁) ဖြစ်နေသူဟူသော စကားဖြစ်၏။
ထိုစကားက လူအာရုံစိုက်မှုအများဆုံးဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ရွှမ်ယီက ထိပ်တန်းဒေသ(၁၀)ခု ဇာတိမဟုတ်သည့်အပြင် အားကောင်းသည့် နောက်ခံအင်အားစုလည်းမရှိချေ။
အဆင့်ဇယားအတွင်းသို့မရောက်မီ ရွှမ်ယီဟူသော အမည်အား ရင်းနှီးသူများမှလွဲ၍ မည်သူမှ မသိခဲ့ကြပေ။
အရှေ့ငြိမ်းချမ်းရေးဒေသတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများအရ ရွှမ်ယီက နန်မင်မျှော်စင်၏ မူလဘုရင်အဆင့်ဇယားတွင် နံပါတ်(၁)ဖြစ်သွားပြီး ဓားရူးက ထုတ်ပယ်ခံလိုက်ရသည်။
ထိပ်ဆုံးနေရာ…
၎င်းက ဂုဏ်ကျက်သရေကြီးမားရုံမျှမက အန္တရာယ်လည်း ဒွန်တွဲနေပေသည်။
ဓားရူးသာမဟုတ် မူလဘုရင်အဆင့်ဇယားမှလူတိုင်းနီးပါး ရွှမ်ယီအား မယုံကြည်ကြချေ။
အားလုံးအမြင်တွင် ရွှမ်ယီက မူလဘုရင်နှောင်းပိုင်းအဆင့် တစ်ကိုယ်တော်ကျင့်ကြံသူအား ဓားတစ်ချက်ဖြင့် သတ်ဖြတ်ခဲ့ခြင်းသာရှိသည်။
မူလဘုရင်အဆင့်ဇယားမှလူတိုင်း အစောပိုင်းလူသားဘုရင် ထိပ်ဆုံးအဆင့် တိုက်ခိုက်နိုင်စွမ်းရှိကြ၏။ ရွှမ်ယီသတ်ခဲ့သော လူအား သူတို့လည်း အလွယ်တကူ အနိုင်ယူနိုင်ပေသည်။
လွန်ခဲ့သော နှစ်များတစ်လျှောက် နန်မင်မျှော်စင်၏ အဆင့်သတ်မှတ်ချက်အပေါ် ဘယ်တုန်းကမှ သံသယမ၀င်ခဲ့ကြချေ။
သို့သော် ဓားရူး၏ စကားများအောက်တွင် အဆက်မပြတ်အငြင်းပွားမှုများဖြစ်ပေါ်နေတော့၏။